Monday, September 24, 2007

ငါ့ရင်ထဲမှာနက်ရှိုင်းခဲ့ပြီ…စက်တင်ဘာ

၂၀၀ရ စက်တင်ဘာ
ငါ့ရင်ကို ထိုးခွဲဝင်လာပြီ…
နာကျင်ခံခက် လက်သီးတွေကျစ်ကျစ်ဆုပ်
မျက်ရည်တွေတွေကျ
နှလုံးသားကိုဓားရှသလို…
ဘုရားသားတော်တွေကိုမှ
ဓါတ်တိုင်ကြိုးတုပ်ရိုက်နှက်တတ်သတဲ့လေ
ကမ်းကုန်အောင်အစွမ်းကုန်ယုတ်မာပေါ့
အာဏာရှင်ရယ်….
ကမ္ဘာကျေသော်မှဥဒါန်းမကျေနိုင်..
ငါတို့မှာအံကျိတ်ရင်းကြေကွဲ
သွေးအသက်မျက်ရည်ကလွဲလို့
ငါတို့ပြည်ကိုဘာပေးမလဲ….။

လွန်ခဲ့တဲ့၁၉နှစ်…
ငါခြောက်နှစ်သားဘဝ
သိဟ်ရာသီဖွား ၈ ဂဏန်းသမားငါ
မွေးနေ့မှာ အမေက
ထမင်းသုပ်လေးနယ်ဖတ်ကျွေးဖို့
သားရေ လမ်းထိပ်မှာပဲမှုန့်လေးသွားဝယ်ဆိုတော့
ကလေးပီပီပြေးထွက် လမ်းပ်ါမှာလေ
ငါမြင်ရတာက
စစ်ကားသုံးစီး…
လူတွေကစစ်ကားကိုခိုးကြည့်
ကျောင်းသားတွေတက်လာပြီဒုက္ခပါပဲ
ညည်းသူကညည်း
သတိပေးဖို့ကြိုးစားသူကကြိုးစား
တားချင်သူကတားဗျာများကြတဲ့ကြားထဲ
ရိုင်ဖယ်သံတစ်ဂျိမ်းဂျိမ်း
ပေတစ်ရာလမ်းမှာသွေးအလိမ်းလိမ်း
ဒီမိုကရေဆီတောင်းတာနဲ့
၁၆ နှစ်သားဟာ နိုင်ငံတော်လုပ်ကြံမှုကိုစီမံ
သူတို့အမြင်မှာသေဒဏ်
ဒီလိုနဲ့ ငါ့မြင်ကွင်းတွေေ၀၀ါး
လမ်းပေါ်မှာ လူအုပ်လိုက်သွား
ကိုယ့်နစ်နာမှုကိုတောင်းဆိုတာ
တခြားကမ္ဘာမှာပဲရှိတယ်ထင်ခဲ့
ငါတို့အတွက်မဟုတ်ဘူး…

ငါ့အသက် ၂၆
ဘယ်တစ်ယောက်ကိုမှမဲမပေးဘူးဖူး
ငါ့တို့လူ့အဖွဲ့အစည်းကို ငါတို့ယုံကြည်တဲ့
ခေါင်းဆောင်ဦးဆောင်ခွင့်ပေးဖို့ တောင်းဆိုလို့မရ
ငါ့ရဲ့နိုင်ငံသားဖြစ်ခွင့်ဟာ
တန်ဖိုးရှိရဲ့လား
စစ်ဖိနပ် အောက်မှာငါရဲ့နိုင်ငံသားချင်းတွေရဲ့
ဂုဏ်သိက္ခာတွေကျိုးကျေခဲ့ရပြီ
သားပျောက်ရှာတဲ့ငါ့အဘွား
ထောင်နာမည်အမျိုးမျိုးကိုအလွတ်ရသွားခဲ့တယ်
အမေ့ကငါ့ကို နိုင်ငံရေးနဲ့မပက်သက်ဖို့
အမျိုးမျိုးနားချတယ် သူ့ရင်ထဲမှာလည်း
ဒဏ်ရာတွေရသွားဖူးတာကို….။

ဒါပေမယ့်နိုင်ငံရေးကို
နိုင်ငံသားတွေမှမလုပ်ရင် ဘယ်သူတွေလုပ်ဖို့လဲ
အုပ်ချုပ်ခံဝါဒဟာနှစ်ပေါင်းရာချီနောက်ကျခဲ့ပြီ
လူဆိုတာကိုယ့်ကိုကိုယ်အုပ်ချုပ်ရတယ်
ကိုယ်လုပ်ရပ်ကိုယ်တာဝန်ယူ
တူညီမျှတတဲ့ ဥပဒေအောက်မှာ
ဘယ်သူ့ကိုမှမော်ဖူးစရာမလိုဘူး
ဒီလိုငါမျော်လင့်ခဲ့ဖူးတယ်….။


ဒီလိုနဲ့နှစ်တွေသာကြာ
၂၀၀ရ စက်တင်ဘာမိုးစက်တွေကြား
လောကသစ္စာတရားဟာ
လမ်းလျှောက်ထွက်လာခဲ့ပေါ့…
ဗုဒ္ဒသားတော်တွေက
တစ်နိုင်ငံလုံးအတွက်လမ်းပေါ်ထွက်ပြီ
ဝေနေယျ အများအတွက်မေတ္တာဓါတ်စည်းဖျန်း
မကျွတ်လွတ်နိုင်သေးတဲ့ တစ္ဆေတွေအတွက်ပါ
အမျှဝေလေရဲ့
မိုးတွေရွှဲတဲ့စက်တင်ဘာပေါ့
သမိုင်းတစ်ခေတ်မှာသန့်စင်မှုနဲ့နက်ရှိုင်းစေခဲ့ပြီ…။


မိုးလှိုင်ည

Friday, September 21, 2007

ကိုဖြိုးမင်းနဲ့ငါဘယ်သွားမလဲ

ကိုဖြိုး မင်းကအသစ်တွေရှာလာတယ်
မင်းက ဒဏ်ရာဟောင်းတွေကို
ကုထုံးသစ်နဲ့ကုတယ်
အိပ်မက် အသစ်တွေကို
ညအဟောင်းထဲထိုးထည့်တယ် ။

ဘ၀ဟာအလောင်းအစားဆိုရင်
မင်းကမနက်ဖြန်တွေပုံအောထည့်မယ်
လောကသစ်တစ်ခုပေးမလား
ဖန်ဆင်းရှင်တောင် ပါးစပ် အဟောင်းသား
ငါတို့ထွက်သွားတော့မယ်တဲ့
မင်းငါ့ကိုအဖော်စပ် တယ်
သံသရာမှာ ရက်မလည်သေးဘူး
ဘယ်သူ့ဈာပနကို ငါတို့ လိုက် ပို့ကြမှာလဲ…
ကဗျာတွေသေသွားကြပြီလေ…

ဘယ်သူမှမရောက်နှင့်သေးတယ့်
ကျောက်ခေတ်တစ်ခုကို
ငါတို့ ကဗျာ နဲ့ တည်ဆောက် …..
ထွက်ပြေးခြင်းဝါဒနဲ့ မသက်ဆိုင်တဲ့
သိမ်းပိုက်ခြင်းဝါဒနဲ့ ဆန့်ကျင်ပြီး
ခံစားချက် ကိုလိုနီတွေလွတ်မြောက်ဖို့

ယဉ်ကျေးမှုတံတိုင်းတဲ့
လူရိုင်းတွေသုံးနှုန်းတဲ့အတိုင်း
ဘ၀ကို အရင်းအတိုင်းတင်ဆက်ဖို့

ကိုဖြိုး မင်းက ကမ်းခြေအသစ်တွက်
ရွက်တိုင် အဟောင်းတွေကိုဖျက်ချခဲ့ပြီလား…။

မိုးလှိုင်ည

ခပ်ညံ့ညံ့မိုးလှိုင်ညသို့….

ဟေ့မိုးလှိုင်ည သူများစိတ်တိုင်းကျနေရအောင်
မင်းကအရုပ်လား
မင်းရင်ထဲက အသည်းနှလုံးဆိုတာ လှိုင်းဒဏ်ကြားမှာ
နစ်မြုပ်သွားမယ့် သစ်ငုတ်တိုလား
ထားစမ်းပါကွာ နားစမ်းပါ
သူများစိတ်တိုင်းကျနေရအောင် မင်းက ဘာကောင်တုန်း
ဒီမယ် ကဗျာဆရာမိုးလှိုင်ည ...
ငါကတော့ မိုဒီလျာနီလည်းမသိဘူး
ယန်းပေါဆတ်လည်း မသိဘူး
အိုကွာ ကုန်ကုန်ပြောလိုက်မယ်
မိုးလှိုင်ညကိုလည်း မသိဘူး
ငါသိတာက .. မင်းရယ် ငါရယ် ကဗျာရယ် အနုပညာရယ် ..
ဖော်ဝေး အောင်ချိမ့်မောင်ချောနွယ်မှမဟုတ်ပါဘူး
ညီညီ မိုးလှိုင်ည ဆိုရင်လည်းပဲ ကဗျာတစ်ခေတ်ဖြစ်ကျန်ရစ်မှာပါပဲ
စိတ်ကူးယဉ်ချစ်ကဗျာဆိုတာ ရည်းစားစာရေးဖို့ကောင်းရုံလေးပါ
ထားခဲ့ပါကွာနားခဲ့ပါ
ခဏတာဖြစ်ဖြစ် ထာဝရဖြစ်ဖြစ် မင်းကနားခဲ့ပါ
မင်းလိုချင်တာဘာလဲဆိုတာ မင်းသိပါ
သူများပြောတိုင်းရေးရအောင် မင်းကိုဘယ်သူက ထမင်းကျွေးထားတာတုန်း
မင်းဟာမင်းပဲ လောကကို ကုန်းပြီးဆက်ကာ ဆက်ကာ ကြည့်နေစမ်းပါကွာ

ကိုဖြိုး

Thursday, September 20, 2007

အနမ်းဟာပေါင်မုန့်ဖြစ်တယ်

ပေါင်မုန့်လေးတစ်ယောက်တစ်ခြမ်း
တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်နမ်းမိသလိုပဲ
ကျေနပ်စရာပါ ဖေဖော်ဝါရီ
မင်းနှုတ်ခမ်းဖျားလေးနဲ့ဖိခြေလိုက်တဲ့ ပေါင်မုန့်ဟာ
ငါ့နှလုံးသားကို နွေးထွေးစေပါတယ်

အေးစက်နေတဲ့ကော်ဖီကိုငုံ့ကြည့်
စားပွဲတစ်လုံးခြားပြီး
တစ်ယောက်ကိုတစ်ယောက်ငေးတယ်
နှလုံးသားချင်းဆုံတွေ့မိတာတောင်
ငါတို့ဒီဘ၀လမ်းကြုံပါဦးမလား
အနမ်းဟာပေါင်မုန့်ဖြစ်ပြီးတဲ့နောက်
အချစ်ဟာအေးစက်တဲ့ကော်ဖီခွက်တွေ ဖြစ်ခဲ့ရပြီ…
ဘယ်သူ့ကိုမှ ဗီလိန်ထားလို့မရတဲ့ခေတ်မှာ
ငါအသုံးမကျတာပဲဖြစ်မှာပါလေ
ခွင့်လွှတ်ခဲ့တယ်… ဖေဖော်ဝါရီ…။

မိုးလှိုင်ည

Wednesday, September 19, 2007

ကြောက်တတ်ရင်အခါခါသေ

ကိုလိုနီစစ်ပုလိပ်တွေက

မြင်းနဲ့တိုက်တုတ်နဲ့ရိုက်လို့

ကျောင်းသားခေါင်းဆောင်

ကိုအောင်ကျော်ကျဆုံးခဲ့တယ်လို့

သမိုင်းမှာအော်ကျက်ခဲ့တယ်။

အခု

မိစ္ဆာဘီလူးတွေက

သေနတ်နဲ့ပစ်၊ ၀ါးရင်းတုတ်နဲ့ရိုက်

မစင်တွင်းထဲနစ်နဲ့

ဂျပန်ခေတ်ငရဲခန်းတွေထက်

ဆိုးသွမ်းတဲ့ အတွေ့အကြုံကြား

ကျောင်းသားတွေဘယ်လောက်များ

ကျဆုံးခဲ့ရလဲ…။

မျက်စိပေါက်မှေးမှေး

ဗိုက်ရွှဲရွှဲပြည်ကြီးသားတွေက

မြန်မာပြည်မှာ စီးပွားရှာလို့ကောင်းတယ်တဲ့

အေး…မင်းတို့ပဲရှာလို့ကောင်း

ငါတို့နှမတွေက ဘီယာဆိုင်မှာသီချင်းဆို

kTvမှာအနမ်းခံလို့ ရှင်သန်ဖို့ကြိုးစားနေရချိန်မှာ

ငါတို့က တွေဝေနေလို့ရမလား…။

လိုက်ကာတွေချချထားတဲ့

ကက်စီနိုတွေကရန်ကုန်မှာ

လပ်စ်ဗီးဂတ်စ်ထက်ပိုများတယ်

ပြောတော့ဥပဒေအထက်မှာ

ဘယ်သူ့မှတက်မနေဘူးတဲ့

ငါမြင်တာကတော့

ဥပဒေရဲ့အထက်မှာခွေးတက်နေတယ်

မကျေနပ်လည်းမတတ်နိုင်ဘူး

ဆီဘန်းနီဆရာတော်သာ

သေသော်မှတည့်သြော်ကောင်းဧ။်

ဒီခေတ်ကိုကြည့်ပြီး ရေးရရင်

ဆယ်ခါပြန် သေချင်စော်နံသွားမယ်

ငါတို့မှာ

ပါးစပ်မဟရဲ၊ လက်ပန်းမပေါက်ရဲ

ကြောက်တတ်ရင် အခါခါသေပေါ့…။



မိုးလှိုင်ည

ဇာတ်သိမ်းခန်း

(အချိန်)
စစ်ဖိနပ်အောက်
နွေမိုးဆောင်း ၁၉ ခုမြောက်တဲ့နေ့။

(နေရာ)
ရွှေတိဂုံ၊ ဆူးလေ စသည့်
ရန်ကုန်မြို့တန်ခိုးကြီးဘုရားများ။

(ပါဝင်သရုပ်ဆောင်သူများ)

လူကြမ်းများအဖြစ်..
အမှန်တရားကို သေနတ်ပြပြီး ဖုံးကွယ်
မာရ်နတ်ကို ကိုးကွယ်တဲ့လူတွေ။
အာဏာကို ကာလာစုံပြောင်း
ကောက်ကျစ်မှု သရဖူဆောင်းသူတွေ။

ပြည်သူ့ဘက်တော်သားများအဖြစ်
ငြိမ်းချမ်းရေးကို မြတ်နိုး
ပြည်သူတွေ ကြည်ညိုရှိခိုးတဲ့ သံဃာများ။
မကောင်းဆိုးရွားတွေကို တောထုတ်
ပရိတ်သုတ်တွေ ရွတ်ဖတ်တဲ့ သံဃာများ။

ကြည့်ရင်း
မျက်ရည်က ဝေ့ကနဲတက်လာတယ်။

လူကြမ်းတွေ
ဇာတ်ကြမ်းမတိုက်ခင်
မြန်မြန်သေရင် ကောင်းမယ်
အဲဒီလို ဆုတောင်းပြီး
ခပ်မြန်မြန်လေး ဇာတ်သိမ်းလိုက်တယ်။

ညီမင်းနိုင်
စက်တင်ဘာ ၁၈ရက်၊ ၂၀၀၇

ယနေ့ မြန်မာနိုင်ငံတ၀ှမ်းမှာ ငြိမ်းချမ်းစွာသပိတ်မှောက်ကြတဲ့ ဘုရားသားတော် သံဃာတော်တွေကို လေးစားကြည်ညိုစွာဖြင့် ဒီကဗျာကို ရေးပါတယ်။



Read More...

Summary only...

ရေးသူ- ညီညီ(သံလွင်) ၊ ရေးသည့်အချိန်- 5:43 PM 2

Monday, September 17, 2007

အလွမ်းရဲ့ဆည်းဆာ

နေခြည်တွေက
အနောက်အရပ်မှာ
တိမ်တွေနဲ့သွယ်ယှက်နေချိန်..

ကန်ရေပြင်ညီညီကို
ဖြတ်ပြေးလာတဲ့လေပြည်တွေက
ရနံ့တွေသီခဲ့မှန်းငါသိရတော့…

အလွမ်းတွေကိုတိုက်ခိုက်ဖို့
မင်းစိုက်ပျိုးခဲ့တဲ့
သတိရခြင်းတွေကို…
လာ…ရိတ်သိမ်းလှည့်ပါ…။

နေမင်းရဲ့နှုတ်ဆက်ရောင်ခြည်နဲ့
ငါတို့မမှောင်ခင်လွမ်းကြမယ်တဲ့…
ခုံတန်းပြာလေးရဲ့စကား
မင်းများကြားမိခဲ့ရင်…
ကံကြမ္မာရဲ့မာနမုန်တိုင်းတွေအပေါ်
မင်းလည်းစိတ်ထင်တိုင်း
မှားမိမယ်မထင်ဘူး…။

အခုတော့ငါတို့ရဲ့
နှလုံးသားအရိုင်းလေးတွေ
အချိန်မတိုင်မီချွှန်းအုပ်ခဲ့ရတော့
ဟောဒီညနေ
အလွမ်းဖွဲဖွဲထဲမှာ
ငါနဲ့ခုံတန်းပြာလေးစိုစွတ်ခဲ့တယ်…။

မိုးလှိုင်ည
(သံလွင်အိပ်မက်-၁၁)

Sunday, September 16, 2007

၁၉၈၅ခုနှစ်က နှင်းဆီ

(၁)
နယူးယောက်ဆိုတဲ့မြို့ကြီးရဲ့
၀၀ဖီးဖီးကဖေးဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။

(၂)
ဂန္ဒာလရာဇ်သွေးရောင်လွှမ်းနေတဲ့
မင်းရဲ့ အနီရောင်နှုတ်ခမ်းသားပေါ်မှာ
ငါဟာ အပျင်းပြေလမ်းသလားနေကျ
မင်းလျှာ
မင်းရဲ့သွား
အဲဒီအရာနှစ်ခုကြားကနေ
ဖြတ်သန်းတိုက်ခိုက်လာတဲ့လေ
ပူနွေးစွတ်စိုနေပေမယ့်
စပျစ်သီးနံ့လေး သင်းပျံ့နေတတ်လို့
ငါဘယ်လိုမေ့ပစ်နိုင်မှာလဲ။

(၃)
မင်းရဲ့ရေစိုဆံပင်တွေ ဖြီးသင်ပေးနေခိုက်
ငါ့ရဲ့တောစီးဖိနပ်ကို ကြိုးတပ်ပေးခဲ့တာ
ဘ၀ရေစက်လို့ ခေါ်ရမလား
ဒီကပဲ မှားယွင်းခဲ့ပါတယ်။

(၄)
“ဟစ်တလာ”ကို ငါတို့ မချစ်ခဲ့ဘူး
“ရှိတ်စပီးယား”ကို ငါတို့ ချစ်ခဲ့တယ်
“မူဆိုလီနီ” ကို ငါတို့ မချစ်ခဲ့ဘူး
“မိုဒီဂလျာနီ” ကို ငါတို့ ချစ်ခဲ့တယ်
“စတာလင်”ကို ငါတို့ မချစ်ခဲ့ဘူး
“ယက်ဖ်တူရှင်ကာ” ကို ငါတို့ ချစ်ခဲ့တယ်။

(၅)
“ကိုလံဘတ်(စ်)” ရေ
မစ္စတာ“ကိုလံဘတ်(စ်)ခင်ဗျား
မမြင်နိုင်တဲ့ ကံတရားက
ငါ့ သူမကို “အမေရိက”မှာ ပစ်ချထားခဲ့ပေါ့။

(၆)
“ပုစွန်တောင် ရေကျော်” မှသည်
“မြောက်အမေရိက” ဆီသို့
ငါ့ ရှင်မတောင်သနပ်ခါးနံ့ကလေး
ဖြတ်ပြေးသွားပါပကော။

(၇)
ကမ္ဘာကြီးကို
မြင်းတစ်ကောင်လို စီးနေတဲ့
ကောင်းဘွိုင်တွေရဲ့ နယ်မြေမှာ
မင်း အယားမပြေနိုင်ဘဲ နေလေမလား
သွေးဆူလွယ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို
ဝီစကီဖန်ခွက်ထဲကပဲ ကြည့်နေမလား။
အမေရိကန်ပြည်ထောင်စုရဲ့
အစိုးရရုံးပိတ်ရက်တွေမှာ
မင်း ဘယ်လိုများ နေရှာမလဲ
မသေခင်
ပြန်တွေ့ခဲ့ကြရင်
ဘယ်က ဘယ်လို နှုတ်ဆက်ရမလဲဟင်။

(၈)
တမာပင်အောက်က
ဗျိုင်းတောင်ဆန်တဲ့ ငါ့ဝိညာဉ်ဟာ
“အပါချီ” ရက်အင်ဒီယန်းတွေရဲ့ ဇာတိမြေ
မင်းအခြေစိုက်နေထိုင်ရာ အနောက်ဘက်ဒေသဆီ
ချီတက်ခဲ့ပြီပေါ့ “နှင်းဆီ”။ ။

မိုဃ်းဇော်

Friday, September 14, 2007

အလင်းငတ်သူ

ငါ့ဆီမှာကဗျာရှိရဲ့လားးးးးးးးးး....
ကောင်မလေးသတိမရတော့တဲ့အခါ....
ငါ့ကိုငါထွန်းညှိထားတဲ့အခန်းငယ်ထဲ
အလွမ်းတွေလင်း....
ရှင်ခြင်းနဲ့သေခြင်းကြား
ခဏခဏသတိရတတ်တဲ့ငါ့ရောဂါကို....
ဘယ်လိုကုထုံးတွေနဲ့ကုသရမလဲ...
ကောင်မလေးရေငါ့ကိုကယ်ပါလို့
မခေါ်ခဲ့ဘူး....
ရေတွင်းပျက်ထဲက လမင်းကိုငေးရတာ
လည်ဆစ်ရိုးတွေနာကျင်လွန်းလှတယ်...
တစ်ခါလောက်ငါ့အမှောင်တွင်းထဲ
ငုံ့အော်ခဲ့ပါ...ကဗျာဆရာကိုချစ်တယ်လို့
အလင်းနှစ်တစ်သန်းစာပဲ့တင်ထပ်ဖို့
ငါ့ကိုလှောင်ပိတ်ထားတဲ့နံရံတွေကိုပဲ
ကျေးဇူးတင်နေမိလိမ့်မယ်...

မိုးလှိုင်ည

ဥယျာဉ်

ကောင်မလေးရေ
ဘာလို့များ ငါ့အတွေးတွေကို
ရှုပ်ထွေးစေတာလဲ....
ငါ့ဘယ်သူလဲလို့
မင်းဘာလို့မေးတာလဲ...
ငါဟာလူတစ်ယောက်ပါကွယ်
ကမ္ဘာမြေကြီးကိုမေတ္တာတရားနဲ့စောင့်ရှောက်ချင်သူပေါ့
ကောင်းကင်နဲ့မြေကြီးကြား
အလှတရားများစွာနဲ့
ပန်းတွေပွင့်ဝေကြတယ်
ကောင်းကင်ဆိုတဲ့ကောင်မလေးရေ
ငါဟာမြေကြီးသားဘ၀ပါ
မင်းပန်ဆင်မယ့် ပန်းအလှတွေကို
စိုက်ပျိုးသူပေါ့

မိုးလှိုင်ည

Thursday, September 13, 2007

နှလုံးသားကို Enter လိုလာမခေါက်နဲ့

အခုထက်ထိ
ချစ်တယ်ဆိုတဲ့စကားမဆုံးသေးဘူး
မင်းဖုန်းက လေးခါရှိပြီ…
ငါသိတယ်…
မင်းက အလုပ်ကိစ္စတွေပါလို့ပြောဦးမှာ
မင်း Dress အတွက် စပွန်ဆာတွေက
ဆက်တာလား…
ခြေသည်းအလှဆင်တဲ့ဒီဇိုင်းအသစ်ထွက်ပြီလို့
မင်းသူငယ်ချင်းကြွားတာလား…
Supermarket တွေမှာ လည်ပတ်ဖို့
ကတက်ရှာတွေ့ပြီလို့ မင်းကိုယ်ရေးအရာရှိက
အသိပေးတာလား…
တခုခုတော့ဖြစ်မှာပဲ…
ငါကလည်း သိသိနေတတ်တယ်
ပြီးရင်မင်းက အွန်လိုင်းပေါ်တက်ဦးမယ်
Burglish တွေနဲ့ မင်းကခေတ်မှီမှီ
chatting ၀င်ဦးမယ်…
ဘာသာစကားခြောက်မျိုးကို
အကျိုးအပျက်လောက်တတ်ပြီး
ရည်းစား ၁၂ ယောက်လောက်ထားဦးမယ်
ရှင့်အကြင်နာတွေအတွက်တော့
ကျေးဇူးတင်ပါတယ်…
ဒါပေမယ့် အလှတရားဟာ
ငွေနဲ့စက်ဝယ်ထားတာလို့
မင်းငါ့ကိုပြောဦးမယ်…
ကျွန်မရှင့်အပေါ်မှားခဲ့ရင်လည်း
မုန်းလိုက်ပါတဲ့…
အဲဒီလိုလာမနွဲ့နဲ့ကောင်မလေးရယ်
မင်းအလှတရားကို လေလံပစ်တဲ့ပွဲမှာ
ရှိစုမဲ့စုမေတ္တာတရားနဲ့
ဈေးဖွင့်မသွားချင်ဘူး…
ယုံပါ…ငါဟာအရူး
မင်းကိုချစ်မိတယ်ဆိုတာကို
ရဲဝံ့စွာဖြောင့်ချက်ပေးပါတယ်
မင်းရဲ့ကြွယ်ဝတဲ့လေလံပွဲကို
မယောင်မလည်ရပ်ငေးမိတဲ့
သူဆင်းရဲသားရဲ့ နှလုံးသားကို
Enter လို မခေါက်ရင်တော်ပြီ…
ငါလည်းချစ်မိတယ်…ကောင်မလေးရယ်…
မိုးလှိုင်ည

Wednesday, September 12, 2007

ဝo0ွဝိ

ကဗျာ
ကဗျာ
ကဗျာ
ကဗျာ
ကဗျာ
ကဗျာ
ကဗျာ
ကဗျာ
ဘာမှမပါဘူးမြင်လည်းခင်းဗျားအမြင်တိုင်းရှိစေတော့။

မိုးလှိုင်ည

Tuesday, September 11, 2007

ဂျစ်ပဆီအိပ်မက်

လမ်းပေါ်မှာ ရွေးချယ်လိုက်ဖို့က
ပလက်ဖောင်း ညဈေးတန်း
ခုံပုလေးတွေချထားတဲ့
အမြန်စား ထမင်းကြော်ဆိုင်…
ဈေးသက်သာတဲ့ အကြော်အလှော်တစ်ပွဲ
ခပ်ပေါပေါစီးကရက်ကို
နှစ်ရှိုက်သုံးရှိုက် ဆင့်ဖွာလိုက်တယ်
ခေါင်းထဲမှာ အမှိုက်တွေချည်းပဲ
LP ကဗျာတဲ့၊ ပို့စ်မော်ဒန်ခေတ်သစ်
၂၁ရာစုလှိုင်းနဲ့ ကဗျာသမိုင်းတဲ့
ငါ့ကိုယ်ငါ ရွံ့ရှာခဲ့တာ ကြာပြီ…
အိမ်ကလေးတစ်လုံးတဲ့
လောကဓံဆီးနှင်းတွေ ဖုံးလွှမ်းသွားခဲ့တယ်
ဖေဖော်ဝါရီ ငါ့ဆီခြေဦးမလှည့်တာ
နှစ်ထောင့်နှစ်ည
ငါ ပုံပြင်တွေအလွတ်ရသေးတယ်…
ခုချိန်ဆို သူမအိပ်စက်နေပြီပေါ့
ကြယ်တွေကို အမှတ်မထင်မော့ကြည့်မိတယ်
ရန်ကုန်ဟာ ပါရီမဟုတ်တော့
လမ်းပေါ်မှာ ငါတစ်ယောက်တည်း
ခွက်ချင်း လဲသောက်လိုက်တယ်
ငါနဲ့ငါ့အတွက်…
အိပ်စက်နေသူအားလုံးက
ငါ့အိပ်မက်တွေ ခိုးယူသွားပေါ့…။
ဇာတ်လမ်းကို ပြန်ဆက်မယ်လုပ်တော့
ငါ့ရင်ထဲကထွက်လာပြန်ပြီ… ကဗျာ…။
မိုးလှိုင်ည

Sunday, September 9, 2007

မြို့တစ်မြို့တည်ဆောက်ခြင်း

ဘိသိက်ဆရာက မြို့ကွက်ကို
ပန္နက်ရိုက်သလိုမျိုး
သူရဲကောင်းတွေက အမှန်တရားကို
သွေးစက်တွေနဲ့ ပန္နက်ရိုက်တယ်
မြို့ပြကြီးတွေ ပျက်စီးသွားပေမယ့်
သူရဲကောင်းတွေ ကျန်ခဲ့တယ်
ငါတို့ရဲ့ နှလုံးသားမှာ
အေသင်မြို့သား ၁၀ ယောက်စာပဲ ကျန်တော့တယ်…။
ပြီးတော့ဝေသာလီ
လဇ္ဖ၀ီမင်းများ…
လိမ်စရာရှိရင် လိမ်
မိုက်စရာရှိမိုက်
အာဏာနဲ့ငွေကြေးကို
သေနတ်ပြောင်းဝက ပေးတယ်…
အဲဒီ လူလွန်မသားတွေ…
မြေကြီးပေါ်က ခေါင်းတစ်လုံးစာကြွရင်
ခေါင်းတစ်လုံးဖြတ်မယ်ဆိုပဲ…
ဓါးတွေ သွေးမတိတ်ခဲ့ဘူး…။
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်တဲ့…
လူ့အခွင့်အရေးတဲ့…
ခပ်ဝေးဝေးက ကြားဖူးတယ်
ငါတို့ဆီ ရောက်မလာခဲ့ဘူး…
သူရဲကောင်းတွေက မြို့ကြီးကို
သွေးပန္နက်ချနေတုန်း…။

မိုးလှိုင်ည

မြို့သစ်အလွမ်း

အဲဒီတုန်းကမြို့သစ်မှာ
မိုးတွေမကြုံစဖူးရွာချတယ်..။

နေသာတုန်း
အတွန်ကောင်းတဲ့ ကြက်ဖဟာ(မိုးရွာမှ)
မိုးခြိမ်းသံကို ကျိန်ဆဲရင်း
မိုးလွတ်ရာ ထွက်ပြေးသွားလေရဲ့

သြော်…
မိုးတွေရွာနေဆဲ
ကန်စွန်းရွက်တွေစိမ်းနေဆဲ..
မပြောင်းလဲသေးတဲ့ဇာတ်ထုပ်တစ်ထုပ်နဲ့
ကျွန်တော်လည်းစိတ်ရှုပ်နေဆဲ…
ငါတို့မှာ အရက်သောက်ဖို့ ပါးစပ်ပဲပါတယ်ကိုယ့်လူရေ..လို့
ပြည်ထောင်စုတံတားကြီးကို
အင်ဂျင်အဟောင်းတစ်စင်းနဲ့ဖြတ်စီးလာကြသူ
ငါ့ချစ်မိတ်ဆွေများ
ငါအိမ်တံခါးဝ လာရပ်တယ်။

ရေစိုနေတဲ့ဂျာကင်အောက်မှာ
ငွေလိုနေတဲ့ ရုပ်ခန္ဒာကိုမြင်ရတယ်။

ငှက်တွေလို
အတောင်ပံတစ်စုံကလွဲရင်
ငါ့မှာ အပိုပစ္စည်းမရှိဘူး။

ငါးတွေလိုပါးဟပ်တစ်စုံလွဲရင်
သူတို့မှာ ဘာအပိုပစ္စည်းမှမရှိဘူး။

ဒါနဲ့…
သူတို့ပခုံးကို အသာပုတ်
အိတ်ထဲကခြသေ့င်္ရုပ်ကိုထုတ်ရင်း
ခင်ဗျားတို့ရဲ့သွေးထွက်များတဲ့
ဘ၀ကိုအသာထား
ရော့
ဒီမှာ
ဒါဟာငမိုးရိပ်ချောင်းကချက်တဲ့ရေ
လိုနေတာဒါပဲမဟုတ်လား။
တစ်ယောက်ကတစ်ယောက်ကိုငတ်ခဲ့တာ
သဘာဝကျကျစဉ်းစားရင်
ငါတို့ကလူနည်းစုပဲ။

ငြိမ်းချမ်းရေးအကြောင်းမပြောဘဲနဲ့
ငြိမ်းချမ်းချင်တယ်။
တရားအကြောင်းမပြောပဲနဲ့တရားချင်တယ်။
သမ္မတရွေးကောက်ပွဲပဲဖြစ်ဖြစ်
ဒေသန္တရစစ်ပွဲပဲဖြစ်ဖြစ်၊
တစ်ခုခုတော့ဖြစ်ပေါ်နေကျကမ္ဘာကြီးမှာ
အသန့်ရှင်းဆုံးအသံကဘာလဲ။

မိတ်ဆွေတို့ခင်ဗျား
ငွေကြေး၊စည်းစိမ်နဲ့ရမ္မက်မကြီးခဲ့လို့
ခင်ဗျားတို့ကိုကျေးဇူးတင်တယ်။

ရနံ့မွှေးမွှေးပန်းကလေးတွေပေးခဲ့လို့
ခင်ဗျားတို့ကိုကျေးဇူးတင်တယ်။

လူဖြစ်ရတာ ဒုလ္လဘလို့
လူဖြစ်ခဲ့ပြီလို ထင်တဲ့သူကပြောရဲ့။
ပေးဆပ်ခြင်းပါလို့
အပိုင်ကြံခဲ့သူကပြောရဲ့။
ကယ်တင်ခဲ့တယ်လို့
စီးနင်းဝင်ရောက်သူကပြောရဲ့။

မြက်တွေနဲ့ဗွက်တွေ
စပ်ယှက်နေကြတဲ့လမ်းမှာ
ခြင်နဲ့ကြမ်းပိုးတွေ
မျိုးပွားနေကြတဲ့လမ်းမှာ
မီးခိုးထွက်နေကြတဲ့အသက်ရှုသံတွေ
နောက်ပြန်မောင်းနေကြတဲ့လမ်းမှာ
ကာလယန္တားတွေ
လမ်းမှားနေကြတဲ့လမ်းမှာ
ဖွင့်ကြစို့မြို့သစ်ပုလင်းကိုဖွင့်ကြစို့…

ရယ်မောနေတဲ့မျက်ရည်များ မိုးရေထဲစိုရွှဲခဲ့ပေါ့….။

မိုဃ်းဇော်

Friday, September 7, 2007

ပန်းကလေး အတွက်သစ္စာ

ပန်းကလေးရေ ကမ္ဘာတစ်ခုလုံးစာ အလွမ်းတွေရှိလေရဲ့
မျော်လင့်ချက်ဆိုတာ မမျော်လင့်ပဲဆုံတွေ့ခဲ့ရမှုရဲ့
အဆိပ်တက်မှုသက်သက်ပဲ....
ရာသီတွေယိမ်းနွဲ့တဲ့ကမ္ဘာမှာငါတို့လူဖြစ်လာကြတယ်.....
ငါတို့ရှင်သန်နေသလောက်ပူပြင်းလောင်မြိုက်တဲ့နွေလည်းရှိတယ်
တခါတရံထန်ပြင်းလွန်းတဲ့မုန်တိုင်းတွေ
ငါတို့မျော်လင့်ချက် လွင်ပြင်ကိုလည်းတိုက်ခတ်တယ်
အေးစက်စက် ဆောင်းလက်သည်းတွေ
ငါတို့နှလုံးသားတွေကိုဆွဲယူခြေမွ...
ပန်းကလေးရေမင်းကို ချစ်နေရတာကိုပဲ
ငါ့အမှန်တရားလို့ယုံကြည်ထားပါရစေ
တစ်ကယ်ပါ ငါ့ရင်ထဲကနေ မင်းထွက်ပြေးသွားတဲ့နေ့က
ငါ့ရင်ခွင်တစ်ခုလုံးဟာ ဟီရိုရှီးမားကို အနမြူဗုံးကျဲချသလိုပဲ
ဘ၀တစ်ခုလုံးပျောက်ဆုံးသွားပြီ
ယုံကြည်ပါ ပန်းကလေးရေ ဒါဟာနောက်ဆုံးသစ္စာတရားပါ.....
အပြစ်တွေအားလုံးစီရင်ခံရပြီးတဲ့နောက်
မင်းနဲ့ငါကမ္ဘာသစ်အတွက် အချစ်စစ်ဖြစ်နေဖို့
ဆုတောင်းစကားကို စကြာဝဠာအစုအဝေးအားလုံး
ကြားနိုင်ပါစေ…..။

မိုးလှိုင်ည

Wednesday, September 5, 2007

မေလျော့မိခဲ့ရင်…

နေ၀င်ချိန်တွေကိုငါတို့အတူ
မျော်ရီငေးမောဖူးတယ်…
တစ်ယောက်လက်ကိုတစ်ယောက်
ခပ်ဖွဖွဆုပ်နှယ်မိတော့…
မနက်ဖြန်မှာပျော်ရွှင်ခြင်းနဲ့
မျက်နှာသစ်ဖို့…
ဂရုစိုက်သွားပါတဲ့…….
မင်းမပါတဲ့အိမ်အပြန်လမ်းတွေမှာ
ထင်းရူးတန်းလေးကသာ
အထီးကျန်သွေ့ချောက်လို့…
ငါကြောက်နေတယ်…
လေပွေတစ်ချက်တိုက်လို့
သစ်ရွက်တွေကြွေကျသလို
မင်းငါ့ကိုမေ့လျော့သွားမှာကို…

အမြဲတမ်းသတိမရခဲ့ရင်တောင်
မင်းရဲ့အလုပ်စားပွဲပေါ်မှာ
နှင်းဆီဖြူတစ်ပွင့်ထိုးစိုက်မိလိုက်ချိန်
ခေါင်းလျှော်ပြီးခိုက်
မင်းရဲ့ဆံနွယ်ဖျားလေးကို
အမှတ်မထင်နမ်းရှိုက်မိလိုက်ချိန်
ငါ့ကိုအမှတ်ရပေးပါ..
အပြာရောင်ကိုချစ်တဲ့ငါ့အတွက်
မင်းလက်သည်းခွံ့လေးတွေကို
အပြာရောင်ပန်းပွင့်လေးနဲ့အလှဆင်တဲ့အခါ
ငါ့ကိုသတိရပေးပါ….

မင်းအလုပ်တွေသိပ်များတဲ့အခါ
နဖူးပေါ်ကချွေးစက်တွေကို
သုတ်သင်ဖယ်ရှားပေးတဲ့
လက်ကလေးတစ်ဖက်
နှလုံးသားရဲ့ကမ္ဘာတစ်ဖက်ခြမ်းမှာ
အထီးကျန်သိမ်းဆည်းခံနေရတယ်
ကောင်မလေးရေ…
မေ့လျော့မိခဲ့ရင်လည်း….
အမှတ်တရတွေကိုစိုက်ပျိုးမိသူသာအပြစ်ရှိပါစေတော့….။

မိုးလှိုင်ည

Sunday, September 2, 2007

"ကဗျာ 20.07.09.02"

ဒါဆို ဒါပဲ .. လာဆဲမနေကြနဲ့
ဘာလဲကွာ .. မသာပဲဖြစ်ဖြစ် သာပဲဖြစ်ဖြစ်
လူ့အဖြစ်ဟာ ပုပ်စော်တွေနံနေတာကြာပေါ့ကွာ
မမြင်တတ်ရင် မူးကိုမြစ်ထင်လို့
မနံတတ်ရင်လည်း အရှုးကို နတ်ထင်တယ်
ယဉ်းကျေးတယ်ဆိုတာ တွေသမျှလူကိုရိုကျိုးပြတာလား
သွားစမ်းပါကွာ .. မနားတမ်းအော်နေတဲ့ လက်ခုပ်တွေဟာ
အယုတ်တမာ ယဉ်ကျေးမှုတစ်ခုပါ
မဟုတ်တာတွေနဲ့ ကျုပ်ဟာနေခဲ့တာ ကြာပေါ့
အဲဒါကို အဆင့်မြင့်လူ့အဖွဲ့အစည်းလို့ခေါ်လား
သမိုင်းဆရာမှာ ခေါင်းမပါတာကြာပြီ
ကွမ်းတစ်ရာကျွေးပါ .. ရေတမုတ်တိုက်ပါ ..
မိုက်တာဟာ .. ကြိုက်တာကို မပြောရဲတဲ့လူတွေမှာပဲရှိတယ်
ဒါကိုပဲဘ၀င်ခိုက်
ဝေဖဲမှာ တစ်ကိုးကင်းကျရင်
ဓားနဲ့ပဲရှင်းချင်တယ်
မင်းကိုယ်မင်းဇာတ်လိုက်ပဲထင်နေလား
ချစ်သူဖို့ ဟောတဲ့တရားကို ခိုးနားထောင်ရအောင်
မင်းကိုယ်မင်း ဘာကောင်ထင်နေတာတုန်း
ကဗျာဆရာဟာ "စာစကား" နဲ့ညာခဲ့တယ်လို့
ချစ်သူကထင်မယ် ...
လောကမှာကွယ် ... မင်းဟာချစ်သူပါလို့
ငါဘာလို့ ညာဖြစ်တာလဲ
တကယ်ဆို မင်းဟာ ”ကဗျာ”
စကြာဝဌာတစ်ခုလုံးကို ပက်သက်ချင်တယ်
လက်မထပ်ဖူးတာတောင်သစ္စာ ကိုတောင်လိုထူခဲ့တယ်
အလိုတူပါ .. ချစ်သူ
ယုတ္ထိဗေဒဆို ဘ၀င်မကျတတ်တာကလွဲလို့
ကျူးလွန်ခဲ့သမျှမှာ ၀န်ခံရဲတာလည်း ငါပါပဲကွယ်
ဟို စတယ်ကြီးနဲ့နေတဲ့လူထက်တော့ နည်းနည်းသာတယ်
မာယာနယ်မှာ တွယ်တာမိပါတယ် ..
တပည့်တော် အမိုက်အမဲလေးကို ရိုက်လည်းရိုက်ပါ ..
စိတ်ဆိုတာ စေရာသွားတဲ့ အမျိုးမို့ တိတ်တခိုးပဲဖြစ်မိတယ်
ကံစရိတ်တစ်မျိုး ကဗျာကိုကျောပိုးပြီး
သံသရာ ရွာရိုးကိုးပေါက် ကျွန်တော်မျိုးလျှောက်ခဲ့ပြီ
ရတနာအိုးကို လာလာခိုးနေကြတာကိုး

မိုးလှိုင်ညနှင့် ကိုဖြိုး
အွန်လိုင်းဗားရှင်း

ဒဏ်ရာ

ထွက်သက်နဲ့ဝင်သက်ကြားမှာ
ငါဘာအမှားလုပ်မိသလဲ….
တိုးတိုးပြောပါဖေဖော်ဝါရီ
မင်းမုသားတွေအတွက်ငါရှက်တတ်လို့ပါ
မနက်ဖြန်ကိုဖြားယောင်းသွေးဆောင်ဖို့
မင်းကမာယာတွေတပ်ဆင်ပြီးပြီ…
ငါလေ….
ငါလား….
အမည်နာမ မကွဲပြားဘူး
မင်းရဲ့မြှားချက်မှာ
ပစ်ခြွေခံလိုက်ရတဲ့နှလုံးသား
လုံလုံခြုံခြုံသိမ်းထားတယ်…
ဒဏ်ရာတွေကိုဆုလာဘ်လို့ယုံကြည်လို့…။

မိုးလှိုင်ည

...ကောင်မလေးဖတ်ဖို့အတွက်ခေါင်းစဉ်မတပ်ထားပါ

ဆောင်းနှောင်းရဲ့အေးစက်ခြောက်ခြားလွန်းတဲ့

အိပ်မက်ဆိုးတွေကဘ၀ကိုစိုးမိုးထားခံနေရတဲ့

လူငယ်တစ်ယာက်ရှိတယ်…



မနက်ခင်းတွေထဲမှာ ဘာကိုမှမမျော်လင့်တတ်တဲ့

ဟောင်းအိုနေတဲ့တယောတစ်လက်

ကျိုးပျက်နေတဲ့သံစဉ် အမြဲတမ်းတစ်ဝက်တစ်ပျက်သာရပ်တန့်နေခဲ့



ရှာဖွေနေတယ်ဆိုရင် သူတစ်ခုခုတွေ့ရမှာပေါ့

အခု ဘာကိုမှတောင့်တပုံမပ်ါတဲ့

မျက်ဝန်းတွေက ဘယ်အရာကိုမှ

တပ်မက်တဲ့မျက်ဝန်းနဲ့မကြည့်တတ်ဘူး

သူ့လက်အသေနဲ့တစ်ခါတစ်ရံဆံပင်တွေ

သပ်တင်တတ်တာကပဲ…

သူကိုယ်သူ အမြင့်မားဆုံးဂရုစိုက်မှု…



ညညဆို

သူကြောက်လန့်ဆုံးအိပ်မက်တွေကို

သူ့နှလုံးသားနဲ့တပ်မျှားတယ်….

အချွှန်မျှဆုံးကြေကွဲမှုတွေနဲ့..

သူကိုယ်သူအဆုံးစီရင်နေတာလား…..



ကမ်းပါးကနေငေးတယ် …..

သူ့စိတ်ကအလင်းအလျင်ရဲ့နှစ်ဆနှုန်း

သူကိုပုန်းနေတဲ့ကဗျာ သူရှာနေဖွေဆဲ

တစ်ခါတစ်ခါတော့သူကပြန်ပုန်းတယ်



ဘာကိုမှမတွေ့ချင်တော့ဘူး……

ဆုံစည်းခြင်းက ကျိန်စာလိုခွဲခွာခြင်းနဲ့အဆုံးသတ်ရမယ်ဆိုရင်

သူကိုယ်သူတောင်ထပ်မဆုံချင်ဘူး

ဆောင်းမနက်မှာ

တယောသံဟာတစ်ဝက်တစ်ပျက်နဲ့တင်ရပ်တန့်နေပါတယ်…။



မိုးလှိုင်ည

ဩဂုတ်တစ္ဆေနှင့် စိတ္တဇမိုး

မိုးက အုံ့မှိုင်းသိပ်သည်းပြီး ပြင်းပြင်းထန်ထန် တရစပ်ရွာချနေတယ်။ ကားမှန် ဝိုက်ဘာကို အမြန်ဆုံးခလုတ် တင်ထားပြီး ရှေ့မီးကြီးထိုးကာ အိမ်စီးကားတ...