ကမ္ဘာကြီးကလည်း တိမ်းစောင်းနေတုန်းပဲ
အရင်ကလမ်းဟောင်းလေမှာ
မုတ်သုန်တွေစိုစွတ်
ငါချစ်တဲ့ မြို့ မှာ တိမ်မည်းတွေ
ကျပ်မီးစွဲညှို့တက်နေတုန်း…
တစ်ခါတစ်ခါ စိတ်ပူတယ်
အရင်ကလို ညီမလေးနဲ့ ပြန်လာဖို့ အကြောင်းတွေ
သိပ်မပြောဖြစ်တော့ဘူး..
ညီမလေးကပဲ အေးစက်လာတာလည်း
ကိုယ်ကပဲ စိတ်လက်တွေ မစိမ်းစိုတော့တာလား
ဘ၀ဟာ တစ်ခါတစ်လေ ယုံကြည်ချက်ကြောင့်
ချိနဲ့တတ်တယ်
လူရာမ၀င်ချင်လို့ အပြင်ဘက်ထွက်ပြီး ကဗျာရေးတယ်
အဲဒီအချက်ကပဲ …
ညီမလေးနဲ့ဝေးဖို့ သက်သေပြချက်ကောင်းကောင်း
ညီမလေးသိလား…
ငယ်ငယ်ကလို ဘုရားပေါ်ရောက်တိုင်း
ခေါင်းလောင်းမထိုးတော့ဘူး…
ငယ်ငယ်က ညီမလေးကိုပန်ပေးဖူးတဲ့
စပါယ်တွေဝေနေတော့ …
ဘုရားမှာပဲ လှုလိုက်တယ် ဘာဆုမှတော့
မတောင်းဖြစ်တော့ဘူး…
ကိုယ်စိတ်ကူးလေးနဲ့ ကိုယ်ခြောက်သွေ့နေလိုက်တယ်
ငယ်ငယ်တုန်းကလို ညီမလေးလည်း ပန်းချီကားတွေ
အချိန်ပေး စိုက်ကြည့်နိုင်မှာ မဟုတ်ပါဘူး
ကိုယ်တစ်ခါတစ်လေ ပန်းချီဆွဲဖြစ်နေသေးတယ်…
ကိုယ်စိတ်ကူးတွေ ချိတ်ဆွဲထားတဲ့ နံရံတချို့ဟာ
ဘယ်မျက်ဝန်းမှာ မတိုက်ဆိုင်ဘူးတဲ့ ကိုယ်ဝိဥာဉ်
စိတ္တဇတွေကို မသိနားမလည် သယ်ဆောင်ထားရတယ်
သူတို့က စကားသိပ်မပြောတတ်တော့
သူတို့စိတ်ပျက်တာ ကိုယ်မကြားရဖူး..
အဲလိုစဉ်းစားလိုက်တိုင်း အူကြောင်ကြောင်နဲ့
ကိုယ်ကြောင့် စိတ်ရှုပ်သွားတဲ့ ညီမလေးမျက်နှာကို
အမြဲ မြင်ယောင်တယ်…
တစ်ခါတစ်လေယောင်လို့တောင်
ညီမလေး ကိုယ့်အကောင့်မှာ မျှားလေးထောက်နေမလား
ညီမလေး စိတ်ပျက်ဖို့တောင် သတိမရနိုင်တော့ဘူး
လမ်းထောင့်က လက်ဖက်ရည်ဆိုင်လေးမှာ …
စာအုပ်တစ်အုပ် စီးကရက်တစ်ဗူး လက်ဖက်ရည်တစ်ခွက်
ကမ္ဘာဦးနေထွက်မှာကို စောင့်နေတယ်..
ဒါပေမယ့်
ညီမလေးများ ပြန်ပေါ်လာမလား..
အဲဒီမ၀ံ့မရဲအတွေးနဲ့ ကိုယ်စိတ်ကူးအပေါ် အားပေးပြုံးတယ်…
ညီမလေးရေ ကမ္ဘာကြီးတိမ်းစောင်းနေတုန်းပဲလား …
ကိုယ် ကမ္ဘာပြားပြီစာအုပ် မဖတ်ဖြစ်ခဲ့ပါဘူး…။
မိုးလှိုင်ည
No comments:
Post a Comment