Saturday, December 17, 2011

December 31


ကျွမ်းသွားတဲ့ မီးသီးတစ်လုံးလို့

၂၀၁၁ ဆိုတဲ့ ခရစ်နှစ်ပြက္ခဒိန်တွေလည်း

မလင်းလက်နိုင်တော့…

မနက်ဖြန် ပြောင်းသွားမယ့်နှစ်တစ်နှစ်

မနေ့ကတော့ကျန်ခဲ့တဲ့နှစ်တစ်နှစ်….

ငယ်ငယ်ကဆို

မျှော်လင့်ချက်တွေ အသစ်ဖြစ်မိတယ်

နောက်လာမယ့်နှစ်မှာ ပိုကောင်းအောင်နေမယ်

တကယ်တော့ အဲလိုတစ်နှစ်ပြီးတစ်နှစ်ပေါ့

ဘယ်မှာ ပိုကောင်းလာလို့လည်း…

ကိုယ့်အကြောင်းနဲ့ကိုယ်မှ…

နှစ်ကာလတွေ ခေတ်စနစ်တွေမကောင်းတာလို့

တရားခံရှာမိတယ်…

ဘာပဲဖြစ်ဖြစ် မျက်စိမှိတ်ပြီး ဒြပ်မဲ့ အရာတွေပေါ်

အပြစ်တင်မိတာ ကိုယ့်အတ္တအတွက်တော့ ထွက်ပေါက်ပဲပေါ့

အခုတော့ နှစ်သစ်ကူးလေညှင်းမှာ

ဘီယာချမ်းတွေ ဈေးကျနေတာကို ၀မ်းသာမိတယ်

နောက်မနက်မှာ ရောက်မယ့် နောက်တစ်နှစ်အတွက်

စိတ်ထဲမှာ ဘာမှမပြင်ဆင်ဖြစ်ဘူး….

လာမယ့်နှစ်လည်း အရင်းအတိုင်းပဲလား…

လွန်ခဲ့တဲ့နှစ်နှစ်ကတော့ ဆိုနီကုမဏီလုပ်လို့

၂၀၁၂ မှာ ကမ္ဘာပျက်မဲ့အကြောင်း စိတ်ဝင်စားမိသေးတယ်

အခုတော့ ပျက်ပျက် မပျက်ပျက်

အားလုံးလည်း စိတ်အေးလက်အေး…

ဒီဇင်ဘာ နောက်ဆုံးညမှ မီးလင်းဖိုနဲ့ နွေးထွေးနေမယ့် လူတွေ

ဝိုင်အရက်တွေနဲ့ ပျော်မြူးနေမယ့် လူတွေ

မီးတွေ လင်းထိန်အောင်ထွန်းပြီး

ကားဟွန်းတွေ အကျယ်ကြီးတီးနေမယ့် လူတွေ

တချို့ကပျော်ကြမှာပါ

တချို့က အော်ကြမှာပါ..

ငယ်ငယ်က ဆို နှစ်တစ်နှစ်စတိုင်း ရွှေတိဂုံကိုတက်ဖူးဖြစ်တယ်

အခုတော့ မရောက်ဖြစ်တာ နှစ်တွေလည်းကြာပြီ

ဒီဇင်ဘာည တွေဟာ တခြားညတွေထက်

နည်းနည်းတော့ ပိုအသက်ဝင်တယ်…

ကောင်းချီးတေးသံတွေ

ဆုတောင်းရေရွတ်သံတွေ

ကျေးဇူးတော်ညစာစားပွဲတွေ

ဖန်ခွက်သံဇွန်းသံ ရယ်သံချိုချိုတွေ

ကမ္ဘာသစ်ကိုကြိုဆိုမယ့်လူတွေနဲ့

နောက်ထပ်လာမယ့် ၂၀၁၂

ကမ္ဘာကြီးက လူဦးရေ သန်း ၇၀၀၀

အဟာရပြည့်ဝတဲ့ အစားအသောက်မရနိုင်တဲ့

လူသန်းတစ်ထောင်…

တစ်နှစ်ကူးလို့မှ မထူးတဲ့ဘ၀တွေနဲ့

ကမ္ဘာကြီးပေါ်မှာ အပျော်အတွေ မုန်းတိုင်းထဲက

ဖယောင်းတိုင်သာသာပေါ့…။

မိုးလှိုင်ည

Thursday, December 8, 2011

ဆောင်းရာသီစောတဲ့ မြို့လေးမှာ နေသာရဲ့လား ဒီဇင်ဘာ…။


ဒီဇင်ဘာ…

မင်းအိမ်ရှေ့လမ်းတွေမှာ နှင်းခဲတွေကြွေနေလား

နှင်းပွင့်တွေဝေနေလား…

ဒီဇင်ဘာ…

လက်ဖ၀ါးတွေအချင်းချင်း

နွေးနွေးထွေးထွေးနှုတ်ဆက်…

ဒီဇင်ဘာ….

တောင်ကုန်းမြင့်မြင့်

ထင်းရူးပင်လွင့်လွင့်…

မွေးမြေက တောင်ခိုးတွေလွင့်လွင့်ဝေေ၀

ဒီဇင်ဘာ…

ကမ္ဘာခြားတဲ့နှလုံးသားတွေကို

ကမ္ဘာပြားတဲ့မေတ္တာတရားဖြစ်အောင်ရေးခြစ်တတ်သူ

ဒီဇင်ဘာ

မေတ္တာတရားရဲ့ အလျားအနံ့ကို

လတ္တီတွစ်၊ လောင်ဂျီတွစ်.. မလွတ်စေတဲ့သူ…

ဒီဇင်ဘာ…

အသက်ရူလိုက်တိုင်း..

နှလုံးခုန်တိုင်း..

ကမ္ဘာကြီးတိမ်းစောင်းတိုင်း

အနူမြူစီမံကိန်းတစ်ခုလို… စိုးရိမ်နေမိတယ်…

ဆောင်းရာသီစောတဲ့မြို့မှာ

နေသာပါ့ရဲ့လား … ဒီဇင်ဘာ…။

မိုးလှိုင်ည


မနိုင်းနိုင်းစနေ မွေးနေ့ အမှတ်တရ..။

Saturday, December 3, 2011

ရန်ကုန်ကြမ်းပိုး


ရန်ကုန်မြိုကြီးမှာ

ကြမ်းပိုးတစ်ကောင်လိုနေခဲ့မို့

ရန်ကုန်ကြမ်းပိုးလို့ခေါ်လိုက်မယ်

ရန်ကုန်မြို့ကြီးလို အဓွန့်ရှည်စေသောဝ်


ရန်ကုန်ကြမ်းပိုးဟာ

ရေမရောတဲ့ ရန်ကုန်သားစစ်စစ်ဖြစ်တယ်

အဘိုးက ရန်ကုန်ရေကျော်သား

အဖေက ရန်ကုန်ကျောက်မြောင်းသား

အမေက ရန်ကုန်ဘောက်ထော်ကျောက်ကုန်းသူ


ရန်ကုန်ကြမ်းပိုးဟာ

သင်္ဃန်းကျွန်း၊ ရန်ကင်း၊ ဥက္ကလာပ၊ သာကေတ၊

ဒဂုံမြို့သစ်၊ ကြည်မြင့်တိုင်မှာနေဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့က ဘုရားစေတီတွေ အကုန်ရောက်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့ကို မြို့ပါတ်ရထားနဲ့ အကြိမ်ကြိမ်ပတ်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့ရဲ့ အငှားယာဉ်တွေ၊ ဘတ်စ်ကားတွေ

လိုင်းပေါင်းစုံအောင် စီးဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့ကဈေးတွေအကုန်ရောက်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့က ရုပ်ရှင်ရုံတွေ အကုန်ကြည့်ဖူးတယ်..။


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့က လက်ဖက်ရည်ဆိုင်တွေ၊

အရက်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ

တော်တော်များများထိုင်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့က လူငယ်ရေးရာညကျောင်းတွေမှာ တက်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်တက္ကသိုလ်ထဲမှာ နေ့ရောညပါ လည်ပတ်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့က ကန်တော်ကြီး၊ အင်းလျားကန်တွေမှာ

ရေကူးဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

အောင်ဆန်းအားကစားကွင်း သုဝဏအားကစားကွင်းတွေမှာ

အော်ဟစ်ဖူးတယ်…


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန် ဘူတာကြီးနဲ့ ကီလီဗောတံတားပေါ်မှာ အိပ်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်ဗိုလ်တစ်ထောင် ဆိပ်ကမ်းမှာ ငါးမျှားဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန် ပလက်ဖောင်းပေါ်မှာ ဈေးရောင်းဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

အစိုးရ၀န်ထမ်း ဘ၀နဲ့ ရန်ကုန်မြို့က ရုံးတွေ အတော်များများကို

ဝင်ထွက်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

စံပြငါးဈေး၊ သီရိမင်္ဂလာဈေးတွေမှာ

ညလုံးပေါက်နေဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြစ်၊ လှိုင်မြစ်၊ ငမိုးရိပ်ချောင်း ၊ ပုဇွန်တောင်ချောင်းတွေကို

အကြိမ်ကြိမ်ကျော်ဖြတ်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့ရဲ့ စာအုပ်အဟောင်းတန်း

အ၀တ်အဟောင်းတန်းတွေကို

ဖြတ်သန်းဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်အောင်မင်္ဂလာအဝေးပြေး၊ ဒဂုံ- ဧရာအဝေးပြေး

ကားဂိတ်တွေကနေ နယ်မြို့တွေကို သွားဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်ဆိပ်ကမ်းကနေ မြစ်ဝကျွန်းပေါ်ကိုသွားဖူးတယ်..။


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ

ပြည်ပကိုသွားဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့နဲ့အတူ နိုးထဖူးတယ် တက်ကြွဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့ကြံတော့သုဿန်ကနေ

ရေဝေး၊ ထိန်ပင်၊ ကျီစုအထိ

သင်္ချိုင်းပေါင်းစုံရောက်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

တာမွေအ၀ိုင်းကြီးက

ကြွပ်ကြွပ်အိတ်ဂိုဏ်းဝင်တွေနဲ့ ရန်ဖြစ်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့ကြီးကို မြေပေါ်မြေအောက်မကျန်

မွှေနှောက်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ငယ်ငယ်တုန်းက သင်္ကြန်တွင်းမှာ

ရေပူဖောင်းနဲ့ ကစားဖူးသလို

သီတင်းကျွတ်မှာ ဗျောက်အိုးလည်း ဖောက်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

သုံးကားပေါင်း မိုးအလင်း

မော်ကွန်းရုပ်ရှင်ကို ကြည့်ဖူးသလို

ကျိုက္ကဆံကွင်းမှာ ပြည်ထောင်စုအလံကိုလည်း

ကြိုဖူးတယ်

ရန်ကုန်ကြမ်းပိုဟာ

ကျောင်းသားဘ၀က ကျောင်းပြေးပြီး

သမ္မတရုပ်ရှင်ရုံမှာ The Adventures

ရုပ်ရှင်ဇာတ်ကားကိုကြည့်ဖူးတယ်

ရဲရင့်ရုပ်ရှင်ရုံမှာ နာမည်ကျော် အိန္ဒိယဇာတ်ကား

အာရာဒါနား ကိုလည်းကြည့်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

မြို့မကျောင်းလမ်းက လေဟာပြင်ဇာတ်ရုံမှာ

Blues Grass ဂီတပညာရှင်

Billy Steven ကိုလည်းကြည့်ဖူးတယ်

အမေရိကန်တယောပညာရှင် Mark O’ Conner ကိုလည်းကြည့်ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

နတ်နွယ်၊ မောင်သိန်းဆိုင်၊ တက္ကသိုလ်မောင်အောင်ဆွေတို့ရဲ့

ဝတ္ထုစာအုပ်တွေ ဖတ်ပြီးကြီးပြင်းလာခဲ့တယ်


ရန်ကုန်ကြမ်းပိုးဟာ

“ခေါက်ထားသူငယ်ချင်း” …တို့

“ညတုန်းကတွေ့ခဲ့တဲ့ ကောင်းမလေးတစ်ယောက်” …တို့

“ရည်းစားအဖြစ်မှ စွန့်လွှတ်သည်” ….တို့

“ ဂီတာတစ်လက် အရက်ကတစ်စည်” …တို့ စတဲ့

အဲဒီသီချင်းတွေနဲ့ ကြီးပြင်းခဲ့တယ်


ရန်ကုန်ကြမ်းပိုးဟာ

ဆံပင်ရှည်ကြီးဖားလျားနဲ့ ဘတ်စ်ကားတွေကို ခိုးစီးခဲ့ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ချိန်းကြိုးတို့၊ နံချပ်ကူတို့၊ ကျွဲချိုပုံဂီတာတို့ ကိုင်ခဲ့တယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်မြို့ကြီးမှာ ဂေါ်လီတစ်လုံးလို လိမ့်ခဲ့တယ်

ရန်ကုန်ကြမ်းပိုးဟာ

ဆိုရှယ်လစ်တစ်ခေတ်လုံးကို ခေါင်းအုံးပြီးအိပ်ခဲ့တယ်


ရန်ကုန်ကြမ်းပိုးဟာ

ဂစ် လည်းသွေးတတ်တယ်

ဇော လည်းဖုတ်တတ်တယ်

ပေါ့ နဲ့လည်းဆွဲဖူးတယ်

နဂါးပတ်လည်း ဆွဲဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန် တန်ဆောင်တိုင်မှာ

Play Boy, E.Machine, Aces, Super Star,

LPJ, The Rays, New Wave စတဲ့ တီးဝိုင်းတွေရဲ့

စင်မြင့် ဂီတဖျော်ဖြေပွဲကို ကြည့်ခဲ့ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ဘောလုံးပွဲလက်မှတ်ရော၊ ရုပ်ရှင်လက်မှတ်ပါ

မှောင်ခိုရောင်းဖူးတယ်

ကုန်တိုက်အောက်မှာ တန်းစီတိုးစားတဲ့ ဘ၀လည်းကြုံခဲ့ဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို အလေးပြုဖူးသလို

သခင်ကိုယ်တော်မှိုင်းနဲ့ ဦးသန့်တို့ရဲ့ ဂူဗိမာန်တွေကို

ဂါဝရပြုဖူးတယ်


ရန်ကုန်ကြမ်းပိုးဟာ

လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ ဓတ်ပုံရိုက်ခံဖူးသလို

မြို့တော်ခန်းမရှေ့မှာ နိုင်ငံတော်သီချင်းလည်း ဆိုဖူးတယ်


ခုတော့ ရန်ကုန်ကြမ်းပိုးဟာ

ရန်ကုန်ဆေးရုံကြီးပေါ်မှာ သွေးတိုးလို့ ငြိမ်နေရတယ်..။


လှသန်း


၂၂. ၁၀. ၂၀၁၁ နေ့တွင် ကွယ်လွန်သွားသော ကဗျာဆရာလှသန်း( ကြည်မောင်သန်း) အားဂုဏ်ပြုသောအားဖြင့် အမှတ်တရ ဖော်ပြသော ရနံ့သစ် မဂ္ဂဇင်းအမှတ် ၃၆ ဒီဇင်ဘာ ၂၀၁၁ သုံးနှစ်ပြည့် အထူးထုတ် စာအုပ်မှ ကူးယူဖော်ပြပါသည်..။

(ဆရာလှသန်းနဲ့ အတူ ရနံ့သစ် အယ်ဒီတာအဖွဲ့ကိုပါ အထူးတလည်ကျေးဇူးတင်ရှိပါသည်)

မိုးလှိုင်ည

Wednesday, November 30, 2011

ကြယ်ကလေးရဲ့ ရယ်သံ


မိုးကုတ်စက်ဝိုင်း အစွန်းမှာ

လ၀န်းက မေးတင်ပြီးကြည့်နေတယ်….

ကြယ်ကလေးရဲ့ ရယ်သံတွေ

ပြည့်နှက်ခဲ့တဲ့ ညကောင်းကင်ထဲ

အလင်းတွေ…

မျှော်လင့်ချက်တွေ…

အနာဂါတ်တွေ…

အမှောင်ထဲက စိန်ပွင့်တွေလို ဖြိုးဖြိုဖျပ်ဖျပ်

“ကြယ်ကလေးရဲ့ ရယ်သံတွေထဲမှာ ငါကြွေသွားတယ်”

ဟင်းလင်းပွင့်ကောင်းကင်ကို ထိစမ်းဖို့

တတိယ ညဉ့်ယံရဲ့ အိပ်မက်တွေမှာ အရူးအမူး

ကြယ်ကလေးက ရယ်တယ်

ခိုးခိုးခစ်ခစ်နဲ့ တကယ့် အစစ်အမှန်အတိုင်းပဲ

ကြယ်ကလေးရဲ့ ရယ်သံတွေကို ဖမ်းဖို့အတွက်နဲ့

ကိုယ့်ကိုယ်ကို အမှောင်ဆုံးဖြစ်အောင်

ထွန်းညှိပစ်လိုက်ရတာတွေလည်း ရှိခဲ့တယ်

ည…က လမသာခဲ့ဖူး

ကြယ်ကလေး ရယ်သံလွင်လွင်တွေ

အဆုံးစွန်ဆုံးထိ ကြားလိုက်ရတယ်

ငါဆိုတဲ့ ကောင်းကင်တစ်ခုလုံးပျက်ကျသွားပေါ့

ဘ၀ကဗလာနယ်ပါ

ကြယ်ကလေးက အထပ်ထပ်ရယ်နေတယ်

ကြယ်ကလေးရဲ့ ရယ်သံတွေထဲ ငါကြွေသွားခဲ့တာ

ဘယ်နှကြိမ်မြောက်လဲ…။


မိုးလှိုင်ည

Tuesday, November 29, 2011

တကယ်ဆို ဒီလိုနေရာမှာ ရှင်နဲ့ကျွန်မ ဘယ်နည်းနဲ့မှ တွေ့စရာ အကြောင်းမရှိဘူး


ဝတ်ထားတဲ့ ရှင်ရဲ့ ရှပ်အကျီဖြူဖြူလို

ရှင်စိတ်တွေ ဖြူရဲ့လား

မယားတစ်ယောက် သားတစ်ယောက်ဟာ ရှင့်ရဲ့

“ ဖြောင့်ကွယ်”

ဆိုနေကျသီချင်းက “ချစ်အားငယ်ရသူမယ်”

ကျွန်မပခုံးပေါ်က ရှင့်လက်ကို မဖယ်တော့ဘူးလား

ရှင့် ရင်ခွင်မှာကွယ်နေတဲ့ ကျွန်မနှလုံးသားကို မြင်ရဲ့လား

ရှင့် အိမ်ထောင်ရေး အဆင်မပြေတာ ကျွန်မနဲ့

ဘာဆိုင်လဲ

ကျွန်မလည်း ဆယ်တန်းအထိ နေခဲ့ဖူးပါတယ်

ဒီအလုပ်လုပ်နေတာ အိမ်က

မသိဘူး

ဖုန်းနံပါတ်ရရင် ရှင့်ကိုပေးမယ်

“သစ်သီးပွဲ” ဟာ “ချစ်တီးပဲ” လို ညှစ်တာ သက်သက်လို့

ခဏခဏ ရှင်မပြောနဲ့

ဒါ သူ့အရပ်နဲ့ သူ့ဇာတ်

ရောမရောက်ရင် ရောမလို ကျင့်ရမှာပဲ

“အချိုရည်ဘူး” က မမှာလည်း လာချမှာပဲ

ရှင်က

ရူးလည်း ရူးချင်တယ် ရင်းလည်း မရင်းချင်ဘူး

ရန်ကုန်မှာ ဒါမျိုးမရဘူး

ကျွန်မက တိုက်ကြီးက

တိုက်ကြီးမှာ “.....” တာပဲဆိုပြီး

လူရွှင်တော်တွေ ပြောတဲ့စကား ကျွန်မ လာမပြောနဲ့

ပျော်လို့

ဘယ်သူမှ ဒီအလုပ် လုပ်နေတာ မဟုတ်ဘူး

ကဲ... အခု ဘာသီချင်းထည့်ပေးရမလဲ

“ငယ်ကျွမ်းဆွေ”

ရှင်တို့ယောကျာင်္းတွေ အကုန်လုံး လာလိုက်ရင်

ဒီလိုချည်းပဲ

“ ဒီတံတားလေးပေါ်မှာ”မှာ

ရှင်က မှတ်မိပေမယ့် ကျွန်မက မမှတ်မိချင်တော့ဘူး

“နောက်ထပ် မြန်မာတစ်လုံး”

ဒီည ရှင်များနေပြီ

ရှင့်ပိုက်ဆံနဲ့ ရှင်သောက်တာပဲ

ကျွန်မက ဘာပြောလို့ရမှာလဲ

ကျွန်မကို မယုံကြည်သလို ရှင် မဆက်ဆံနဲ့

ကျွန်မသွေးက သန့်ပြီးသား

ရှင်သာ

ရှင့်သွေး ရှင်မဖောက်ရဲတာ

ပညာရှင်လိုလို သူတော်စင်လိုလိုနဲ့ နောက်ကနေ

ကျွန်မဆံပင်တွေ ခိုးခိုးနမ်းတာ

ကျွန်မ မသိဘူး မှတ်နေလား

ဘယ်အချိန်ရှိပြီလဲ

ဒီည ရှင်အိမ်မပြန်တော့ဘူးလား

အဲဒီလောက် ၀ါသနာပါရင်

အိမ်မှာ “စက်” ၀ယ်ထားပါလား

ခုတော့ရှင့်မှာက

တစ်ရက်လည်းမဟုတ် နှစ်ရက်လည်း မဟုတ်

တစ်ညလည်း မဟုတ် နှစ်ညလည်း မလည်းမဟုတ်

ရှင့်ပိုက်ဆံတွေ ရှင် မနှမြောဘူးလား

ရှင့်နေရာမှာ ကျွန်မသာဆို

ဒီလိုနေရာမှ ရှင်နဲ့ကျွန်မ

ဘယ်နည်း နဲ့မှ

တွေ့စရာ အကြောင်းမရှိဘူး...။ ။

ညီမင်းညို

ပျော်ပျော်ရွှင်ရွှင်မဂ္ဂဇင်း ၊ ၂၀၀၈ ၊ ဇွန်

ဘဂ္ဂဒက် လုံးချင်း ကဗျာစာအုပ် ကူးယူဖော်ပြပါသည်..။

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...