နှစ်ချို့ကော်ဖီ
Wednesday, November 10, 2021
“ခွေးကလေး ကောက်ကောက်”
Friday, August 20, 2021
ဩဂုတ်တစ္ဆေနှင့် စိတ္တဇမိုး
မိုးက အုံ့မှိုင်းသိပ်သည်းပြီး ပြင်းပြင်းထန်ထန်
တရစပ်ရွာချနေတယ်။ ကားမှန် ဝိုက်ဘာကို အမြန်ဆုံးခလုတ် တင်ထားပြီး ရှေ့မီးကြီးထိုးကာ
အိမ်စီးကားတစ်စီးကို ကီလို ၁၀၀ နီးပါးမြန်နှုန်းနဲ့ ကျွန်တော် မောင်းနေရပါတယ်။ နောက်ခန်းမှာတော့
အောက်ဆီဂျင်ကျနေပြီး အရေးပေါ်ကုသမှုလိုနေတဲ့ ကျွန်တော့် မိတ်ဆွေရယ်၊ သူ့ဇနီးနဲ့
သူ့သားရယ် ပါလာပါတယ်။ အမှန်တကယ်တော့ အနီးစပ်ဆုံးဆေးရုံကို ကျွန်တော်တို့ ရှေးရှုသွားနေပေမယ့်
ဘယ်လိုကုသမှုမျိုး၊ ဂရုစိုက်မှုမျိုးမှ စောင့်ကြိုမနေနိုင်ဘူးဆိုတာ ကျွန်တော်သိပါတယ်။
ဒါပေမယ့် ရေနစ်သူအတွက် ကောက်ရိုးမျှင်တွေ
တွေ့လိုတွေ့ငြားဆိုပြီး ကျွန်တော်တို့ ကြိုးစားနေတာသာဖြစ်တယ်။ ကားမောင်းနေရင်း
မိတ်ဆွေလူနာရဲ့ ခက်ခဲတဲ့အသက်ရှူသံကို မိုးသံလေသံတွေကြားမှာ စိုးရိမ်စိတ်နဲ့အတူ
ကျွန်တော်ကြားနေရပါတယ်။ နောက်ကြည့်မှန်ထဲကနေ စိတ်မသက်သာစွာ တစ်ချက်တစ်ချက်
လှမ်းကြည့်ရင်း အပြင်းအထန်အကြောတွေ တွန့်လိမ်ပြီး လေချဉ်တက်သလို “ဂေ့” ဆိုတဲ့ အသံတစ်ချက်နဲ့
ကျွန်တော့်မိတ်ဆွေဟာ ငြိမ်သက်ပျော့ခွေသွားပါတယ်။
လီဗာနင်းထားတဲ့ ကျွန်တော့်ခြေထောက်ကို
ဖြေလျှော့ပြီး လမ်းဘေးထိုးရပ်လိုက်ပါတယ်။ ကျွန်တော်ဟာ လူမှုကူညီရေးလုပ်ငန်းတွေ ကြုံဆုံလာသမျှ
လုပ်ကိုင်ပေးတတ်သူမို့ Dead
body တွေနဲ့ မစိမ်းပေမယ့် ကျွန်တော့်ရှေ့မှာ လူတစ်ယောက် သေဆုံးသွားတာကိုတော့
မမြင်ခဲ့ဖူးတဲ့အတွက် အနည်းငယ် တုန်လှုပ်ထိခိုက်မိပါတယ်။
ပြီးတော့
ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက်၊ အကြံဉာဏ်အတွေ့အကြုံ၊
ဗဟုသုတတွေ အချင်းချင်း မျှဝေနေတတ်ကြသူမို့ သူ့စကားနဲ့သူ့ပုံရိပ်တွေဟာ ကျွန်တော့်ခေါင်းထဲ
အရုပ်တွေ၊ အရိပ်တွေက ရောင်စုံပြေးလွှားနေပါတယ်။ ၂၀၂၁ ဩဂုတ်လရဲ့ မိုးထဲရေထဲမှာ
ကျွန်တော့်မိတ်ဆွေဟာ ဘာကိုမှနှုတ်မဆက်နိုင်ဘဲ ထွက်ခွာသွားခဲ့ရပါပြီ။
“အသက်မရှူနိုင်တော့ရင်
သေတာပါပဲ” ဆိုတဲ့ ဖတ်ဖူးတဲ့ စာသားတစ်ခုကို သွားသတိရမိတယ်။ လူတစ်ယောက် သေဆုံးပြီးရင်
အချိန်ကာလအပိုင်းအခြားအလိုက် လုပ်ဆောင်ရမှာတွေက အဆင်သင့်စောင်င့နေတယ်ဆိုတာ
ကိုဗစ်ပထမလှိုင်းမှာ အဖေဆုံးပါးပြီး ရခဲ့တဲ့အတွေ့အကြုံအရ ကျွန်တော်က ကျွန်တော့်မိတ်ဆွေရဲ့သားကို
ဖြောင့်ဖျရပါတယ်။
လတ်တလောအခြေအနေအရ
ဝမ်းနည်းကြေကွဲဖို့ အချိန်မရပါဘူး။ ကျွန်တော်တို့ဟာ မိတ်ဆွေကို သေဆုံးကြောင်းအတည်ပြုဖို့
အရပ်လေးမျက်နှာမှာ ဆရာဝန်တစ်ယောက်တစ်လေများ ရှိလေမလားလို့ လိုက်စုံစမ်းရပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့
ဆရာဝန်သိန်းပေါင်းများစွာဟာ ဆရာဝန်ဖြစ်မှုအတွက် ဝရမ်းပြေးဖြစ်ခဲ့ရမယ်လို့ ယောင်လို့တောင်
တွေးမိမှာမဟုတ်ပါဘူး။
မြန်မာပြည်မှာတော့
ဆရာဝန်တချို့ဟာ ဆရာဝန်ဖြစ်မှုအတွက် ဝရမ်းပြေး ဖြစ်နေရပါတယ်။ ကျွန်တော်တို့ဟာ
ပိတ်ထားတဲ့ဆေးခန်းတံခါး အများအပြားနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ဟာ စုံစမ်းရင်း၊
မေးရင်းမြန်းရင်းနဲ့ အောက်စီဂျင်တွေလှူတဲ့ ဓမ္မာရုံတစ်ခုမှာ ကွမ်းတွေတထွေးကြီး ဝါးနေတဲ့
လူငယ်တစ်ယောက်ကို တွေ့ရပါတယ်။ သူ့ကို ကျွန်တော်တို့ အခက်အခဲပြောပြတော့ သူက ဆရာဝန်တစ်ယောက်ဖြစ်ေကြာင်း ကျွန်တော်တို့ကို ကူညီနိုင်ကြောင်းပြောကာ သေဆုံးသူကို လိုက်လံစမ်းသပ်ပြီး
သေဆုံးကြောင်းထောက်ခံစာ ရေးပေးသွားပါတယ်။
ပြီးတော့
အရေးပေါ်ကုသမှုလိုအပ်နေတဲ့ လူနာတွေကို ကြည့်ဖို့ သူဟာ မိုးထဲရေထဲ ထွက်ခွာသွားပါတယ်။ ကျွန်တော်တို့
ဖုန်းဆိုးမြေအတွက် တစ်ခါတစ်ရံတော့ ကုမုဒြာတွေ ရှာတွေ့တတ်ပါတယ်။ ဇာတ်လမ်းက ဒီတင်မဆုံးပါ။
အအေးခန်းပို့ဖို့ သို့မဟုတ် သင်္ဂြိုဟ်ဖို့အတွက်၊ အများအကျိုးအတွက်ဆို မသက်ဆိုင်သလိုနေတတ်တဲ့
သက်ဆိုင်ရာတွေကို သင်္ချိုင်းလက်မှတ်ရဖို့ ဆက်သွယ်ရပါတယ်။
ရှုပ်ထွေးပွေလီပြီး
ခက်ခဲလှတဲ့ ကြိုးနီစနစ်တွေကို ဖြတ်သန်းပြီးနောက် ကျွန်တော့်မိတ်ဆွေကို ရန်ကုန်မြို့ရဲ့
ညနေ ၆ နာရီခွဲအချိန်မှာ မီးသင်္ဂြိုဟ်ခွင့် ရပါတယ်။ စီးပွားရေးအဆက်အသွယ်များသူ၊
အလှူအတန်းရက်ရောသူ၊ လူချစ်လူခင်များသူ၊ ဗဟုသုတနှင့်ဘဝအတွေ့အကြုံ ကြွယ်ဝ၍
လူအများကို ကူညီဖေးမတတ်သူ ကျွန်တော့်မိတ်ဆွေဟာ မိသားစုလေးယောက်၊ ကူညီဆောင်ရွက်ပေးသူနှစ်ယောက်၊
ပေါင်း ၆ ယောက် ရှေ့မှာပဲ မြန်မာ့ဓလေ့ထုံးစံအရ သရဏဂုံတောင် မတင်လိုက်ရဘဲ မီးခိုးငွေ့အဖြစ်
ပြောင်းလဲပျောက်ပျယ်သွားပါတယ်။
ဩဂုတ်မိုးတွေဟာ
ရန်ကုန်မြို့ပေါ်ကို ဆယ်စုနှစ် ၂ ခုစာ အတွင်းမှာ အပြင်းထန်ဆုံးနှုန်းနဲ့ ရွာသွန်းနေဆဲပါ။
အထက်ပါဇာတ်လမ်းက ကိုဗစ်နိုင်တင်း တတိယလှိုင်းအတွင်း ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံကို
ထာဝရခွဲသွားကြရတဲ့ ထောင်ပေါင်းများစွာသော လူတွေထဲက ဇာတ်လမ်းတစ်ခုပါ။ ဖေဖော်ဝါရီ ၁
ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျန်းမာရေးစနစ်အပါအဝင် အထွေထွေစီမံခန့်ခွဲမှုတွေ
လုံးဝရှိမနေတော့ဘဲ ကျဆုံးနိုင်ငံဖြစ်နေတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် ကိုဗစ်ရောဂါတတိယလှိုင်းဟာ
မိသားစုတိုင်းကို နာဂစ်မုန်တိုင်းဝင်တိုက်ခဲ့သလို ဖရိုဖရဲဖြစ်ကျန်ရစ်ခဲ့ကြပါတယ်။
ရပ်ကွက်တိုင်း၊
လမ်းတိုင်းမှာ နာရေးဆိုင်းဘုတ်တွေ ရှိခဲ့ရသလို တစ်အိမ်နဲ့တစ်အိမ်၊
တစ်မိသားစုနဲ့တစ်မိသားစုဟာ နာရေးဖိတ်စာအပြန်အလှန် ပေးနေကြရတာ ၂၀၂၁ ဩဂုတ်ရဲ့ ယဉ်ကျေးမှုပုံစံအသစ်တစ်ခုပဲလား။
ကျွန်တော်နဲ့
သူငယ်ချင်းတချို့ဟာ အောက်စီဂျင်အရေးပေါ်လိုအပ်သူတွေအတွက် တတ်အားသ၍ ကူညီရှာဖွေ ပို့ဆောင်ပေးနေရင်းနဲ့
ကျွန်တော်တို့ မကြားချင်ဆုံး စကားလုံးတွေက “ကျေးဇူးတင်ပါတယ်၊ ဆုံးသွားပါပြီ”
ဆိုတာပါပဲ။ ကူညီလုပ်ဆောင်ပေးနေရင်းနဲ့ လူတွေကို နေဖို့ကူညီရတာလား၊ သေဖို့ကူညီနေရတာလား
မသဲမကွဲဝေဝေဝါးဝါး ဖြစ်နေရပါတယ်။ ဩဂုတ်မိုးတွေက ရက်ရက်စက်စက်ရွာသွန်းဆဲပဲ ဖြစ်နေပါတယ်။
မလွန်ဆန်နိုင်တဲ့တရားထဲမှာ
အနုပညာသမားမို့၊ ထင်ရှားကျော်ကြားသူမို့၊ ရာထူးအာဏာရှိလို့၊ ချမ်းသာကြွယ်ဝလို့ရယ်လို့
ခြွင်းချက်မထားခဲ့ပါဘူး။ ကျွန်တော်တို့ကို ပျော်ရွှင်ရယ်မောမှုတွေ လက်ဆောင်ပေးတတ်တဲ့
ဦးမေတ္တာနဲ့ ဦးစံမတူတို့ဟာ အနက်ရောင် ဩဂုတ်ထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ “ငါရှုံးပါစေ
.... တရားက နိုင်ပါစေ” ဆိုတဲ့ တစ်ဘဝလုံး ကဗျာတစ်ခုတည်းကိုဖက်တွယ်၊ စူးစူးနစ်နစ်
သန့်သန့်ရှင်းရှင်း ယုံကြည်ရပ်တည်ခဲ့တဲ့ ဆရာအောင်ချိမ့်ဟာ မိုးထဲရေထဲမှာပဲ
ထွက်ခွာသွားခဲ့ပြန်ပါတယ်။
တစ်သက်တာအမျိုးသားစာပေဆုရ
ဆရာကြီး ဦးအံ့မောင်၊ စာရေးဆရာမကြီး ဒေါ်ခင်စောတင့်နဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ
ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိဖို့ ရှေ့ဆောင်လမ်းပြ စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့တဲ့
ဆရာကြီး နာဂသိန်းလှိုင်တို့ဟာ ဩဂုတ်နေ့ရက်တွေထဲမှာပဲ သူတို့ရဲ့ ဘဝအချိန်တွေကို
ရပ်တန့်ပစ်ခဲ့ပြန်ပါတယ်။
လူကြီးတွေဟာ ကပ်ရောဂါဘေးကြောင့်
ဖုန်းဆိုးမြေကို စွန့်ခွာသွားရချိန်မှာ လူငယ်တွေဟာ စစ်အာဏာရှင်ဘေးကြောင့် လမ်းမတွေပေါ်မှာ
အနာဂတ်တွေကျကွဲနေရပါတယ်။ ကဗျာဆရာ လှသန်း လွမ်းဖူးတဲ့ ကံဆိုးပေမယ့် လှနေတဲ့ လေပြင်းထန်ထန်ကမ်းခြေက
ခြေတံရှည်အိမ်ကလေးတွေနဲ့နိုင်ငံဟာ ပြိုလဲကြေမွသွားခဲ့ရပါတယ်။
မရှိတော့တဲ့အနာဂတ်ထဲမှာတော့
၄၄ လမ်းထဲက လူငယ်တွေဟာ ယောနသံဇင်ယော်လို မြင့်မြင့်မားမားကို လျင်လျင်မြန်မြန်ပျံသန်းသွားရင်း
မိုးကုတ်စက်ဝိုင်းအစွန်းမှာတော့ “သစ္စာတရားဟာ ဘယ်တော့မှမဖောက်ပြန်ဘူး” ဆိုတဲ့စကားက
ပဲ့တင်ထပ်နေပါတယ်။
သေခြင်းတရားနဲ့ ပခုံးချင်းတိုက်
သွားလာဖန်များတဲ့အခါ ကျွန်တော်တို့ရဲ့ စိုးရိမ်ကြောက်လန့်မှုဟာ ထုံအသွားပါတော့တယ်။
မရေရာတဲ့မနက်ဖြန်ထဲမှာ ရှင်သန်ဖို့အဓိပ္ပါယ်ကို နည်းမျိုးစုံအသက်ဆက်ပေးနေရပါတယ်။
စိတ္တဇမိုးရေထဲမှာတော့ ဩဂုတ်တစ္ဆေဟာ လမ်းသလားနေတုန်းပါပဲ။
မိုးလှိုင်ည
Friday, August 6, 2021
"HOURS WITHOUT CURE"
အစုန်အဆန် ရန်ကုန်
Monday, June 28, 2021
ဆေးရုံ
Monday, December 21, 2020
အတိတ်ကတစ်ချိန်
ရန်ကင်းဈေးကွေ့ ကနေ
ယောက်လမ်းမှတ်တိုင်ကို ၁၂မိနစ်နဲ့ရောက်နိုင်ဦးမလား
၃၇ ဘီအမ်ကားတွေလည်း မရှိတော့ဘူး
Vegas နှစ်လိပ် ကွမ်းနှစ်ယာဖိုး
အေးစက်စက် ဆောင်းနဲ့
သမ္မတ ဟော်တယ်ရှေ့ က အချဉ်ပေါင်းသည်လည်း မရှိတော့ဘူး
နောက်တော့ သမ္မတ ဟော်တယ်လည်း မရှိတော့ဘူး
သိပ်နောက်ကျတော့ သမ္မတပါ မရှိတော့ဘူး..။
လပြည့်ဝန်းပလာဇာက
မင်းရုံးဆင်းလာမယ့်
ညနေ ၅နာရီခွဲဟာ
ဘယ်နှကမ္ဘာလောက် ကြာတာလည်း
အတိတ်လို့ ဆိုပေမယ့်
အဲဒီအတိတ်တွေဟာ ရင်ထဲမှာတော့ တိတ်တိတ်မနေဘူး…
ငါက တိတ်တဆိတ်ရူးနေသူပါ
ဘယ်ကုထုံးနဲ့ အဆင်မပြေဘူး
အချိန်ဟာ ငါတို့ကိုလိမ်နေတဲ့ ဘုရင်တပါး
ငါတို့ ဘာမှမမှားပဲ
ဘယ်တော့မှလည်း မမှန်ဘူး
အလွမ်းကတော့ အပေါင်ဆုံးသွားတဲ့
ဘောင်ချာအပြဲလေးလို
ကျစ်ကျစ်ဆုပ် ကြေကွဲနေရတယ်…။
မိုးလှိုင်ည
Saturday, June 20, 2020
ဘူတာအိုလေး
ခေတ်ကာလ ဖြတ်သွားဖြတ်လာ ရထားတွေကို
ထိုင်ငေးနေခဲ့တာပေါ့
ကူးစက်ရောဂါကြောင့် အေးစက်
တိတ်ဆိတ်
ဆိုက်ကပ်ရထားတွေမရှိတဲ့အချိန်
ဖြတ်သွားဖြတ်လာ ရထားတွေအကြောင်း
တွေးတောမိခဲ့ပေါ့
ပုံမှန်ဆိုရင် သံသရာ ရထားပေါ်က
ရောင်စုံဘဝတွေတင်ဆောင်ထားတဲ့
လော်ကယ်ရထားတွေ ဖြတ်သွားနေကျ
မနက်စောစော ကုန်စိမ်းရထားပေါ်က
ဈေးသည်တွေရဲ့ ဆူညံသံ
မျှစ်စို့ဖြူဖြူဖွေးဖွေးတွေကို
စိတ်ထဲက လှမ်းတွေးလိုက်မိသေးတယ်
တစ်ပါတ်တစ်ခါ တအိအိ လေးလံနေတတ်တဲ့
စာပို့ရထားကြီး
ကွမ်းယာတွေ ပလုပ်ပလောင်းဝါးလို့…
တချို့အချိန်တွေတုန်းက မှိုင်းမှိုင်းဝေဝေ
အရက်မူးနေတတ်တဲ့
သစ်လုံးတင်ရထားကြီး တစ်နေ့နှစ်ကြိမ်သုံးကြိမ်ဖြတ်လို့
ဘူတာအိုလေးအတွက် လက်ဆောင်တွေ
ထားထားခဲ့တတ်တယ်
နယ်စပ်မြို့လေးက အမောတကော
ပြေးလာတတ်တဲ့
ဝန်နဲ့အားမမျှတဲ့ မှောင်ခိုရထားလေးတွေ
ပျောက်ချက်သား ကောင်းနေပြန်ပြီ
တစ်ခါတရံ မာကျောက်ကစားတတ်တဲ့
လမ်းခင်းကျောက် ရထားကြီးလည်း
ရောက်ရောက်လာတတ်တယ်…
တချို့အချိန်တွေမှာတော့ ဟွန်းသံတွေ
ဆူဆူညံညံနဲ့
မီးတောက်မီးလျှံ တော်လှန်ရေးရထားတွေ
ဖြတ်သန်းသွားဖူးတယ်…
အာဏာရှင် ဗိုလ်ချုပ်တွေရဲ့
သံမဏိ ကြက်ခြေ အထူးရထားတွေ
ဘဝင်မြင့်မြင့် ဖြတ်သွားတာလည်း
မြင်ခဲ့ဖူးတယ်
တွဲပြောင်းတွဲဆိုင်းတွေနဲ့
ချောင်ထိုးထားတဲ့ ချိတ်ပိတ်ရထားတွေလည်း
ဘူတာအိုလေးအရိပ်မှာ နေခဲ့ဖူးတယ်…
သွေးသံတရဲရဲနဲ့ အသားတွဲ ရထားတွေလည်း
ညီဟောက်နေအောက် ဘူတာအိုလေးအောက်မှ
ရပ်ဖူးတယ်…
ဘူတာအိုလေးကတော့ ဘယ်သူ့ကိုမှ
မောင်းမထုတ်ရက်ခဲ့ဘူး
ခြေချစရာ နေရာလပ်မရှိအောင်မှာ
ဒုကသည်တွေ ပြည့်ကျပ် အိပ်စက်ခဲ့ဖူးတယ်
မိုးလှိုင်ည
“ခွေးကလေး ကောက်ကောက်”
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...
-
ငါ့ ဆံပင်တွေရှည်နေပြီ … ငါ့ အတွေးစတွေကလည်းရှည်ရှည်လျားလျား စာကိုတော့ ခပ်တိုတိုပဲ ငါရေးတတ်ချင်တော့တယ်… ငါ့ အိမ်မက်တွေရှည်ရှည်လျားလျာ့း ငါ ကေ...
-
နပိုလီယန်မဟုတ်ဘူး ကူဗလိုင်ခန်မဟုတ်ဘူး ဂျူးလိယက်ဆီဇာမဟုတ်ဘူး ဂျော့ဝါရှင်တန်မဟုတ်ဘူး မိုးလှိုင်ညဟုခေါ်ဆိုပါရန်.... ကျန်စစ်သားမဟုတ်ဘူး နရသီဟပတေ့မ...