ဒီလို
အချိန်တွေဆို လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ရန်ကုန်မိုးကို ကျွန်တော် လွမ်းဆွတ်နေပါတယ်…။
၂၅ နှစ်ဆိုတာက ရာစုနှစ်ရဲ့ လေးပုံတစ်ပုံဆိုပေမယ့် အခုတော့ လျှပ်စီးလက်သလို ခပ်မြန်မြန်
ကုန်ဆုံးသွားတယ်လို့ ခံစားမိနေပါတယ်…။ ရန်ကုန်ဟာ လွန်ခဲ့တဲ့ နှစ်အစိတ်နဲ့ လုံးဝကို
ကွဲပြားခြားနားသွားပါပြီ…။ တစ်ခါတစ်ရံ စိတ်လိုက်မာန်ပါ ရွာတတ်တာကလွဲရင် ရန်ကုန်မိုး
အစိုးမရ ဆိုတာက ရာဇဝင်ထဲက စကားပုံသာ ဖြစ်သွားခဲ့ ပါပြီ…။
တစ်ချိန်တုန်းကတော့ ရန်ကုန်သူ ရန်ကုန်သားတွေအတွက်
လက်မ ၈၀ ကျော်တဲ့အထိ ဖောဖောသီသီ ရွာတတ်တဲ့မိုးက
နှစ်ကာလတွေကြားမှာ သူ့စေတနာတွေ ပါးလျားချို့တဲ့ သွားခဲ့ပြီလား….? တိမ်ညိုမှိုင်းတွေက
ရန်ကုန်ကို ခပ်လှမ်းလှမ်းကကြည့်ပြီး အဝေးကို ကွေကွင်းသွားခဲ့ကြတာ ကြာခဲ့ပါပြီ…။ ရန်ကုန်နဲ့မိုးဟာ
အခင်မင်ပျက်သွားတဲ့ သူငယ်ချင်းနှစ်ယောက်လို တစ်ယောက်ကို တစ်ယောက် မသိချင်ယောင်ဆောင်
တတ်ခဲ့ကြပါပြီ…..။
ဟိုးအရင်
ဒီလိုအချိန်တုန်းကဆို ကတရာလမ်းမတွေပေါ် တဖြောင်းဖြောင်းမြည်အောင်
ရွာကျတတ်တဲ့ မိုး…။ မိုးစက်မိုးပေါက်တွေကနေ မိုးရေအမှုန်အမွှားလေးတွေ အဖြစ် ခွဲဖြာထွက်သွားပုံက
အစဂရုတစိုက် ကြည့်မိ သူတွေအတွက် ရသမြောက်တဲ့ သဘာဝ အလှလို အနုပညာ ဆန်ခဲ့တဲ့ ရန်ကုန်မိုးပေါ့….။
မြေနီလမ်းလေးတွေ ပျော့အိ ညွတ်နူးသွားအောင် ကျီစားသန်ခဲ့တဲ့ မိုးပေါ့..။ ဖားဂုံညင်းတွေ
အုံးအွမ် အုံးအွမ်နဲ့ လှမ်းခေါ်နှုတ်ဆက် တတ်တဲ့ ရန်ကုန်မိုးပေါ့…။ ဆိုရှယ်လစ်ခေတ်လွန်ကာလမှာ
ဆင်ခြေဖုံးက ဓနိုမိုးအိမ်လေးတွေပေါ် တဝေါဝေါ တဖြောက်ဖြောက်နဲ့ ညလုံးပေါက် ရွာချတတ်တဲ့မိုး…။
မနက်ခင်းမှာ မြေသင်းနံ့လေးတွေနဲ့ စိမ်းစိုလင်းသန့် နေတတ်တဲ့ သစ်ရွက်တွေအဖျားမှာ ရေစက်လေးတွေ
တွဲလွဲခိုတတ်တဲ့မိုး….။ တစ်ရာသီလုံး တိမ်ထူအုံ့မှိုင်း နေတတ်ပြီး စိတ်လိုလက်ရ ရွာချပြီး
လင်းချင်းလာတဲ့ နေရောင်ခြည်မှာ သက်တံ့ရောင်ခြည်တွေနဲ့ ကလေးတွေကို ပျော်ရွှင်စေတတ်တဲ့
မိုး….။ ရုံးဆင်းကျောင်းဆင်းချိန်ဆို အချိန်မှန် ကျီစား ရွာချတတ်တဲ့ မိုး…။ ထီးမပါတဲ့
ကလေး လူကြီးတွေက ရန်ကုန်မြို့ ပလက်ဖောင်းကျယ်ပေါ်က ပေါ်တီကိုတွေ အောက်မှာ စုပြုံ မိုးခိုစေတတ်တဲ့
မိုး…။ ရန်ကုန်မြို့ လမ်းဘေးဈေးသည်တွေကို စိတ်ညစ်စေတတ်တဲ့ မိုး…။
၉၀လွန်ကာလတွေမှာ
ဆင်ကြယ်ဖိနပ်စီး ခိုထီးဆောင်းခဲ့တဲ့ ရန်ကုန်မြို့က အခြေခံမြို့သားတွေဟာ သူတို့မြို့က
မိုးကို ဘယ်လိုမှ အငြိုးအတေးမထားခဲ့ပါဘူး..။ ဗွက်ထူထူ လမ်းကလေးတွေကို မိုးမကျခင် ကိုယ့်အားကိုယ်ကိုး
ပြင်ဆင်ထားမယ်…။ အိမ်ရှေ့က ရေမြောင်းကိုဖော် ရေတံလျောက်တွေပြင်ဆင် မိုးရွာတုန်း ရေခံဖို့ကြိုးစားရင်း
ဘုံပိုင်ရေ၊ ကန်ရေတွေအစား မိုးရေကို ပြောင်းလဲသုံးစွဲမယ်။ ကလေးငယ်တွေ မြိတ်ဖုပျောက်
အောင် မိုးရေထွက်ချိုးကြလို့ လူကြီးတွေကဆိုမယ်၊ ကလေးတွေက လက်ဖဝါးတွေ တွန့်ကြေတဲ့အထိ
မိုးရွာထဲက ပြန်မလာကြဘူး…။ မိုးထဲလေထဲမှာ အုံးပင်မြင့်မြင့်တွေ ယိမ်းထိုးကတဲ့အလှ ကလေးငယ်တွေက
သရက်သီးကြွေတွေ လုကောက်ကြပြီး မိသားစု ထမင်းဝိုင်းမှာ တို့စရာ လတ်လတ်ဆတ်ဆတ် ဖြစ်ခဲ့ရတယ်…။
အခက်အခဲ တချို့ရှိနေပေမယ့် ဂလိုဘယ်လိုက်ဇေရှင်းနဲ့ အပြားမခတ်ခံရသေးတဲ့ ရန်ကုန်ဟာ စိမ်းစိုလတ်ဆက်
ပြီးလောဘနည်းခဲ့ဖူးပါတယ်….။
၉၀ခုနှစ်တွေရဲ့
နောက်ဆုံးနေ့တွေမှာ ပဲခူးရိုးမက သစ်မာပင်တွေရဲ့ ဈာပနကြောင့် ရန်ကုန်မိုးဟာ မရိုးမသား
ဖြစ်လာခဲ့ဖူးတယ်….။ တစ်ခုသော နွေမှာတော့ အယ်နီညိုဆိုတဲ့ စကားလုံးနဲ့ ရန်ကုန်မြို့က
သက်ကြီးရွယ်အိုတစ်ချို့ လုပ်ကြံခံခဲ့ရဖူးပါတယ်…။ မြို့သူမြို့သားတွေဟာ မိုးကိုမျော်ခဲ့ကြပေမယ့်
အပူလှိုင်းကြောင့် မိုးဟာ အချိန်မှီ မရောက်နိုင်ခဲ့ပါဘူး…။ ရန်ကုန်နဲ့မိုးကြားမှာ နားလည်မှု
လွဲမှားခဲ့ပြီ…။ ၂၀၀၀ ပြည့်နှစ်စွန်းစွန်းဟာ ရန်ကုန်အတွက် အလုပ်များတဲ့ နှစ်ကာလတွေ
ဖြစ်ပါတယ်…။ ဖွံ့ဖြိုးတိုးတက်မှုအတွက် စက်မှုဇုန်တွေ အပြိုင်းအရိုင်းဖြစ်ထွန်းလာတယ်….။
ကမာကြီးနဲ့ နီးနီးကပ်ကပ်ဆက်ဆံဖို့ မြို့ပြြဖစ်ထွန်းကျယ်ပြန့် မှုနောက်ကို အားသွန်ခွန်စိုက်
လိုက်ပါရတဲ့နောက်မှတော့ ပျဉ်ထောင်သွပ်မိုးဖြစ်ဖြစ်၊ ဓနိမိုးထရံကာ အိမ်ဝိုင်းတွေဖြစ်ဖြစ်
ကန်ထရိုက်စနစ်နဲ့ ကွန်ကရစ်လောင်းခံရတဲ့ တိုက်ခန်းတွဲတွေ အဖြစ်ပြောင်းလဲ သွားကြပါတယ်…။
မိသားစု ခြံဝိုင်းတွေထဲက မျိုးဆက်များစွာ လက်ဆင့်ကမ်းခဲ့ရတဲ့ နှစ်ရှည်ပင်တွေနဲ့တော့
ရန်ကုန်မြို့ဟာ ကတီပါလမ်းခွဲဖြစ်ခဲ့ရပါတယ်…။ အဲဒီ အချိန်ကာလတွေမှာပဲ ရန်ကုန်မိုးဟာ
သကြန် အကျနေ့ ကနေ ဩဂုတ်စ် လကုန်ထိ နေ့စဉ်ရက်ဆက် ရွာသွန်းပြီး ရန်ကုန်ကို နှုတ်ဆက်သွားခဲ့ပါတယ်…။
ရန်ကုန်ဟာ တစ်နှစ်ထက်တစ်နှစ်
ပိုမိုပူပြင်းလာပြီး မိုးရေချိန်လက်မတွေလည်း နှစ်စဉ်နှစ်တိုင်း ပိုမိုလျော့နည်း လာခဲ့ပါတယ်…။
မြေနီလမ်းတွေဟာ တစ်နှစ်ထက်တစ်နှစ် ပိုမို ကွန်ကရစ်လောင်းခံရပြီး။ ကန်ထရိုက်တိုက်တွေ
ကလည်း တစ်နှစ်ထက်တစ်နှစ်ပိုမို မြင့်မား များပြားလာခဲ့ပါတယ်…။ စူပါမားကတ်ကြီး ထဲက အေးစိမ့်နေတဲ့
အဲယားကွန်းခန်းထဲကနေ ကော်ဖီသောက်နေတဲ့ ရန်ကုန်ဟာ မီဂါစီးတီး ဖြစ်ဖို့အရေးမှာ မိုးရာသီကို
ထည့်မတွေးခဲ့ပါဘူး…။ ဗူးလေးရာ ဖရုံဆင့် ကိုယ့်ဝန်ထုပ် ကိုယ်ပိနေတဲ့ ရန်ကုန်ဟာ နာဂစ်မုန်တိုင်း
အပြီးမှာတော့ နောက်ဆုံးပိုင်ဆိုင်ခဲ့တဲ့ သစ်ပင်အားလုံးနီးပါး ဆုံးရှုံးသွားခဲ့ရပါတယ်…။ တစ်ချိန်က စိမ်းလမ်းသော မြို့တော်ဆိုတဲ့ သရဖူဟာ
လောဘတရားနောက်မှာ အရည်ပျော်ပျောက်ရှ သွားခဲ့ပါပြီ…။
အခုတော့ ဘဂလားပင်လယ်အော်မှာ
မုန်တိုင်းတွေဆင်မှ မိုးဟာ ရန်ကုန်ကို အလည်ဝင်တတ် လာပါတယ်…။ တစ်ချိန်က မိုးဘယ်လောက်များများ
ရေမလျှံတတ်တဲ့ မြောင်းတွေဟာ တစ်ခါတစ်ရံ ထစ်ချုန်း လာတတ်တဲ့ မိုးကြောင့် ကြိုတင်ပြင်ဆင်မှု
အားနည်းတတ်လာပါတယ်…။ ရေဆိုး ရေဝပ်တွေကြောင့် ကလေးငယ်တွေအတွက် သွေးလွန်တုတ်ကွေးနဲ့ အဖျားရောဂါတွေကို
မိုးက သယ်ဆောင်ပေးလာခဲ့ပါတယ်…။ ခေတ်ပေါ်တိုးတက်မှုတွေကြောင့် ရန်ကုန်ဟာ သဘာဝပါတ်ဝန်းကျင်နဲ့
ဝေးဝေးနေရင်း သဘာဝါတရားနဲ့ သူစိမ်း ပြင်ပြင် ဖြစ်ခဲ့ရပါတယ်…။ အခါလွန်မိုးတွေကြောင့်
ရန်ကုန်ဟာ အချိန်မရွေးဖျားနာတတ်ခဲ့ရပါပြီ…။
မိုးလှိုင်ည
No comments:
Post a Comment