Pages

Wednesday, December 31, 2008

နှစ်ကူးသီချင်း


ငါတို့စီးဆင်းလာကြတယ်

ကမ္ဘာကြီးကလည်း ဘာမှန်းညာမှန်းမသိ

နှစ်သစ်တွေကူးလို့

ငါကလည်းနည်းနည်းပါးပါးမူးနေတယ်

ဆိုပါတော့

ကိုအောင်ပေါ်ထွန်း၊ ကိုသူရ၊

ဗညားကမ်းခြေ၊ မောင်လွင်ပြင်၊

ထက်ခေါင်လင်းနဲ့ ငါ

၁၉ လမ်းက တရုတ်ကြီးဆိုင်မှာထိုင်ရင်း

သူငယ်ချင်းတွေက

စကော့တလန်ကိုမသွားချင်ပဲ

ဝီစကီကိုသောက်ချင်ကြတယ်

ငါကလည်း မြန်မာဘီယာနဲ့ ၂၀၀၈ ကိုမျောချတယ်

ငါ့သူငယ်ချင်း ကိုဖြိုးကို

ရုံးပတီသီးလို့ခေါ်တဲ့သူငယ်ချင်းနဲ့တွေ့တော့

သူလည်း ငါလို့ပဲ

နှစ်တစ်နှစ်ကို

မြန်မာဘီယာနဲ့မျောချနေခဲ့

ငါတို့ရင်မောရတဲ့နေ့တွေအကြောင်းမပြောကြေး

အက်ဆေးကောင်းကောင်းတစ်ပုဒ်အတွက်

ငါ့ကို သူငယ်ချင်းတွေက ၂၀၀၉ကိုဆက်နေဖို့

တိုက်တွန်းတယ်…

ငါ့ အမူးသမားကဗျာကို

ဗညားကမ်းခြေကရွတ်လို့

နိုဝင်ဘာကဗျာကို ကိုသူရက၂၀၀၈လက်ဆောင်လို

အမှတ်တရယူသွားတယ်..

ကိုအောင်ပေါ်ထွန်းကို

အင်စတော်လေးရှင်းဝါကျများကို

ကိုအောင်ပေါ်ထွန်းကိုရွတ်ပြရင်း

နေခဲ့တော့ ၂၀၀၈ ရေ

မုန်တိုင်း၊ ငလျင်နဲ့ အကြမ်းဖက်ဝါဒကို

ငါ့တို့ ကမ္ဘာက အပြီးတိုင်သယ်ပြီး

မင်းထွက်သွားပါတော့…

၂၀၀၉ မှာ စီးပွားမဖြစ်တောင်

ငါတို့ငြိမ်းငြိမ်းချမ်းချမ်းနေရစ်မယ်….။

မိုးလှိုင်ည

Monday, December 29, 2008

ကြက်ခြေခတ်

မမှန်တရားတွေကို

အမှန်ပေးလိုက်တာက

သံသရာကိုပါ ကြက်ခြေခတ်တာ

အနာဂတ်ဆိုတာ

ငါတို့အတွက်

တရားလည်းဖက်ပါမှ

ဓားလည်းထက်ပါမှ…

မိုးလှိုင်ည

Friday, December 26, 2008

နှစ်ကာလများ

နှစ်ကာလများ

ပြက္ခဒိန်ပေါ်ကရက်စွဲတွေဟာ

ဘ၀ကိုဘာလို့ချုပ်နှောင်ထားတာလည်း

ရွေးချယ်ခွင့်သိပ်မရတဲ့နှစ်ကာလတွေကို

ဆုံခဲ့ရတယ်....

ဘ၀ကိုစိတ်ကုန်လုဆဲမှာပဲ

ရင်ထဲကိုမီးစာထည့်တယ်...

ဆက်လက်လောင်ကျွမ်းဖို့

နှစ်သစ်ရဲ့နှုတ်ဆက်စကားတွေမှာက

ပျော်ရွှင်ပါစေအထပ်ထပ်...

ငါအမှန်တကယ်ပျော်ရွှင်ပါရဲ့လား

အိပ်မက်တွေကိုကျောက်မချကြေး..

နာကျင်မှုတွေနဲ့ရွေးယူထားရတဲ့...အချစ်စစ်ပါ...

လေပြေတွေကမသိုးမသန့်

နှလုံးသားကမုန်တိုင်းရနံ့တွေနဲ့ယဉ်ပါးဖူးတယ်

ကျက်သွားတဲ့ဒဏ်ရာတွေကိုရယ်မောဖို့

ကျန်ခဲ့တဲ့နှစ်ကာလတွေကိုပြန်ပြောဖို့

သက္ကရ်ဇ်တွေဟာအသက်ရှင်လျှက်ရှိဆဲပါ....။


မိုးလှိုင်ည

Wednesday, December 24, 2008

နိုဝင်ဘာ…

အေဒီ ၂၀၀၈ရဲ့

ကြာသပတေးတစ်ရက်မှာ

သမီး

ကမ္ဘာကြီးကိုချဉ်းနင်းဝင်ရောက်လာခဲ့တယ်

နိုဝင်ဘာ…


သမီးကိုနာမည်မပေးရသေးတဲ့အတွက်

နိုဝင်ဘာမှာမွေးတဲ့သမီးကို

ဦးက နိုဝင်ဘာလို့ပဲခေါ်ဆိုခွင့်ပြုပါ…


သမီးဝင်ရောက်လာတဲ့ ကမ္ဘာကြီးအကြောင်း

ဦးအနည်းငယ် ပြောပြမယ်


သမီးရောက်လာတဲ့အချိန်မှာ

ကမ္ဘာကြီးက ဒုတိယကမ္ဘာစစ်လည်းဖြစ်ပြီးပြီ

စီးပွားပျက်ကပ်ကလည်း ဒုတိယအကြိမ်

ဟိုတစ်စဒီတစ်စ စစ်မီးတောက်တွေနဲ့

ကမ္ဘာကသွေးလေချောက်ချားနေပေါ့


အကောင်းဘက်ကတွေးရင်လည်း

မစ္စတာအိုဘားမားက ကက်ပီတယ်တောင်ကုန်းပေါ်ကိုတက်သွားတယ်


မစ္စတာအယ်ဂိုးက ကမ္ဘာကြီးကို

အသစ်ပြန်စိုက်ပျိုးနေရင်း


ကိုးရီးယားသားကြီး ဘန်ကီမွန်းက

ကမ္ဘာကြီးရဲ့ပြဿနာတွေကို

တတ်အားသရွေ့ပြေငြိမ်းအောင်ကြိုးစားနေချိန်ပေါ့


ဘုန်းတော်ကြီး ဒတ်စမွန်တူးတူးလည်းရှိသေးတယ်

နယ်ဆင်မင်ဒဲလားလည်းမသေသေးဘူး….


အရောင်ရင့်ရင့် အတ္တတွေကြောင့်

မှိုင်ညစ်နေရတဲ့ ကမ္ဘာကြီးကို

သူတို့ကသစ်လွင်တောက်ပအောင်ပြင်ဆင်ပေးနေခဲ့တယ်လေ


ကလေးငယ်တွေဟာ အနာဂါတ်ကို

ဖြစ်ပေါ်စေတယ်….


နိုဝင်ဘာ ကြာသပတေးမနက်မှာ

စိတ်ဓါတ်တွေအရမ်းတက်ကြွနေတဲ့

သမီးဖေဖေကိုကြည့်ရင်း

ဦးတို့ရဲ့မှောင်မည်းမွန်းကျပ်နေတဲ့

အနာဂတ်နေ့စွဲတွေကို

သမီးဆီကနေ အလင်းသစ်တွေဖြစ်ပေါ်စေခဲ့ပေါ့


ဦးလေးလေ

ဦးရဲ့သူငယ်ချင်းတစ်ယောက် webpage ပေါ်မှာ

ဒီလိုရေးထားတာတွေ့ခဲ့ဖူးတယ်


ကျွန်ုပ်တို့ အားလုံးက ကလေးငယ်များကိုချစ်ကြသည်ဆိုသော်

သူတို့အတွက်ချန်ထားရစ်ခဲ့ရမည့် ကမ္ဘာကြီးအား မထိန်းသိမ်းမစောင့်ရှောင်သင်ဘူးလား


ဦးတို့က မက်စောက်တဲ့တောင်ကတုံးတွေနဲ့

နက်ရှိုင်းတဲံချောက်ကမ်းပါးတွေ

သမီးတို့အတွက်ချန်ထားခဲ့မိရင်

ဦးတို့တရားပါ့မလား….


အိုဇုန်းလွှာအပေါက်ကိုဖာထေးဖို့

သစ်ပင်ကြီးငယ်တွေပြန်စိုက်ဖို့

အဆိပ်သင့်မြေဆီလွှာတွေကိုပြုပြင်ဖို့

ကာဗွန်ဓါတ်တွေကိုလျှော့ချဖို့

ပူလောင်အိုက်စပ်ပေမယ့်

အဲဒီညက ဟိုတည်အခန်းထဲမှာ

ဦးလေး အဲယားကွန်းမဖွင့်ပဲလည်း

အိပ်ပျော်ခဲ့ပါတယ်….


နိုဝင်ဘာရယ်

သမီးကို ဘာဖြစ်ရမယ်လို့

ဦးတော့မတိုက်တွန်းချင်ပါဘူး

ကမ္ဘာကြီးကို ကူညီမယ့်လက်တစ်ဖက်အတွက်

အတ္တတွေသေးကျူံ့တတ်ရင်ပြီးပြီပဲ….


ဘာပဲဖြစ်ဖြစ်ပါ

ဒီကနေ့ထက်ပိုကောင်းတဲ့ ကမ္ဘာကြီးကို

သမီးတို့ကိုပေးထားခဲ့ဖို့

ဦးလေးတို့အစွမ်းကုန်ကြိုးစားပါ့မယ်….

နောက်ဆုံးတော့

ကလေးငယ်တွေဟာ ရင်ကျက်မှုတွေကိုပါသင်ကြားပေးခဲ့ပြန်ပေါ့….။



မိုးလှိုင်ည

Thursday, December 18, 2008

အမူးသမား

သွေးပြန်ကြောထဲက

ကဗျာကို

စာရွက်ပေါ်ရေးချဖို့…

ဘေးကျပ်နံကျပ်မနက်ခင်းထဲ

လက်ဘက်ရည်နဲ့စီးကရက်ကိုရွေးမလား

လမ်းစရိတ်ကိုတွေးမလား

အလုပ်အကိုင်ဆိုတဲ့နေရာမှာ

ကဗျာဆရာလို့ထည့်ရေးရင်

မော်ကြည့်လာမယ့်မျက်ဝန်းတွေကို

တစ်ခါတစ်ရံကြောက်မိပါရဲ့

အဆိုးချည်းသက်သက်လောကဓံကို

လည်းပင်းဖက်ကြီးပြင်းလာတဲ့ကောင်ပါ

ရိုင်းတယ်ဆိုရင်လည်း ရိုင်းတယ်ပေါ့…

စိတ်ကို ပခြုပ်ထဲခဏခဏထည့်ထားတယ်

ရုပ်ကတော့လက်လွတ်စပယ်

လွတ်လပ်တယ်ဆိုပြီး

အထင်မကြီးလိုက်ကြပါနဲ့

ကိုယ့်အတ္တကိုယ်

အမြည်းပြန်လုပ်နေတဲ့ အမူးသမား

သံသရာတစ်လျှောက်လုံး

ဒယီးဒယိုင်။


မိုးလှိုင်ည

Wednesday, December 17, 2008

နှစ်သစ်ကူး ခေါင်းလောင်းသံ

ငယ်စဉ်က အဖြစ်အပျက်ပါ

နှစ်သစ်မှာ

ဖိနပ်အသစ်စီးတယ်

သီချင်းအသစ်နားထောင်တယ်

စိတ်သစ်လူသစ်နဲ့

လောကသစ်ကြီးဆီကို သွားမယ်ပေါ့။


ခုအရွယ်ရလာတော့

နှစ်သစ်မှာ

ဖိနပ်အသစ်လည်း မစီးဖြစ်

စိတ်လည်းမသစ် လူလည်းမသစ်

နားထောင်ရတဲ့ သီချင်းတွေကလည်းမသစ်


လောကသစ်ဆီကို ဘယ်လိုသွားရမယ်မသိ။


ဒီဇင်ဘာ ဒိုင်ယာရီတွေ ပြန်ဖတ်မိတော့

ဒီဇင်ဘာမှာပဲ

ပီကာဆို ကြွေခဲ့တယ်

ချာလီချက်ပလင် ကြွေခဲ့တယ်

ဂျွန်လင်နွန် ကြွေခဲ့တယ်

စွဲလန်းမိတဲ့ ဆေးဖက်ဝင် ပန်းပွင်လေးကြွေခဲ့တယ်။


နှစ်သစ်ကူးမှာ

သူငယ်ချင်းနဲ့ နည်းနည်းပါးပါးမူးမိတယ်

မကြိုက်သော်လည်း မထူးဇာတ်ကို ဆက်ကမယ်

လူလူချင်း စာနာတဲ့ အနွေးငွေ့နဲ့

အေးစက်စက်နေ့တွေကို အန်တုမယ်

အသက်ဆက်ရှင်ဖို့

သင်တန်းလေး ဘာလေးတက်ရမယ်။


ဇန်န၀ါရီဆီရောက်ဖို့ရာ

ဒီဇင်ဘာကို ကျော်ဖြတ်ရမှာ

အစဉ်အလာပဲလေ


သေကွဲရှင်ကွဲတွေနဲ့ ကမ္ဘာမှာ

ကြေကွဲစွာ နှစ်သစ်ကူးလိုက်ပါတော့မယ်။


ကြည်မောင်သန်း

၂၀၀၂၊ ဇန်န၀ါရီ၊ မဟေသီ

ကဗျာ၁၀၀နှင့် ကဗျာဆရာကွယ်လွန်ခြင်းစာအုပ်မှ

Monday, December 15, 2008

ဖေဖော်ဝါရီသို့တမ်းချင်း (၃)


အဲဒါဟာ

ခြောက်နှစ်လုံးလုံး တယ်လီဖုန်းထဲမှာ

ပုန်းအောင်းနေတဲ့အသံ

စာလုံးရေ ၁၃ လုံးနဲ့ ခိုတစ်ကောင်ပေးလာတဲ့

သ၀ဏ်လွှာအပိုင်းအစ

ငါဟာ

ချစ်ခြင်းမေတ္တာဆိုတဲ့ ကျိန်စာတစ်ခွန်းကို

စိတ်လိုလက်ရရွတ်ဆိုဖူးခဲ့တယ်

ဖေဖော်ဝါရီရယ်။

တမ်းချင်းအမှတ်(၃)ဆိုတာက

စားပွဲဝိုင်းပေါ်ဖွင့်ချလိုက်ရတဲ့

စီးပွားရေးအကျပ်အတည်းမဟုတ်ပါဘူး

FBI ရဲ့ လူသိရှင်ကြားဝန်ခံလိုက်ရတဲ့

နိုင်ငံရေးလက်ဝင်လျှိုမှု မဟုတ်ပါဘူး

သားသတ်ရုံကိုဆွဲခေါ်ခံနေရတဲ့

နွားတစ်ကောင်ရဲ့ အသနားခံလွှာမဟုတ်သလို

ပုန်းရှောင်ထွက်ပြေးနေရတဲ့

စစ်ရာဇ၀တ်ကောင်ရဲ့

ခြောက်ခြောက်ခြားခြားအိပ်မက်ဆိုးတွေလည်းမဟုတ်ဘူး…။

ကဗျာဆရာတစ်ယောက်ရဲ့

ဒိုင်ယာရီထဲက နာကျင်ခဲ့ရတဲ့ရက်စွဲသက်သက်ရယ်ပါ…။

ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းမပါပဲ

ငါတို့တွေ ခြောက်နှစ်ကြာချစ်သူတွေဖြစ်ခဲ့ကြသလို

မုန်းတယ်ဆိုတဲ့စာသားတွေမပါပဲ

ကပ်ကမ္ဘာတစ်ခုလုံးဝေးကွာသွားရပုံတွေပေါ့

……. ………. …………..

……… ……….. ………….

လွန်ခဲ့တဲ့ မိုးသည်းထဲမှာ

နင်ထီးကလေးအောက်မှာငါမိုးခိုခဲ့ဖူးတယ်

အဲဒီမှိုင်းမှိုင်းညို့ညို့ဇူလိုင်လတစ်ရက်လေ

ငါရင့်ထဲကိုအချစ်လို့အမည်တပ်ထားတဲ့

အဆိပ်အပ်တစ်စင်းစူးနစ်ခဲ့ပေါ့….

ရွှေရသ ဆိုတဲ့လက်ဘက်ရည်ဆိုင်လေးမှာ

ကော်ဖီမစ်နှစ်ခွက်ပြိုင်တူမှာသောက်မိတော့

ငါ့ရင်ခုန်သံရစ်သမ်တွေကဗြောင်းဆန်ပြီးလှနေတယ်….

နေ့ဘက်ဆိုရုံးစာရေး

ညဘက်ဆိုပုံနှိပ်တိုက်အလုပ်သမား

နင်နဲ့အတူတိမ်ပြာပြာညနေလှလှတွေရဖို့

ငါရှင်သန်လှုပ်ရှားခဲ့ဖူးတဲ့ဘ၀လေ

နင်အမှတ်ရနေပါ့မလား ဖေဖော်ဝါရီ

ဆူးလေ ကားမှတ်တိုင်ထိပ်မှာရပ်

၄၅ ကားကြီးပေါ်ကဆင်းလာမယ့်

နင်ခြေဖမိုးလေးတွေကိုငါမှတ်သားထားဖူးတယ်

ရိုးရိုးသားသားပါပဲ

နင့်ခြေသန်းတုတ်တုတ်လေးကနေ

လှိုင်းတွန့်နေတဲ့ဆံနွယ်ဖျားတွေအထိ

ငါအချစ်ပြယ်ခဲ့တာဘယ်နေရာမှမရှိခဲ့ပါဘူး

(အခုတော့လည်း ခေတ်ကာလအရ

နင်ဆံပင်တွေကောက်လိုက်ဖြောင့်လိုက်…)

အိပ်မက်ကိုထုဆစ်မိလို့

မအောင်မမြင်ဖြစ်ခဲ့တဲ့ငါ….

ချစ်သူဆီပျံသန်းမလာနိုင်တဲ့ညနေတွေထဲ

ငါဘယ်လိုကြေကွဲနေလည်းနင်အသိပဲ

ဖေဖော်ဝါရီ

ဒါနဲ့များတောင်မှ

ငါ့တစ်ဘ၀လုံးအမှောင်ကျသွားစေမယ့်စကား

`နင်နဲ့ငါသမီးရည်းစားမဟုတ်ဘူးလို့´

နင်ပြောထွက်ခဲ့တယ်နော်…

ရှန်ဟိုင်းကုန်တိုက်အောက်မှာ

ပြဿနာတွေအကြီးအကျယ်တက်ကြတုန်းက

နင်က တခြားယောကျာင်္းတစ်ယောက်ရဲ့လက်ကိုဆွဲပြီး

တက္ကဆီတစ်စီးနဲ့ပြေးထွက်သွားတယ်

ပလက်ဖောင်းပေါ်ကမျက်လုံးအစုံစုံတွေအောက်မှာ

ငါအဲဒီနေရာတင်လဲသေဖိုကောင်းပါတယ်….

အရင်က

ရိုးသားဖြူစင်ဖူးတဲ့နင်က

ငွေကြေးကိုနတ်ဘုရားလိုကိုးကွယ်သွားတဲ့နေ့

`ပိုက်ဆံမရှိပဲ သူများသားသမီးကိုလိုက်မကြိုက်ရဘူးလို့´

နင်ငါ့ကိုပြောထွက်ခဲ့တယ်။

မျှတတဲ့စိတ်ထားနဲ့

နင့်အပေါ်ထားတဲ့နှိုင်းရမဲ့ချစ်ခြင်းမေတ္တာ

ငါ့သိက္ခာ ငါ့သီလက

ဘ၀အာမခံချက်မဖြစ်နိုင်တော့ဘူးလား…

ပိုက်ဆံအိတ်ဖောင်းဖောင်းနဲ့ကောင်တွေမှ

လင်ကောင်းသားကောင်းလို့

နင့်ကို ဘယ်ပါတ်ဝန်းကျင်က

သင်ကြားထားသလဲဖေဖော်ဝါရီ…

ကဗျာဆရာဆိုတာ

ဂျီအက်စ်အမ်ဖုန်းပါမစ်မဟုတ်ဘူး

အာဏာပိုင်ကိုလက်သိပ်ထိုးထားပြီး

အခွန်ရှောင်နိုင်မယ့်လုပ်ငန်းလိုင်စင်မဟုတ်ဘူး

တရားမ၀င်လောင်းကစားတွေနဲ့

မြေအောက်စီးပွားရေးသမားတွေလိုတော့

ထောင်တန်တွေအုပ်လိုက်ခါးကြားထိုးမထားနိုင်ပါဘူး….

ဒါပေမယ့်

မင်္ဂလာတရားနဲ့အညီ ကြီးပွားတိုးတက်ချင်တဲ့ကောင်ပါ

ဘ၀မှာ ငါမကြိုးစားပဲဘယ်နှစ်ခါနေဖူးလို့လဲ

ငါက ဗုဒ္ဒဘာသာဝင်တစ်ယောက်လေ

ဥစ္စာဓနသာအင်အားဆိုပြီး

တောရိုင်းတိရစ္ဆာန်ဝါဒ

ငါဘယ်လိုကျင့်သုံးလို့ရမှာလည်း

အတ္တတွေမကြီးတတ်တာနဲ့မင်းတိုရဲ့ခေတ်မှာ

လူရာမ၀င်ဖြစ်ချင်လည်းဖြစ်စေတော့…

ငါ့အသက် (၂၂) တုန်းကတော့

နင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့

မလေးရှားသွား အလုပ်လုပ်ဖို့

ငါကြိုးစားခဲ့ဖူးတယ်….

အဲဒီကျွှန်စော်နံတဲ့အတွေးက

နင်နဲ့ဝေးပြီးတဲ့နောက်ငါ့ကိုအရှက်ရစေတာပေါ့…

အခု

နားစည်တွေဖြတ်တိုက်လာတဲ့လေသံမှာ

နင်က

နယူးယောက်ကနေ ဒူဘိုင်းအထိ

တိုကျိုကနေ ဆိုလ်း

ပဲရစ်ကနေ မော်စကို

ချမ်းသာကြွယ်ဝမှုရှိရာခရီးရှည်ချီတက်သွားမယ်တဲ့….

၂၁ ရာစုခေတ်မှာတော့

နင်လည်းဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ပြီပေါ့…

ခေတ်ပျက်သူဌေးတွေ

လက်နက်မှောင်ခိုတွေ

ဘာမှန်းညာမှန်းမသိရေနံကြောင့်

အချီကြီးမိလိုက်တဲ့ အာရပ်သူဌေးးတွေကြားထဲမှာ

နင်စိတ်ကူးယဉ်ထားတဲ့

စတာလင်ပေါင်ယူရိုဒေါ်လာ

ငွေစက္ကူစွန်ကလေးတွေ

စိတ်တိုင်းကျလွှတ်တင်နိုင်မယ်ပေါ့

သူတို့က နင်တစ်ကိုယ်လုံးကို

သွေးစွန်းတဲ့အာဖရိကစိန်တွေအလှဆင်ပေးနိုင်ရဲ့

ဈေးကြီးတဲ့ ဟိုတည်အခန်းတွေမှာ

စိတ်ကြိုက်အနားယူခွင့်ပေးနိုင်လိမ့်မယ်

ဖယ်ရာရီပြိုင်ကားလှလှတွေလည်း

လက်ဆောင်ဝယ်ပေးနိုင်တယ်

ငါကတော့ ငါချစ်တဲ့ရန်ကုန်မြို့မှာ

အမှိုက်ပုံထဲထိုင်နေရသလိုမှောင်လည်းမှောင်

မွန်းလည်းမွန်းကျပ်နဲ့

အသက်က ၂၆မှာ ငါ့ကိုယ်ငါသေချာဖြစ်ခဲ့ပြီ။

ငါ့ရန်ကုန်မြို့ပေါ်က ဘယ်တော့မှထွက်ခွာမသွားဘူး

တောက်ပလာမယ့်အနာဂတ်တွေကို

ငါ့ဝင်ငွေထဲက ထမင်းတစ်ဝက်ခွဲကြွေးရင်း

ငါချစ်တဲ့ရန်ကုန်မြို့အကြောင်းပြောပြရင်း

သဗ္ဗညုတလေးဆူရဲ့ဓါတ်တော်တွေ

ဌာပနာပူဇော်ထားတဲ့သိင်္ဂိုတ္တရကုန်းတော်ကိုစောင့်ရှောက်ဖို့

အခုချိန်မှာ ဇာတာဆန်းလဂ်ညှိုးမှိန်နေရတဲ့

ရန်ကုန်မြို့ရဲ့အရှိန်အ၀ါတွေပြန်လည်တောက်ပလာဖို့

ငါ့အသက် ငါ့ဝိဥာဉ် ငါ့နှလုံးသွေးဟာ

ရွှေတိဂုံခြေတော်ရင်းမှာ

သူရဲကောင်းတွေ အာဇာနည်တွေ

သံဃာတော်အရှင်မြတ်တွေရဲ့ ၀ိဥာဉ်တွေနဲ့အတူ

လဲလျောင်းစောင့်ရှောက်ခွင့်ရချင်တယ်…။

ဒီအသက်တစ်ချောင်းနဲ့မျှမလုံလောက်ခဲ့ရင်

ရွှေတိဂုံရဲ့အရိပ်အာဝါသမှာ

အခါခါပြန်ရှင်အခါခါပြန်သေပါရစေ…

အဲဒီ့

အမျိုးသားရေးမာန်တွေနဲ့

ရန်ကုန်မြို့ရဲ့အမှောင်ညထဲ

ငါဒီကဗျာကိုရေးခြစ်မိခဲ့ပါရဲ့…

အမှားပါရင်လည်းခွင့်လွှတ်ထားခဲ့ပေါ့ ဖေဖော်ဝါရီ….။

မိုးလှိုင်ည

တောင်းပန်အပ်ပါသည်။ ။ ၀င်ငွေစံချိန်တင်ရင် အမှတ်စဉ် တစ်နှစ်သုံးထိုးပြီး

ရိုက်တတ်တဲ့ဟောလိဝုဒ်ဇာတ်လမ်းတွဲလိုမဟုတ်ရပါဘူး

အရှေ့တောင်အာရှက ကဗျာဆရာတစ်ယောက်ရဲ့

ရင်ထဲကဆေးရောင်စုံပုံရိပ်တွေပါ

ကဗျာချစ်သူတွေနဲ့ခံစားမှုမျှဝေဖို့ရည်ရွယ်ပါတယ်။

Saturday, December 13, 2008

ရန်ကုန်

မရောက်ဖူးခင်ကတည်းက

ငါမုန်းနေတဲ့မြို့ဟာရန်ကုန်ပေါ့

ငါအရောက်ဖူးချင်ဆုံးမြို့ဟာလည်း

ရန်ကုန်ပဲဖြစ်ပြီး…

ငါ့အောင်မြင်မှုကို အပြည့်အ၀ရယူနိုင်မယ့်မြို့လို့

ငါယုံကြည်ရာမြို့ဟာလည်း

ရန်ကုန်ပါပဲလေ။


ရန်ကုန်ရေ… မိတ်ဆွေကြီးရေ

မင်းရဲ့မြေဆွဲအားပေါ်မှာ

ငါရပ်တည်ခဲ့ပုံတွေကိုအမှတ်ရစွာနဲ့

ခုလိုရေးမိပါရဲ့။

နီးနီးလေးကို ဝေးဝေးဖြစ်အောင်မောင်းပို့တဲ့

ရန်ကုန်မြို့ကြီးရဲ့ သုံးဘီးသမားတွေဟာ

ငါ့မုန်းတီးမှုကို

စတင်အတည်ပြုပေးလိုက်သလိုပါပဲ


ကုန်တိုက်အောက်မှာ

ခြောက်ကပ်နေတဲ့ လင်းပိုင်အသေကို

ဇောက်ထိုးဆွဲလို့

အထဲက အဆီတွေတစ်စက်ပြီးတစ်စက်ကျ

လင်းပိုင်ဆီထုတ်ပြီးရောင်းချနေပုံဟာ

ငါမုန်းတဲ့

လူအတွေကို လှည့်ဖျားတဲ့

ရန်ကုန်ပါပဲလေ။


ရန်ကုန်ကို ငါမုန်းတယ်

ဘယ်အချိန်ထိ မုန်းခဲ့သလဲဆိုရင်

သူ့ကို မေတ္တာသက်ဝင်မချစ်ခင်အထိပေါ့

ပညာရယ် သြဇာရယ် အသပြာရယ်

တစ်ခုခုမပါရင်

ရန်ကုန်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ရာ

မဖြစ်နိုင်ပါဘူး

မင်းနဲ့ပက်သက်ပြီး ဒီလို

ကြားခဲ့ဖူးတယ် ရန်ကုန်ရေ။


ရန်ကုန်ရေ

မင်းဟာမြွေပွေးတွေကိုလက်ခံထားရသလို

ရွှံ့ရုပ်တွေကိုလည်း လက်ခံထားရရဲ့

မင်းဟာဘဏ်တိုက်ကြီးတွေကို လက်ခံထားရသလို

သူတောင်းစားတွေကိုလည်း လက်ခံထားရရဲ့

မင်းဟာ

ရှေးအဖိုးကြီးများကိုလက်ခံထားရသလို

ကမ္ဘာမှာအတော်ဆုံး မော်ဒန်ကဗျာဆရာတွေကိုလည်း လက်ခံထားရပေရဲ့

ညညဆို

မြွေပွေးတွေ နိုက်ကလပ်ကို တရွေ့ရွေ့တွားသွားကြ

ရွှံ့ရုပ်တွေက ပင်လယ်ထဲ ဒိုင်ဗင်ထိုးကြ

နေ့နေ့ဆို

ဘဏ်တိုက်ကြီးတွေ လမ်းလျှောက်ထွက်ကြ

ငရဲပြည်သွားမယ့်လူတွေကြိတ်ကြိတ်တိုးလို့

ကောင်းကင်ဘုံသွားမယ့် ဘတ်စ်ကားကြီးတွေတစ်စင်းပြီးတစ်စင်း

ထိုးဆိုက်လို့

ရှေးအဖိုးကြီးတွေက မော်ဒန်ကဗျာတွေဖတ်ပြီး ပြုံးလို့

အော်- ရန်ကုန်

ညည ဖောင်ပိတ်ချိန်ရောက်ရင်

မဟာဗန္ဒုလလမ်းပေါ် ငါလျှောက်ရင်း

နီယွန်မီးရောင်အောက်က

ရန်ကုန်မြို့ရဲ့လေထုကိုရှုသွင်းရင်း

အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့ဆိုတဲ့

စာသားကို မဆီမဆိုင် သတိရမိပေရဲ့


ညထဲ

အမှိုက်ကားဝင်လာတော့

ကျီးကန်းတွေခုန်ဆင်းလာတဲ့ အချိန်

လမ်းဘေးကဖေးဆိုင်မှာ ငြိမ်ငြိမ်လေးထိုင်လို့

ဒီလိုနဲ့

မင်းကိုငါ အကြောင်းပြချက်မရှိဘဲ

မေတ္တာသက်ဝင်မိတာပါ….။


နေမျိုး


(လူဖြစ်ရတာကောင်းတယ်)ခေတ်ပေါ်ကဗျာစာအုပ်မှ

Wednesday, December 10, 2008

ငါလည်းတစ်နေ့

ချောင်းရိုက်ခံရတာကို

ဘယ်လိုလက်တုံ့ပြန်မှာလဲ

လောကဓံဆိုတာ ဒီလိုပါပဲ

စိတ်အားငယ်စရာတွေကြားမှာ

ပြက်ရယ်ပြုစကားပြောတတ်သူ

ငြိတွယ်စိတ်ကြီးမား

အားသွန်ခွန်စိုက်လွမ်းရတာလည်း

အရသာတစ်မျိုးပါပဲ

တစ်ယောက်ပြီးတစ်ယောက်

နောက်တစ်ယောက်

နေ့ခင်းကြောင်တောင်

လင်းလင်းချင်းချင်းကြီးထဲ ပျောက်ကွယ်

ဘယ်ရောက်ကုန်ပြီလဲ

တစ်ယောက်နဲ့တစ်ယောက် နှုတ်မဆက်နိုင်ခဲ့

နေ့စဉ်နဲ့အမျှ

ဆက်ဆံနေရတာက

လူရွှင်တော်တွေ

လူပြက်တွေ

ခက်ခက်ခဲခဲရယ်မောခဲ့ရ

ခြေကုန်လက်ပန်းကျ


နောက်ဆုံးခရီး

ခေါင်းတိုင်က မီးခိုးတွေ

`လေပြင်းထဲက ဖယောင်းတိုင်´ပြောပြော

`လေပြင်းထဲက ဖုန်မှုန့်….´ပြောပြော

ပြာကျခဲ့တာ

သေချာပါတယ်။


ကြည်မောင်သန်း

အောက်တိုဘာ၊ ၂၀၀၀၆၊

မဟေသီမဂ္ဂဇင်း

Monday, December 8, 2008

ဂုဏ်သရေရှိ နေ့လည်စာ

Sunday, April 8, 2007
ဂုဏ်သရေရှိ နေ့လည်စာ
Posted by မိုးလှိုင်ည at 11:29 PM

အ၀စားထမင်းဆိုင်လေးမှာ
ငါးရာတန်အနွမ်းနှစ်ရွက်နဲ့
ကျွန်တော်မာန်တက်နေတယ်။
(အဖေဘာဟင်းနဲ့စားမလဲ)
လွန်ခဲ့တဲ့နှစ် နှစ်ဆယ်မှာ
ဒီအသံကိုဒီတစ်ခါပဲကြားဖူးတာ
ကိုယ့်နားကကိုယ့်ကိုပြန်မယုံချင်ဘူး….။

(မင်းထမင်းစားရမှာ ငါမျိုမကျပါဘူးကွာ)
တဲ့ အဖေက
ကျွန်တော်ရိုးရိုးသားသားရှာဖွေထားတဲ့
စာမူခပိုက်ဆံပါအဖေ......။

ဘ၀မှာကိုယ်ဝါသနာပါတဲ့အလုပ်ကို
လုပ်ခွင့်ရတဲ့ကံတရားကလူတိုင်းမရကြဘူးလို့
ရုံးစာရေးအဖေက သက်ပြင်းရှည်ချပြီးပြောတယ်
အဖေကော
ဝါသနာပါတဲ့အလုပ်ကိုလုပ်ခွင့်ရသလား
လုပ်နေတဲ့အလုပ်ကိုကောအဖေ၀ါသနာပါလား
ကျွန်တော်မစဉ်းစားအားပါဘူး
ချစ်သူနဲ့လျှောက်လည်ဖို့ အဖေအိတ်ထဲက
ထောင်တန်တစ်ရွက်အလစ်နှိုက်ခဲ့ဖူးတဲ့ကောင်
ကျောင်းလခတွေကိုလိမ်တောင်းပြီး
သူငယ်ချင်းတွေနဲ့ ဘီယာသောက်ပစ်တဲ့ကောင်
အခုနေ့လည်စာမှာတော့
ကိုယ့်ကိုယ်ကို တစ်ခါဝင့်ကြွားမိတိုင်း
ကိုယ့်ကိုယ်ကိုတစ်ခါပြန်ရှက်ရနေတယ် .......အဖေ။

မိုးလှိုင်ည

အဖေ့ရဲ့ ၅၄ နှစ်မြောက်မွေးနေ့ကို ဒီကဗျာနဲ့ ပူဇော်ပါရစေ...အဖေ။

Saturday, December 6, 2008

ဒီဇင်ဘာ…

ဒီဇင်ဘာ…

အခုတော့
ငါ့ ဒီဇင်ဘာမှာ မင်းနာမည်ပါလာပြီ…စနေ
ခဏခဏ မေ့လျော့တတ်တဲ့ငါ့အတွက်
ဒိုင်ယာရီစာအုပ်ထဲက
ဒီဇင်ဘာရှစ် ရက်ဆွဲထဲမှာ မင်းနာမည်ထည့်သွင်းလို့
ဒီဇင်ဘာရေ…
ငါ့စနေမလေးဆီကို
ဘ၀ပျော်ရွှင်ခြင်းတွေအပြည့်သယ်ဆောင်သွားပေးပါ…
ဒီဇင်ဘာရေ
လမ်းတွေပေါ်နှင်းတွေရွာကျသလို
ဘ၀ရဲ့အေးချမ်းငြိမ်သက်ခြင်းတွေ
ငါ့စနေမလေးဆီကျရောက်ပါစေ…
ဒီဇင်ဘာရေ
မင်းရဲ့မနက်ခင်းနေခြည်တွေက
သွေးကြောတွေနွေးထွေးစေသလို
ငါ့စနေမလေးဆီကို
နွေးထွေးတဲ့မေတာတရားတွေအစဉ်အမြဲပေးအပ်ပါ။

Thursday, December 4, 2008

အနည်းလို အများစားခြေ

စိတ်ကို တူးဆွခဲ့၊

တစ်ဘ၀လုံးလုံး

အဖူးရယ်၊ အဖူးရယ်အညွှန့်ရယ်လို့မတက်

အိပ်မက်တွေ မက်ရတာတောင် မဖြောင့်တန်းခဲ့၊

ဘယ်လို သံသရာလမ်းတွေကများ

ကွေ့ကောက်ခဲ့ပါသလဲ

ရင်မှာ ရထားမဆိုက်တာကြာပြီ။

တို့တွေ

ဝေးခဲ့ကြတယ်

တို့တွေ

ဝေးခဲ့ကြတယ်

အပြေးအလွှား ဝေးခဲ့ကြရတယ်။

ငါတို့ အလွမ်းတွေ

ချင်းချင်း နီရဲအောင်ကိုပဲ

တိုတွေ

ဝေးခဲ့ကြရတယ်၊

တို့တွေ တည်ဆောက်ခဲ့ကြပါတယ်

ကိုယ့်ကိုယ်ကို ကြည်ညိုနိုင်လောက်ထိသာပါ၊

တိုတွေ

တည်ဆောက်ခဲ့ကြပါတယ်

ဒီတည်ဆောက်မှုတွေဟာ

မှောက်မှောက်မှားမှားတွေပါလား

ဒီ…

တည်ဆောက်မှုတွေဟာ

စွန်းစွန်းထင်းထင်း အဖိတ်အစဉ်တွေပါလား

ဒီ…

တည်ဆောက်မှုဟာ

ပျက်ပျက်ယွင်းယွင်းတွေပါလား

ဒီတည်ဆောက်မှုဟာ

မြင့်မြင့်မားမား စွန့်စားမှုတွေလား

ဒါကြောင့်ပဲ ဖြစ်ရမယ်

ငါတို့တွေ

အနုပညာတပ်ဦးက

ကဗျာဆရာဖြစ်ခဲ့ကြရတာ၊

ငါတို့တွေ

ဝေးခဲ့ကြရတယ်

လတ်လတ်ဆတ်ဆတ်ကြီးကိုပဲ ဝေးခဲ့ကြ၊

အနီးကပ် အဝေးတွေနဲ့ ဝေးဝေးနေခဲ့ကြ၊

တစ်ယောက်တစ်ယောက် ချစ်ပြီးသား

ဘယ်လိုကြောင့်များ

ငါတို့တွေ ဝေးခဲ့ကြရ၊

ငါတို့တွေ

ဝေးပြီးရင်း ဝေးဝေးလာနေကြပြီ

တစ်ယောက်ကို တစ်ယောက်ဆာလောင်

တစ်ယောက်ကို တစ်ယောက်ငတ်ရင်း၊

တစ်ယောက်က တစ်ယောက်ကို ဆာလောင်ရင်း

တစ်ယောက်က တစ်ယောက်ကိုလွမ်း၊

ငါတို့တွေမှာ

ဘာသာစကားကွဲပြားခြားနားမှုတွေ မရှိ

ငါတို့တွေမှာ

အသားရောင် ခြားနားမှုတွေမရှိ

ငါတို့တွေမှာ

တိုင်းပြည်မြို့ရွာ နိုင်ငံခြားနားမှုမရှိ

ငါတို့တွေမှာ

သွေးသားတွေသာ ရှိခဲ့ကြ။

ငါတို့တွေ

မြတ်နိုးဖွယ်အချိန်တွေကို မြတ်နိုးမိဆဲ

အလွမ်းရယ်

အလွမ်းဆီ လာခဲ့ပါတော့

သံတမန်နည်းနဲ့တော့

ဘယ်လိုမှ မဖြေရှင်းနိုင်ပါဘူး။


မောင်ချောနွယ်

(ရုပ်ရှင်တေးကဗျာ ရသစုံမဂ္ဂဇင်း၊ ၂၀၀၀၊ အောက်တိုဘာ)

Tuesday, December 2, 2008

ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်

သမ္မတနစ်ဆင်ဟာ

သူ့ရန်သူတော်စာရင်းမှာ

သူနာမည် ပထမဆုံးရေးခြစ်ခဲ့ရသလို

ဒီနေ့မှာငါ့ကိုယ်ငါမုန်းတဲ့အကြောင်းတွေ

ရေးခြစ်ခဲ့ရပြီ။

ပထမဆုံးငါဟာအလွန်အမင်းမာနကြီးတတ်တာပဲ

တချို့အချိန်တွေမှာ အဲဒီမာနက

သိပ်အသုံးကျပြီး

တချို့အချိန်တွေမှာ မိုက်မဲလွန်းရာကျတယ်..

အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်

ထင်ပေါ်ကျော်ကြားလိုတဲ့ငါဟာ

တစ်ခါတစ်ခါ လူရာမ၀င်ချင်ပြန်ဘူး

အဲဒီ ဒုတိယအချက်အတွက်လည်း

ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်

မသေချာတဲ့ စိတ်ကူးတွေနဲ့

ငါ့လောင်းကစားလုပ်ပစ်ခဲ့တဲ့ဘ၀ကြောင့်

ငါ့မိခင်ရဲ့မျော်လင့်ချက်တချို့ကြေပျက်ခဲ့ရတယ်

အဲဒီအတွက်လည်း ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းတယ်

ကမ္ဘာကြီးကို ချစ်မြတ်နိုးစွာအလုပ်အကျွေးပြုလိုပြီး

ဆာလောင်နေတဲ့ ခွေးအတစ်ကောင်လို

ကမ္ဘာကြီးကို ဆူဆူညံညံ မာန်မဲခဲ့တာလည်းငါပဲ

အဲဒီအတွက် ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းတယ်

ကိုယ်ကိုယ်တိုင်လဲပြိုမတတ်ဆိုပေမယ့်

အားနည်းတဲ့ဘက်က ရပ်တည်ချင်ခဲ့တာလည်းငါပဲ

အင်အားနည်းလွန်းလို့ ငါဖေးကူချင်တဲ့သူတွေက

ငါ့ကိုပြန်ထူပြီး ဟားတော့ အရှက်ရခဲ့တဲ့အတွက်လည်း

ငါ့ကိုယ်ငါ တစ်ဝက်တိတိမုန်းမိတယ်

အမှန်တရားအတွက် ဓားတစ်လက်ဆိုပြီး

တစ်ခါတစ်ရံ တရားပျက်ခဲ့တာလည်းငါပဲ

ငါ

ငါ

ငါ…ငါ

အဲဒီငါတွေအထပ်ထပ်ကလည်း

ငါ့ကိုယ်ငါမုန်းတဲ့အချက်ပဲ…

ငါကပုထုဇဉ်စစ်စစ်ပါ

အဲဒီအတွက်ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းပြီး

ကျန်တစ်ဝက်က ငါ့ကိုယ်ငါချစ်တတ်သေးတယ်

အထက်ပါစကားလုံးတွေက

ငါ့ကိုယ်ငါတစ်ဝက်တိတိမုန်းမိတဲ့အကြောင်းများဆိုပါတော့..။


မိုးလှိုင်ည

LG ကဗျာဆရာနှင့် တယ်လီဖုန်းစကား

ခက်ပြီ

ကျွန်တော်မှကျားကစားသလို စကားလုံးတွေကိုမရွှေ့တတ်တာ

ဒါဆိုကဗျာမဟုတ်တော့ဘူးပေါ့၊ခက်ပြီ

ခက်လှပါလား ဘရားသားအင်လောရယ်။

ဟောဗျာ

ပုံသဏ္ဍန်ထဲမှာ အကြောင်းအရာရှိတယ်လား

အကြောင်းအရာတွေဟာ အကြောင်းအရာမဟုတ်ဘူးပေါ့

ဒါဆိုဘယ်လိုလုပ်ရပါ့၊ခက်ပြီ

ခက်လှပါလား ဘရားသားအင်လောရယ်။

အသစ်

ဟုတ်ပြီ၊ အသစ်ကို ကျွန်တော်ချစ်တယ်

အသစ်ကို ကျွန်တော်ကြိုဆိုတယ်

ဘယ်လိုသစ်ရမယ်မသိတာတစ်ခုပဲ။

သင်္ကေတတွေသိပ်မသုံးရဘူးဟုတ်လား

နိမိတ်ပုံတွေကိုလည်း အားမကိုးနဲ့ ဟုတ်လား

ကဗျာဆိုတာ လူ့အဖွဲ့အစည်းထဲမှာ တည်ဆောက်ယူရတဲ့အရာ

ဥပမာ၊ အရင်းရှင်ဝါဒ၊ ကွန်မြူနစ်ဝါဒတို့လို

ကဗျာဝါဒရှိရမှာပေါ့။

ဘာသာစကားဟာ သဘာဝတရားကြီးရဲ့ အလိုဆန္ဒအတိုင်း

ဖြစ်ပေါ်လာတယ်လို့ မခံယူပါနဲ့

ဟုတ်ကဲ့။

ကဗျာထဲမှာလေသံတွေပြောင်းလဲရောထွေးနေရမယ်

ငါ၊ သူတပါး၊ ယောကျာင်္း၊ မိန်းမ၊ မယ်သီလရင် မခွဲရဘူး

ကဗျာဟာ ဘုရားသခင်ရဲ့ ဥပဒေအပြင်ဘက်မှာ ရှိနေရမယ်

ခံစားချက်၊ ထင်မြင်ယူဆချက်တွေကိုငြင်းပယ်ရမယ်

ယုတ္ထိဗေဒကို ထည့်မတွက်နဲ့

အစဉ်အလာကဗျာရေးထုံးကို လွှင့်ပစ်လိုက်

ဟောဗျာ၊ ဒါဆိုဘယ်လိုလုပ်ရပါ့၊ခက်ပြီ

ခက်လှပါလား ဘရားသားအင်လောရယ်

ကျွန်တော်ကရှေးဟောင်းမော်ဒန်သမားပါ။

ပုံသဏ္ဍန်အသစ်

ကဗျာဆိုတာစကားလုံးတွေရဲ့ ရုပ်ဝတ္ထုအစုအဝေးကြီးပဲ

ပုံသဏ္ဍန်သစ်ရမှာပေါ့

ဟုတ်ပြီ၊ ဘယ်လိုပဲဖြစ်ဖြစ်

ပုံသဏ္ဍန်အသစ်ဆို ကျွန်တော်လက်ခံတယ်

ပုံသဏ္ဍန်ဝါဒကို ကျွန်တော်တို့ ထူထောင်ကြမယ်ပေါ့

ဥပမာ

ဟုတ်ပြီ၊ ဥပမာ

ကျွန်တော်ချရေးလိုက်မယ်နော်

က ကာ

ကိ ကီ

ကု ကူ ကေ ကဲ

ကဲ ကေ ကူ ကု ကီ ကိ ကာ က

တောပင်တောလုံးနှံ့ပါလို့လေ

ဟောဗျာ့။

ကား ကံ ကော် ကော့

ကော့ ကော် ကံ ကား

စည်းနဲ့ဝါး စည်းနဲ့ဝါး

အင်း….။

တံတျာတေရှင်

နုပျိုစဉ်က

စည်းနဲ့ဝါး…စည်းနဲ့ဝါး

စည်းနဲ့ဝါးလေး…စည်းနဲ့

ခက်ပြီ။


ပိုင်စိုးဝေ

၁၈.၄.၂၀၀၆

ပိတောက်ပွင့်သစ်မဂ္ဂဇင်း

Monday, December 1, 2008

သူစိမ်း

အဆုံးစွန်ဆုံး မြို့တစ်မြို့ကိုရောက်ခဲ့တုန်းက

ဒေသခံတွေက သူတစ်စိမ်းလိုကြည့်တယ်

ငါက သူစိမ်းပဲ….။

မျက်လုံးအရောင်က

ကောင်မလေးတွေကို ဆွဲဆောင်နိုင်တာလား

သိပ်သေချာတာပေါ့…

တစ်ခုတော့ရှိတယ်

ပိုက်ဆံက အဲဒီထက်ပိုသေချာတယ်….။

ငိုမနေပါနဲ့တော့

အဲဒီနာကျင်ခြင်းဟာအတုကြီးပါ…

ဘယ်တော့မှမမေ့ပျောက်နိုင်တဲ့နာကျင်ခြင်းကမှအစစ်

အဲဒီအတွက်လည်း ငိုကျွေးဖို့မလိုအပ်ဘူး

ဒီကနေ့ဖြစ်နေတာတွေအားလုံး

မနေ့ကဖြစ်ပြီးသားတွေနဲ့ သိပ်မထူးခြားဘူးမို့လား

အဓိပါယ်ကို ဆေးထပ်သုတ်ထားလိုက်ပါ…

ခင်ဗျားမဟုတ်ဘူး၊ ကျွန်တော်မဟုတ်ဘူး၊

ဆွေမျိုးရင်းချာမဟုတ်ဘူး၊ မိတ်ဆွေသူငယ်ချင်းမဟုတ်ဘူး၊

သူစိမ်းတစ်ယောက်ပဲ….။


မိုးလှိုင်ည

Friday, November 28, 2008

တံခါးတွေမှာ မျက်နှာထားနဲ့

တံခါးတွေမှာ မျက်နှာထားတွေရှိတယ်

တံခါးတွေက

ဘယ်သူ့ကိုဘယ်လိုဆက်ဆံရမယ်ဆိုတာသိတယ်

တံခါးတွေက

လူမျိုးရေးခွဲခြားတယ်

တံခါးတွေက

အဆင့်အတန်းခွဲခြားတယ်

တံခါးတွေက

လိင်အမျိုးအစားခွဲခြားတယ်

တံခါးတွေမှာ

စာတန်းအမျိုးမျိုးကပ်ထားတယ်

ဥပမာ- ပွဲစားမ၀င်ရ

တာဝန်ရှိသူများသာ

ဥရောပသားများကလပ်

စသည်ဖြင့်ပေါ့လေ…

တံခါးတွေက

ဟန်ကောင်းရင်ပိုက်ဆံမတောင်းဘူး

ဘယ်သွားမှာလည်းလို့

ဆေးရုံတံခါးက ခပ်မာမာမေးတယ်

တွေ့ခွင့်မရဘူးလို့ တံခါးတစ်ခုက

လေသံမာမာနဲ့ပြောတယ်

ဂုဏ်သရေရှိလူကြီးမင်းများအတွက်သာလို့

တံခါးတစ်ချပ်ကမာန်တက်နေတယ်…

တချို့တံခါးတွေက

အလှုခံခြင်းသီးခံပါတဲ့

တချို့တံခါးတွေက

မားကက်တင်းများမလာရတဲ့

တံခါးတစ်ချပ်ကတော့

တံခါးမခေါက်ရတဲ့..

မျက်နှာထားကရှစ်ခေါက်ချိုးနဲ့….


မိုးလှိုင်ည

Thursday, November 27, 2008

စိတ်ချ၊ လုံးဝစိတ်မညစ်စေရ

အရှိကိုအရှိအတိုင်းဆိုတော့ တစ်ယာက်မျက်နှာတစ်
ယောက်ကြည့်ပြီး ဆဲဆိုမိသလို တစ်ယောက်နောက်ကျော
တစ်ယောက်ကြည့်ပြီး ရယ်ရုံပေါ့ကွာ အပိုတွေလွယ်မထားနဲ့
စိတ်ချ ငါ့ဗန်းစကားတွေက အုတ်ခဲကျိုးကောက်မကိုင်ဘူး
ငါ့အဘိဓမ္မာပေါ်က နေလောင်ကွက်တွေဟာ ခြံစည်ရိုးတန်း
ပြေးမဆွဲဘူး ငါ့မာတိကာတွေ ရင်ဘတ်ဟပြဲနဲ့ တကယ်ဆို
မင်းလည်းအဖုံးပြုတ်၊
နှာသီးဝတွေမှာတင်သတိ ကားအဆင်းအတက်အဝ
မှာသတိ ပြောစကားတွေရဲ့အ၀မှာသတိ မင်းရောငါရောလုပ်
ငန်းခွင်အန္တရာယ်ရှိသည်ဆိုတဲ့နားက ဖြတ်လျှောက်ဖူးတာ
ချည်းပဲ စိတ်ချ တည်ဆောက်မယ့်အပိုင်းမှာတော့အုတ်သဲ
ကျောက် ဘိလပ်မြေ ရေအတိ မရောခင်စဉ်းစားဖို့ပဲလိုတယ်
အတွေးတွေ ၀ါဒတွေဆိုတာက အချောမသပ်ခင်ကွဲအက်
တို့တွေရယ်ရင်းနဲ့ကွဲအက်မင်းရဲ့ဟာသတွေလည်း လမ်းတစ်
ဝက်မှာတင် ခဲကုန်ရော မရောက်တဲ့ဖုန်းတွေ ကောက်ကိုင်
မိတာမျိုး (မဟုတ်ဘူး)ဟိုဒင်းဆီကရလိုက်တဲ့ မရောက်တော့
မယ့် ပေးစာ (မဟုတ်ဘူး)
တချို့ကိစ္စတွေ တို့မသိလိုက်ဘူး ဖြတ်သွားတာတွေ
ဘယ့်နှယ့်လဲ ငါက အပြေးသမားကျကျန်ခဲ့တဲ့ ခြေသလုံးသား
ဆရာဝန်က နံတွေကျောတွေလာခေါက်တော့ ဘယ့်နှယ့်လဲ
တံခါးဟပေးလိုက်ရမလား သလိပ်တစ်ချက်ဟပ်လိုက်ရဦး
မလား ငါမသိ တာကျတော့နှစ်နဲ့ချီပြီးမင်းရယ်လိုက်တော့
လည်း တစ်ချက်တည်းနဲ့၊
မင်းနောက်ကျောကို လှည့်ကြည့်ကြည့် ငါ အစာ
မကြေဘူး မင်းရင်ထဲမှာ ဖုနေတယ် ဒါပဲ မင်းနဲ့ငါ ပလက်
ဖောင်းပေါ်မှာ ကားကုန်တာ ရောဂါပဲ ဒစ်ဂျစ်တယ် မေးရိုးတွေ
က ကိုက်ထားတဲ့ အထုပ်တွေလွှတ်ချလို့ရတယ် မင်းကတော့
ရွက်နေတာပဲ အသေရွက် အင်္ကျီကြယ်သီး ဖိနပ်သဲကြိုး
ဒါမှမဟုတ် လက်စွယ်ငုတ်နေတာကအစ တစ်ခုခုလိုအပ်လာ
ပြီဆိုရင် မင်းဘ၀ချည်းပဲ၊
စိတ်ချ ငါ့အဘိဓမ္မာပေါ်က နေလောင်ကွက်တွေဟာ
အုတ်ခဲကျိုးကောက်မကိုင်ဘူး ငါ့ဘက်တစ်ခြမ်းလုံးကတော့
စိမ်းနေတာမှ ရက်စက်တယ် မင်းဘက်ကသာထုတ်လှန်းလိုက်
အနံ့တစ်ခုကအစ မင်းလာအောင်းနေတာတွေ ငါ့ဆီမှာတော့
ပိလို့။


ဇော်လူစိမ်း


(နွယ်နီမဂ္ဂဇင်း၊အတွဲ -၁၉၊ အမှတ်-၃၊ နိုဝင်ဘာလ၊ ၂၀၀၈)

Sunday, November 23, 2008

မနှစ်ကရက်စွဲတွေနဲ့ဒီနေ့

မိုးလင်းတာနဲ့
ဘတ်စ်ကားတွေနောက်ကို အမှီလိုက်ရတယ်
ခေတ်ကြီးက အရှိန်အဟုန်နဲ့စီးဆင်းလို့


လမ်းတွေမှာ ချိုင့်ခွက်တွေပိုများလာသလို
ခေတ်ကာလ ကလည်းအဖုအထစ်တွေနဲ့ပဲ


ဆယ်မိနစ်တစ်စီးဆိုပေမယ့်
တွန်းတွန်းတိုက်တိုက်ဆန္ဒတွေက
စက္ကန့်မလပ်…


စီအန်ဂျီ ဂတ်စ်အိုးအပူက
ရင်ထဲကိုလာလာဟပ်တယ်
ဘယ်သူကများ ငါတို့ကိုစစ်ကြေငြာထားတာလည်း
အခြေအနေက ပေါက်ကွယ်လွယ်တဲ့ဒေါသအိုးတွေ


ဒီကနေ့ဆောင်ပုဒ်က
ရိုးသားလို့မဖြစ်တော့ဘူးတဲ့
ကလေးတွေတောင်အော်ဟစ်နေပြီ


လူတွေကျပ်တယ်လမ်းတွေကျပ်တယ်
အောက်ဆီဂျင်ငတ်လို့ အကုန်လုံးအသက်ရှုကျပ်တယ်
ဓါတ်ဆီဈေးကျလို့ ဘတ်စ်ကားခဈေးမကျတဲ့မြို့မှာ
ငါ့ကိုယ်ငါ မီတာမတပ်ပဲမောင်းတယ်…


တစ်နာရီသုံးမိုင်နှုန်းနဲ့
ကီလိုမီတာတစ်သောင်းသွားဖို့
ဆယ်စုနှစ်တွေကိုဖင်ခုထိုင်ထားတုန်းလေ…။


မိုးလှိုင်ည

Friday, November 21, 2008

အသည်းကွဲနာရီ

Monday, May 14, 2007

အသည်းကွဲနာရီ

ညနေငါးနာရီခွဲရင်
ငါ့စိတ်တွေ ကယောင်ချောက်ချားနဲ့
ရင်ထဲက ဒဏ်ရာဟောင်းတွေက
သိပ်သည်းဆထူထဲလို့
လမ်းတွေပေါ် လှိမ့်ထုတ်လိုက်ရမလား
ငါ့ဥခွံ့ ကျဉ်းကျဉ်းထဲက
မင်းပုံတူကို ငေးနေရမလား
အဲဒီလို ယောင်ချာချာဖြစ်ခဲ့တာ
ငါပိုင်ဆိုင်တဲ့ ညနေတိုင်းရဲ့
ငါးနာရီခွဲ……။
ညနေငါးနာရီခွဲရင် တို့နှစ်ယောက်ဆုံကြတယ်
သိမ်ကြီဈေး စီရုံအောက်မှာလား…
ဆူလေးဘုရားလမ်းပေါ်မှာလား…
လက်ရွေးစင် ကဖီးမှာလား…।
အခု အဲဒီနေရာတွေမှာ
မင်းကို ရှာမတွေ့တော့
(ဘယ်ဆီကို လွင့်နေပြီလဲ…အချစ်ရယ်)
ညနေ ငါးနာရီခွဲရင်
ငါ့ရင်ထဲမှာ မုန်တိုင်းတစ်ခု
ရာသီဥတု မကောင်းတော့ဘူး
စိတ်ဓာတ်ကျ ရောဂါနဲ့
အရက်ခွက်ထဲ ခေါင်းစိုက်ချလိုက်ရမလား
စီးကရက်တွေ ခပ်များများ ဖွာရှိုက်မိတယ်
ဒါတွေကို မင်းမကြိုက်တာ သိပေမဲ့
ငါ့ကိုလည်း မင်းမကြိုက်ဘူးလေ…။
ညနေ ငါးနာရီခွဲရင်
ငါ့အတောင်ပံတွေရဲ့ လက်ကျန်ခွန်အားနဲ့
ရန်ကုန် ကောင်းကင်ပြင်ကျယ်ထဲ
ခပ်ဝဲ၀ဲ ပျံတက်ခဲ့တယ်
မင်းကို ရှာဖို့အတွက်တဲ့
ငါ့ရင်ထဲမှာတော့ အသည်းကွဲညနေ
ငါးနာရီခွဲက လတ်လတ်ဆတ်ဆတ်ကြီး
တဒေါင်ဒေါင်မြည်လို့…..။

မိုးလှိုင်ည

(အရင်ကလမ်းတွေလျှောက်ရင်: အရင်ကအလွမ်းတွေနဲ့မို့
ဒီကဗျာလေးကို ပြန်ဖတ်မိတယ် ဖေဖော်ဝါရီ)