Pages

Sunday, September 16, 2007

၁၉၈၅ခုနှစ်က နှင်းဆီ

(၁)
နယူးယောက်ဆိုတဲ့မြို့ကြီးရဲ့
၀၀ဖီးဖီးကဖေးဆိုင်ကလေးတစ်ဆိုင်မှာ
ဟောဒီစာမျက်နှာကို မင်းဆွဲလှန်မိမယ်ဆိုရင်
ဒီကဗျာဟာ မင်းအတွက်ပဲ ရည်စူးပြီး ရေးလိုက်ပါပေရဲ့
အရောင်ရင့်ရင့် အပွင့်ကားကား နှင်းဆီရေ။

(၂)
ဂန္ဒာလရာဇ်သွေးရောင်လွှမ်းနေတဲ့
မင်းရဲ့ အနီရောင်နှုတ်ခမ်းသားပေါ်မှာ
ငါဟာ အပျင်းပြေလမ်းသလားနေကျ
မင်းလျှာ
မင်းရဲ့သွား
အဲဒီအရာနှစ်ခုကြားကနေ
ဖြတ်သန်းတိုက်ခိုက်လာတဲ့လေ
ပူနွေးစွတ်စိုနေပေမယ့်
စပျစ်သီးနံ့လေး သင်းပျံ့နေတတ်လို့
ငါဘယ်လိုမေ့ပစ်နိုင်မှာလဲ။

(၃)
မင်းရဲ့ရေစိုဆံပင်တွေ ဖြီးသင်ပေးနေခိုက်
ငါ့ရဲ့တောစီးဖိနပ်ကို ကြိုးတပ်ပေးခဲ့တာ
ဘ၀ရေစက်လို့ ခေါ်ရမလား
ဒီကပဲ မှားယွင်းခဲ့ပါတယ်။

(၄)
“ဟစ်တလာ”ကို ငါတို့ မချစ်ခဲ့ဘူး
“ရှိတ်စပီးယား”ကို ငါတို့ ချစ်ခဲ့တယ်
“မူဆိုလီနီ” ကို ငါတို့ မချစ်ခဲ့ဘူး
“မိုဒီဂလျာနီ” ကို ငါတို့ ချစ်ခဲ့တယ်
“စတာလင်”ကို ငါတို့ မချစ်ခဲ့ဘူး
“ယက်ဖ်တူရှင်ကာ” ကို ငါတို့ ချစ်ခဲ့တယ်။

(၅)
“ကိုလံဘတ်(စ်)” ရေ
မစ္စတာ“ကိုလံဘတ်(စ်)ခင်ဗျား
မမြင်နိုင်တဲ့ ကံတရားက
ငါ့ သူမကို “အမေရိက”မှာ ပစ်ချထားခဲ့ပေါ့။

(၆)
“ပုစွန်တောင် ရေကျော်” မှသည်
“မြောက်အမေရိက” ဆီသို့
ငါ့ ရှင်မတောင်သနပ်ခါးနံ့ကလေး
ဖြတ်ပြေးသွားပါပကော။

(၇)
ကမ္ဘာကြီးကို
မြင်းတစ်ကောင်လို စီးနေတဲ့
ကောင်းဘွိုင်တွေရဲ့ နယ်မြေမှာ
မင်း အယားမပြေနိုင်ဘဲ နေလေမလား
သွေးဆူလွယ်တဲ့
ကောင်လေးတစ်ယောက်ရဲ့ ပုံရိပ်ကို
ဝီစကီဖန်ခွက်ထဲကပဲ ကြည့်နေမလား။
အမေရိကန်ပြည်ထောင်စုရဲ့
အစိုးရရုံးပိတ်ရက်တွေမှာ
မင်း ဘယ်လိုများ နေရှာမလဲ
မသေခင်
ပြန်တွေ့ခဲ့ကြရင်
ဘယ်က ဘယ်လို နှုတ်ဆက်ရမလဲဟင်။

(၈)
တမာပင်အောက်က
ဗျိုင်းတောင်ဆန်တဲ့ ငါ့ဝိညာဉ်ဟာ
“အပါချီ” ရက်အင်ဒီယန်းတွေရဲ့ ဇာတိမြေ
မင်းအခြေစိုက်နေထိုင်ရာ အနောက်ဘက်ဒေသဆီ
ချီတက်ခဲ့ပြီပေါ့ “နှင်းဆီ”။ ။

မိုဃ်းဇော်