Wednesday, November 10, 2021

“ခွေးကလေး ကောက်ကောက်”


ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စာနားနားလည်မှုတို့ဆိုတာ ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ အရာတွေဖြစ်ပါတယ်။ ကျွန်တော်လည်း မရခဲ့ဖူးသလို ကျွန်တော့် မှာလည်း ပေးစရာမရှိခဲ့ပါဘူး။ ဘယ်သူကများကရော ကိုယ်မရဖူး၊ မရှိဖူးတဲ့အရာတွေကို ပေးစရာရှိခဲ့ဖူးလို့လဲ။ လူ့အဖွဲ့အစည်းက ဒီလိုလည်ပတ်နေတာပါ။ ကျွန်တော်ကလည်း အေးတိအေးစက်သမားပေါ့။ ဘာမှမျှော်လင့်စရာမရှိတဲ့ဘဝမှာ ဘာမှမမျှော်လင့်ပဲ နေထိုင်ရှင်သန်နေသူလေ။ ပြဿနာက ပြာသိုလနှောင်းပိုင်းမှာ ဗိုက်ကြီးတစ်ခွဲသားနဲ့ ကျွန်တော်တို့နေတဲ့ ဝန်ထမ်းလိုင်းခန်းလှေခါးအောက်မှာ လာအိပ်နေတဲ့ ခွေးပိန်မကြီးက စတာပါပဲ။ 

     ကျွန်တော်တို့မိသားစုဟာ လေးထပ်တိုက်လေးခန်းတွဲဝန်ထမ်းအိမ်ယာနဲ့ အောက်ဆုံးထပ်မှာ မိသားစု လေးယောက်နေပါတယ်။ လွတ်လပ်ရေးရပြီး သခင်ဖိုးလှကြီးတို့ ရေနံမြေအလုပ်သမားတွေထက် ၅ ပေ ပိုလွတ်လပ်လာတဲ့ ကျွန်တော်တို့ ဝန်ထမ်းမိသားစုအိမ်ယာကြီးပေါ့။ ကွန်တော်က ဖိနပ်ချွတ်နဲ့ ဝရန်တာတွဲထားတဲ့ အိမ်ရှေ့ခန်းထဲမှာ ခေါက်ကုတင်တစ်လုံးနဲ့ မင်းမူနေခွင့်ရပါတယ်။ ပြာသိုလနောက်ပိုင်း လှေခါးခြေရင်းက မခေါ်ဘဲလာတဲ့ ဧည့်သည် ခွေးပိန်မကြီးရဲ့ ညည်းညူသံကြောင့် အမေက ငြူဆူတတ်ပါတယ်။ ကျွန်တော်ကလည်း ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကြောင့် အမေ့ကို မသိလိုက်မသိဘာသာ နေပြီး အတွန့်မတက်မိပါဘူး။ အမေက ခွေးပိန်မကြီးကို မောင်းထုတ်ဖို့ ပြင်နေပေမယ့် ကျွန်တော် ညနေ ရုံးက ပြန်လာချိန်မှာတော့ အမေက ခွေးပိန်မကြီးကို ထမင်းကျွေးတာတွေ့တော့ ခွေးပိန်မကြီးတော့ အမေ့ဆီက ရှားရှားပါးပါး မေတ္တာတရားတွေ ရသွားရှာပြီ ဆိုပြီး ကျွန်တော် ပြုံးနေမိပါတယ်။ 
လူ့ဘဝဆိုတာက အကျိုးတွေကနေလည်း အကြောင်းတွေပြန်ဖြစ်လာတတ်ပါတယ်။ အမေ့ရဲ့ မေတ္တာတရားကို ရရှိသွားတဲ့ ခွေးပိန်မကြီးဟာ ကျွန်တော့်ရဲ့ စိုးရိမ်သောက ဖြစ်လာမှာကို ကျွန်တော် ကြိုမသိခဲ့ရိုးအမှန်ပါ။ တိုက်ခန်းနေမိဘပြည်သူတွေရဲ့ ကျွေးမွေးစောင့်ရှောက်မှုတွေကြောင့် ဗိုက်ကြီးတစ်ခွဲသားနဲ့ ခွေးပိန်မကြီးဟာ ရက်ပိုင်းအတွင်း ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာပြီး ခွေးသားပေါက် ၆ ကောင်ကို လှေကားခြေရင်းအကွယ်မှာပဲ မွေးဖွားသန့်စင်ပေးပါတယ်။ သတ္တဝါတွေအနေနဲ့ သားအိမ်ခေါင်းကျဉ်းကျဉ်းလေးထဲကနေ အသက်ရှင်လျက် ထွက်လာပြီဆိုတာနဲ့ ဒုက္ခတရားက စတော့တာပါပဲ။ ပြည့်ဖြိုးဝဖြူနေတဲ့ ခွေးပိန်မကြီးက နို့ဆွဲတဲ့ခွေးငယ်လေးတွေကြောင့် ခွေးပိန်မကြီး ပြန်ဖြစ်သွားခဲ့ပါပြီ။ ခွေးဘဝမှာ ဝဋ်ကြွေးကြီးကြီး မရှိရှာတဲ့ ခွေးငယ်လေး လေးကောင်ဟာ နှစ်ရက်ခြား တစ်ကောင်နှုန်းနဲ့ ဘဝကို အလျင်အမြန်စွန့်ခွာသွားခဲ့ပါတယ်။ လှေခါးရင်းနဲ့ အနီးဆုံး အငယ်ဆုံးအမျိုးသားဖြစ်တဲ့ ကျွန်တော်ဟာ ခွေးငယ်လေးတွေရဲ့ ဈာပနအတွက် တာဝန်အရှိဆုံးပုဂ္ဂိုလ်ဖြစ်လာရပါတယ်။ ပုပ်အဲ့နံဟောင်နေတဲ့ ခွေးသိုက်ထဲမှာ စိတ်ဆိုးဒေါသထွက်နေတဲ့ ခွေးပိန်မကြိးကို မသိနားမလည်နိုင်တဲ့ ဘာသာစကားတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီး အသက်မဲ့နေတဲ့ နောက်မှာတော့ ခွေးပိန်မကြီးဟာ အစာရှာထွက်သွားပြီး ဘယ်တော့မှ ကျွန်တော်တို့ လိုင်းခန်းရဲ့ လှေကားခြေရင်းကို ပြန်ရောက်မလာခဲ့တော့ပါဘူး။ 

အသက်ရှင်နေသမျှ နေ့ရက်တိုင်း စိုးရိမ်သောကတွေအမျှင်တန်းနေတတ်ပါတယ်။ မိခင်ပြန်မလာတော့တဲ့ ခွေးမမယ်လေးနှစ်ကောင်ရဲ့ ရှေ့ဆက်ရမယ့် နေ့ရက်တွေဟာ လှေကားနေမိဘပြည်သူတွေနဲ့ အကြင်နာတရားပေါ်မူတည်လာပါတယ်။ ခွေးမမယ်လေးတွေဟာ မိခင်နို့ရည်အစား အသင့်ဖျှော်နွားနို့တွေသာ သူတို့တို့အတွက် ရှင်သန်ဖို့စွမ်းအင်ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ ၂၀၀၂ ခုနှစ်ဆောင်းဟာ ရက်ရက်စက်စက်ကြီး ဝင်ချလာပါတယ်။ ခွေးမမယ်လေးတွေရဲ့ စားရေးဟာ မိုးလင်းမိုးချုပ်လမ်းပေါ်မှာနေတဲ့ လူလေလူလွင့်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်ပေမယ့် ဘီအီးတစ်ပိုင်းနဲ့ အရိုင်းအစိုင်းညတွေကို ဖြတ်သန်းပြီး လူသူလေးပါး အိပ်ချိန်တန်မှ ပြန်လာတဲ့ ကျွန်တော့်ကို ခွေးမမယ်နှစ်ကောင်ဟာ စောင့်မျှော်နေတတ်ပါတယ်။ ကျွန်တော့်ခြေသံကြားတာနဲ့ ကျွန်တော့်အိမ်တံခါးဝကို အပြေးသွားပြီး ကျွန်တော့်ကို ကြိုစောင့်နေတတ်ပါတယ်။ ကျွန်တော်တံခါးဖွင့်ပြီဆိုတာနဲ့ ကျွန်တော့်ခြေဖဝါးကို အလုအယက်တိုးဝှေ့ကြပြီး ကျွန်တော်အပိုင်းစားရတဲ့ ဖိနပ်ချွတ်နဲ့ ဝရန်တာကို သူတို့တစ်ကိုယ်ရေတစ်ကာယ နွေးထွေးလုံခြုံဖို့ Space (နေရာ) လေးတွေ ခွဲဝေယူကြပါတယ်။ စကြာဝဠာကြီးဟာ ကြီးမားကျယ်ပြန့်ပေမယ့် သတ္တဝါတွေအတွက် နွေးထွေးလုံခြုံစွာ ရှင်သန်ရပ်တည်ဖို့ သင့်တင့်မျှတတဲ့ အခင်းအကျင်းဟာ ရှားပါးကျဉ်းမြောင်းလွန်းပါတယ်။ ရာခိုင်နှုန်းအတော်များများဟာ အတ္တဘောလူသတ္တဝါတွေကြောင့် ဖြစ်ပြီး တစ်ချို့ရာခိုင်နှုန်းကတော့ သဘာဝတရားကြောင့်ဖြစ်ပါတယ်။ 

မိဘမဲ့ခွေးညီအကိုနှစ်ကောင်ဟာ ကျွန်တော်တို့ ခြေသုတ်ပုံပေါ်မှာ ပူးပူးကပ်ကပ် ထွေးပိုက်အိပ်စက်နေကြပေမယ့် အချမ်းဒဏ်ကို မခုခံနိုင်တဲ့ ခွေးငယ်လေးနှစ်ကောင်ရဲ့ ညည်းညူသံဟာ မေတ္တာတရားကို အကန့်အသတ်သာထားရှိတတ်တဲ့ ကျွန်တော့်အမေကို လန့်နိုးစေပါတယ်။ အိမ်နောက်ကျပြန်တာရော အရက်သောက်လာတာရော ခွေးတွေကို အိမ်ထဲခေါ်သွင်းလာတာရော၊ ရီဝေဝေဘီအီးတစ်ပိုင်းဟာ ရင်ပူခေါင်းပူ ညကြီးသန်းခေါင် အဆူပူခံထိတာနဲ့ အဆုံးသတ်သွားပါတယ်။ ကျွန်တော်အဆူအပူခံရတာကို ဝင်မကူဘဲ မျက်လုံးအဝိုင်းသားနဲ့ ဇက်ပုနေတတ်တဲ့ ခွေးညီကိုနှစ်ကောင်ကတော့ အေးစက်စက်ဆောင်ဒဏ်ကို ခုခံဖို့ အိမ်အပြင်ဘက်ကို ပြန်ပို့ခံရပါတော့်တယ်။ မောသွားတဲ့ အမေ မီးမှိတ်ပြီး အိမ်ယာထဲပြန်ဝင်လို့ ၁၅ မိနစ်ခန့်ကြာတဲ့အခါမှာတော့ ကျွန်တော်တို့ အိမ်ခန်းတံခါးကို တဂျစ်ဂျစ်ကုန်သံတွေကြားလာရပါတယ်။ ဟိုခွေးမမယ်နှစ်ကောင် ကျွန်တော့်ကို အကူအညီတောင်းနေမှန်း ကျွန်တော်သိပါတယ်။ သူတို့ကြောင့် အဆုခံထိတယ်ဆိုပြီး ဘူနေတဲ့ကျွန်တော်ဟာ သူတို့ရဲ့ ကုတ်ခြစ်သံကို နှစ်မိနစ်လောက်တောင် တောင့်မခံနိုင်ခဲ့ပါဘူး။ တံခါးကို အသံမမြည်အောင်ဖွင့်လိုက်တာနဲ့ နှစ်ကောင်သားက ကျွန်တော့် ခြေဖဝါးတွေကြား အတင်းတိုးဝှေ့လာကြပါတော့တယ်။ ဒီနှစ်ကောင်ရဲ့အနွေးဓာတ်ဟာ ကျွန်တော့်ခြေဖဝါးဆိုတာ ကျွန်တော်သဘောပေါက်တော့မှ နှစ်ကောင်လုံးကို ကျွန်တော့် ခြင်ထောင်ထဲသွင်းပြီး ပုဆိုးအဟောင်တွေခြုံပေးပြီး ခြေထောက်နဲ့ထိပေးထားမှ မငြီးမငြူအိပ်ကြပါတော့တယ်။ ညတွေရော ဘဝတွေရော ခက်ခဲလွန်းလှပါချည်ရဲ့။ 

ဘဝမှာအဆိုးတွေချည်းကြုံနေရလို့ စိတ်ပျက်မသွားပါနဲ့။ ရှေ့ဆက်လျှောက်ရင် ဒီထက်ပိုဆိုးစရာတွေ ကြုံတွေနိုင်စရာရှိပါသေးတယ်။ အမေနဲ့ကျွန်တော်မိုးလင်းပြီဆိုတာနဲ့ စကားများရပါတော့တယ်။ ခွေးမွှေးတွေ ကျွန်တော့်အိပ်ယာထဲမှာ တွေ့တာ၊ သူတို့ခွေးသန်းတွေ ကိုက်တာ၊ ကျွန်တော်ညဘက်ခွေးတွေခေါ်သိပ်လို့ဆိုပြီး မြည်တွန်တောက်တီးကြပါတော့တယ်။ ဆောင်းတွင်းတစ်ခုလုံးကျွန်တော့်ရဲ့ ညအိပ်ဧည့်သည်နှစ်ကောင်နဲ့ အမေ့ကြားမှာ ကြိမ်ဖန်များစွာစိတ်ညစ်ညူးခဲ့ရပါတယ်။ ခွေးညီအစ်ကိုနှစ်ယောက်မှာ တစ်ကောင်က နည်းနည်းပိန်ပြီး တစ်ကောင်ကတော့ လောကဓံကို သူ့ထက်ပိုခံခံနိုင်ပုံရပြီး ပြည့်ပြည့်ဖြိုးဖြိုးပါ။ ပိန်တဲ့ကောင်ကို ကျွန်တော့် သူငယ်ချင်းတွေက ပိန်ပိန်လိုခေါ်ပြီး ဝဖြီးဖြီးတစ်ကောင်ကို အမြီးကောက်နေလို့ ကောက်ကောက်လို့ ခေါ်ပါတယ်။ ဆောင်းတွင်းသုံးလကို ဖြတ်သန်းပြီး ပိန်ပိန်ဟာ ခွေးဘဝကို စိတ်ကုန်ပြီး စွန့်ခွာသွားပုံရပါတယ်။ ကောင်းရာသုဂတိလားမလားတော့ ကျွန်တော်လည်းမသိပါ။ တိုက်တွေကြားက အမှိုက်ပုံမှာ ပေါက်တူးတစ်လက်နဲ့ ပိန်ပိန်ကို မြှုပ်ဖို့ကျင်းတူးတဲ့အခါ ကောက်ကောက်က ကျွန်တော့်ဘေးမှာ ငုတ်တုတ်ထိုင်နေပါတယ်။ သူဝမ်းနည်းနေသလား၊ ဝမ်းမနည်းဘူးလား ကျွန်တော်မသိပါ။ ကျွန်တော့်ကို ကျွန်တော်လည်း ကျွန်တော်မသိပါ။ 
ဘဝကို တွယ်တာနေတာကိုက ဘဝဖြစ်နေတာပါ။ တစ်ကောင်တည်းကျန်ခဲ့တဲ့ ကောက်ကောက်ဟာ အားလုံးရဲ့အချစ်ကိုရရှိပြီး အလျင်အမြန်ဖွံ့ထွားလာပြီး ခွေးကောင်ကြီးလုံးလုံးဖြစ်လာခဲ့ပါတယ်။ ကောက်ကောက်ဟာ ကျွန်တော့်ကို သူ့အဖေရင်းတစ်ယောက်လို ကျွန်တော့်နောက် တောက်လျှောက်လိုက်တတ်ပါတယ်။ ကျွန်တော်ဘောလုံးကန်ရင် ဘောလုံးကွင်းဘေးက ထိုင်ကြည့်တယ်။ ကျွန်တော် အရက်ဆိုင်သွားရင် ရပ်ကွက်ခြံစည်းရိုးအဝထိ လိုက်လာတတ်တယ်။ ကျွန်တော်တို့ သူငယ်ချင်းတွေ လှေကားရင်းမှာ ဂစ်တာတီးနေရင် သူကဘေးက လက်ကလေးနှစ်ခေါင်းရှေ့ပစ်ပြီး နားထောင်တတ်လာတယ်။ သူ့ကိုကျွန်တော်တို့ စိတ်ကြိုက်စနောက်လည်း ဘယ်တော့မှ စိတ်ဆိုးဟန်မပြပါဘူး။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဘဏ်တစ်ခုမှာ ငွေကိုင်စာရေးတစ်ယောက်အဖြစ် အလုပ်လုပ်နေတဲ့ကာလဖြစ်ပြီး မည်းမှောင်နေတဲ့ အနာဂတ်ကို ဖြတ်သန်းဖို့ စာအုပ်စာပေထဲမှာ အလင်းစတွေရှာဖွေနေချိန်ဖြစ်ပါတယ်။ ရုံးဆင်းရုံးတက် အရမ်းကျပ်တဲ့ မထသကို ရှောင်ရှားဖို့ မနက်ခုနစ်နာရီကတည်းက ကျွန်တော်ရုံးတက်ဖို့သွားလေ့ရှိပြီး ညနေခုနစ်နာရီလောက်မှ ကျွန်တော်ပြန်လေ့ရှိပါတယ်။ ရုံးတက်ရုံးဆင်းပိုနေတဲ့ ၅ နာရီလောက်ကို ကျွန်တော်က ရုံးနားက လက်ဖက်ရည်ဆိုင်မှာ စာအုပ်ဖတ်ပြီး အချိန်ဖြုန်းလေ့ရှိပါတယ်။ 

      ကျွန်တော်မနက်ရုံးသွားချိန်ဆို ကောက်ကောက်ကို ပူတင်းပေါင်မုန့်နှစ်လုံးဝယ်ကျွေးရပြီး ကောက်ကောက်က ကျွန်တော့်ကို ကားမှတ်တိုင်အထိလိုက်ပို့ပါတယ်။ ည ခုနစ်နာရီလောက် ကျွန်တော်ပြန်ရောက်လာမယ့် အချိန်ဆို ကောက်ကောက်ဟာ ကားမှတ်တိုင်အထိ လာကြိုပြီး သူ့ဖို့ ကျွန်တော်ပူတင်းပေါင်မုန့်နှစ်လုံးဝယ်လာရပါတယ်။ ကားပေါ်က ဆင်းလာလို့ ပူတင်းပေါင်မုန့်ပါမလာရင် ကျွန်တော့်ကို ခြေသလုံးတွေ လာခဲလိုက်၊ သူ့ခြေထောက်နှစ်ဖက်နဲ့ ကျောကုန်းကိုပုတ်လိုက်နဲ့ ကားမှတ်တိုင်လူတွေကြားထဲမှာ လုပ်တတ်ပါတယ်။ အဲဒါ သူ စိတ်ကောက်နေတာပါ။ သူက ပုံမှန်ဆိုရင် တခြားခွေးတွေလို မချွဲပါဘူး။ အနောက်ကကပ်လိုက်မယ်။ ကျွန်တော်ရပ်လိုက်ရင် သူ ငုတ်တုတ်ထိုင်မယ်။ ကျွန်တော်သူငယ်ချင်းတွေနဲ့ စကားပြောရင် သူကျွန်တော့်ကို ကြည့်မယ်။ သူငယ်ချင်းတွေကို ကြည့်မယ်၊ ဒီလောက်ပဲ။ ကောက်ကောက်ဟာ အိန္ဒြေရသလို စိတ်မဆိုးတတ်တဲ့ခွေးပါ။ သူဒေါသထွက်ပြီး သူဟောင်တာကို ကျွန်တော်တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး။ ကျွန်တော်ရုံးကနေ အိမ်ပြန်နောက်ကျရင် ရေမိုးချိုးထမင်းစားပြီးတာနဲ့ စာအုပ်တစ်အုပ်ယူပြီး လက်ဖက်ရည်ဆိုင်ဖြစ်ဖြစ်၊ အရက်ဆိုင်ဖြစ်ဖြစ် သွားပြီးစာဖတ်နေလေ့ရှိပါတယ်။ ည ၁၀ နာရီမထိုးမချင်း ကျွန်တော်အိမ်မပြန်ပါဘူး။ အဲဒီအချိန် ကောက်ကောက်က လိုက်လာချင်ပေမယ့် တခြားခွေးတွေနဲ့ ရန်ဖြစ်မှာစိုးလို့ ကျွန်တော်ကမောင်းထုတ်ထားလို့ သူ ရပ်ကွက်ထိပ်ထိပဲ လိုက်ပို့ရှာပါတယ်။ ကျွန်တော်ပြန်မလာမချင်းတော့ ကောက်ကောက်က ကျွန်တော့်အိမ်တံခါးဝကနေ အမြဲစောင့်နေပါတယ်။ 

     ဘဝကဘယ်တော့မှမပြည့်စုံနိုင်ပါဘူး။ အဲဒီတုန်းက မလောက်ငှတဲ့ငွေကြေးနဲ့ မလောက်ငှတဲ့နေ့ရက်တွေထဲ ကျွန်တော့်ရဲ့ တစ်နေ့တာ ဘက်ဂျက် ၁၅၀ ကျပ်ထဲမှာ ညနေပိုင်းလက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နှစ်ခွက်ဆင့်သောက်မိလို့ စာဖတ်တာအရှိန်တက်ပြီး စီးကရက်နှစ်ပွဲလောက် ကုန်သွားရင် အိမ်နဲ့ရုံးကြားက ဘတ်စ်ကားခနဲ့ ကောက်ကောက်ရဲ့ ပူတင်းနှစ်လုံးဖိုးကို ကျွန်တော်ရွေးချယ်ရပါတယ်။ ကားတက်စီးမယ်လို့ စဉ်းစားပြီးခါမှ ကောက်ကောက်စိတ်ကောက်ပုံကို သဘောကျပြီး ဆယ်မှတ်တိုင်လောက်အကွာအဝေးကို ကျွန်တော် လမ်းခဏခဏလျှောက်ပြန်ဖူးပါတယ်။ အဲဒီနေ့ကလည်း လက်ဖက်ရည်ဆိုင်အထွက်မှာ ပိုက်ဆံ နှစ်ဆယ်ကျပ်ပဲ အိတ်ကပ်ထဲကျန်တော့တာ။ ကောက်ကောက်အတွက် ပူတင်းပေါင်မုန်းနှစ်လုံးဝယ်၊ Vegas စီးကရက် ငါးလိပ်ဝယ်ပြီး ရန်ကင်းဈေးကွေ့ကနေ ကျွန်တော့်အိမ်ကို လမ်းလျှောက်ပြန်လာပါတယ်။ 

     စိတ်ထဲမှာတော့ ညနေကဖတ်နေတဲ့ ယန်းပေါဆပ်ရေးတဲ့ စက်ရုပ်ချစ်သူပြဿနာဆိုတဲ့ ဘာသာပြန်စာအုပ်ကို ဖတ်ပြီး စဉ်းစားခန်းဝင်လာတာပါ။ အိမ်နားမရောက်ခင် ကားတစ်မှတ်တိုင်အလိုမှာ ကားလမ်းလယ်ကျွန်းပေါ်မှာ အိပ်နေတဲ့ခွေးတစ်ကောင်ကို လှမ်းတွေ့ရပါတယ်။ ကောက်ကောက်ရဲ့အရောင်အသွေးမှန်း စိတ်ကသိလိုက်ပေမယ့် ကောက်ကောက် ဒီအထိ လာစရာမှမရှိတာလို့ သိမှုကလည်း ငြင်းဆန်းနေပါတယ်။ မသင်္ကာစိတ်ကြောင့် လမ်းလယ်ကျွန်းအတိုင်း ကျွန်တော်လမ်းလျှောက်လိုက်ပါတယ်။ အနီးကပ် မြင်လိုက်တာနဲ့ ကျွန်တော် သိလိုက်ပါပြီ၊ ကောက်ကောက်ပါပဲ။ ကျွန်တော် ခေါင်းကို သာသာယာယာမလိုက်တယ်။ အမြုပ်ထနေတဲ့ ပါးစပ်က ဘာဖြစ်သွားတယ်ဆိုတဲ့ ဇာတ်လမ်းအစအဆုံးကို ကျွန်တော့်ကို နားလည်စေလိုက်ပါတယ်။ ကောက်ကောက်မျက်လုံးကို ကျွန်တော်ပိတ်ပေးလိုက်ပါတယ်။ အိတ်ကပ်ထဲမှာ ကျန်နေတဲ့ Vegas သုံးလိပ်ကို တစ်လိပ်ပြီးတစ်လိပ်ဖွာတယ်။ လမ်းလယ်ကျွန်တော်ပေါ်၊ ကောက်ကောက်နံဘေးမှာ နှစ်နာရီလောက် ကျွန်တော်ထိုင်နေမိတယ်။ ကောက်ကောက်ကို ထမ်းသွားမလား၊ ကြိုးနဲ့ ခြေထောက်နှစ်ချောင်းကို ဆွဲသွားမလား စဉ်းစားမိပေမယ့် ကျွန်တော်ကောက်ကောက်ကို လမ်းလယ်ကျွန်းအုတ်ခုံပေါ်မှာပဲ ဒီအတိုင်းထားခဲ့ပါတယ်။ မနက်စောစော ကောက်ကောက်ကို လာကောက်မယ့် စည်ပင်ဝန်ထမ်းတွေရှိကြောင်း ကျွန်တော်သိပါတယ်။ အဲဒါ ကမ္ဘာကြီးထဲက သောကြာနေ့တစ်ရက်ပေါ့။ 

     နောက်တစ်နေ့ မနက်စောစော ကျွန်တော့်အိမ်အပေါ်ထပ်မှာနေတဲ့ ကျွန်တော့်သူငယ်ချင်းက လက်ဖက်ရည်ဆိုင်သွားဖို့ မနက်စောစောလာခေါ်တယ်။ လမ်းမှာသူက ကောက်ကောက်မနေ့က ဆုံးသွားပြီလို့ပြောတယ်။ စည်ပင်က အဆိပ်တုံးစားမိလို့ဖြစ်တာလို့ပြောတယ်။ အဲဒါမင်းကို ထွက်စောင့်ရင်းဖြစ်တာလို့လည်းပြောတယ်။ ကျွန်တော်က “အေး ... ငါသိတယ်” လို့ သူ့ကိုပြန်ပြောမိတယ်။ ကျွန်တော်ဘာမှဆက်မပြော၊ အဲဒီတစ်နေ့လုံး လက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့ ကျွန်တော်အရက်ဆိုင်ဘက်ထပ်ကူးသွားတယ်။ စာအုပ်တစ်အုပ်နဲ့၊ ဘာစာအုပ်ဖတ်ဖြစ်ခဲ့သလဲဆိုတာတော့ ဘယ်တော့မှ မမှတ်မိတော့ပါ။ 

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...