Friday, August 20, 2021

ဩဂုတ်တစ္ဆေနှင့် စိတ္တဇမိုး


မိုးက အုံ့မှိုင်းသိပ်သည်းပြီး ပြင်းပြင်းထန်ထန် တရစပ်ရွာချနေတယ်။ ကားမှန် ဝိုက်ဘာကို အမြန်ဆုံးခလုတ် တင်ထားပြီး ရှေ့မီးကြီးထိုးကာ အိမ်စီးကားတစ်စီးကို ကီလို ၁၀၀ နီးပါးမြန်နှုန်းနဲ့ ကျွန်တော် မောင်းနေရပါတယ်။ နောက်ခန်းမှာတော့ အောက်ဆီဂျင်ကျနေပြီး အရေးပေါ်ကုသမှုလိုနေတဲ့ ကျွန်တော့် မိတ်ဆွေရယ်၊ သူ့ဇနီးနဲ့ သူ့သားရယ် ပါလာပါတယ်။ အမှန်တကယ်တော့ အနီးစပ်ဆုံးဆေးရုံကို ကျွန်တော်တို့ ရှေးရှုသွားနေပေမယ့် ဘယ်လိုကုသမှုမျိုး၊ ဂရုစိုက်မှုမျိုးမှ စောင့်ကြိုမနေနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။

            ဒါပေမယ့် ရေနစ်သူအတွက် ကောက်ရိုးမျှင်တွေ တွေ့လိုတွေ့ငြားဆိုပြီး ကျွန်တော်တို့ ကြိုးစားနေတာသာဖြစ်တယ်။ ကားမောင်းနေရင်း မိတ်ဆွေလူနာရဲ့ ခက်ခဲတဲ့အသက်ရှူသံကို မိုးသံလေသံတွေကြားမှာ စိုးရိမ်စိတ်နဲ့အတူ ကျွန်တော်ကြားနေရပါတယ်။ နောက်ကြည့်မှန်ထဲကနေ စိတ်မသက်သာစွာ တစ်ချက်တစ်ချက် လှမ်းကြည့်ရင်း အပြင်းအထန်အကြောတွေ တွန့်လိမ်ပြီး လေချဉ်တက်သလို “ဂေ့” ဆိုတဲ့ အသံတစ်ချက်နဲ့ ကျွန်တော့်မိတ်ဆွေဟာ ငြိမ်သက်ပျော့ခွေသွားပါတယ်။

            လီဗာနင်းထားတဲ့ ကျွန်တော့်ခြေထောက်ကို ဖြေလျှော့ပြီး လမ်းဘေးထိုးရပ်လိုက်ပါတယ်။ ကျွန်တော်ဟာ လူမှုကူညီရေးလုပ်ငန်းတွေ ကြုံဆုံလာသမျှ လုပ်ကိုင်ပေးတတ်သူမို့ Dead body တွေနဲ့ မစိမ်းပေမယ့် ကျွန်တော့်ရှေ့မှာ လူတစ်ယောက် သေဆုံးသွားတာကိုတော့ မမြင်ခဲ့ဖူးတဲ့အတွက် အနည်းငယ် တုန်လှုပ်ထိခိုက်မိပါတယ်။

            ပြီးတော့ ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်၊ အကြံဉာဏ်အတွေ့အကြုံ၊ ဗဟုသုတတွေ အချင်းချင်း မျှဝေနေတတ်ကြသူမို့ သူ့စကားနဲ့သူ့ပုံရိပ်တွေဟာ ကျွန်တော့်ခေါင်းထဲ အရုပ်တွေ၊ အရိပ်တွေက ရောင်စုံပြေးလွှားနေပါတယ်။ ၂၀၂၁ ဩဂုတ်လရဲ့ မိုးထဲရေထဲမှာ ကျွန်တော့်မိတ်ဆွေဟာ ဘာကိုမှနှုတ်မဆက်နိုင်ဘဲ ထွက်ခွာသွားခဲ့ရပါပြီ။

            “အသက်မရှူနိုင်တော့ရင် သေတာပါပဲ” ဆိုတဲ့ ဖတ်ဖူးတဲ့ စာသားတစ်ခုကို သွားသတိရမိတယ်။ လူတစ်ယောက် သေဆုံးပြီးရင် အချိန်ကာလအပိုင်းအခြားအလိုက် လုပ်ဆောင်ရမှာတွေက အဆင်သင့်စောင်င့နေတယ်ဆိုတာ ကိုဗစ်ပထမလှိုင်းမှာ အဖေဆုံးပါးပြီး ရခဲ့တဲ့အတွေ့အကြုံအရ ကျွန်တော်က ကျွန်တော့်မိတ်ဆွေရဲ့သားကို ဖြောင့်ဖျရပါတယ်။

            လတ်တလောအခြေအနေအရ ဝမ်းနည်းကြေကွဲဖို့ အချိန်မရပါဘူး။ ကျွန်တော်တို့ဟာ မိတ်ဆွေကို သေဆုံးကြောင်းအတည်ပြုဖို့ အရပ်လေးမျက်နှာမှာ ဆရာဝန်တစ်ယောက်တစ်လေများ ရှိလေမလားလို့ လိုက်စုံစမ်းရပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဆရာဝန်သိန်းပေါင်းများစွာဟာ ဆရာဝန်ဖြစ်မှုအတွက် ဝရမ်းပြေးဖြစ်ခဲ့ရမယ်လို့ ယောင်လို့တောင် တွေးမိမှာမဟုတ်ပါဘူး။

            မြန်မာပြည်မှာတော့ ဆရာဝန်တချို့ဟာ ဆရာဝန်ဖြစ်မှုအတွက် ဝရမ်းပြေး ဖြစ်နေရပါတယ်။ ကျွန်တော်တို့ဟာ ပိတ်ထားတဲ့ဆေးခန်းတံခါး အများအပြားနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ စုံစမ်းရင်း၊ မေးရင်းမြန်းရင်းနဲ့ အောက်စီဂျင်တွေလှူတဲ့ ဓမ္မာရုံတစ်ခုမှာ ကွမ်းတွေတထွေးကြီး ဝါးနေတဲ့ လူငယ်တစ်ယောက်ကို တွေ့ရပါတယ်။ သူ့ကို ကျွန်တော်တို့ အခက်အခဲပြောပြတော့ သူက ဆရာဝန်တစ်ယောက်ဖြစ်‌‌ေကြာင်း ကျွန်တော်တို့ကို ကူညီနိုင်ကြောင်းပြောကာ သေဆုံးသူကို လိုက်လံစမ်းသပ်ပြီး သေဆုံးကြောင်းထောက်ခံစာ ရေးပေးသွားပါတယ်။

            ပြီးတော့ အရေးပေါ်ကုသမှုလိုအပ်နေတဲ့ လူနာတွေကို ကြည့်ဖို့  သူဟာ မိုးထဲရေထဲ ထွက်ခွာသွားပါတယ်။ ကျွန်တော်တို့ ဖုန်းဆိုးမြေအတွက် တစ်ခါတစ်ရံတော့ ကုမုဒြာတွေ ရှာတွေ့တတ်ပါတယ်။ ဇာတ်လမ်းက ဒီတင်မဆုံးပါ။ အအေးခန်းပို့ဖို့ သို့မဟုတ် သင်္ဂြိုဟ်ဖို့အတွက်၊ အများအကျိုးအတွက်ဆို မသက်ဆိုင်သလိုနေတတ်တဲ့ သက်ဆိုင်ရာတွေကို သင်္ချိုင်းလက်မှတ်ရဖို့ ဆက်သွယ်ရပါတယ်။

            ရှုပ်ထွေးပွေလီပြီး ခက်ခဲလှတဲ့ ကြိုးနီစနစ်တွေကို ဖြတ်သန်းပြီးနောက် ကျွန်တော့်မိတ်ဆွေကို ရန်ကုန်မြို့ရဲ့ ညနေ ၆ နာရီခွဲအချိန်မှာ မီးသင်္ဂြိုဟ်ခွင့် ရပါတယ်။ စီးပွားရေးအဆက်အသွယ်များသူ၊ အလှူအတန်းရက်ရောသူ၊ လူချစ်လူခင်များသူ၊ ဗဟုသုတနှင့်ဘဝအတွေ့အကြုံ ကြွယ်ဝ၍ လူအများကို ကူညီဖေးမတတ်သူ ကျွန်တော့်မိတ်ဆွေဟာ မိသားစုလေးယောက်၊ ကူညီဆောင်ရွက်ပေးသူနှစ်ယောက်၊ ပေါင်း ၆ ယောက် ရှေ့မှာပဲ မြန်မာ့ဓလေ့ထုံးစံအရ သရဏဂုံတောင် မတင်လိုက်ရဘဲ မီးခိုးငွေ့အဖြစ် ပြောင်းလဲပျောက်ပျယ်သွားပါတယ်။

            ဩဂုတ်မိုးတွေဟာ ရန်ကုန်မြို့ပေါ်ကို ဆယ်စုနှစ် ၂ ခုစာ အတွင်းမှာ အပြင်းထန်ဆုံးနှုန်းနဲ့ ရွာသွန်းနေဆဲပါ။ အထက်ပါဇာတ်လမ်းက ကိုဗစ်နိုင်တင်း တတိယလှိုင်းအတွင်း ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံကို ထာဝရခွဲသွားကြရတဲ့ ထောင်ပေါင်းများစွာသော လူတွေထဲက ဇာတ်လမ်းတစ်ခုပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ်အပါအဝင် အထွေထွေစီမံခန့်ခွဲမှုတွေ လုံးဝရှိမနေတော့ဘဲ ကျဆုံးနိုင်ငံဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် ကိုဗစ်ရောဂါတတိယလှိုင်းဟာ မိသားစုတိုင်းကို နာဂစ်မုန်တိုင်းဝင်တိုက်ခဲ့သလို ဖရိုဖရဲဖြစ်ကျန်ရစ်ခဲ့ကြပါတယ်။

ရပ်ကွက်တိုင်း၊ လမ်းတိုင်းမှာ နာရေးဆိုင်းဘုတ်တွေ ရှိခဲ့ရသလို တစ်အိမ်နဲ့တစ်အိမ်၊ တစ်မိသားစုနဲ့တစ်မိသားစုဟာ နာရေးဖိတ်စာအပြန်အလှန် ပေးနေကြရတာ ၂၀၂၁ ဩဂုတ်ရဲ့ ယဉ်ကျေးမှုပုံစံအသစ်တစ်ခုပဲလား။

ကျွန်တော်နဲ့ သူငယ်ချင်းတချို့ဟာ အောက်စီဂျင်အရေးပေါ်လိုအပ်သူတွေအတွက် တတ်အားသ၍ ကူညီရှာဖွေ ပို့ဆောင်ပေးနေရင်းနဲ့ ကျွန်တော်တို့ မကြားချင်ဆုံး စကားလုံးတွေက “ကျေးဇူးတင်ပါတယ်၊ ဆုံးသွားပါပြီ” ဆိုတာပါပဲ။ ကူညီလုပ်ဆောင်ပေးနေရင်းနဲ့ လူတွေကို နေဖို့ကူညီရတာလား၊ သေဖို့ကူညီနေရတာလား မသဲမကွဲဝေဝေဝါးဝါး ဖြစ်နေရပါတယ်။ ဩဂုတ်မိုးတွေက ရက်ရက်စက်စက်ရွာသွန်းဆဲပဲ ဖြစ်နေပါတယ်။

မလွန်ဆန်နိုင်တဲ့တရားထဲမှာ အနုပညာသမားမို့၊ ထင်ရှားကျော်ကြားသူမို့၊ ရာထူးအာဏာရှိလို့၊ ချမ်းသာကြွယ်ဝလို့ရယ်လို့ ခြွင်းချက်မထားခဲ့ပါဘူး။ ကျွန်တော်တို့ကို ပျော်ရွှင်ရယ်မောမှုတွေ လက်ဆောင်ပေးတတ်တဲ့ ဦးမေတ္တာနဲ့ ဦးစံမတူတို့ဟာ အနက်ရောင် ဩဂုတ်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ “ငါရှုံးပါစေ .... တရားက နိုင်ပါစေ” ဆိုတဲ့ တစ်ဘဝလုံး ကဗျာတစ်ခုတည်းကိုဖက်တွယ်၊ စူးစူးနစ်နစ် သန့်သန့်ရှင်းရှင်း ယုံကြည်ရပ်တည်ခဲ့တဲ့ ဆရာအောင်ချိမ့်ဟာ မိုးထဲရေထဲမှာပဲ ထွက်ခွာသွားခဲ့ပြန်ပါတယ်။

တစ်သက်တာအမျိုးသားစာပေဆုရ ဆရာကြီး ဦးအံ့မောင်၊ စာရေးဆရာမကြီး ဒေါ်ခင်စောတင့်နဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ ရှေ့ဆောင်လမ်းပြ စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့ ဆရာကြီး နာဂသိန်းလှိုင်တို့ဟာ ဩဂုတ်နေ့ရက်တွေထဲမှာပဲ သူတို့ရဲ့ ဘဝအချိန်တွေကို ရပ်တန့်ပစ်ခဲ့ပြန်ပါတယ်။

လူကြီးတွေဟာ ကပ်ရောဂါဘေးကြောင့် ဖုန်းဆိုးမြေကို စွန့်ခွာသွားရချိန်မှာ လူငယ်တွေဟာ စစ်အာဏာရှင်ဘေးကြောင့် လမ်းမတွေပေါ်မှာ အနာဂတ်တွေကျကွဲနေရပါတယ်။ ကဗျာဆရာ လှသန်း လွမ်းဖူးတဲ့ ကံဆိုးပေမယ့် လှနေတဲ့ လေပြင်းထန်ထန်ကမ်းခြေက ခြေတံရှည်အိမ်ကလေးတွေနဲ့နိုင်ငံဟာ ပြိုလဲကြေမွသွားခဲ့ရပါတယ်။

မရှိတော့တဲ့အနာဂတ်ထဲမှာတော့ ၄၄ လမ်းထဲက လူငယ်တွေဟာ ယောနသံဇင်ယော်လို မြင့်မြင့်မားမားကို လျင်လျင်မြန်မြန်ပျံသန်းသွားရင်း မိုးကုတ်စက်ဝိုင်းအစွန်းမှာတော့ “သစ္စာတရားဟာ ဘယ်တော့မှမဖောက်ပြန်ဘူး” ဆိုတဲ့စကားက ပဲ့တင်ထပ်နေပါတယ်။

သေခြင်းတရားနဲ့ ပခုံးချင်းတိုက် သွားလာဖန်များတဲ့အခါ ကျွန်တော်တို့ရဲ့ စိုးရိမ်ကြောက်လန့်မှုဟာ ထုံအသွားပါတော့တယ်။ မရေရာတဲ့မနက်ဖြန်ထဲမှာ ရှင်သန်ဖို့အဓိပ္ပါယ်ကို နည်းမျိုးစုံအသက်ဆက်ပေးနေရပါတယ်။ စိတ္တဇမိုးရေထဲမှာတော့ ဩဂုတ်တစ္ဆေဟာ လမ်းသလားနေတုန်းပါပဲ။

မိုးလှိုင်ည


Friday, August 6, 2021

"HOURS WITHOUT CURE"


Nonchalantly wore a watch
That stopping at 4,
The world keeps spinning forward,
But we are stopping and being trapped.

To wrap up and pack away the evening
At the headquarters
with an unapproachable face,
And, to fold up and stow in the perch
As one's empty shell,
A cough syrup and a medical cream
For an unhealthy friend's chest,
Then, the chests that are getting
Far and far away.

Between the hospitals that are closed
And the cemeteries that are opened,
The names of old acquaintances smouldered,
At the peak of the smoke of chimneys.
Iniquity is already a bit much!
In this inevitable destiny,
Frightened whose names
Would be attached tomorrow.

Hey Bro! Plain green tea please?
Is this no longer hot?
Or are we getting warm?
Medicine names don't leave my head.
Wrote down a prescription by myself,
Not that bad, then,
Still I'm alive on the morning next day.

Wore a watch that stopping at 4,
Read an SMS in my phone,
The addle future that standing aside
Doesn't have an antidote.


#MoeHlaingNya
#KLT

"ကုထုံးမဲ့နာရီများ"

လေးနာရီမှာရပ်နေတဲ့ နာရီကို 
ခပ်တည်တည်နဲ့ ပတ်ထားလိုက်တယ် 
ကမ္ဘာကြီးက ရှေ့သွားနေတယ် 
ငါတို့ကတော့ ရပ်တန့်ပိတ်မိနေဆဲ .... 

ဌာနချုပ်မှာရုပ်တည်နဲ့ 
ဒီညနေကို လိပ်သိမ်းဖို့ 
ဒီအခွံထည်ကြီးအတိုင်း အိပ်တန်းပြန် 
ခွေခေါက်သိမ်းဆည်းဖို့ 
လူနာသူငယ်ချင်းအတွက် ရင်လူးဆေး
ချောင်းဆိုးပျောက်ဆေး 
ဒီလိုနဲ့ ဝေး ဝေး သွားတဲ့ ရင်ဘတ်တွေ .... 

ပိတ်ထားတဲ့ ဆေးရုံတွေနဲ့ 
ဖွင့်ထားတဲ့ သုဿန်တွေကြား 
မီးခိုးမှိုင်းတွေ အဖျားမှာ 
သိဟောင်းကျွမ်းဟောင်းတွေရဲ့ နာမည်တွေ 
တငွေ့ငွေ့ပါသွားတယ်
မတရားမှုက တရားလွန်နေပြီ 
မနက်ဖြန်မှာ မလွန်ဆန်နိုင်တဲ့ တရားထဲ 
ဘယ်သူ့အမည်ပါသွားမလဲ တထိတ်ထိတ် .... 

ညီလေးရေ ... ရေနွေး 
ရေနွေးက အေးသွားတာလား 
ကိုယ်တွေက နွေးလာတာလား 
ဆေးတွေခေါင်းထဲက မထွက်ဘူး 
ကိုယ့်ဆေးစာကိုယ်ရေး 
ဘယ်ဆိုးလို့လဲ 
နောက်တစ်နေ့ မိုးလင်းတော့ 
ကိုယ် မသေသေးဘူး .... 

လေးနာရီမှာ ရပ်နေတဲ့ နာရီကိုပတ် 
ဖုန်းထဲက မက်ဆေ့တစ်စောင် ကောက်ဖတ်လိုက်တယ် 
ကိုယ့်ဘေးမှာတော့ 
ကြောင်တောင်တောင်ရပ်နေတဲ့ အနာဂတ်ဟာ 
ဖြေဆေးမရှိဘူး .... ။ 

#MoeHlaingNya 
#KLT


အစုန်အဆန် ရန်ကုန်



ဗမာ့သမိုင်း မတင်နိုင်ခင်ကတည်းက
ရွှေတိဂုံဘုရားကြီး မားမားရပ်ခဲ့တဲ့မြို့
ရှင်မွေးနွန်းနဲ့ မင်းနန္ဒာ 
ဒဏ္ဍာရီလာ ဥက္ကလာပတိုင်းနဲ့
ငမိုးရိပ်ချောင်းက ပတ်ကာဝိုင်းထားတဲ့မြို့။

ရာဇဓိရာဇ် ဧကရာဇ် မဖြစ်ခင်
တိမ်းရှောင်ခဲ့ဖူးတဲ့မြို့

ဦးအောင်ဇေယျက မိုးခိုရင်း ဘိသိက်ခံ
အင်္ဂလန်ကို သေနတ်လှမ်းမှာရင်း
ဟံသာ၀တီကို အကောက်ကြံဖို့စဉ်းစား
ဒဂုံကို ရန်ကုန်လို့သမုတ်ထားခဲ့တယ်။

ကိုလိုနီစရိုက်နဲ့ ၂၀ရာစုကမ္ဘာကြီးကို
အမှီလိုက်ခဲ့ရတဲ့မြို့
နေမ၀င်အင်ပါယာကို အနားသတ်ပေးခဲ့တဲ့
ဒုတိယကမ္ဘာစစ်ထဲ နှစ်ကြိမ်မြေလှန်
နှစ်ကြိမ်ဗုံးကြဲခံခဲ့ရတဲ့မြို့
အင်္ဂလိပ်အမည်တွေနဲ့ လမ်းတွေက
လွပ်လပ်ရေး သူရဲကောင်းတွေနဲ့ နာမည်ပြောင်းခဲ့ရတဲ့မြို့

လီကွမ်ယုက နတ်မောက်လို
 စက်မှုလက်မှုကျောင်းလိုချင်ခဲ့တယ်
ဘူမိဘောက မဂ်လာဒုံ လေယာဉ်ကွင်းမျိုးလိုချင်ခဲ့တယ်
ဟိုချီမင်းက ရန်ကုန်က ဒေါက်တာဘွဲ့ ဂုဏ်ယူစွာနဲ့လာယူခဲ့တယ်

သမိုင်းကြောင်း အဆက်ဆက်မှာ
လင်းတလှည့် မှောင်တလှည့် ရန်ကုန်
မိုးရေချိန်နဲ့ စိုးရိမ်သောက
ထပ်တူကျတတ်တဲ့မြို့
ရွေ့ပြောင်းတွေအတွက် မျော်လ့င်ချက်နဲ့
ကြွယ်၀မှုတွေခြွေချပေးတဲ့မြို့
ခရီးသွားတွေအတွက် တံတားတစ်စင်း ဖြစ်ခဲ့ဖူးသလို
အမှန်တရားအတွက်ဆို လှံသွားထက်ထက်တွေ
တစ်လက်လက်ထတဲ့မြို့
သူပုန်တွေမွေးခဲ့ဖူးသလို
အာဏာရှင်အဆက်ဆက် ဂုပ်သွေးစုပ်ခံရတဲ့မြို့

ရန်ကုန်ဟာ ရန်တွေစုံတိုင်း 
တစ်ကိုယ်တော် ခုခံရတဲ့မြို့
ပွဲတော်ရက်တွေမှာ ရွှေ့ပြောင်းနယ်သားတွေ
တောပြန်သွားပေမယ့်
ရန်ကုန်သူ ရန်ကုန်သားအတွက် 
ပြန်စရာတောလည်းမရှိခဲ့ဘူး 
သံသရာအမောလည်း မမှုခဲ့ဘူး
ရုတ်ရုတ်သဲသဲ ရန်ကုန်
ရှုပ်ရှုပ်ထွေးထွေးရန်ကုန်
ကြုံသမျှ ဒဏ်ရာတွေကို ဥုံဖွဆိုပြီး
အပြုံးမပျက်တဲ့ရန်ကုန်

ရန်ကုန်ဟာ ရန်တွေဘယ်လောက်စုံစုံ
ဘယ်တော့မှ အကြံမကုန်ဘူး
လောကဓံ ဘယ်လောက်ခါးခါး
ဘယ်တော့မှ ဖျားမသွားဘူး
ရန်ကုန်ဟာ နှစ်ကာလတွေကို စိန်ခေါ်ဦးမှာ
ရွှေရောင်နေ့တွေမှာ အောင်မြင်မှုတွေပွေ့ပြီး
လူတကာကိုကြိုဆိုနေဦးမှာ
ရန်ကုန်ဟာ ရန်တွေကုန်တဲ့အထိ ခရီးဆက်လာခဲ့ပြီ။

မိုးလှိုင်ည


ဩဂုတ်တစ္ဆေနှင့် စိတ္တဇမိုး

မိုးက အုံ့မှိုင်းသိပ်သည်းပြီး ပြင်းပြင်းထန်ထန် တရစပ်ရွာချနေတယ်။ ကားမှန် ဝိုက်ဘာကို အမြန်ဆုံးခလုတ် တင်ထားပြီး ရှေ့မီးကြီးထိုးကာ အိမ်စီးကားတ...