Showing posts with label အမှတ်တရကဗျာ. Show all posts
Showing posts with label အမှတ်တရကဗျာ. Show all posts

Friday, August 31, 2012

ကိုချောနွယ်

တောင်ပေါ်လမ်းကွေ့ကနေ
သရေခေတ္တရာ မနက်ခင်းထဲ
ခင်ဗျားကို ဖန်ဆင်းခဲ့တာ
ဘယ်အရာပါလည်း
ကဗျာကိုဖန်ဆင်းခဲ့တာ
ဘယ်အရာပါလည်း
ကျွန်တော်သိချင်လှပါရဲ့
ပရိုင်းမိတ်လူအံသွားတစ်ချောင်းရဲ့
ပဟေဠိကို သိနှင့်ရသလို
ကဗျာရဲ့ကျောရိုးမတစ်ချောင်းဟာ
ခင်ဗျားရဲ့ နာကျင်မှုဖြစ်ကြောင်း ကျွန်တော်တို့သိတယ်
ကဗျာရေးတဲ့ လက်ဖျံရိုးတစ်ချောင်းဟာ
လောကဓံကို ဘယ်လောက်ကြာကြာတောင့်ခံထားနိုင်မလဲ
ရာစုနှစ်အဆက်ဆက်တိုင်အောင်
ကျွန်တော်တို့ မှတ်မိနေတဲ့
ကဗျာရေးတဲ့ လက်ဖျံရိုးတွေရှိတယ်
အဲဒီအထဲမှာ ခင်ဗျားနာမည်ပါတယ်… ကိုချောနွယ်..။
ခင်ဗျားကိုယုံလို့
ကျွန်တော့်ကိုယ်ကျွန်တော်သေချာခဲ့တယ်
ဒီလမ်းမှာ
ကျွန်တော်တို့ လူချင်းမဆုံပေမယ့်လည်း
ဝိညာဉ်ချင်း အထုံကူးတယ်
ကိုချောနွယ်
ကျွန်တော်တို့ ယုံယုံကြည်ကြည်
ကိုက်လမ်းလေးအတိုင်းပြန်လာခဲ့တာပဲ
ကျွန်တော်တို့သစ္စာတရားဟာ
ကျွန်တော်တို့အသက်ကို နှုတ်ယူသည်အထိပေါ့
ဆတ်သွားကို
ရထားဖြတ်တုန်း
ခင်ဗျားက ကျွန်တော်တို့ကို
လက်ပြထားခဲ့တယ်….
မာယာကော့ဖ်စကီးနဲ့တင်မလုံလောက်လို့
ဘုရားသခင်က မောင်ချောနွယ်ကို ထပ်လွှတ်လိုက်တယ်လို့
ခင်ဗျားမိတ်ဆွေ ကဗျာဆရာတစ်ယောက်ပြောဖူးတယ်…
ဟုတ်တယ်
ကမ္ဘာကြီးက ကဗျာဆရာအလုံအလောက်မရရှိသေးဘူး
ကဗျာတွေအလုံအလောက် မရရှိသေးဘူး
ခင်ဗျားက ထွက်ခွာသွားနှင့်ပြီ
ဂျက်လေယာဉ်စီးကြောင်းလို
အလင်းဖန်မျှင်တွေတန်းလို့
တစ်လောကလုံးကို ထစ်ချူန်းမြည်လို့
ကိုချောနွယ်
တစ်ကြောင်းထဲ စာချွှန်လွှာရေးရရင်
ခင်ဗျားချစ်မက်ခဲတဲ့ကမ္ဘာကြီးက ခင်ဗျားကိုပြန်လည်လွမ်းဆွတ်လို့…
မြို့သစ်မိုးထဲမှာ ကျွန်တော်တို့တစ်တွေ စိုရွှဲနေတုန်းလေ…။
မိုးလှိုင်ည

Thursday, December 8, 2011

ဆောင်းရာသီစောတဲ့ မြို့လေးမှာ နေသာရဲ့လား ဒီဇင်ဘာ…။


ဒီဇင်ဘာ…

မင်းအိမ်ရှေ့လမ်းတွေမှာ နှင်းခဲတွေကြွေနေလား

နှင်းပွင့်တွေဝေနေလား…

ဒီဇင်ဘာ…

လက်ဖ၀ါးတွေအချင်းချင်း

နွေးနွေးထွေးထွေးနှုတ်ဆက်…

ဒီဇင်ဘာ….

တောင်ကုန်းမြင့်မြင့်

ထင်းရူးပင်လွင့်လွင့်…

မွေးမြေက တောင်ခိုးတွေလွင့်လွင့်ဝေေ၀

ဒီဇင်ဘာ…

ကမ္ဘာခြားတဲ့နှလုံးသားတွေကို

ကမ္ဘာပြားတဲ့မေတ္တာတရားဖြစ်အောင်ရေးခြစ်တတ်သူ

ဒီဇင်ဘာ

မေတ္တာတရားရဲ့ အလျားအနံ့ကို

လတ္တီတွစ်၊ လောင်ဂျီတွစ်.. မလွတ်စေတဲ့သူ…

ဒီဇင်ဘာ…

အသက်ရူလိုက်တိုင်း..

နှလုံးခုန်တိုင်း..

ကမ္ဘာကြီးတိမ်းစောင်းတိုင်း

အနူမြူစီမံကိန်းတစ်ခုလို… စိုးရိမ်နေမိတယ်…

ဆောင်းရာသီစောတဲ့မြို့မှာ

နေသာပါ့ရဲ့လား … ဒီဇင်ဘာ…။

မိုးလှိုင်ည


မနိုင်းနိုင်းစနေ မွေးနေ့ အမှတ်တရ..။

Monday, October 17, 2011

နှလုံးသားနဲ့လင်းတဲ့လူ

ရာဇ၀င်ထဲမှာ သူရဲကောင်းတွေအကြောင်း

ကြားဖူးတယ်..

သမိုင်းဖတ်စာတွေထဲမှာ

အာဇာနည်တွေအကြောင်းဖတ်ဖူးတယ်

စာစောင်တွေဂျာနယ်တွေထဲမှာ…

ပထမတန်းစား ကမ္ဘာခေါင်းဆောင်တွေကို

တခုတ်တရမှတ်သားဖူးတယ်…

မြန်မာပြည်မှာ မွေးခဲ့တော့

နဖူးတွေဒူးတွေ့…

လူသန်းခြောက်ဆယ် ဒီမိုကရေစီအတွက်

လူဘ၀မှာ ရနိုင်သမျှ ရသင့်သမျှ

သူ့အခွင့်အရေး အကုန်ပုံပေးခဲ့တဲ့လူ..

အားလုံးက ချစ်စနိုးခေါ်တယ် … ကိုပေါ်

ကမ္ဘာတစ်လွှားနဲ့ လူထုကြားမှာ

မင်းကိုနိုင်…

ကျွန်တော့်တကယ့်ဘ၀ထဲက အာဇာနည်

ကျွန်တော့် သမိုင်းဖတ်စာထဲက သူရဲကောင်း

ကျွန်တော် ဒိုင်ယာရီထဲက တကယ့်ခေါင်းဆောင်…

သူ့အမှောင်တိုက်ထဲက မွေးနေ့ဟာ

အားလုံးရဲ့ အနာဂါတ်တွေလင်းဖို့အတွက်…။


မိုးလှိုင်ည

Thursday, December 9, 2010

ဒီဇင်ဘာ…၈

ရင်ထဲမှာ နှင်းတွေအထပ်လိုက်

ရှမ်းပြည်တောင်ပိုင်းကနေ

နယူးဂျာဆီအထိ…

ဒီဇင်ဘာ ၈ ကိုမေ့မရဘူး



ဒီဇင်ဘာက အမေနဲ့ရွာကလေးကိုချစ်တယ်

မြန်မာပြည်ကိုချစ်တယ်…

(မီးလာလည်းပျော်၊ ရေလာလည်းပျော်၊

အင်တာနက်ကော်နက်ရှင်ကောင်းလည်းပျော်

ဘလော့ကိုတိုက်ရိုက်ဝင်လို့ရလည်းပျော်…

ပျော်စရာကြီးပါပဲလို့)

သူဘ၀အပိုင်းအစထဲမှာ ဒီဇင်ဘာ ၈ ကထည့်ရေးတယ်



တောင်ပေါ်နှင်းငွေ့ငွေ့ကနေ့

သူ့စကားပြေကို ကျွန်တော်လှမ်းတွေ့ရတယ်

ကျွန်တော်တို့က စာအုပ်စာပေလူ့မိတ်ဆွေလို့

စကားပုံအတိုင်း သုံးနှုန်းခဲ့စဉ်မှာ…

သူက စာအုပ်တွေဟာ သူငယ်ချင်းတွေမရှိချိန်မှာ

သူငယ်ချင်းအစစ်တွေပေါ့တဲ့…

သူ့အရေးအသားလေးကို သဘောကျမိတယ်…

တစ်ခါတစ်လေ

ကလေးတစ်ယောက်လို…

တစ်ခါတစ်လေ ဇွတ်တရွတ်နဲ့

(စကား အများကြီး ပြောစရာမလိုပါဘူး....

နားထောင်သူကို တစ်ခါလောက်

သူ့ထင်မြင်ချက်လေး ပေးပြောဖို့ပဲ လိုတယ်။


နာမည် အရမ်းကြီးစရာ မလိုပါဘူး....

ကိုယ့်အတွက် ကျေနပ်နှစ်သိမ့်တဲ့

လွတ်လပ်မှု တစ်ခု ချန်ထားဖို့ပဲ လိုတယ်။)



ဒီဇင်ဘာ ၈ က အဲဒီလို တွေးခဲ့သေးတယ်

သူ့ကိုတွေ့ရင် လေထဲက သက်တံ့လို

အခု ဒီဇင်ဘာ ၈မှာတော့

မေတ္တာတရားတို့ပေါင်းစုရာ.. ထွက်လာတယ်

သူမ ပေးခဲ့တဲ့ လူဘ၀အတွက်လက်ဆောင်…

မှောင်နေတဲ့ နှလုံးသားတချို့အတွက်

သူမက မေတ္တာဆီမီးတွေထွန်းညှိုသူ…

ဒီဇင်ဘာ ၈ က ဘယ်တော့မှအိုမသွားဘူး..

အခုသူမ တစ်နှစ်ထပ်ကြီးမြင့် ရင့်ကျက်လာခဲ့ပြန်ပြီ….





တောင်ပေါ်နှင်းငွေ့ငွေ့ကနေ

သူမစာသားတွေကို လွမ်းမိပါတယ်

ဒီဇင်ဘာ ၈ ရေ…။





မိုးလှိုင်ည

Saturday, August 7, 2010

မနက်ဖြန်

မနက်ဖြန်…

မနက်ဖြန် ကျွန်တော် အသက် ၂၈နှစ်ပြည့်မယ်…

ဘာလိုလိုရယ်ပါ.. ဘယ်လိုကုန်သွားမှန်းမသိတဲ့အချိန်တွေပေါ့

အမေကတော့ စိတ်ပျက်နေပြီ…

အဖေကတော့ မျှော်လင့်ချက်မရှိတော့မယ်.. သိပ်ဘာမှမပြောတော့ဘူး

ဒီအသက်အရွယ်ဆိုတာ… အဲဒီစကားတွေလည်း

အမေ့ဆီမှာ အဆုံးအစမရှိနဲ့…

ကျွန်တော်ကတော့ ထုံးစံအတိုင်းပဲ…

အရင်အတိုင်းပဲ ဘာမှသိပ်အပြောင်းအလဲမရှိသေးဘူး

တခါတလေ ကဗျာရေးတယ်..

ဗိုက်ဆာတဲ့အခါ ကွန်ပြူတာပြင်စားတယ်..

တစ်ခါတစ်လေကျပ်တည်းရင် အဖေ့ဆီလက်ဖြန့်တောင်းတတ်တုန်း…

ဘာလိုလိုနဲ့ သူတို့တွေလည်း ၂၂ နှစ်…

ကိုစစ် ဟိုတစ်လောက နေမကောင်းဘူး.. သူက ကွန်ပြူတာရှေ့ပဲ

ထိုင်နေရတော့.. မိုးလှိုင်ညရေ မင်းကဗျာအီးဘုတ်ခ်လေး ပေးပါ..

ဖတ်ချင်လို့ဆိုတော့ ကျွန်တော့်မှာကဗျာအီးဘုတ်ခ်မရှိဘူး..

အဲဒါနဲ့ မွေးနေ့မှာ သူငယ်ချင်းတွေနဲ့ ကဗျာ လက်ရွေးစင်လေး

ရှယ်ယာလုပ်ဖတ်ရင်ကောင်းမှာပဲဆိုတဲ့ စိတ်ကူးနဲ့

ကိုသိုးထိန်းကို ဂျီကျရင်း အီးဘုတ်ခ်တစ်ခု အမြန်လုပ်လိုက်တယ်

ဘာရယ်တော့မဟုတ်ပါဘူး.. ၂၈နှစ်တာ လူညံ့တစ်ယောက်ရဲ့ရာဇ၀င်လို့

ကိုယ်စိတ်ကူးနဲ့ကိုယ်နာမည်ပေးလိုက်သေးတယ်…

မွေးနေ့ကိုအစောကြီးကတည်းက လက်ဆောင်ပေးတဲ့သူငယ်ချင်းတွေရှိတယ်

သူတို့ကိုလည်း အမှတ်တရကျေးဇူးတင်တယ်…

မနက်ဖြန်တွေ.. များများလာတယ် အမှတ်ရစရာတွေများများလာတယ်

ကျွန်တော်အားလုံးရဲ့ ရာဇ၀င်ထဲမှာပဲ.. အဲဒီ့နေရက်တွေကလည်း

ထားခဲ့လို့မရဘူး.. ရင်ထဲနက်နက်စူးစူး..မနက်ဖြန်ပေါ့.. ဒီနေရာမှာ

ဒေါင်းလုပ်ဆွဲပြီး… ကဗျာတွေ အေးဆေးဖတ်နော် သူငယ်ချင်း..

ကျွန်တော်နဲ့နီးကပ်ရင်တော့ ကော်ဖီတိုက်ချင်ပါသေးတယ်…။

သူငယ်ချင်းအားလုံးကိုကျေးဇူးတင်တယ်…

နောင်နှစ်ပေါင်းများစွာ ကဗျာတွေရေးဖြစ်နေမယ်..

ကျွန်တော်ညံ့ရင်လည်း ခွင့်လွှတ်ပေါ့ဗျာ… ကျွန်တော်ကတော့ ကိုယ်ရောဂါနဲ့ကိုယ်မို့ပါ..။

မိုးလှိုင်ည

Thursday, August 5, 2010

သစ္စာတရားအတွက် မီးအိမ်တစ်လုံးနှင့်

၁။
အရှင်...
သင်၏ခေါ်ရာ
ထပ်ချပ်...ငါ...လိုက်ပါမည်။
ကြယ်တစ်ပွင့်ကိုဆွဲယူ
ငါ့ကို...ထူပါ။

ဟိုးမှာ...
သေအံ့မူးမူးလူက
မြေပြင်ပေါ်ကသူ့အရိပ်ကို
ကပျာကယာ အိတ်ထဲယူကောက်
လက်သည်းတွေတောင် ခွေခေါက်နေပြီ။

ဒီမှာ...
ဦးခေါင်းခွံထက်
ဆံဖြူတွေဝပ်တွားတက်နေတဲ့အဘိုးအို
တောင်ဝှေးကျိုးကိုရီဝေကြည့်ငေး
သူ...ဘာတွေ တွေးပြီနည်း။

စမ်းရေကိုငုံ့သောက်မှ
ကိုယ်မျက်နှာကိုယ်ပြန်မြင်ရသောလူများ
အခြားဘာကိုတွေ့စွမ်းမလဲကွယ်။

အတ္တဆိုင်းဘုတ်ကို
လည်မျိုမှာသံငုတ်နဲ့ရိုက်
လမ်းမှာလိုက်သောခရီးသည်များ
သံသရာရထားကိုစောင့်နေသည်။

ဝါးတစ်ပင်ရိပ်မှာ
ခြင်္သေ့တို့ပင်အိပ်ဝံ့ပါသလား။
ဝါးတစ်ပင်ရိပ်၌
သူတော်စင်တို့ ပျှော်ပိုက်ခဲ့ကြပြီ။

အမှောင်ကနက်၏
ကြယ်ကလက်မည်
ဤခရီးဝေးသလား
ငါ...ရောက်အောင်သွားပါမည်လေ...။

၂။
နွေ...နွေ မိုး မိုး
တွင်းထဲမှာ နှင်းခဲတွေပုပ်သိုးနေရော့သလား။

ဆောင်းကိုပန်ပြီး
မြောက်ပြန်လေရောက်လာမှ
ပြာဝေမှိုင်းအုပ်
ဟော ... နှင်းတွေတစ်ဆုပ်ပြီးတစ်ဆုပ်။

သဲကန္တာရက
သဲတွေနဲ့ဖွဲ့စည်းပြသလို
မာယာလောက
မာယာတွေနဲ့ မှုံရီအုံချနေတယ်။

ကျောက်ဆစ်ရုပ်က
ခေါင်းညိတ်ပြရုံမဟုတ်
လက်ခုပ်တီးပြီး လက်အုပ်ချီပြတာ
ငါ တွေ့ခဲ့ဖူးပြီ။

သွေးစက်တွေနောက်မှာ
လက်သည်းနီစက်ရဲရဲတောက်ပြတာ
ငါ တွေ့ဖူးပြီ။

ကျွဲချိုမှုတ်ပြီး
ကျွဲအုပ်ကိုဖျော်ဖြေတာ
ပျှော်စရာမှမဟုတ်ပဲကွယ်။

၁၂ကြိုးကသော
လောက၏ကဝေလက်ချောင်းများ
ငါ့အား...ဆွဲခေါ်
ငါ... မမွေ့ပျှော်တော့ပါပြီ အရှင်။

၃။
ငါသည်...တစ်ခါက ဖယောင်းတိုင်ကဲ့သို့ဖြစ်၏
ထို့ကြောင့်
မီးတောက်ကိုချစ်လေသည်။

မိုး၏အမြင့်ကိုမသိ...ဟု
ကိုယ့်ကိုယ်ကို အထင်ရှိ၏။
အမှန်ကား...
မြေ၏အနက်မှာပင်ေ၀၀ါးဆဲ။

စီးမျောရာတွင်
ဗေဒါကို ကုပ်ဖက်
အနက်ရောင် လှိုင်းခေါင်းများကြားမှာ
ဒေါသအမျက်ချောင်းချောင်းပွားလျက်။

ထိုသော... မနေ့ကငါသည်
ဝါကျင်ဟောင်းနွမ်း နေလုံးကိုထမ်း၍
တောင်စွယ်တန်းမှာ ၀င်ရောက်ပျောက်ကွယ်ခဲ့ပြီ။

ဤယနေ့ ... ငါ ... သည်
မီးခိုးကဲ့သို့ မိုးပေါ်ထိုးတက်
နှုတ်ဆက်ထွက်ခွါ
အားလုံးကို လွှတ်ချခဲ့ချင်ပါပြီ။

ငါသည် ငါ၏ဘုရင်ဖြစ်၍
ငါသည် ငါ၏ပြည်သူဖြစ်၏။
ငါ့ကိုငါက အုပ်ချုပ်၍
ငါ့အလုပ်ကိုငါလုပ်ရပေတော့မည်။

၎။
ဥပုသ်သည် သီလကျိုးတော့
ဘုရားရှိခိုးရင်း ရှက်လေသည်။

ငါတို့သည်...လူသားများဖြစ်၏
လက်ဖ၀ါးမှာ
အမှားလက္ခဏာပါလေသည်။

ဟိုချိုး ... သည်ကွေ့
ချွတ်ယွင်းသော မောင်းတံဖြင့်ရွှေ့လျား
လမ်းလျှောက်နေသော သင်္ချိုင်းမှတ်တိုင်များဖြစ်၏။

အပ်ချည်နှင့်ပြန်ချုပ်ထားသော
စက်ရုပ်၏အစိတ်အပိုင်းများပမာ
တစ်ခါတစ်ခါ
မှီတွယ်ရာလည်း မဲ့တတ်သည်။

အို ... ``လူသားအားလုံးချမ်းမြေ့ပါစေသား´´
အားလုံးထဲမှာ
ငါသည်လည်း ပါဝင်ချမ်းမြေ့ပါစေသား။

သူတစ်ပါးကိုလည်းခွင့်လွှတ်
ကိုယ့်ကိုယ်ကိုလည်းခွင့်လွှတ်
အနာရွတ်မှန်သမျှ
ဆွဲချွတ်ဖယ်ရှားကြပါ။

နင်းလာသောခြေထောက်ကို
မြေမှုန့်သဲကျောက်တို့က
ခွင့်လွှတ်ကြသလိုမျိုး
ရိုးသားပြည့်ဝ
တစ်ယောက်ကိုတစ်ယောက် ခွင့်လွှတ်ကြပါ။

၅။
ထမင်းဝိုင်းမှာ
လျှာနှင့်ခပ်၍စားကြသူများ
သွားကြားထိုးတံစူးကြလေသည်။

စပါးစေ့(၁၀၀)နှင့်
သင်လုံလောက်ပါက
စပါးစေ့(၁၀၁)
နောက်လူအတွက် ဖြစ်ပါစေကွယ်။

ဆင်ဖြူတော်မှီပြီးတော့လည်း
ကြံမစုပ်ကြပါနှင့်၊
ကြံကျွေးပြီးတော့လည်း
ဆင်ကိုနှာမောင်းမဖြုတ်ကြပါနှင့်။

ညောင်ရွက်တွေနဲ့မိုးတဲ့
ရေအိုးစင်လေးပမာ
သာယာမြေ့ချမ်း
နေပူလမ်းမှာ တွဲခေါ်ကြပါ။

အမှန်စင်စစ်
ခေါင်းငုံ့ပေးလိုက်ခြင်းဟာ
ခေါင်းမော့ထားရခြင်းလောက်
ညောင်းညာလိမ့်မည်မဟုတ်ပါ။

ဝင်သက်နှင့်ယူခဲ့သမျှ
ထွက်သက်နှင့် ပြန်ပေးရမည်။
ဒါ ... ကမ္ဘာအစရဲ့
ပထမသီအိုရီပဲဖြစ်သည်။

ငါကတော့(ရမည်ဆိုပါလျှင်)
သေလွန်ပြီးခါမှ
အင်အားတစ်စပြန်ယူသုံး
ငါ့အခေါင်းကို ငါပဲဖုံးသွားချင်တော့၏။

၆။
ငြိမ်းချမ်းရေးအတွက်တော့
လင်းပွင့်မြင့်မြတ်ရဦးမည်။
ထို့အတွက်
ကိုယ့်ကိုယ်ကို တံမြက်စည်းလှဲပြီး
တဖွားဖွား ခြွေချပစ်ရမည်။

လက်သီးဆုပ်ခြင်း ... ဆိုတာ
တုန်ခါဖြူဖျော့ ထော့လန်ကွေးလုပ်
လက်ချောင်းတွေအချင်းချင်း ပြန်ဖမ်းချုပ်ကြခြင်းဖြစ်၏။

ကိုယ့်ကိုယ်ကို ဒိုင်းနဲ့ကာထားပြီးမှ
သူတစ်ပါးကို ဓါးဖြင့်ရွယ်ရဲလျှင်
သူရဲကောင်းဟု မခေါ်ချင်

တစ်ခါက
ဤလက်တို့အလံလုခဲ့ကြ၏။
ထို ... ဆုတံဆိပ်
ယခု ဘယ်ဆီချိတ်မည်နည်း။

ငါ့ရိပ်မြုံကို
ရုပ်ပုံစာတမ်း
ဘာမှမကပ်တမ်း
လမ်းဘေးမှာ မြက်ဖြင့်ဆောက်မည်။

မာနကိုဖြေလျော့
ရေစင်အေးဖြင့် ငါ ကန်တော့ပါအံ့။
ခြေဖ၀ါးမှ ဦးကင်း
မေတ္တာဖြူဖြင့် လင်းလိုလှပါတော့သည် ငါ့အရှင် ...။

၇။
(လောကကြီးသည် အံ့ဖွယ်အတိပြီး၏။
နဂိုမူလ တိမ်သည်ဟုထင်ရသော တွင်းများပင်လျှင်
ဆင်းကြည့်ခါမှ နက်ရှလှိုက်စား
ပို၍ ... နိမ့်ဝင်သွားတတ်၏။)

ကြက်ခြေခတ် ... ၏
ဆုံရပ်မှာနေ ရီဝေထွေပြားသောညများ
မိုးခါးရနံ့ သင်းပျံ့နေတတ်၏။

ငါ့ရှေ့မှလူများ
ငါ့ကိုပိတ်၍ကာထား၏
ငါ့နောက်မှလူများ
ငါ့ကိုတွန်း၍ကျော်သွား၏။

ထို့နောက် ...
ချောက်ကမ္ဘားရောက်မှ
ကြောက်အားဖြင့်လှည့်ပြန်
ငါနှင့်တဖန် ...
လူချင်းလဲကြပြန်၏။

အောင်မြင်ကြပါစေကွယ်
နေရောင်လရောင်ဖြန့်ခင်း
အလင်းတဝေေ၀နဲ့
နေ့တွေညတွေ
ငြိမ်းချမ်းသည်ထက်ငြိမ်းချမ်းပါစေ။

သူဖုန်းစားလည်း
မြေသားပန်းကန်မှာ
ကောက်နှံပင်တို့ဝေဖြိုး
အသရေတိုးသည်ထက်တိုးပါစေ။

သူကြွယ်ကြီးလည်း
ငရဲပြည်ကဓါးကို
ရှောင်ရှားပိုင်းချင့်
နှိမ့်ချအပ်သောဦးခေါင်းဖြင့်
မြင့်သည်ထက်မြင့်ပါစေ။

၈။
ငိုကြွေးဖို့အတွက်
အသက်ဝင်လာသောလူများ
သစ္စာတရားကို
ဟားတိုက်ရယ်မောနေကြသည်။

ရှင်သေမင်းက
အစွယ်တ၀င်းဝင်းနှင့်စောင့်စား
သက်တမ်းကျွံသည်နှင့်
တမလွန်မှာ
အခွံခွါ၍စားလိမ့်မည်။

ဟိုစဉ်ခါက
ငါသည်လည်းစိုးကြောက်
ကျောက်တောင်ကို ပန်းနှင့်ပြန်ပေါက်ရင်း
ခြေမြှောက်လက်မြှေက်
ခြောက်ခြားဖူးသည်။

တုန်ကောက်မရှိသူ ... နှင့်
ချိုင်းထောက်မရှိသူ ...
လမ်းလျှောက်ရန်မှာပင်
ဒုက္ခချင်းမတူကြ။

တဂျောက်ဂျောက်နှင့်
ရွှံ့ရုပ်သားကောင်
မုဆိုးလိုပြန်လှောင်သည့်
မှော်ရုံထောင်ချောက်
မျက်လှည့်ဆရာတွေ ကြွေအံခေါက်နေသည်။

မျက်စိကိုမှိတ်ပြီး
ကိုယ်ထဲကို တိတ်တိတ်ကလေးပြန်ကြည့်သောအခါ
ညှို့ပြာယှက်သန်း
တစ်လောကလုံး အနက်ရောင်လွှမ်းတော့၏။

ထိုသို့ဖြင့်
နှင်းရည်စိုသော
မှိုပွင့်ကလေး၏ပင်ခြေရင်းမှာ
မာနကိုအိပ်မွေ့ချ
ထာဝရ ငါ ... ထားခဲ့ချင်ပါပြီလေ။

၉။
လောကဓံတရားက
နဂါးရှစ်ကောင်ပမာ
မြေကိုထိုးခွဲ လေကိုဆွဲဖြဲ
လူတွေထဲမှာ
ပျံသန်းသွားလာနေသည်။

ယဉ်ကျေးမှုအရ
တစ်နေရာတွင်ဖိနပ်စီးရသော ငါတို့သည်
ယဉ်ကျေးမှုအရပင်
တစ်နေရာတွင်ဖိနပ်ချွတ်ရဦးတော့မည်။

ဘုရားပြောတာကိုမှ
ငါ... မယုံရဘူးဆိုလျှင်
မာရ်နတ်ပြောတာကို
ငါ... ယုံရတော့မည်လော။

အစိုးမရသော
လောက၏နာရီစက်သံကို
လက်တံတို့က မောင်းနှင်ဖန်တီး
နီး ...နီး ...နီး၍လာခဲ့ပြီ။

မီးကိုကျော်ဖြတ်
ရေကိုကျော်ဖြတ်
သံချပ်ကာဝတ်ရုံ
ခြုံလို့မလုံပါဘူးကွယ်။

တရားရိပ်မှာ
စိတ်ကိုထုတ်ပြီးဖုန်ခါ
ပြီးတော့ ...
ကိုယ်ထဲမှာ ပြန်လည်သော့ပိတ်
သုညကလေးလို
ငြိမ်သက်တိတ်ဆိတ်နေရမည်။

စေတီအိုဟောင်းမှ
ခေါင်းလောင်းသံ တိုးဖွတိုးညှင်း
အို ... အရှင် ...
မြေမှထသော ငါ့ကိုမြင်ပါ။

၁၀။
အချို့သောလူများ
လယ်ထွန်သွားရင်း
နွားပေါ်အိပ်နေကြပါသလား။
အချို့သောလူများ
လယ်ထွန်သွားရင်း
စပါးဖြစ်အောင် စိုက်ကြပါသလား။

လူသားတစ်ယောက်အနေနှင့်
မိုးကောင်းကင်အောက်မှာ
ခိုင်မာကျစ်လျစ်
တာဝန်ကျေသော ပေတစ်ဆစ်မျှတော့
ဖြစ်သင့်သည်။

အရပ်ရပ်မှလာသော လေတို့၌
မြေစိုက်ကျောက်တိုင်တို့
မတုန်လှုပ်ကြသကဲ့သို့
ငါတို့ နေသွားရမည်။

အရှင်ယူဆောင်သည့်
ကြယ်တစ်ထောင်မြင့်ခေါင် ၀င်းပသည့်ညကား
လွှလွှဖွေးဆွတ်
လှံသွားတို့ကိုပင် ခွေညွတ်စေတော့၏။

ဓမ္မတေးကို
သွေးအစက်စက်တိုင်အောင်ဖြန်းဆွတ်
နှုတ်ဆက်တော်ရွတ်ဆိုသံများ
တိုးကာ ကျယ်ကာ ငါ ... ကြားနေရ၏။

လေပြေညင်းတွင်
ရွှေအဆင်းဖြင့် သွားနှင့်ကြသူများ
ဥပေက္ခာကို
ဘာမှမပြောဘဲ ထားသွား၏။

ထိုသူတို့နောက်
ငါ တကောက်ကောက်လိုက်ပါတော့အံ့။
ထိုသူတို့နောက်
ငါ တောက်လျှောက်လိုက်ပါတော့အံ့။
ကြယ်ရောင်ကွေ့ကောက်
ထိုသော ကောင်းကင်မျဉ်းကြောင်းများအောက်မှပင်
ငါ့အား
လမ်းပြစေစားတော်မူပါလော့ ... မြတ်သော ငါ့ ...အရှင်။ ။
(ဗုဒ္ဓ ... သို့)


တာရာမင်းဝေ

မူရင်းလင့်ခ်

Saturday, April 3, 2010

သို့ဧပရယ်လ်

ဘ၀မှာ ကြုံခဲ့တဲ့ နှစ်တွေများများ
ဧပရယ်လ် ကိုရောက်ရင် ခံစားချက်တွေလှိုက်ဖိုသွားတယ်
ဧပရယ်လ်ဟာ နှလုံးသားကို အမြဲဖမ်းစားခဲ့


နှစ်သစ်ကူးမယ်...
မျော်လင့်ချက်စိတ်ကူးအသစ်နဲ့
ဧပရယ်လ်ရောက်တိုင်း ဘ၀ကိုအသစ်ပြန်ပြန်စချင်
မမြင်ရတဲ့ခွန်အားတွေနဲ့
ဧပရယ်လ်ဟာ ငါတို့အိပ်မက်တွေနုပျိုစေခဲ့


ငယ်ငယ်က ဧပရယ်လ်ကိုအမြဲလွမ်းတယ်
အသက်ကြီးလာတော့လည်း ဧပရယ်လ်ကို
ဘယ်တော့မှမမေ့ခဲ့ဘူး...
ဧပရယ်လ်ဟာ အမြဲတမ်းအမှတ်တရတွေနဲ့
ဧပရယ်လ်ဟာ.. ကမ္ဘာမြေရဲ့နေ့
ဧပရယ်လ်ဟာ... ကမ္ဘာကျန်းမာရေးနေ့


အဲဒီဧပရယ်လ်ထဲမှာပဲ..
ကမ္ဘာမြေရဲ့ ဥာဏ်ပညာအကြီးမားဆုံး
သိဒ္ဓတ္ထ မင်းသားကို
လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်က
ဖွားမြင်ခဲ့ဖူးတယ်...


ဧပရယ်လ်မှာပဲ ကမ္ဘောဒီးယား ထိုင်း
လာအို မြန်မာ အဲဒီလူမျိုးတွေ နှစ်သစ်ကူးတယ်


သူများပုံစံခွက်တွေထဲနေရတာ အဆင်မပြေပါဘူးလို့
ဟစ်ကြွေးနေတတ်ပြီး ကိုယ့်ပုံစံခွက်ထဲမှာကိုယ် မွန်းကြပ်နေတဲ့သူ။
(ရည်မွန်)
ဧပရယ်လ် ဘွန်းတွေဟာ
အဲဒီလိုလည်း နေထိုင်တွေးခေါ်တတ်ခဲ့တယ်..
မျှတတဲ့စိတ်ထားနဲ့ သိမ်မွေ့မှုပေါင်းစပ်ထားတဲ့
ဧပရယ်လ်


ယဉ်ကျေးတဲ့အပြုအမူနဲ့ ပျော်ရွှင်တတ်သူ ဧပရယ်လ်
အခု ဒီစာကြောင်းတွေကို
နယူးယောက်မြို့က မမီးငယ်
မလေးရှားမှ မချိုသက်
ရန်ကုန်မြို့ဝါးတန်းလမ်းက ကိုဇော်မျိုး
လှည်းတန်းမှ ရည်မွန်
သုဝဏမှ ကိုသူရကျော်
အလုံမှ အရုပ်ကလေး
ဖေ့ဘုတ်ခ်က ညီမလေး Tim Tam
ရန်ကုန်မြို့ပေါ်က သတင်းထောက်မလေး အိမ့်ခိုင်ဦး
တို့ကိုမွေးနေ့လက်ဆောင်ပေးခဲ့ချင်တယ်..
ပြီးတော့နှစ်စဉ်နှစ်တိုင်း
ပျော်ရွှင်မှုတွေနဲ့အတူ ငါတို့ ရင်ထဲကို အလည်လာပါ ဧပရယ်လ်


မိုးလှိုင်ည

Thursday, January 7, 2010

ဇန်န၀ါရီ ၃ရက် ပုန်ကန်ထကြွမှု


သူ့ကိုသူအမေမွေးတော့

ကဗျာဆရာဖြစ်လာမယ်မှန်းဘယ်သူမှမသိဘူး

အဲဒီအချိန်တုန်းက တားရော့စ်ကဒ်ထက်

ဖဲသုံးချပ်ကိုပဲ ပိုစိတ်ဝင်စားခဲ့တဲ့ ချာတိတ်

အခုတိတ်တိတ်ဆိတ်ဆိတ်နေတတ်တဲ့

ရေခဲဖုတ်ကောင်…

အမေရိကားမှာနေပြီး

မြန်မာကဗျာရေးသားသူ…

သူ့ကိုတော်လှန်ရေးသမား

ဒါမှမဟုတ်သူပုန်…

ဘယ်လိုပြောပြော…

သူကဗျာဆရာဖြစ်တယ်ဆိုတဲ့အချက်ကိုပဲယုံတယ်

နီရူဒါနဲ့..

ချေကွေဗားရား

အခုမင်းကိုနိုင်နဲ့

မင်ဒဲလားအထိ

ကဗျာဆရာစစ်စစ်မဖြစ်ပဲနဲ့

ဘယ်တော်လှန်ရေးမှမအောင်မြင်ခဲ့ဖူး

ငါတို့သေတမ်းစာကို

ငါတို့လက်နဲ့ရေးတယ်…

ငါတို့ ရှင်သန်အောင်ပေးခဲ့မယ်ဘ၀တွေအတွက်

တော်လှန်ရေးကဗျာဆရာတစ်ယောက်

ဇန်န၀ါရီ သုံးရက်မှာ မွေးခဲ့ဖူးတယ်….

သစ်ကောင်းအိမ်…

ခင်ဗျားပုံကိုချိတ်ဖို့ ကျွန်တော်တို့နံရံတွေက ငံ့လင့်နေတယ်….




မိုးလှိုင်ည

Saturday, November 7, 2009

ဒီမနက် နာရေးသတင်း

ယောက်ဖ
မင်းဆုံးပြီဆိုတဲ့ တယ်လီဖုန်းက
ငါ့ကို တုန်လှုပ်သွားတယ်…
ငါအိမ်ကိုခပ်မြန်မြန်ပြန်မရောက်နိုင်ဘူး…

အိမ်ပြန်ရောက်တော့ မင်းချစ်တဲ့မိစွာတေးက
မျက်ရည်လည်ရွှဲနဲ့
မင်းသမီးလေး မေဂျင်က တောက်တီးတောက်တဲ့
လျှောက်သွားနေတယ်..
ငါ့မိဘတွေလည်း မျက်နှာမကောင်းဘူး
မင်းမိဘတွေလည်း ကြေကွဲနေမှာ…

မင်းဘာလို့ ခပ်လွယ်လွယ်သေပစ်တာလည်းကွာ
ငါတို့က မင်းသမီးလေးမွေးနေ့အတွက်မင်းပြန်လာမယ်
အောက်မေ့နေတာ…

တစ်ခါတစ်ခါ မင်းငါ့ကိုပြောတတ်တယ်
ဘုရားကျောင်းသွားပြီး ငယ်ငယ်ကလိုဂစ်တာတီးချင်တယ်လို့
ပြီတော့ မင်းငါ့ဆီအင်တာနက် လာသင်ဦးမယ်ဆို
မင်း ငါ့အင်တာနက်ဆိုင်ကနေ မင်းညီမ ဆီဖုန်းမဆက်တော့ဘူးလား

ဒါပေမယ့် မင်းဘ၀ထဲမှာ ပြာယာခတ်နေတာပဲကွာ
သားကျွေးမှု မယားကျွေးမှု မိဘကျေးဇူးတွေကြားမှာ
မင်း အလုပ်ဇောတွေနဲ့…
ဘုရားကျောင်းမှာ မင်းဂစ်တာ သွားပြန်မတီးဖြစ်ဘူး
မင်းငါ့ဆီမှာ အင်တာနက် လာမသင်ဖြစ်ဘူး…
နောက်ပြီး မင်းသမီးလေးမွေးနေ့ကိုလည်း မင်းမရောက်နိုင်ခဲ့ဘူး

မင်းချစ်တဲ့လူတွေကိုထားပြီး
အခုနိုဝင်ဘာမှာ ဘုရားသခင်ဆီ
ကောက်ကာငင်ကာထွက်ခွာသွားပြီလား…
ကိုစောဘရိုက်တာ
အသက် (၄၂)…
ကောင်းကင်ဘုံမှာမင်းဝိဥာဉ်ငြိမ်းချမ်းအေးမြပါစေ…အာမင်…။

အပ္ပမ္မာဒေန သမ္မာဒေထ
ယောက်ဖရေ အမျှ အမျှ အမျှ
ရောက်ရာဘုံဘ၀က သာဓုခေါ်ပါကွာ…။


မိုးလှိုင်ည

Sunday, August 30, 2009

မုတ်သုန်မြို့လေးရဲ့လက်ဆောင်

ကဗျာနှလုံးသွေးဖြင့်

ရဲရင့်စေ…

မျောလွင့်စေ…

ရင်နင့်စေ….

ဒဏ်သင့်စေ…

မြေမဟီတစ်ခွင် ။ ။


သူရဿဝါ

Tuesday, August 18, 2009

မွေးနေ့လက်ဆောင် ကဗျာနှစ်ပုဒ်

မွေးနေ့လက်ဆောင် ကဗျာနှစ်ပုဒ် တစ်ပုဒ်က ညီမလေး ဆုငယ်

နောက်တစ်ပုဒ်က whitecrystal ဆိုတဲ့ သူငယ်ချင်းပါ…

သူလည်း အခုမှ ဘလော့အသစ်လုပ်ထားတာ … နှစ်ယောက်လုံးကို

ကျေးဇူးတင်လို့ ဒီဘလော့ပိုစ့်မှာ အမှတ်တရသိမ်းထားလိုက်တယ်…။










မျှော်လင့်ခြင်းအသစ်တွေနဲ့ ... နှစ်ဆယ့်ရှစ်

အသုံးမကျလို့.. ဆိုပြီး

ကိုယ့်ကိုယ်ကိုယ်တော့

ပြန်မမုန်းလိုက်ပါနဲ့ သူငယ်ချင်း...

ငါက မင်းထက်ပိုပြီး အသုံးမကျလို့
မင်းပေးတဲ့ စာအလင်းနဲ့
လောကအမှောင်ကို
ဖယ်ခွင်းကြည့်နေရတာပါ...

ဖြတ်သန်းခဲ့ပြီးတဲ့ ၂၇ နှစ်တာသက်တမ်းမှာ
မင်းရေးခဲ့တဲ့ ကဗျာတွေက
“မိုးလှိုင်ည”ဆိုတဲ့ ဖြစ်တည်မှုကို
ပီပီပြင်ပြင် ထုဆစ်ပြခဲ့ပြီ...

ဆုတ်ဖြဲခံထားရတဲ့
ငါတို့နိုင်ငံရဲ့ သမိုင်းစာမျက်နှာတွေကို
မင်းက မြင်သာအောင် ရေးပြခဲ့သလို
တမင်တကာ မေ့လျော့ထားကြတဲ့
အထင်ကရ ရက်စွဲတွေမှာလဲ
အမှန်တရားအတွက်
ကလောင်သွားတစ်လက်နဲ့
မင်း တာဝန်ကျေခဲ့တယ်...

မျှော်လင့်ချက်ကင်းမဲ့စွာ
စိတ်ဓါတ်ကျနေတဲ့ အချိန်တိုင်း
ပို့စ်မော်ဒန်ကဖေးမှာ မင်းကိုရှာခဲ့တယ်...

မင်းက ဓါတ်တိုင်ဝင်စားတဲ့သူဆိုရင်
နောင်လာမယ့်နှစ်တွေအထိ
နိုင်သလောက်စွမ်းအားနဲ့
လူတွေကို လမ်းပြပေါ့...

( တခါတရံ ) မင်းကိုယ်တိုင် မှောင်မိုက်ခဲ့ရင်လဲ
နားလည်စွာနဲ့ မငြူစူဘဲ
ငါတို့တွဲလက်တွေ မြဲစေမယ်...

သက်တမ်းရှည်ကြာလာတာနဲ့အမျှ
စွဲမက်ဖွယ် ပြင်းရှလာမယ့်
နှစ်ချို့ကော်ဖီတစ်ခွက်ရဲ့ အရသာကို
ယုံကြည်စွာ ခံစားရင်း...

မျှော်လင့်ခြင်းအသစ်တွေနဲ့
ရှစ်ရက် ရှစ်လပေါင်း များစွာကို
အဓိပ္ပါယ်ရှိစွာ ဖြတ်သန်းခွင့်ရစေကြောင်း
ဆုတောင်းပေးတယ် သူငယ်ချင်း...။


whitecrystal



လွန်ခဲ့တဲ့ ငါးလခြောက်လ လောက်တုန်းက ၊ မော်ဒန် ကဗျာတွေရေးတာ တော်တယ်ဆိုလို့ သူငယ်ချင်းပြောပြလို့ ကော်ဖီးခါးခါးနဲ့ မြို့ပြညလေးထဲ ကို အလည်ရောက်ရင်း ခင်ခွင့်ရခဲ့တဲ့ အစ်ကို ကဗျာဆရာမိုးလှိုင်ည တွက် မွေးနေ့ အမှတ်တရ....

ကော်ဖီခါးခါးနဲ့ ငါ့မြို့ပြညလေးထဲ
အမှတ်တမဲ့ ရောက်ရင်
မှတ်မှတ်ရရ ရင်းနှီးကျွမ်းဝင်
လေးစားခဲ့ရတဲ့ အစ်ကိုကဗျာဆရာ

ကဗျာတွေရေးရင် သောကအမောတွေဖြေ
ကဗျာတွေက သူ့ဘ၀ရဲ့အဖော်ကောင်းပဲလေ
ကိုယ့်ဒူးကိုယ်ချွန် ကိုယ်လမ်းကိုယ်လျှောက်ရင်
အမှန်တရားကို မြတ်နိုးတဲ့အစ်ကို ကဗျာဆရာ

ခါးသီးတဲ့ ဘ၀ကြီးထဲမှာ
ကဗျာဆရာ ဖြစ်ရတာကိုဂုဏ်ယူဝင့်ကြွားတဲ့သူ
နေ့ရက်တွေက ဘာမှမပာုတ်သလိုခနလေးနဲ့
အစ်ကို့ အသက် ၂၇ နှစ် ပြည့်ခဲ့ပြီးပဲ
ဖြူစင်တဲ့ စိတ်ဓါတ်တဲ့
မာန်မာနတွေ ကင်းတဲ့
အစ်ကို တစ်ယောက်
အစ်ကို ချစ်တဲ့ ကဗျာတွေဆက်ရေးရင်
အစ်ကို ရောက်ချင်တဲ့ ပန်းတိုင်ကို
ဘေးရန် အနှောက်အယှက်ကင်းစွာ
လျှောက်လှမ်းနိုင်ပါစေလို့
ညီမလေး ဆုတောင်းပေးပါတယ်။

( ကိုယ်ကြိုက်တဲ့ ကဗျာ ဆရာလို့သာဆိုတယ် ၊ ကိုယ်က အစ်ကို့ မွေးနေ့ကိုတောင်နောက်ကျမှ သိခဲ့တဲ့အတွက် ဆော်ရီးပါ အစ်ကို )။


ဆုငယ်




“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...