Wednesday, August 24, 2011

ဘာရယ်မဟုတ်ဖူး အဲဒီနေ့တွေက ရောက်ရောက်လာတယ် သြဂုတ်စ်


သြဂုတ်စ်ရေ

အဲဒီနေ့တွေက ဘာရယ်မဟုတ်ရောက်ရောက်လာတယ်

မိုးထဲရေထဲပေါ့ ရွှဲရွှဲစို မျှော်လင့်ချက်တွေနဲ့

ဒီနေ့ဒီရက်တွေ

ကိုရွှေဘုန်း လက်ပြထွက်သွားတယ်

ကိုငှက် သံသရာခရီးတစ်ထောက်ထပ်သွားတယ်

ပျဉ်မငုတ်တို..ဖိုးမောင်လာပြီ..

မိုးစက်တွေတစ်ဖျောက်ဖျောက်

ဆရာကြီးမင်းသုဝဏ်လည်း

ဒီမိုး ဒီရေထဲ ဆိတ်ငြိမ်တိတ်ဆိတ်

သူတို့ရဲ့ အနုပညာအင်ပါယာတွေက

ခိုင်ခိုင်မတ်မတ် သြဂုတ်စ်ရေ..

ဒီလိုနေ့တွေက လွင့်လွင့်ဝေေ၀ ရောက်လာတာပဲ

ဆွေးဆွေးမြေ့မြေ့ ကြေကြေကွဲကွဲ

လမ်းတွေပေါ် မိုးစက်တွေ တဖြောင်းဖြောင်းရိုက်ခတ်နေသလို

အတိတ်ဝိုးတ၀ါးမှာ သေနတ်သံတွေများ မတော်တဆ

ကြားမိမလား သြဂုတ်စ်ရေ..

အဲဒီနေ့က ညှို့ညှို့မှိုင်းမှိုင်း ထိုင်းမိုင်းတွေဝေတုန်းပဲ

သြဂုတ်စ်ရေ..

ပြက္ခဒိန်စာရွက်ပေါ်မှာ နှလုံးသွေးနဲ့ မှင်နီခြစ်

အဲဒီနေ့ဟာ အားလုံးအတွက် ၀မ်းနည်းတိတ်ဆိတ်

အမျှဝေဖို့ အထိမ်းအမှတ်နေ့ဖြစ်သင့်တယ်…

တကယ်တော့ သြဂုတ်စ်ရေ အာဟာရပြတ်တဲ့

ကလေးလို ကောင်းမွန်တဲ့အခွင့်အရေးဆိုတာ

အလှမ်းဝေးနေတုန်း…

မိတစ်ကွဲ ဖတစ်ကွဲ လွင့်ပြန့်ကျဲနေတဲ့

မိသားစုထမင်းဝိုင်းကိုတွေးရင်

အနက်ရောင်သြဂုတ်စ် မိုးဖွဲဖွဲထဲ

ကြေကွဲစိတ်သာ လှိုင်းလေထန်ဆဲလေ…။

မိုးလှိုင်ည

တစ်ယောက်တည်း..။


မှောက်ထားတဲ့ ဖဲချပ်တွေ လှန်ကြည့်စရာ

မလိုတော့သလို…

ရေခဲပျော်နေစ အရက်ခွက်လည်း

တေ့လိုက်စရာ ဖန်သားချင်းမလိုဘူး

မပျော်ဝင်နိုင်တဲ့ အပြုံးနဲ့ ပန်ချီးကားလို

နေ့စွဲတွေထည့်ရေးစရာ မလိုတဲ့

စာရွက်တွေနဲ့...

ဂုဏ်ပြုစလွယ်တွေ

ဘွဲရဓါတ်ပုံတွေ ဘာမှမလို

သီးချင်းသံငြိမ့်ငြိမ့်လေး..

အမျိုးအမည်မသိ နာရီသံတွေမရှိသလို

ဘာဇုန်မှ မသက်ရောက်တဲ့နယ်နိမိတ်

လောကနဲ့ခပ်စိမ်းစိမ်း

သိမ်းထားတဲ့စာသားတွေ ပြန်ဖတ်

ပြတင်းမှန်မှာကပ်နေတဲ့ ရေခိုးတွေကိုဖယ်လိုက်တယ်

အလင်းရောင်ဖျော့ဖျော့ ရသပြင်းပြင်း

ငြင်းပယ်ထား အချက်ပြဆက်သွယ်မှုတွေ

နေရောင်ကို တဖြည်းဖြည်းလျော့ချလိုက်တယ်

သက်ရောက်လာတဲ့ အမှောင်ထုကို

ထိရှရင်း

ဖြစ်သလိုအနွေးဓါတ်တွေခြုံလိုက်တယ်

အိမ်ပြေးတစ်ယောက်ရဲ့ အနာဂါတ်မှာ

နှုတ်ဆက်ဖို့ မလိုအပ်တဲ့ လောကသစ်တစ်ခုနဲ့…

မိုးလှိုင်ည

ငါက သားကို ဘယ်လိုပြောရမလဲ


စစ်အတွင်းက သီချင်းတွေနဲ့ အဖွားက

ငါ့ကို ချော့သိပ်ဖူးခဲ့တယ်

ငါက သားကို ဘယ်လိုပြောရမလဲ

ဂူးဂဲလ်နဲ့ ကွန်မြူနစ်ပါတီ

တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း

အာဏာရှင်တွေအကြောင်း

အကြမ်းဖက်ဝါဒနဲ့ ရေနံလူဆိုး

ငါတို့ရဲ့ စပေ့ခ်ျဘားတွေ

ခဏခဏခြားနေရတဲ့ဘဝ

ငွေကြေးအကြပ်အတည်းနဲ့

စီးပွားဖျက် သူလျှိုတွေအကြောင်း

ခိုးသုံးတဲ့ ၀င်းဒိုးနဲ့ ခိုးကူးထားတဲ့ သီးချင်း

ကော်ပီခေတ်ယဉ်ကျေးမှုကြီးထဲက

ခဏခဏ မူရင်းကောင်းတိုင်း

မိတ္တူ မကောင်းနိုင်တဲ့ အဖေ့ကဗျာ

ငလျင်နဲ့ မုန်တိုင်းတွေရဲ့ မိတ်ဝတ်မပျက် ဆက်ဆံရေး

ကန္တရသီချင်းနဲ့ ရေကြည်မျက်နုရာ

ရွေ့ပြောင်းအလုပ်သမားတွေအကြောင်း

ကျောင်းတော်ကြီး မော်စကို ဘ၀တက္ကသိုလ်တွေမှာ

အနေကြာခဲ့တဲ့အကြောင်း

အဖေ စာလုံးပေါင်း မေ့နေတတ်တဲ့ ဒီမိုကရေစီ

တောမရောက်တောင်မရောင်

အင်တာနက်တွေပေါ် စာတွေ ခဏခဏရေးမိတဲ့အကြောင်း

ဒါမှမဟုတ် ၀လုံးသုညကို ကီးဝပ်တစ်ခုထဲ

ခဏခဏ မှားနှိပ်မိတဲ့အကြောင်း

ဘ၀ဟာ အမြဲတမ်းအသံထွက်မှားတယ်

မရေမရာပါ အနာဂါတ်တွေ သားရေ

ဘယ်လို ပြောပြရမလည်း အဖေတို့ခေတ်ကဆိုတာ

နတ်ဂ္ဂတစ်ခံစားမှုတွေထိုးသိပ်

သားရေ…

ကမ္ဘာကြီးက သိပ်မသာယာပါဘူး

အတ္တနဲ့ မပူလောင်ရင် ပဲ ဘ၀မှာ တစ်ဝက်ငြိမ်းချမ်းတယ်

အဖေလည်း ညံ့ခဲ့တာပါ..

သမိုင်းကိုလိမ်ပြီး

မင်:အသိဥာဏ်ကို မျက်မှန်စိမ်းမတပ်လိုတော့

မင်းအထင်မကြီးခဲ့ဖူးဆိုလည်း ဒါဟာအမှန်ပဲ

အဖေလည်း လက်ခံနိုင်တယ်…။

မိုးလှိုင်ည

ညီမလေးရယ်..


ကမ္ဘာကြီးကလည်း တိမ်းစောင်းနေတုန်းပဲ

အရင်ကလမ်းဟောင်းလေမှာ

မုတ်သုန်တွေစိုစွတ်

ငါချစ်တဲ့ မြို့ မှာ တိမ်မည်းတွေ

ကျပ်မီးစွဲညှို့တက်နေတုန်း…

တစ်ခါတစ်ခါ စိတ်ပူတယ်

အရင်ကလို ညီမလေးနဲ့ ပြန်လာဖို့ အကြောင်းတွေ

သိပ်မပြောဖြစ်တော့ဘူး..

ညီမလေးကပဲ အေးစက်လာတာလည်း

ကိုယ်ကပဲ စိတ်လက်တွေ မစိမ်းစိုတော့တာလား

ဘ၀ဟာ တစ်ခါတစ်လေ ယုံကြည်ချက်ကြောင့်

ချိနဲ့တတ်တယ်

လူရာမ၀င်ချင်လို့ အပြင်ဘက်ထွက်ပြီး ကဗျာရေးတယ်

အဲဒီအချက်ကပဲ …

ညီမလေးနဲ့ဝေးဖို့ သက်သေပြချက်ကောင်းကောင်း

ညီမလေးသိလား…

ငယ်ငယ်ကလို ဘုရားပေါ်ရောက်တိုင်း

ခေါင်းလောင်းမထိုးတော့ဘူး…

ငယ်ငယ်က ညီမလေးကိုပန်ပေးဖူးတဲ့

စပါယ်တွေဝေနေတော့ …

ဘုရားမှာပဲ လှုလိုက်တယ် ဘာဆုမှတော့

မတောင်းဖြစ်တော့ဘူး…

ကိုယ်စိတ်ကူးလေးနဲ့ ကိုယ်ခြောက်သွေ့နေလိုက်တယ်

ငယ်ငယ်တုန်းကလို ညီမလေးလည်း ပန်းချီကားတွေ

အချိန်ပေး စိုက်ကြည့်နိုင်မှာ မဟုတ်ပါဘူး

ကိုယ်တစ်ခါတစ်လေ ပန်းချီဆွဲဖြစ်နေသေးတယ်…

ကိုယ်စိတ်ကူးတွေ ချိတ်ဆွဲထားတဲ့ နံရံတချို့ဟာ

ဘယ်မျက်ဝန်းမှာ မတိုက်ဆိုင်ဘူးတဲ့ ကိုယ်ဝိဥာဉ်

စိတ္တဇတွေကို မသိနားမလည် သယ်ဆောင်ထားရတယ်

သူတို့က စကားသိပ်မပြောတတ်တော့

သူတို့စိတ်ပျက်တာ ကိုယ်မကြားရဖူး..

အဲလိုစဉ်းစားလိုက်တိုင်း အူကြောင်ကြောင်နဲ့

ကိုယ်ကြောင့် စိတ်ရှုပ်သွားတဲ့ ညီမလေးမျက်နှာကို

အမြဲ မြင်ယောင်တယ်…

တစ်ခါတစ်လေယောင်လို့တောင်

ညီမလေး ကိုယ့်အကောင့်မှာ မျှားလေးထောက်နေမလား

ညီမလေး စိတ်ပျက်ဖို့တောင် သတိမရနိုင်တော့ဘူး

လမ်းထောင့်က လက်ဖက်ရည်ဆိုင်လေးမှာ …

စာအုပ်တစ်အုပ် စီးကရက်တစ်ဗူး လက်ဖက်ရည်တစ်ခွက်

ကမ္ဘာဦးနေထွက်မှာကို စောင့်နေတယ်..

ဒါပေမယ့်

ညီမလေးများ ပြန်ပေါ်လာမလား..

အဲဒီမ၀ံ့မရဲအတွေးနဲ့ ကိုယ်စိတ်ကူးအပေါ် အားပေးပြုံးတယ်…

ညီမလေးရေ ကမ္ဘာကြီးတိမ်းစောင်းနေတုန်းပဲလား …

ကိုယ် ကမ္ဘာပြားပြီစာအုပ် မဖတ်ဖြစ်ခဲ့ပါဘူး…။

မိုးလှိုင်ည

နောက်ထပ်လာမယ့် စာသားတွေကို လှမ်းအကြောင်းကြားဖြစ်တယ်..။


မနေ့ကလို ပကတိအခြေအနေအတိုင်းပဲ ဆိုရင်

ဒါဟာ နည်းနည်းလွန်ရာကျမှာပေါ့…

ပြောထားတဲ့အတိုင်း တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့

ငါတို့ဆီမှာ ရေလျှံတယ်..

မိုးက ဆက်တိုက်ရွာတုန်း…

အရင်အတိုင်းပဲလားမေးရင် ဟုတ်ချင်ဟုတ်မှာပေါ့

မဟုတ်ချင်လည်း မဟုတ်နိုင်ဘူး

အခုက အရင်အချိန်မှ မဟုတ်တာ

ပြောင်းလဲနိုင်တာတွေ ပြောင်းလဲကုန်ပြီ

မပြောင်းလဲနိုင်တာတွေ မပြောင်းလဲသေးဘူး

အဟောင်းနဲ့ အသစ်ဆိုတာ တန်ဖိုး အသွေးအရောင်

ဆိုးဆေးနဲ့ ဘေးထွက်အကျိုးတွေ

ကျွတ်ကျွတ်အိတ်တွေပေးမရောင်းတော့ဘူး

လမ်းဘေးဈေးသည်တွေပေးမရောင်းတော့ဘူး

သစ်ပင်စိုက်တဲ့လူကစိုက် ခုတ်တဲ့လူကခုတ်

ဓါတ်ငွေ့ထုတ်တဲ့လူကထုတ် ဓါတ်ငွေ့တွေသွင်းတဲ့လူကသွင်း

စာမလာသတင်းမကြားနဲ့ တူနီးရှားလိုဖြစ်မလားတဲ့

ဖြစ်ပျက်နေကျပဲ အဖြစ်အပျက်တွေ ဖျစ်ဖျစ်မြည်

လောင်ကျွမ်းပျောက်ရှသွားတာပဲ

နှမြောမယ်ဆိုရင်လည်း နှမြောစရာ

ဆုံးဆုံးရှုံးရှုံးထဲကပဲ ပေါပေါလောလောဝယ်လို့ရတဲ့

လဲရင်ပြန်ထ ဒါဘ၀ပဲ စာသားလို

နောင်တလည်းမရချင် သံဝေဂလည်းမယူချင်နဲ့

မြင်မြင်သမျှစာကြောင်းတွေနဲ့

ညီအစ်ကို မသိတသိ အဓိပ္ပါယ်မရှိတရှိထစမ်းတယ်

ကမ်းထားတဲ့ ဓါရိုးတွေက သူခိုးတောင်လက်မလည်ဘူး

ကိုယ်ခံအားနည်းတယ်

ကင်ဆာလို တရစ်ရစ်အဆင့်ဆင့်လှိုက်စား

တစ်နှစ်ပြီးတစ်နှစ်ထားခဲ့ပြီးပြီ

နောက်ထပ်လာမယ့် စာကြောင်းတွေကို လှမ်းအကြောင်းကြားတယ်

သူတို့ကော အခြေအနေဟန်ပါ့မလား

မနေ့ကအတိုင်း

ပကတိအပြောင်းအလဲမှာ

သွေးထွက်သံယိုတွေသိပ်များတယ်…

မှန်လို့ဆုံးသွားတဲ့ နာရေးတွေထဲမှာ

နောက်လာမယ့်ဝါကျတွေ မပါပါစေနဲ့

ကိုယ့်ကဆုတောင်းယုံကလွဲလို့ ဘယ်အာသီသမှမပြေနိုင်တဲ့

ဘုရားကျောင်းအိုကြီးက စာတစ်ကြောင်းပဲဖြစ်ခဲ့ပြီ…။

မိုးလှိုင်ည

ဩဂုတ်တစ္ဆေနှင့် စိတ္တဇမိုး

မိုးက အုံ့မှိုင်းသိပ်သည်းပြီး ပြင်းပြင်းထန်ထန် တရစပ်ရွာချနေတယ်။ ကားမှန် ဝိုက်ဘာကို အမြန်ဆုံးခလုတ် တင်ထားပြီး ရှေ့မီးကြီးထိုးကာ အိမ်စီးကားတ...