Pages

Friday, March 14, 2008

မောရှမ်းပြည်က တေးသီငှက်သို့….



အေဒီ ၂၀၀၈ ရဲ့ မတ်လနွေထဲမှာ

ခင်ဗျားနေရစ်ခဲ့ပြီလား ကိုထီး။

ခင်းဗျားသတင်းက

ညနေခင်းထဲ ခင်ဗျားသီချင်းတွေနဲ့ လွင့်ပျံလာတယ်။

ချန်ပီယံလိဒ်ကြောင့် အိပ်ရေးပျက်နေတတ်တဲ့

ရန်ကုန်မြို့ကဖေးတွေထဲမှာ

ထီးဆိုင် သီချင်းတွေ တကျော့ပြန်လွင့်ပျံလာတယ်။

စတူဒီယို သီချင်းခေတ်ကို

ရင်ခုန်ဖြတ်သန်းလာခဲ့တဲ့

ခင်ဗျားနဲ့ ခေတ်ပြိုင်လူသားတွေ ကြေကွဲနေကြတယ်…။

ဂီတ မိုးကောင်းကင်မှာ

ခင်ဗျားလို ကြယ်တစ်စင်းကို

ဘယ်သူကပြန်ဖန်ဆင်းပေးမှာလည်း…။

ကိုထီး ခင်ဗျားဂုဏ်ယူလိုက်တော့

ခင်ဗျား ကို အိပ်မက်နေတဲ့လူသားတွေ

အသက်ရှင်လျက်ရှိသေးတယ်

ဒေသန္တာရစစ်ပွဲတွေ ၊ရေဂါကပ်ဆိုးတွေနဲ့

အမြဲတမ်းဆူပွက်နေတဲ့ ကမ္ဘာကို

ခင်ဗျား အသံချိုချိုလေးနဲ့ ချော့မြူခဲ့တယ်…။

မျက်မှန်ထူထူ၊စိတ်ထားဖြူဖြူ

မြန်မာသံခပ်ဝဲ၀ဲနဲ့

သီချင်းတွေသယ်လာတဲ့

ရှမ်းပြည်နယ်က ကောင်လေးကို

ကျွန်တော်တို့အားလုံး ဘယ်လိုမေ့ပျောက်လို့ရမှာလဲ

ကိုထီး

ခင်ဗျားသီချင်းတွေကို ကျွန်တော်တို့နှလုံးသားနဲ့သီဆိုနေပေမယ့်

ခင်ဗျားအသံလိုချိုပါ့မလား..

ခင်ဗျားဟန်လိုအနုပညာဆန်ပါ့မလား…။

ကိုထီး

ခင်ဗျားကအနုပညာသမားစစ်စစ်ပါ

ဒဏ်ရာရနေတဲ့နှလုံးသားတွေကို

သံစဉ်ချိုတွေနဲ့ ကယ်တင်ခဲ့တယ်

ကျွန်တော်တို့ ခင်ဗျားအတွက်ဝမ်းနည်းနေယုံနဲ့လုံလောက်ပါ့မလား။

`လူဖြစ်ပြီး အမှန်တရားကို ဖော်ထုတ်ခွင့်မရရင် လူမပီသတော့ဘူး´

စိုင်းခမ်းလိတ်(မွေးနေ့အမှတ်တရစကားမှ)

ဓားမိုးလို့ဆိုခဲ့ရတဲ့သီချင်းတွေအတွက်

ခင်ဗျား အဆိပ်သင့်မနေတော့နဲ့

ကောင်းကင်ဘုံမှာ ခင်ဗျားသီချင်းဆက်ဆိုပါ

ဘယ်သူမှရှောင်လွှဲမရတဲ့ သေခြင်းတရားက

ခင်ဗျားကိုဆွတ်ယူသွားလည်း

ငြိမ်းချမ်းတဲ့သံစဉ်ချိုတွေလွင့်ပျံနေတဲ့

ကမ္ဘာကြီးထဲမှာ

ခင်ဗျားဘယ်တော့မှသေဆုံးမသွားဘူး

ဂုဏ်ယူကျေနပ်လိုက်ပါ….စိုင်းထီးဆိုင်...။


မိုးလှိုင်ည