Pages

Friday, February 26, 2010

အမှန်တရားရဲ့ ဖြားရောင်းမှု

အဲဒီ မြင်နိုင်ခက်တဲ့ ကြယ်ကြီးပေါ့ ငါ့ကိုဖြားရောင်း
ငါကလည်း ဒီလိုမျိုးဆို...
အထီးကျန် အလင်းတွေ တထောင်းထောင်းနဲ့...


``ဟောင်းသွားပြီလား
ဟောင်းနွမ်းပြီလား
ဟိုအရင်ငါနဲ့ မင်းအချစ်
ဂန္ဓ၀င် ကဗျာတစ်ပုဒ်
အခမ်းနားဆုံး သီချင်းရယ်´´


ခုတော့ အဆို အငို တိတ်စရာဆိုလို့
ဒီသီချင်းလေးပဲရှိတော့...
ဦးနှောက်ထဲက မုန်တိုင်းတစ်လုံး ထွက်သွားတယ်
တိတ်တဆိတ်ပါပဲ...


အင်း...ပွဲတိုင်းကျော်တဲ့
ဇာတ်လိုက်ကြီးရေ...
ခင်ဗျား သိသင့်တယ်
ပန်းတစ်ပွင့်ကြွေရုံနဲ့
အဖိုးတန် အနမ်းတွေ သေကုန်ကြမယ်ဆိုတာ...


အင်းပေါ့လေ...
အားဖြစ်ဖို့ နေနေသာသာ
အဆိပ်တွေ ပစ်ကျွေးနေတာတောင်
စားချင်တဲ့သူတွေက
ခခယယ ရှိနေမှကိုး...


မြစ်တစ်စင်း လမ်းလျှောက်လာတယ်
ကွေ့ကွေ့ ကောက်ကောက်
သူ့ကျောပေါ်မှာတော့
အားကောင်းတဲ့ ခါးသီးမှုတွေ ဝေလို့ လျှံလို့...


ရထားတစ်စင်းတော့ ထွက်သွားပြန်ပြီ
ဖြောင့်ဖြောင့်တန်းတန်း
သူ့ရင်ဘတ်ပေါ်မှာ
အနမ်းသေတွေ လိမ်းလို့ ကျံလို့...။ ။


မျက်လုံး