Wednesday, August 24, 2011

ငါငယ်ငယ်ကတည်းက ဘယ်တော့မှ မပြောင်းလဲသွားမှာကို ကြိုက်ခဲ့တာ..။

ငယ်ငယ်ကတည်းက ငါဟာ

ဘယ်တော့မှ မပြောင်းလဲမှာတွေကို ကြိုက်ခဲ့တာ..

ငါ့ကစားဖော်တွေ ငါ့ကစားစရာတွေ

ငါ့မြင်နေကျ သစ်ပင်တွေ ဒါတွေဟာမပြောင်းလဲဘူးလို့

ငါထင်ခဲ့တယ်…

ငါမငြီးငွေ့တတ်ဘူး.. ငါချစ်တတ်ခဲ့တယ်

ဒါပေမယ့် ဒါတွေဟာ ပြောင်းလဲသွားရပေါ့

ငါစာအုပ်တွေ ငါ့သင်ခန်းစာတွေ

ငါ့သိမှုတွေကအစ

ပြောင်းလဲသွားခဲ့ရတယ်..

ငါဟာ ၀တ်နေကျနာရီအဟောင်းလေးနဲ့

ငါက စီးနေကျ ဖိနပ်အမျိုးအစားလေးနဲ့

ငါက ကချင်လွယ်အိတ်လေးလွယ်လို့

ငါက မုတ်သုန်ရောင်ကောင်မလေးကို

တိတ်တခိုးချစ်မြတ်နိုးလို့…

ငါ့ ကဗျာစာအုပ်တွေ ငါ့နာနေကျတရားတွေ

ငါသောက်နေကျ လက်ဖက်ရည်ခွက်တွေ

ငါရေးနေကျစာသားတွေ

ငါကြားနေရ ဂီတတွေ…ပြောင်းလဲသွားခဲ့တယ်

ဆံပင်အရှည်ထားဖို့ အမြဲစိတ်ကူးယဉ်တဲ့ငါ

ဘယ်တော့မှလည်း မထားဖြစ်ခဲ့ဖူး…

တစ်ခါတစ်လေ အမြဲတမ်းမလုပ်ဖြစ်တဲ့စိတ်ကူးကို

ရူးနေမိတတ်တယ်..

ငါက မပြောင်းလဲချင်ပေမယ့် ..

အချိန်တိုင်းအချိန်တွေဟာ တစ်စစ

ပြောင်းလဲသွားပေါ့…

ရန်သူတွေက မိတ်ဆွေတွေဖြစ်သွားပြီး

မိတ်ဆွေတွေက ရန်သူတွေဖြစ်သွားလိုက်

အရင်က သေလုမျောပါးနာကျင်မှုက

အခုတော့ ဟာသလို စကားဝိုင်းထဲမှာမြည်းစရာ

ငါတစ်ယောက်တည်း ဘယ်တော့မှမပြောင်းလဲသွားတာ

မပြောင်းလဲချင်းတွေက အချင်းချင်းပြောင်းလဲသွားကြပြီ

ငါကတော့ ခပ်တည်တည်ပဲ..

ငါကတော့ အရင်အတိုင်းပဲ

ငါက ရှုသွင်းရှုထုတ်လေတွေမှာတောင်

အရင်ကနဲ့မတူတာ

လမ်းတွေ မြေသားတွေ

ကျောက်တိုင်စာသားတွေ

ဝင်းနံရံတံတိုင်းတွေ..

ရိုင်းစိုင်းသွေးဆာသလို အချိန်က ငါ့ကို

ခုတ်လှီးသွားခဲ့ပေါ့

ငါမပြောင်းမလဲ ဆိုတဲ့ ဒြပ်မဲ့အတ္တတွေသာ ဖုထစ်ကျန်ရစ်ခဲ့…။

ငါ့ မာနကို မပြောင်းလဲဖြစ်ခဲ့ဘူး။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...