Sunday, March 23, 2008

အိပ်မက်စိမ်း

အိပ်မက်တွေအစိမ်းသေကုန်ပေါ့

မိုးချုပ်တာတောင်

အိမ်ပြန်မရောက်နိုင်တဲ့လေလွင့်ခြင်းတွေ

ကြုံသလိုရှင်သန်

ဖြစ်သလိုဖြတ်သန်း

မင်းကိုလွမ်းတဲ့ခဏတော့

ငါစနစ်တကျနေထိုင်တယ်

ကောင်မလေးရေ

မေတ္တာတရားနဲ့တွန်းကန်ထားတဲ့

နာကျင်မှုတွေပါ….

အိပ်မက်တွေအစိမ်းသေကုန်တဲ့ည

ငါဘယ်လိုမှအိပ်လို့မရဘူး

လမ်းပေါ်မှာငါ့ကိုပြန်မထူးတဲ့မင်းဝိဥာဉ်

ဘယ်နတ်ဆိုးရဲ့စင်တင်ဂီတမှာ

ကျိန်စာတွေကျနေမှာလည်း

ငွေနံ့ကြေးနံ့တွေညှီစို့နေတဲ့

အေးစက်စက်လက်ကြမ်းတွေ

မင်းကိုဖမ်းချုပ်သိမ်းပိုက်နေချိန်

လမ်းမပေါ်လွတ်ကျသွားတဲ့

အိပ်မက်စိမ်းတွေ

ညထဲမှတိုးဝှေ့ကွယ်ပျောက်

ကောင်မလေးရေ…

အိပ်စက်တဲ့ခဏမှာတော့အိပ်မက်လှလှမက်ပါစေ…။

မိုးလှိုင်ည

Thursday, March 20, 2008

အိပ်ပြန်မရောက်သေးတဲ့ ကဗျာ

တိမ်တွေကိုအသေအချာစာလုံးပေါင်းချင်တဲ့

ကောင်လေးလေ

သူ့ဘ၀သင်ခန်းစာတွေထဲ

အမှောင်တွေဘယ်လိုပဲသိပ်သည်းပါစေ

မေမေရယ်

လောကကွင်းပြင်မှာသူအမြင့်ဆုံးလွှင့်တင်ချင်တဲ့

လေတံခွန်တွေ

လောကဓံလေအဟုန်ထဲ

ဘယ်နှကြိမ်မြောက်ဆုတ်ဖြဲခံရပြီးပြီလဲ…

အိပ်မက်တွေကျိုးကြေခဲ့ရတဲ့

ညနေခင်းလမ်းမတွေပေါ်လွင့်မျော…

အချိန်တွေဘယ်လောက်ကြာကြာပေါ့

ကံကြမ္မာအချိုးအကွေ့တွေကြား…

အမေရဲ့မေတ္တာရင်ငွေ့တွေကို

ခဏခဏထုတ်ဖတ်ဖြစ်တယ်…

ကျွန်တော်မရင့်ကျက်သေးဘူးအမေ….။

မိုးလှိုင်ည

Monday, March 17, 2008

ကျွန်တော်နဲ့မတိုက်ဆိုင်တဲ့ကော်ဖီတစ်ခွက်

မိန်းမတွေရဲ့ သစ္စာစကားကို

ရေပေါ်မှာပဲ ရေးမှတ်ထားပါ့မယ်

ဘယ်သူကများပြောထားခဲ့ပါလိမ့်…

ငါကတော့ အတွေ့အကြုံဝါဒသမားလေ

ကိုယ်တိုင်မှားဘူးတဲ့ သင်ခန်းစာတွေကိုမှ

လက်ခံယုံကြည်တတ်တဲ့

ခပ်ညံ့ညံ့ လူမိုက်အတွက်တော့

ပိုစ့်မော်ဒန်ကဖေးမှာ

ဆွေးမြေ့သွားရတဲ့ အချစ်တွေအတွက်

မနက်ခင်းကို ငြီးငွေ့စွာသမ်းဝေရင်း

ကိုယ့်ကိုကိုယ်ပဲ ရယ်မောဖြစ်ခဲ့တယ်…။

မိုးလှိုင်ည

(ပိုစ့်မော်ဒန်ကဖေးမှာလို့အစချီတဲ့ အက်ဆေးတစ်ပုဒ်မှ ကိုယ့်ကိုကိုယ်ခိုးယူဖော်ပြပါသည်)

ချည်တိုင်

ချစ်လို့

ငါ့ကိုယ်ငါ လက်ဆောင်အဖြစ်နဲ့

ဒီမြို့ကိုပြန်ခဲ့တယ်…။

တိမ်ရိုင်းသွင်းချိန်လေပြန်ထဲ

ငါ့ငယ်မည်နာမကို တိုးဖွဖွခေါ်သံကြားခဲ့ရ

အလွမ်းနဲ့ ဆင့်ဆိုခြင်းခံခဲ့ရ

ဘယ်သူလဲ

ဘယ်သူပါလဲခင်ဗျာ။

မီးခိုးရောင်ကုတ်အင်္ကျီနဲ့ တောင်တန်းကြီးတွေရယ်

အမေ့အိမ်က ရေဒီယိုလေးရယ်

သားမွေးပြီးစ ကွင်းပြင်ဝါ၀ါ

လှိုင်းသံ၊ ပုစဉ်းရင်ကွဲသံ၊ ခြေသွားလမ်း

ရိုးပြတ်နံ့မြေသင်းနံ့

ကုက္ကိုတန်း….

……………………………..

ဘယ်ဘက်ရင်အုံပေါ်က ဆေးမင်ကြောင်များ

ငါ့အားလွမ်းဖို့လက်တို့ခေါ်။

လော်ကယ်ရထား မစီးဖူးတဲ့မြို့ကလေးမှာ

အလိုမပြည့်မှုတွေ ပုဆိုးလိုမြဲတဲ့ကောင်တစ်ကောင်

ရှိခဲ့တယ်

မြို့သစ်တံတားကြီးပေါ် လရောင်ကောက်တဲ့ ငှက်ကလေးတွေ

ရှိခဲ့တယ်

အမြဲစိမ်းညတွေရဲ့အသံ

ရှိခဲ့တယ်

ကြောင်ရေချိုးတဲ့ကိစ္စနည်းနည်း

ရှိခဲ့တယ်

………

ရှိခဲ့တယ်

…….

ရှိခဲ့တယ်

ကျေးလက်တေးကြိုက်တဲ့ အသားညိုညိုနဲ့မြို့ကလေး

မိုးတိမ်သေတစ်ခင်းဆိုက်ကပ်ဖို့ဖြစ်လာခဲ့

ချစ်တယ်။

ယုံစမ်းပါ

''ချစ်လို့"

ငါကိုယ်ငါ လက်ဆောင်အဖြစ်နဲ့

ဒီမြို့ကို ပြန်ခဲ့တယ်…။…။

လူငြိမ်းခိုင်

Friday, March 14, 2008

မောရှမ်းပြည်က တေးသီငှက်သို့….



အေဒီ ၂၀၀၈ ရဲ့ မတ်လနွေထဲမှာ

ခင်ဗျားနေရစ်ခဲ့ပြီလား ကိုထီး။

ခင်းဗျားသတင်းက

ညနေခင်းထဲ ခင်ဗျားသီချင်းတွေနဲ့ လွင့်ပျံလာတယ်။

ချန်ပီယံလိဒ်ကြောင့် အိပ်ရေးပျက်နေတတ်တဲ့

ရန်ကုန်မြို့ကဖေးတွေထဲမှာ

ထီးဆိုင် သီချင်းတွေ တကျော့ပြန်လွင့်ပျံလာတယ်။

စတူဒီယို သီချင်းခေတ်ကို

ရင်ခုန်ဖြတ်သန်းလာခဲ့တဲ့

ခင်ဗျားနဲ့ ခေတ်ပြိုင်လူသားတွေ ကြေကွဲနေကြတယ်…။

ဂီတ မိုးကောင်းကင်မှာ

ခင်ဗျားလို ကြယ်တစ်စင်းကို

ဘယ်သူကပြန်ဖန်ဆင်းပေးမှာလည်း…။

ကိုထီး ခင်ဗျားဂုဏ်ယူလိုက်တော့

ခင်ဗျား ကို အိပ်မက်နေတဲ့လူသားတွေ

အသက်ရှင်လျက်ရှိသေးတယ်

ဒေသန္တာရစစ်ပွဲတွေ ၊ရေဂါကပ်ဆိုးတွေနဲ့

အမြဲတမ်းဆူပွက်နေတဲ့ ကမ္ဘာကို

ခင်ဗျား အသံချိုချိုလေးနဲ့ ချော့မြူခဲ့တယ်…။

မျက်မှန်ထူထူ၊စိတ်ထားဖြူဖြူ

မြန်မာသံခပ်ဝဲ၀ဲနဲ့

သီချင်းတွေသယ်လာတဲ့

ရှမ်းပြည်နယ်က ကောင်လေးကို

ကျွန်တော်တို့အားလုံး ဘယ်လိုမေ့ပျောက်လို့ရမှာလဲ

ကိုထီး

ခင်ဗျားသီချင်းတွေကို ကျွန်တော်တို့နှလုံးသားနဲ့သီဆိုနေပေမယ့်

ခင်ဗျားအသံလိုချိုပါ့မလား..

ခင်ဗျားဟန်လိုအနုပညာဆန်ပါ့မလား…။

ကိုထီး

ခင်ဗျားကအနုပညာသမားစစ်စစ်ပါ

ဒဏ်ရာရနေတဲ့နှလုံးသားတွေကို

သံစဉ်ချိုတွေနဲ့ ကယ်တင်ခဲ့တယ်

ကျွန်တော်တို့ ခင်ဗျားအတွက်ဝမ်းနည်းနေယုံနဲ့လုံလောက်ပါ့မလား။

`လူဖြစ်ပြီး အမှန်တရားကို ဖော်ထုတ်ခွင့်မရရင် လူမပီသတော့ဘူး´

စိုင်းခမ်းလိတ်(မွေးနေ့အမှတ်တရစကားမှ)

ဓားမိုးလို့ဆိုခဲ့ရတဲ့သီချင်းတွေအတွက်

ခင်ဗျား အဆိပ်သင့်မနေတော့နဲ့

ကောင်းကင်ဘုံမှာ ခင်ဗျားသီချင်းဆက်ဆိုပါ

ဘယ်သူမှရှောင်လွှဲမရတဲ့ သေခြင်းတရားက

ခင်ဗျားကိုဆွတ်ယူသွားလည်း

ငြိမ်းချမ်းတဲ့သံစဉ်ချိုတွေလွင့်ပျံနေတဲ့

ကမ္ဘာကြီးထဲမှာ

ခင်ဗျားဘယ်တော့မှသေဆုံးမသွားဘူး

ဂုဏ်ယူကျေနပ်လိုက်ပါ….စိုင်းထီးဆိုင်...။


မိုးလှိုင်ည

Thursday, March 13, 2008

ရင်ခြွေမိုး

ဆူးတွေက အထပ်ထပ်စိုက်
နှလုံးသားက နွမ်းဖတ်လှပြီ
စကားတွေက မညီညာခဲ့
ချစ်တယ်ဆိုတာ မှန်ပါ့မလား ... ရယ်

ရင်ခွင်တစ်ခုလုံး ထစ်ချုန်းနေခဲ့
အထပ်ထပ်ပြိုတော့မယ့် မိုးလို
ငါ့ရင်တခုလုံး ညို့ဆိုင်း အုံ့မိုင်းနေခဲ့
ဘယ်ချိန်ရွာချမယ်မှန်း မသိလိုက်ခင်
ငါ့ရင်ကိုမုန်တိုင်းလို့ခြွေခဲ့တယ် ...

မိုးချစ်သူ

Sunday, March 2, 2008

ဆေးရောင်စုံ ရန်ကုန်

ရင်ခုန်လွယ်ရင်တော့
ရန်ကုန် ကိုမလာနဲ့…..
ရန်ကုန်ဟာ
မျက်နှာပြင်ခြောက်ဖက်အံစာတုန်းလို
တွက်ချက်လို့မရဘူး
ရန်ကုန်ဟာအရောင်စုံတယ်
မာယာပေါတယ်….
ရင့်ကျက်တယ်…
ဘယ်သူကိုမှအတည်တကျလက်မထပ်သလို
ဘယ်သူ့ကိုအသည်းမခွဲဘူး…
ကိုယ့်ဟာကိုယ်အသည်းငယ်တတ်ရင်
ရန်ကုန်နဲ့မပက်သက်နဲ့
ရန်ကုန်ကတော့ မငဲ့ညှာတတ်ဘူး…
အရင်ကတော့ရန်ကုန်ဟာ
ဆည်းဆာထဲက အပျိုမလိုလှတပတ
အခုတော့
ရန်ကုန်ဟာ လင်ဆိုးမယားတဖားဖား
မုဆိုးတပိုင်းမိန်းမရိုင်းကြီးကိုဖြစ်လို့
ရန်ကုန်ရဲ့ဒဿနက
တုံးတိုက်တိုက်ကျားကိုက်ကိုက်
ရဲရင်မင်းဖြစ် မင်းဖြစ်ရင်မင်းခံ
ရန်ကုန်ဟာ
ဟေရာကလိုက်တပ်စ်မြစ်ကိုလည်း
အကြိမ်ကြိမ်ရေချိုးဆင်းဖြစ်တယ်…
သိုက်ဆရာအလိုအရ
ရန်ကုန်ဟာသိုက်နန်းကျတယ်..
ချမ်းသာချင်တဲ့အရူးတွေရောက်ရောက်လာပေါ့
ရန်ကုန်ဟာ
သူ့လင်သူ့သားတွေကို မလေးရှားပို့ပြစ်တယ်
ရန်ကုန်က ရန်တွေဘယ်လောက်စုံစုံရင်မခုန်ဘူးတဲ့
ဒဏ်တွေဘယ်လောက်ကြုံကြုံမဖြုံခဲ့ဘူး…

ရန်ကုန်ဟာရန်တွေကုန်တဲ့အထိ
ထောင်စုရာစုများကိုဖြတ်သန်းလာခဲ့ပြီ

မိုးလှိုင်ည

မြင်ရတဲ့ဂီတ

"အမှန်တရားရေ မင်းတရားလွန်လွန်းပြီ။"

မောင်ချောနွယ်

ရန်ကုန်ဟာ

ပြောရခက်တယ်

အညှာလွယ်တယ်။

ပေါက်ကွဲရန်အသင့်တွေ

ပိုးမွှားတွေ

ဆက်သွယ်ရေးတွေ

ဓါတ်ကြိုးအဟောင်းတွေ

မင်းသားအဟောင်းတွေ။

အမေညစ်တဲ့

အလေအလွင့်တွေ

ဓါတ်ကြိုးတန်းမှာငြိမလား

ဆက်သွယ်ရေးမှာမိမလား။

ဘယ်လိုသတင်း

ဘယ်လိုဒဏ်ရာနဲ့

အိမ်ပြန်လာမလဲ

တဖွဖွ

တထိတ်ထိတ်ကြိတ်မှိတ်လို့။

သူငယ်ချင်းတစ်ယောက်ကပြောတယ်

"အများဆုံးနေရတစ်နှစ်ပေါ့ကွာ"….။

ရန်ကုန်ဟာပိုးမွှားအဆန်းတွေနဲ့ဆန်းတယ်

မာယာများတယ်

သိမ်မွေ့တယ်

လှတယ်

ကျပ်တည်းတယ်

ယဉ်ကျေးစွာယုတ်မာတယ်…။

ရန်ကုန်ဟာအရပ်ရှည်သလောက်

အရိပ်မရှည်ဘူး…။

ဆေးတစ်ခွက်

ထမင်းတစ်နပ်နဲ့

ဘုရားသခင်လုပ်ချင်သူများတယ်…။

ရန်ကုန်ဟာလူတစ်ယောက်ရဲ့ပုံတူလား

လူဆယ်ယောက်ရဲ့ပုံတူလား

လူတစ်ရာရဲ့ပုံတူလား…။

ရန်ကုန်ရဲ့အရိပ်ဟာ ရန်ကုန်ရဲ့အရိပ်လား

ရန်ကုန်ရဲ့အရောင်ဟာ ရန်ကုန်ရဲ့အရောင်လား

ရန်ကုန်ရဲ့အစွန်းအထင်းဟာ

ရန်ကုန်ရဲ့အစွန်းအထင်းလား…။

"မေးခွန်းများဟာ လျှာများကိုအပျင်းပြေစေတယ်။"

သစ္စာနီ

"မေးခွန်းများဟာ ဂျပိုးများပေါက်ဖွားရာအိပ်ရာဖြစ်တယ်"

ဘခေါင်

ရန်ကုန်ဟာပါးလျတယ်

ကြွတ်ဆတ်တယ်

ရွေးရခက်တယ်

ရေစိုမခံဘူး….။

ရန်ကုန်ဟာ

သေရာပါမယ့်

ဆေးမင်ကြောင်တွေများလာတယ်

အတင်းပွထားတဲ့ ဘောင်းဘီတွေပွလာတယ်

အတင်းဖြောင့်ထာတဲ့ ဆံပင်တွေဖြောင့်လာတယ်။

ရန်ကုန်ကအညှာလွယ်တယ်

အမှားလည်းမခံဘူး

ပြီးတော့

အမှန်လည်းမခံဘူး…။…။


ဘခေါင်

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...