Sunday, September 9, 2007

မြို့သစ်အလွမ်း

အဲဒီတုန်းကမြို့သစ်မှာ
မိုးတွေမကြုံစဖူးရွာချတယ်..။

နေသာတုန်း
အတွန်ကောင်းတဲ့ ကြက်ဖဟာ(မိုးရွာမှ)
မိုးခြိမ်းသံကို ကျိန်ဆဲရင်း
မိုးလွတ်ရာ ထွက်ပြေးသွားလေရဲ့

သြော်…
မိုးတွေရွာနေဆဲ
ကန်စွန်းရွက်တွေစိမ်းနေဆဲ..
မပြောင်းလဲသေးတဲ့ဇာတ်ထုပ်တစ်ထုပ်နဲ့
ကျွန်တော်လည်းစိတ်ရှုပ်နေဆဲ…
ငါတို့မှာ အရက်သောက်ဖို့ ပါးစပ်ပဲပါတယ်ကိုယ့်လူရေ..လို့
ပြည်ထောင်စုတံတားကြီးကို
အင်ဂျင်အဟောင်းတစ်စင်းနဲ့ဖြတ်စီးလာကြသူ
ငါ့ချစ်မိတ်ဆွေများ
ငါအိမ်တံခါးဝ လာရပ်တယ်။

ရေစိုနေတဲ့ဂျာကင်အောက်မှာ
ငွေလိုနေတဲ့ ရုပ်ခန္ဒာကိုမြင်ရတယ်။

ငှက်တွေလို
အတောင်ပံတစ်စုံကလွဲရင်
ငါ့မှာ အပိုပစ္စည်းမရှိဘူး။

ငါးတွေလိုပါးဟပ်တစ်စုံလွဲရင်
သူတို့မှာ ဘာအပိုပစ္စည်းမှမရှိဘူး။

ဒါနဲ့…
သူတို့ပခုံးကို အသာပုတ်
အိတ်ထဲကခြသေ့င်္ရုပ်ကိုထုတ်ရင်း
ခင်ဗျားတို့ရဲ့သွေးထွက်များတဲ့
ဘ၀ကိုအသာထား
ရော့
ဒီမှာ
ဒါဟာငမိုးရိပ်ချောင်းကချက်တဲ့ရေ
လိုနေတာဒါပဲမဟုတ်လား။
တစ်ယောက်ကတစ်ယောက်ကိုငတ်ခဲ့တာ
သဘာဝကျကျစဉ်းစားရင်
ငါတို့ကလူနည်းစုပဲ။

ငြိမ်းချမ်းရေးအကြောင်းမပြောဘဲနဲ့
ငြိမ်းချမ်းချင်တယ်။
တရားအကြောင်းမပြောပဲနဲ့တရားချင်တယ်။
သမ္မတရွေးကောက်ပွဲပဲဖြစ်ဖြစ်
ဒေသန္တရစစ်ပွဲပဲဖြစ်ဖြစ်၊
တစ်ခုခုတော့ဖြစ်ပေါ်နေကျကမ္ဘာကြီးမှာ
အသန့်ရှင်းဆုံးအသံကဘာလဲ။

မိတ်ဆွေတို့ခင်ဗျား
ငွေကြေး၊စည်းစိမ်နဲ့ရမ္မက်မကြီးခဲ့လို့
ခင်ဗျားတို့ကိုကျေးဇူးတင်တယ်။

ရနံ့မွှေးမွှေးပန်းကလေးတွေပေးခဲ့လို့
ခင်ဗျားတို့ကိုကျေးဇူးတင်တယ်။

လူဖြစ်ရတာ ဒုလ္လဘလို့
လူဖြစ်ခဲ့ပြီလို ထင်တဲ့သူကပြောရဲ့။
ပေးဆပ်ခြင်းပါလို့
အပိုင်ကြံခဲ့သူကပြောရဲ့။
ကယ်တင်ခဲ့တယ်လို့
စီးနင်းဝင်ရောက်သူကပြောရဲ့။

မြက်တွေနဲ့ဗွက်တွေ
စပ်ယှက်နေကြတဲ့လမ်းမှာ
ခြင်နဲ့ကြမ်းပိုးတွေ
မျိုးပွားနေကြတဲ့လမ်းမှာ
မီးခိုးထွက်နေကြတဲ့အသက်ရှုသံတွေ
နောက်ပြန်မောင်းနေကြတဲ့လမ်းမှာ
ကာလယန္တားတွေ
လမ်းမှားနေကြတဲ့လမ်းမှာ
ဖွင့်ကြစို့မြို့သစ်ပုလင်းကိုဖွင့်ကြစို့…

ရယ်မောနေတဲ့မျက်ရည်များ မိုးရေထဲစိုရွှဲခဲ့ပေါ့….။

မိုဃ်းဇော်

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...