Monday, May 14, 2007
အသည်းကွဲနာရီ
ညနေငါးနာရီခွဲရင်
ငါ့စိတ်တွေ ကယောင်ချောက်ချားနဲ့
ရင်ထဲက ဒဏ်ရာဟောင်းတွေက
သိပ်သည်းဆထူထဲလို့
လမ်းတွေပေါ် လှိမ့်ထုတ်လိုက်ရမလား
ငါ့ဥခွံ့ ကျဉ်းကျဉ်းထဲက
မင်းပုံတူကို ငေးနေရမလား
အဲဒီလို ယောင်ချာချာဖြစ်ခဲ့တာ
ငါပိုင်ဆိုင်တဲ့ ညနေတိုင်းရဲ့
ငါးနာရီခွဲ……။
ညနေငါးနာရီခွဲရင် တို့နှစ်ယောက်ဆုံကြတယ်
သိမ်ကြီဈေး စီရုံအောက်မှာလား…
ဆူလေးဘုရားလမ်းပေါ်မှာလား…
လက်ရွေးစင် ကဖီးမှာလား…।
အခု အဲဒီနေရာတွေမှာ
မင်းကို ရှာမတွေ့တော့
(ဘယ်ဆီကို လွင့်နေပြီလဲ…အချစ်ရယ်)
ညနေ ငါးနာရီခွဲရင်
ငါ့ရင်ထဲမှာ မုန်တိုင်းတစ်ခု
ရာသီဥတု မကောင်းတော့ဘူး
စိတ်ဓာတ်ကျ ရောဂါနဲ့
အရက်ခွက်ထဲ ခေါင်းစိုက်ချလိုက်ရမလား
စီးကရက်တွေ ခပ်များများ ဖွာရှိုက်မိတယ်
ဒါတွေကို မင်းမကြိုက်တာ သိပေမဲ့
ငါ့ကိုလည်း မင်းမကြိုက်ဘူးလေ…။
ညနေ ငါးနာရီခွဲရင်
ငါ့အတောင်ပံတွေရဲ့ လက်ကျန်ခွန်အားနဲ့
ရန်ကုန် ကောင်းကင်ပြင်ကျယ်ထဲ
ခပ်ဝဲ၀ဲ ပျံတက်ခဲ့တယ်
မင်းကို ရှာဖို့အတွက်တဲ့
ငါ့ရင်ထဲမှာတော့ အသည်းကွဲညနေ
ငါးနာရီခွဲက လတ်လတ်ဆတ်ဆတ်ကြီး
တဒေါင်ဒေါင်မြည်လို့…..။
မိုးလှိုင်ည
(အရင်ကလမ်းတွေလျှောက်ရင်: အရင်ကအလွမ်းတွေနဲ့မို့ဒီကဗျာလေးကို ပြန်ဖတ်မိတယ် ဖေဖော်ဝါရီ)
No comments:
Post a Comment