Sunday, May 31, 2020

တံလျှပ်များ



ကောင်းကင်မှာ ကြယ်တွေရှိတယ်…
ကြယ်တွေမှာတော့ ကောင်းကင်မရှိဘူး..။
အချိန်မှာ အနံ့အရသာ အကောင်အထည် မရှိဖူး
ငါတို့ မတို့မထိ မစပ်ဆက်တဲ့ အမှတ်ရခြင်းတွေရှိတယ်…။
အလင်းနှစ်များစွာ ဖြတ်သန်းပြီး မှောင်ကန်းကန်း
ယဉ်ကျေးမှုထဲ တစ်ယောက်လည်မျိုကို တစ်ယောက် ဓားနဲ့လှီးတယ်…။
ကိုယ့်ဥပဒေနဲ့ ကိုယ်အကာကွယ်ယူလို့
အာကာသထဲကို ပထမဆုံး ရောက်ခဲ့တဲ့ ခွေးတစ်ကောင်ဟာ
လူမျိုး ဘာသာ အသားအရောင် မခွဲခြားသူပါ…။
တီထွင်မှုနဲ့ အတွေးအခေါ်တွေ ပေါများပြည့်လျှံနေတာတောင်
လူသားဟာ မပြည့်စုံနိုင်ဘူး…
အဲဒီအတွက် ကိုးကားချက်တွေလိုတယ်…
ဆုတောင်း ဝတ်ပြုပြီးတာနဲ့ ဘုရားသခင်ကို
စစ်ကြေငြာတော့တာပဲ…
ကိုယ့်ကိုယ်ကို လိမ်ညာထားတာ ဘယ်လောက်ကြာပြီလဲ…
ကျွန်တော်တို့ ငြိမ်းငြိမ်ချမ်းချမ်း သတ်ဖြတ်နေတာ
တရားတော်နဲ့အညီ
ဥပဒေနဲ့အညီ
အမှန်တရားနဲ့အညီ
ပရီမီးယားလိဒ် ဘောလုံးပွဲတွေလို
တစ်ရာသီပြီး တစ်ရာသီ….

မိုးလှိုင်ည

Friday, May 29, 2020

ရန်ကုန်မိုး



            ဒီလို အချိန်တွေဆို လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ရန်ကုန်မိုးကို ကျွန်တော် လွမ်းဆွတ်နေပါတယ်…။ ၂၅ နှစ်ဆိုတာက ရာစုနှစ်ရဲ့ လေးပုံတစ်ပုံဆိုပေမယ့် အခုတော့ လျှပ်စီးလက်သလို ခပ်မြန်မြန် ကုန်ဆုံးသွားတယ်လို့ ခံစားမိနေပါတယ်…။ ရန်ကုန်ဟာ လွန်ခဲ့တဲ့ နှစ်အစိတ်နဲ့ လုံးဝကို ကွဲပြားခြားနားသွားပါပြီ…။ တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ရွာတတ်တာကလွဲရင် ရန်ကုန်မိုး အစိုးမရ ဆိုတာက ရာဇဝင်ထဲက စကားပုံသာ ဖြစ်သွားခဲ့ ပါပြီ…။
            တစ်ချိန်တုန်းကတော့ ရန်ကုန်သူ ရန်ကုန်သားတွေအတွက် လက်မ  ၈၀ ကျော်တဲ့အထိ ဖောဖောသီသီ ရွာတတ်တဲ့မိုးက နှစ်ကာလတွေကြားမှာ သူ့စေတနာတွေ ပါးလျားချို့တဲ့ သွားခဲ့ပြီလား….? တိမ်ညိုမှိုင်းတွေက ရန်ကုန်ကို ခပ်လှမ်းလှမ်းကကြည့်ပြီး အဝေးကို ကွေကွင်းသွားခဲ့ကြတာ ကြာခဲ့ပါပြီ…။ ရန်ကုန်နဲ့မိုးဟာ အခင်မင်ပျက်သွားတဲ့ သူငယ်ချင်းနှစ်ယောက်လို တစ်ယောက်ကို တစ်ယောက် မသိချင်ယောင်ဆောင် တတ်ခဲ့ကြပါပြီ…..။
            ဟိုးအရင် ဒီလိုအချိန်တုန်းကဆို ကတရာလမ်းမတွေပေါ် တဖြောင်းဖြောင်းမြည်အောင် ရွာကျတတ်တဲ့ မိုး…။ မိုးစက်မိုးပေါက်တွေကနေ မိုးရေအမှုန်အမွှားလေးတွေ အဖြစ် ခွဲဖြာထွက်သွားပုံက အစဂရုတစိုက် ကြည့်မိ သူတွေအတွက် ရသမြောက်တဲ့ သဘာဝ အလှလို အနုပညာ ဆန်ခဲ့တဲ့ ရန်ကုန်မိုးပေါ့….။ မြေနီလမ်းလေးတွေ ပျော့အိ ညွတ်နူးသွားအောင် ကျီစားသန်ခဲ့တဲ့ မိုးပေါ့..။ ဖားဂုံညင်းတွေ အုံးအွမ် အုံးအွမ်နဲ့ လှမ်းခေါ်နှုတ်ဆက် တတ်တဲ့ ရန်ကုန်မိုးပေါ့…။ ဆိုရှယ်လစ်ခေတ်လွန်ကာလမှာ ဆင်ခြေဖုံးက ဓနိုမိုးအိမ်လေးတွေပေါ် တဝေါဝေါ တဖြောက်ဖြောက်နဲ့ ညလုံးပေါက် ရွာချတတ်တဲ့မိုး…။ မနက်ခင်းမှာ မြေသင်းနံ့လေးတွေနဲ့ စိမ်းစိုလင်းသန့် နေတတ်တဲ့ သစ်ရွက်တွေအဖျားမှာ ရေစက်လေးတွေ တွဲလွဲခိုတတ်တဲ့မိုး….။ တစ်ရာသီလုံး တိမ်ထူအုံ့မှိုင်း နေတတ်ပြီး စိတ်လိုလက်ရ ရွာချပြီး လင်းချင်းလာတဲ့ နေရောင်ခြည်မှာ သက်တံ့ရောင်ခြည်တွေနဲ့ ကလေးတွေကို ပျော်ရွှင်စေတတ်တဲ့ မိုး….။ ရုံးဆင်းကျောင်းဆင်းချိန်ဆို အချိန်မှန် ကျီစား ရွာချတတ်တဲ့ မိုး…။ ထီးမပါတဲ့ ကလေး လူကြီးတွေက ရန်ကုန်မြို့ ပလက်ဖောင်းကျယ်ပေါ်က ပေါ်တီကိုတွေ အောက်မှာ စုပြုံ မိုးခိုစေတတ်တဲ့ မိုး…။ ရန်ကုန်မြို့ လမ်းဘေး‌ဈေးသည်တွေကို စိတ်ညစ်စေတတ်တဲ့ မိုး…။

            ၉၀လွန်ကာလတွေမှာ ဆင်ကြယ်ဖိနပ်စီး ခိုထီးဆောင်းခဲ့တဲ့ ရန်ကုန်မြို့က အခြေခံမြို့သားတွေဟာ သူတို့မြို့က မိုးကို ဘယ်လိုမှ အငြိုးအတေးမထားခဲ့ပါဘူး..။ ဗွက်ထူထူ လမ်းကလေးတွေကို မိုးမကျခင် ကိုယ့်အားကိုယ်ကိုး ပြင်ဆင်ထားမယ်…။ အိမ်ရှေ့က ရေမြောင်းကိုဖော် ရေတံလျောက်တွေပြင်ဆင် မိုးရွာတုန်း ရေခံဖို့ကြိုးစားရင်း ဘုံပိုင်ရေ၊ ကန်ရေတွေအစား မိုးရေကို ပြောင်းလဲသုံးစွဲမယ်။ ကလေးငယ်တွေ မြိတ်ဖုပျောက် အောင် မိုးရေထွက်ချိုးကြလို့ လူကြီးတွေကဆိုမယ်၊ ကလေးတွေက လက်ဖဝါးတွေ တွန့်ကြေတဲ့အထိ မိုးရွာထဲက ပြန်မလာကြဘူး…။ မိုးထဲလေထဲမှာ အုံးပင်မြင့်မြင့်တွေ ယိမ်းထိုးကတဲ့အလှ ကလေးငယ်တွေက သရက်သီးကြွေတွေ လုကောက်ကြပြီး မိသားစု ထမင်းဝိုင်းမှာ တို့စရာ လတ်လတ်ဆတ်ဆတ် ဖြစ်ခဲ့ရတယ်…။ အခက်အခဲ တချို့ရှိနေပေမယ့် ဂလိုဘယ်လိုက်ဇေရှင်းနဲ့ အပြားမခတ်ခံရသေးတဲ့ ရန်ကုန်ဟာ စိမ်းစိုလတ်ဆက် ပြီးလောဘနည်းခဲ့ဖူးပါတယ်….။
            ၉၀ခုနှစ်တွေရဲ့ နောက်ဆုံးနေ့တွေမှာ ပဲခူးရိုးမက သစ်မာပင်တွေရဲ့ ဈာပနကြောင့် ရန်ကုန်မိုးဟာ မရိုးမသား ဖြစ်လာခဲ့ဖူးတယ်….။ တစ်ခုသော နွေမှာတော့ အယ်နီညိုဆိုတဲ့ စကားလုံးနဲ့ ရန်ကုန်မြို့က သက်ကြီးရွယ်အိုတစ်ချို့ လုပ်ကြံခံခဲ့ရဖူးပါတယ်…။ မြို့သူမြို့သားတွေဟာ မိုးကိုမျော်ခဲ့ကြပေမယ့် အပူလှိုင်းကြောင့် မိုးဟာ အချိန်မှီ မရောက်နိုင်ခဲ့ပါဘူး…။ ရန်ကုန်နဲ့မိုးကြားမှာ နားလည်မှု လွဲမှားခဲ့ပြီ…။ ၂၀၀၀ ပြည့်နှစ်စွန်းစွန်းဟာ ရန်ကုန်အတွက် အလုပ်များတဲ့ နှစ်ကာလတွေ ဖြစ်ပါတယ်…။ ဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုဇုန်တွေ အပြိုင်းအရိုင်းဖြစ်ထွန်းလာတယ်….။ ကမာကြီးနဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ မြို့ပြြဖစ်ထွန်းကျယ်ပြန့် မှုနောက်ကို အားသွန်ခွန်စိုက် လိုက်ပါရတဲ့နောက်မှတော့ ပျဉ်ထောင်သွပ်မိုးဖြစ်ဖြစ်၊ ဓနိမိုးထရံကာ အိမ်ဝိုင်းတွေဖြစ်ဖြစ် ကန်ထရိုက်စနစ်နဲ့ ကွန်ကရစ်လောင်းခံရတဲ့ တိုက်ခန်းတွဲတွေ အဖြစ်ပြောင်းလဲ သွားကြပါတယ်…။ မိသားစု ခြံဝိုင်းတွေထဲက မျိုးဆက်များစွာ လက်ဆင့်ကမ်းခဲ့ရတဲ့ နှစ်ရှည်ပင်တွေနဲ့တော့ ရန်ကုန်မြို့ဟာ ကတီပါလမ်းခွဲဖြစ်ခဲ့ရပါတယ်…။ အဲဒီ အချိန်ကာလတွေမှာပဲ ရန်ကုန်မိုးဟာ သကြန် အကျနေ့ ကနေ ဩဂုတ်စ် လကုန်ထိ နေ့စဉ်ရက်ဆက် ရွာသွန်းပြီး ရန်ကုန်ကို နှုတ်ဆက်သွားခဲ့ပါတယ်…။

            ရန်ကုန်ဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုပူပြင်းလာပြီး မိုးရေချိန်လက်မတွေလည်း နှစ်စဉ်နှစ်တိုင်း ပိုမိုလျော့နည်း လာခဲ့ပါတယ်…။ မြေနီလမ်းတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို ကွန်ကရစ်လောင်းခံရပြီး။ ကန်ထရိုက်တိုက်တွေ ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုမို မြင့်မား များပြားလာခဲ့ပါတယ်…။ စူပါမားကတ်ကြီး ထဲက အေးစိမ့်နေတဲ့ အဲယားကွန်းခန်းထဲကနေ ကော်ဖီသောက်နေတဲ့ ရန်ကုန်ဟာ မီဂါစီးတီး ဖြစ်ဖို့အရေးမှာ မိုးရာသီကို ထည့်မတွေးခဲ့ပါဘူး…။ ဗူးလေးရာ ဖရုံဆင့် ကိုယ့်ဝန်ထုပ် ကိုယ်ပိနေတဲ့ ရန်ကုန်ဟာ နာဂစ်မုန်တိုင်း အပြီးမှာတော့ နောက်ဆုံးပိုင်ဆိုင်ခဲ့တဲ့ သစ်ပင်အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ရပါတယ်…။  တစ်ချိန်က စိမ်းလမ်းသော မြို့တော်ဆိုတဲ့ သရဖူဟာ လောဘတရားနောက်မှာ အရည်ပျော်ပျောက်ရှ သွားခဲ့ပါပြီ…။

            အခုတော့ ဘဂလားပင်လယ်အော်မှာ မုန်တိုင်းတွေဆင်မှ မိုးဟာ ရန်ကုန်ကို အလည်ဝင်တတ် လာပါတယ်…။ တစ်ချိန်က မိုးဘယ်လောက်များများ ရေမလျှံတတ်တဲ့ မြောင်းတွေဟာ တစ်ခါတစ်ရံ ထစ်ချုန်း လာတတ်တဲ့ မိုးကြောင့် ကြိုတင်ပြင်ဆင်မှု အားနည်းတတ်လာပါတယ်…။ ရေဆိုး ရေဝပ်တွေကြောင့် ကလေးငယ်တွေအတွက် သွေးလွန်တုတ်ကွေးနဲ့ အဖျားရောဂါတွေကို မိုးက သယ်ဆောင်ပေးလာခဲ့ပါတယ်…။ ခေတ်ပေါ်တိုးတက်မှုတွေကြောင့် ရန်ကုန်ဟာ သဘာဝပါတ်ဝန်းကျင်နဲ့ ဝေးဝေးနေရင်း သဘာဝါတရားနဲ့ သူစိမ်း ပြင်ပြင် ဖြစ်ခဲ့ရပါတယ်…။ အခါလွန်မိုးတွေကြောင့် ရန်ကုန်ဟာ အချိန်မရွေးဖျားနာတတ်ခဲ့ရပါပြီ…။





မိုးလှိုင်ည


သူ့ဓါတ်ပုံ






မှတ်မှတ်ရရ ကိုယ့်ဘဝမှာ ပထမဆုံး ဓါတ်ပုံရိုက်ခဲ့ဖူးတာက ရန်ကုန်တက္ကသိုလ်ထဲမှာ၊ အဲဒီတုန်းက အမေဘွဲ့ယူတဲ့အခမ်းအနားမှာ လိုက်ရင်း ရိုက်ခဲ့ရတာ အမေတို့ခေတ်တုန်းက စာပေးစာယူအတန်းတွေက ဘွဲ့ရပြီး ဆယ်နှစ်ဝန်းကျင်ကြာပြီးမှ ဘွဲ့နှင်းသဘင် ကျင်းပတာဆိုတော့ အပျိုဘဝက ဘွဲ့ရခဲ့တဲ့အမေက ကိုယ်အသက် ခုနစ်နှစ်၊ ရှစ်နှစ်လောက်မှ ဘွဲ့ယူရတယ်လေ။

သူများတွေ ဓာတ်ပုံရိုက်တာကိုကြည့်ရင်း ကိုယ်လည်း ဓါတ်ပုံရိုက်ချင်လာတယ်။ ဓါတ်ပုံရိုက်တဲ့လူကြီးကိုဦးလေး .. ကျနော်တစ်ယောက်တည်း တစ်ပုံလောက် ရိုက်ပေးပါဆိုတော့ လူကြီးတွေက ဝိုင်းရယ်ကြတယ် .. ဓါတ်ပုံတစ်ပုံလည်း ရိုက်ပေးပါတယ် .. သစ်ပင်ကို လက်တစ်ဖက်နဲ့ တွန်းထားပြီး ခါးထောက်ထားတဲ့ ရန်ကုန်တက္ကသိုလ်ထဲက ဓါတ်ပုံတစ်ပုံ ကိုယ့်မိသားစု အယ်လ်ဘမ်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ဖူးတယ်။ နောက် ကိုယ့်ဘဝအတွက် ရှားရှားပါးပါး ငယ်ဘ၀ ဓါတ်ပုံလေး တစ်ခုပေါ့။

နှစ်ပေါင်းများစွာကြာခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ထဲ မရောက်တာရော၊ ဓါတ်ပုံမရိုက်ဖြစ်တာရောပေါ့ .. အထက်တန်းကျောင်းသားဘဝမှာ ဆူးလေဘုရားအောက်က ဓါတ်ပုံဆိုင်တွေဆီမှာ လိုင်စင်ဓါတ်ပုံရိုက်တာက လွဲလို့ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူး။ ကိုယ်သိပ်စိတ်မဝင်စားတာလည်း ပါမယ်ထင်တယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာ ပိုက်ဆံအပိုကုန်တဲ့ ကိစ္စလို့ စဉ်းစားမိတာကြောင့်လည်း ဖြစ်မယ်။ ပန်းခြံတွေ ဘုရားတွေမှာ ဓါတ်ပုံဆရာတွေက အမှတ်တရ ဓါတ်ပုံရိုက်မလား လာမေးရင် ကိုယ်အမြဲလက်ကာပြမိတယ်။ ဘုရားတွေ ပန်းခြံတွေမှာ အမှတ်တရ ဓါတ်ပုံရိုက်တာ တောကလူတွေပဲ လုပ်ကြတာလို့ ထင်တယ်လေ။ ကိုယ်တစ်သက်လုံး ဒီမြို့မှာနေတာ .. ဒီပန်းခြံ၊ ဒီမြင်ကွင်၊ ဒီဘုရားတွေ၊ ဒီလမ်းတွေကို မျက်မိမှိတ်ထားရင်တောင် အလွတ်သိနေတာမျိုးဆိုတော့ ဓါတ်ပုံရိုက်ခံဖို့ တစ်ခါမှ မတွေးတော့ခဲ့ဖူးဘူး။ အဲဒီတော့ ကိုယ့်မှာ ဓါတ်ပုံရိုက်ခံတဲ့ အမှတ်တရတေါ မရှိခဲ့ဘူးလို့ ဆိုရမှာပဲ။

ဒါပေမယ့် ဘဝဆိုတာ ဖြစ်ဖူးတဲ့အဖြစ်အပျက်တွေ ဆင်တူယိုးမှားတွေ ဖြစ်လေ့ဖြစ်ထရှိတာပဲလား မသိဘူး။ ကိုယ် ရန်ကုန်တက္ကသိုလ်ထကို ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုကိုပဲ အကြောင်းပြုပြီး နောက်တစ်ကြိမ်ထပ်ရောက်ခဲ့ပြန်တယ်။ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ ကိုယ့်မှာ စာအုပ်တစ်အုပ် ပါပါတယ်။ ကံ့ကော်ရိပ်မှာ လက်ဖက်ရည်သောက်ပြီး စာထိုင်ဖတ်ရတာ ဘယ်လောက်အရသာ ရှိကြောင်း အဲဒီနေ့က ကိုယ်သိခဲ့ရတယ်။ သူဘွဲ့နှင်းသဘင်ပြီးလို့ ထွက်လာမှာကို စောင့်ရင်း ဒီဘဝမှာ ဘွဲ့မရတော့မယ့် ကိုယ့်အကြောင်းကိုယ် တွေးမိတယ်။ သူဘွဲ့နှင်းသဘင်ပြီးတော့ စောင့်နေတဲ့ကိုယ့်ကိုယ် တွေ့ချိန်မှာ ပြုံးပြတယ်။ သူ့သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဓါတ်ပုံတွေအမှတ်တရ ရိုက်ကြတာကို ကိုယ်ကြည့်နေမိတယ်။ အဲဒီတုန်းက ကင်မရာသံတွေ၊ ရင်ခုန်သံတွေက ရောထွေးဆူညံနေတယ်။ ကင်မရာဆရာတွေက ဖလင်တစ်ကွက်ပြီးတိုင်း ဖလင်တစ်ကွက်ထပ်ရွှေ့တဲ့ ကလစ်ကတောက်အသံကြီး ကြားနေရတယ်။ လူတွေအတွက် ဘဝမှာ အမှတ်တရ ဓါတ်ပုံတွေဟာ အရေးကြီးတာပေါ့။ ကိုယ်အဲဒီတုန်းက ဓါတ်ပုံမရိုက်ဖြစ်ပြန်ပါဘူး။ ပြီးတော့ တစ်ယောက်တည်းလည်း မရိုက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အဲဒီဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး ကိုယ်တက္ကသိုလ်ထဲ ထပ်ရောက်ဖြစ်ခဲ့တယ်။

နောက်နေ့တွေကျတော့ ကိုယ်သူမနဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်တယ်။ အနာဂါတ်အတွက် ဓါတ်ပုံလှလှလေးတွေ ပိုက်လျက်ပေါ့။ ကိုယ့်ကို သူ့ဓါတ်ပုံတွေ ထုတ်ပြတယ်။ တချို့ပုံတွေထဲမှာ သူဟာ အပြင်ကနဲ့ မတူဘဲ နတ်သမီးတစ်ပါးလှနေတာမျိုးလို့ ကိုယ်ထင်နေမိတယ်။ သူ့ဆီက သူ့ဓါတ်ပုံတချို့ ပေးဖို့ ကိုယ်အရဲစွန့်ပြောကြည့်တယ်။ သူက နောက်တော့ ပေးမှာပေါ့လို့ ရှောင်ထွက်တယ်။ ကိုယ်ကလည်း လူလည်ပဲ .. မသေချာတဲ့အနာဂါတ်ထက် လက်ရှိထဲက နည်းနည်း ဖဲ့ယူမှရမယ်ဆိုတာ သဘောပေါက်တော့ ဓါတ်ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ဓါတ်ပုံတွေကို ယူပြီးကြည့်တယ်။ တက္ကသိုလ်စိန်ဝင်းဓါတ်ပုံနံပါတ်တချို့ကိုယ် ကူးယူလိုက်တယ်။ နာမည်နဲ့ ဓါတ်ပုံနံပါတ်သိရင် ပြန်ကူးလို့ရတယ်ဆိုတာ ကိုယ်သိတယ်လေ။ အဲဒီအချိန်က ဓါတ်ပုံဆရာတွေက သူတို့ဆီမှာ ဓါတ်ပုံတစ်ခါ ရိုက်ပြီး နံပါတ်မှတ်ထားရင် အကြိမ်ကြိမ်ပြန်ကူးလို့ရတယ်။ ဖလင်တော့ ပေးလေ့ပေးထမရှိကြဘူး ..

ကိုယ်ငါးတန်းလောက်က ရိုက်တဲ့ လိုင်စင်ဓါတ်ပုံကို ကျောင်းသားကဒ်တိုင်း သုံးလို့ ဆယ်တန်းရောက်အထိ ကလေးပုံစံပေါက်နေတာကို သူငယ်ချင်းတွေ နောက်ပြောင်ကြတာအမှတ်ရမိသေးတယ်။ သူမက ကိုယ့်ကို ဘယ်တုန်းကမှ ဓါတ်ပုံလက်ဆောင်မပေးခဲ့ပါ။ အဲဒီခေတ်က တစ်ယောက်ကို တစ်ယောက် ဓါတ်ပုံပေးထားကြတယ်ဆိုတာ တော်ရုံတန်ရုံသမီးရည်းစားအဆင့်မှာ မရတတ်ကြဘူး။ ကိုယ်က သူ့ဓါတ်ပုံလေးတွေရဖို့ အရူးအမူးဖြစ်ခဲ့ရဖူးတယ်။

ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်ဖို့ နတ်ဆိုးတစ်ပါးလို ကျိန်စာလိုလိုနဲ့ ကိုယ့်ကံကြမ္မာ ပူးဝင်ခိုကပ်နေတတ်တယ်။ တစ်ခေါက်တော့ သူမရဲ့ လိုင်စင်ဓါတ်ပုံတစ်ပုံကို သူမအိတ်ထဲက ကိုယ် ခိုးယူပြီး ကိုယ့်ပိုက်ဆံအိတ်ထဲ ပြောင်းထည့်ဖူးတယ်။ ကိုယ့်ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေ ပြောင်သလင်းခါသွားတောင် သူ့မ ဓါတ်ပုံလေးကတော့ အမြဲရှိနေခဲ့တယ်။ သူမဓါတ်ပုံဟာ လက်ဖက်ရည် ဝယ်သောက်လို့ မရတာလည်း ပါချင်ပါမှာပေါ့။

သူမဓါတ်ပုံကို နောက်တစ်ခါ ကိုယ် အမြတ်တနိုးသိမ်းထားဖြစ်တဲ့ အဖြစ်အပျက်လေးလည်း ရှိတယ်။ အဲဒီခေတ်က မိန်းကလေးတချို့လုပ်တတ်တဲ့ အတိုင်း အလှအပ မဂ္ဂဇင်းတွေမှာ သူတို့ ပုံပါလာအောင် ကဗျာလေးတွေနဲ့ တွဲပို့တတ်တယ်။ အလှအပမဂ္ဂဇင်းတွေကလည်း သူတို့ ပရိသတ်ထဲက ကောင်းနိုးရာရာပုံလေးတွေကို ထည့်ပြီး ဖော်ပြပေးတတ်ကြတယ်။ သူက သူ့ဓါတ်ပုံနဲ့ သူ့ သူငယ်ချင်း ကဗျာ တွဲပို့လိုက်တာ မဂ္ဂဇင်းမှာ ပါလာတဲ့အကြောင်း ကိုယ့်ရှေ့ မပျက်မကွက် လာကြွားခဲ့တယ်။ ကိုယ်ကလည်း မဂ္ဂဇင်းနာမည် မှတ်ထားပြီး စာအုပ်ဆိုင်က အဲဒီမဂ္ဂဇင်းကို သွားငှားတယ်။ စာအုပ်ငှားတဲ့အမျိုးသမီးကြီးရဲ့ မယုံသင်္ကာအကြည့်ကို မသိချင်ယောင်ဆောင်ပြီး အဲဒီစာမျက်နှာကို ကဒ်ကြေးနဲ့ ညှပ်ယူထားလိုက်တယ်။ တစ်ယောက်ယောက်များ အဲဒီလို ခံရဖူးတယ်ဆိုရင် ငယ်သေးတဲ့အရွယ်မို့ မှားမိတာကို ခွင့်လွှတ်ပါလို့ ဒီနေရာကပဲ တောင်းပန်ပါတယ်။ အဲဒီဓါတ်ပုံလေးကို ကိုယ့်ဒိုင်ယာရီစာအုပ် ရှေ့ဆုံးမှာ ကပ်ထားလိုက်တယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ကိုယ့်ဆီမှာ ရှိနေခဲ့ဖူးတဲ့ သူ့ဓါတ်ပုံလေးပေါ့။

တကယ်တော့ လူတွေဟာ မရှိတော့တဲ့ အချိန်ကာလထဲမှာ နေထိုင်ကြဖူးသူတွေချည်းပါပဲ။ သူနဲ့ကိုယ်ကို အချိန်ကာလပဲ တွေဆုံပေးခဲ့ပြီး အချိန်ကာလကပဲ ဝေးကွာစေခဲ့ပါတယ်။ လူငယ်ဘဝမှာ အသေးစား ဝေးကွာမှုတွေဟာ တစ်ကိုယ်တော် ကမ္ဘာပျက်တာပါပဲ။ ကိုယ်လည်း ရင်ထဲမှာ တတိယကမ္ဘာစစ် ဖြစ်ခဲ့ဖူးတယ်။ သူနဲ့ဝေးကွာပြီး လွမ်းဆွတ်ရတာဟာ အဲဒီအချိန်က ဘယ်လိုတရားနဲ့မှ ဖြေလို့မရခဲ့ဘူး။ ကိုယ်တက္ကသိုလ်ဘက် ခြေဦးလှည့်ခဲ့တယ်။ သူ့ဓါတ်ပုံလေးတွေကို နံပါတ်မှတ်ထားတဲ့စာရွက်လေးကိုင်လို့ပေါ့။ ကံ့ကော်ပင်ရိပ်က အေးအေးလူလူ ဓါတ်ပုံဆရာကြီးနဲ့တွေတော့ နောက်တစ်ပတ်ရက်ချိန်မှာ ဓါတ်ပုံတွေ ရမယ်ပေါ့။ ဒါပေမယ့် ကံတရားဟာ ကိုယ့်အပေါ်မိုးလိုက်ရွာတုန်းပဲ၊ အမှတ်တမဲ့ဘောင်းဘီ ဝတ်သွားလို့ တက္ကသိုလ်ထဲဝင်လို့မရဘူးဆိုတဲ့ ခေတ်ကြီးကို ကိုယ်ကြုံခဲ့ရတယ်။ အဲဒီလိုနဲ့ ရက်ချိန်းတွေ နောက်ရွှေ့သွားပြီး တစ်ပုံကို ၃၅ ကျပ်နဲ့ သူ့ဓါတ်ပုံတွေ ရွေးယူပြီးကာမှ ပိုက်ဆံတွေမကျန်တော့လို့ ကိုယ်နေတဲ့ ဆင်ခြေဖုံးမြို့နယ်ဆီကို လမ်းလျှောက် ပြန်ခဲ့ရတာ အမှတ်ရမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် မိုးကလေးတဖွဲဖွဲနဲ့ပေါ့။ ဒါပေမယ့် ကိုယ်တက်ကြွနေခဲ့တယ်။ ဆုတံဆိပ်တွေ လွယ်ပိုးထားတဲ့ အောင်ပွဲရစစ်သည်အလားသူ့ဓါတ်ပုံလေးတွေဟာ ကိုယ့်အသည်းကွဲရပ်ဝန်းအတွက် ငြိမ်းချမ်းရေးလက်နက်တွေပဲကို

စစ်ပြီးခေတ် မိသားစုတွေ ပြန်ဆုံသလို ကံကြမ္မာကလည်း သူနဲ့ကိုယ့်ကို အံ့သြဖွယ်ရာ ပြန်လည် တွေ့ဆုံခွင့်ပေးလိုက်ပြန်ပါတယ်။ ဘဝထဲက ပျော်ရွှင်ဖွယ် ခပ်မြန်မြန်အချိန်တချို့ကို သူလည်း ပြန်လည်ရရှိခဲ့တယ်။ ကိုယ်သူ့ကို အလွတ်ဖြေခဲ့ရတဲ့ ဓါတ်ပုံတွေ ထုတ်ပြတော့ သူ့မျက်ခုံးလေးတွေက ပြုံးနေတာ သိပ်လှတယ်လို့ ကိုယ်သတိထားမိခဲ့တယ်။ တကယ်တော့ ဘဝဆိုတာ နွေရာသီချည်းပဲမှ မဟုတ်တာ။ အချိန်တချို့ကုန်ဆုံးသွားတော့ မုန်းတိုင်းရာသီထဲ အဖြစ်အပျက်တွေ တိုးဝင်လာခဲ့တယ်။ သူနဲ့ကိုယ် ကြီးကြီးမားမား ကွဲကွာသွားကြတယ်။ သူ့ဓါတ်ပုံတွေလည်း စိတ်လိုလက်ရပြန်ပေးခဲ့မိတယ်။ လိုင်စင်ဓာတ်ပုံလေး တစ်ပုံက လွဲရင်ပေါ့။ မုန်တိုင်းထန်နေတဲ့ ကာလတစ်လျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ပဲ နေသားကျအောင်လည်း နေထိုင်ခဲ့ရတာပဲ။ အချိန်ကာလကပဲ ကိုယ်တို့တွေကို ကြီးရင့်လာအောင် ဆွဲခေါ်သွားနေတော့တယ်။

မော်တော်ကားသစ်တွေ လမ်းမပေါ် တစ်စီးပြီးတစ်စီး ပြေးလွှားနေတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ဖုန်းတွေတရွယ်ရွယ်လုပ်နေကြပြီး ဆန္ဒပြပွဲတွေတစ်ခုပြီး တစ်ခုဖြစ်နေတဲ့ အချိန်ကာလထဲ ကိုယ်ရောက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေက အရင်ကမထင်မှတ်ထားတဲ့ ဈေးနှုန်းတွေ၊ တိုက်ကြီးတွေက မမျှော်လင့်နိုင်အောင် မြင့်မားပြီး လမ်းတွေကလည်း မယုံကြည်နိုင်လောက်အောင် ကောင်းလာတယ်။ လူတွေက လက်ကိုင်ဖုန်းကိုယ်စီနဲပပေါ့။ သူ့ကို သတိရစိတ်မီးခဲလေးက ကိုယ့်ကို ဆိုရှယ်နက်ဝါ့ခ်ထဲ တွန်းထိုးခေါ်ဆောင်သွားခဲ့တယ်။ ဆင်တူရိုးမှားနာမည်တွေ အမျိုးမျိုးကြားမှာ သူ့ဓါတ်ပုံလေးကို ခက်ခက်ခဲခဲ ကိုယ်ရှာတွေ့ခဲ့တယ်။ သူငယ်ချင်းအဖြစ် လက်ခံပေးပါဆိုတဲ့ အကြောင်းကြားချက်နဲ့ပေါ့။ ညစာစားပွဲ၊ ဘုရားမှာတို့၊ ဝတ်ရွတ်နေတယ်တို့၊ အပန်းဖြေခရီးစဉ်၊ နာရေး၊ ဆေးရုံပေါ်မှာနောက်ဆုံးပျင်းနေပြီတို့က အစပေါ့၊ ကိုယ်ဝမ်းသာရမှာလားဝမ်းနည်းရမှာလားလှနေတုန်းဆိုပေမယ့် အရစ်ရစ်ထနေတဲ့ အဆီတုံးကြီးကိုသူ့ထက်စာရင် သူ့သမီးလေးကမှ သူငယ်ငယ်ကနဲ့ ဆင်ဆင်တူသေးတယ်။ ဒါပေမယ့် သူ့အမေလိုပဲ ဓါတ်ပုံတွေ တစ်လှေကြီးနဲ့ ဆိုရှယ်နက်ဝါ့ခ်ပေါ်မှာ .. ဒီကလေးမလေးရဲ့ ဓါတ်ပုံတွေကိုရော .. သူနဲ့ရွယ်တူကောင်လေးတွေက အမြတ်တနိုးသိမ်းထားကြမှာလား။

တယ်လီဖုန်းထဲ ဘယ်ပညာရှင်တွေက လက်ဆော့ပြီး ကင်မရာတွေ ထည့်ပေးလိုက်လဲ သူမသိပါ။ ဒါပေမယ့် လူတွေက အချိန်တိုင်းအမှတ်တရ ဓါတ်ပုံတွေ ရိုက်နေကြတော့ အမြတ်တနိုး တန်ဖိုးထားမှုတွေ ယုတ်လျော့သွားမလား တွေးပူနေမိပါတယ်။ ဒါပေမယ့် သူနဲ့လည်း သိပ်တော့ မသက်ဆိုင်ပါ .. သူ့အဖြူအမဲ လိုင်စင်ဓါတ်ပုံလေးတော့ ကိုယ့်ပိုက်ဆံအိတ်အဟောင်းလေးထဲ ကျန်ရှိနေတုန်းပါပဲ။


မိုးလှိုင်ည





“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...