Friday, May 29, 2020

သူ့ဓါတ်ပုံ






မှတ်မှတ်ရရ ကိုယ့်ဘဝမှာ ပထမဆုံး ဓါတ်ပုံရိုက်ခဲ့ဖူးတာက ရန်ကုန်တက္ကသိုလ်ထဲမှာ၊ အဲဒီတုန်းက အမေဘွဲ့ယူတဲ့အခမ်းအနားမှာ လိုက်ရင်း ရိုက်ခဲ့ရတာ အမေတို့ခေတ်တုန်းက စာပေးစာယူအတန်းတွေက ဘွဲ့ရပြီး ဆယ်နှစ်ဝန်းကျင်ကြာပြီးမှ ဘွဲ့နှင်းသဘင် ကျင်းပတာဆိုတော့ အပျိုဘဝက ဘွဲ့ရခဲ့တဲ့အမေက ကိုယ်အသက် ခုနစ်နှစ်၊ ရှစ်နှစ်လောက်မှ ဘွဲ့ယူရတယ်လေ။

သူများတွေ ဓာတ်ပုံရိုက်တာကိုကြည့်ရင်း ကိုယ်လည်း ဓါတ်ပုံရိုက်ချင်လာတယ်။ ဓါတ်ပုံရိုက်တဲ့လူကြီးကိုဦးလေး .. ကျနော်တစ်ယောက်တည်း တစ်ပုံလောက် ရိုက်ပေးပါဆိုတော့ လူကြီးတွေက ဝိုင်းရယ်ကြတယ် .. ဓါတ်ပုံတစ်ပုံလည်း ရိုက်ပေးပါတယ် .. သစ်ပင်ကို လက်တစ်ဖက်နဲ့ တွန်းထားပြီး ခါးထောက်ထားတဲ့ ရန်ကုန်တက္ကသိုလ်ထဲက ဓါတ်ပုံတစ်ပုံ ကိုယ့်မိသားစု အယ်လ်ဘမ်ထဲမှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ဖူးတယ်။ နောက် ကိုယ့်ဘဝအတွက် ရှားရှားပါးပါး ငယ်ဘ၀ ဓါတ်ပုံလေး တစ်ခုပေါ့။

နှစ်ပေါင်းများစွာကြာခဲ့တယ်။ ရန်ကုန်တက္ကသိုလ်ထဲ မရောက်တာရော၊ ဓါတ်ပုံမရိုက်ဖြစ်တာရောပေါ့ .. အထက်တန်းကျောင်းသားဘဝမှာ ဆူးလေဘုရားအောက်က ဓါတ်ပုံဆိုင်တွေဆီမှာ လိုင်စင်ဓါတ်ပုံရိုက်တာက လွဲလို့ ဓါတ်ပုံမရိုက်ဖြစ်တော့ဘူး။ ကိုယ်သိပ်စိတ်မဝင်စားတာလည်း ပါမယ်ထင်တယ်။ ပြီးတော့ ဓါတ်ပုံရိုက်တာ ပိုက်ဆံအပိုကုန်တဲ့ ကိစ္စလို့ စဉ်းစားမိတာကြောင့်လည်း ဖြစ်မယ်။ ပန်းခြံတွေ ဘုရားတွေမှာ ဓါတ်ပုံဆရာတွေက အမှတ်တရ ဓါတ်ပုံရိုက်မလား လာမေးရင် ကိုယ်အမြဲလက်ကာပြမိတယ်။ ဘုရားတွေ ပန်းခြံတွေမှာ အမှတ်တရ ဓါတ်ပုံရိုက်တာ တောကလူတွေပဲ လုပ်ကြတာလို့ ထင်တယ်လေ။ ကိုယ်တစ်သက်လုံး ဒီမြို့မှာနေတာ .. ဒီပန်းခြံ၊ ဒီမြင်ကွင်၊ ဒီဘုရားတွေ၊ ဒီလမ်းတွေကို မျက်မိမှိတ်ထားရင်တောင် အလွတ်သိနေတာမျိုးဆိုတော့ ဓါတ်ပုံရိုက်ခံဖို့ တစ်ခါမှ မတွေးတော့ခဲ့ဖူးဘူး။ အဲဒီတော့ ကိုယ့်မှာ ဓါတ်ပုံရိုက်ခံတဲ့ အမှတ်တရတေါ မရှိခဲ့ဘူးလို့ ဆိုရမှာပဲ။

ဒါပေမယ့် ဘဝဆိုတာ ဖြစ်ဖူးတဲ့အဖြစ်အပျက်တွေ ဆင်တူယိုးမှားတွေ ဖြစ်လေ့ဖြစ်ထရှိတာပဲလား မသိဘူး။ ကိုယ် ရန်ကုန်တက္ကသိုလ်ထကို ဘွဲ့နှင်းသဘင်အခမ်းအနားတစ်ခုကိုပဲ အကြောင်းပြုပြီး နောက်တစ်ကြိမ်ထပ်ရောက်ခဲ့ပြန်တယ်။ ကိုယ်တစ်ယောက်တည်းတော့ မဟုတ်ဘူး၊ ကိုယ့်မှာ စာအုပ်တစ်အုပ် ပါပါတယ်။ ကံ့ကော်ရိပ်မှာ လက်ဖက်ရည်သောက်ပြီး စာထိုင်ဖတ်ရတာ ဘယ်လောက်အရသာ ရှိကြောင်း အဲဒီနေ့က ကိုယ်သိခဲ့ရတယ်။ သူဘွဲ့နှင်းသဘင်ပြီးလို့ ထွက်လာမှာကို စောင့်ရင်း ဒီဘဝမှာ ဘွဲ့မရတော့မယ့် ကိုယ့်အကြောင်းကိုယ် တွေးမိတယ်။ သူဘွဲ့နှင်းသဘင်ပြီးတော့ စောင့်နေတဲ့ကိုယ့်ကိုယ် တွေ့ချိန်မှာ ပြုံးပြတယ်။ သူ့သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဓါတ်ပုံတွေအမှတ်တရ ရိုက်ကြတာကို ကိုယ်ကြည့်နေမိတယ်။ အဲဒီတုန်းက ကင်မရာသံတွေ၊ ရင်ခုန်သံတွေက ရောထွေးဆူညံနေတယ်။ ကင်မရာဆရာတွေက ဖလင်တစ်ကွက်ပြီးတိုင်း ဖလင်တစ်ကွက်ထပ်ရွှေ့တဲ့ ကလစ်ကတောက်အသံကြီး ကြားနေရတယ်။ လူတွေအတွက် ဘဝမှာ အမှတ်တရ ဓါတ်ပုံတွေဟာ အရေးကြီးတာပေါ့။ ကိုယ်အဲဒီတုန်းက ဓါတ်ပုံမရိုက်ဖြစ်ပြန်ပါဘူး။ ပြီးတော့ တစ်ယောက်တည်းလည်း မရိုက်ဖြစ်ခဲ့ဘူး။ ဒါပေမယ့် အဲဒီဓါတ်ပုံတွေနဲ့ ပတ်သက်ပြီး ကိုယ်တက္ကသိုလ်ထဲ ထပ်ရောက်ဖြစ်ခဲ့တယ်။

နောက်နေ့တွေကျတော့ ကိုယ်သူမနဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံဖြစ်တယ်။ အနာဂါတ်အတွက် ဓါတ်ပုံလှလှလေးတွေ ပိုက်လျက်ပေါ့။ ကိုယ့်ကို သူ့ဓါတ်ပုံတွေ ထုတ်ပြတယ်။ တချို့ပုံတွေထဲမှာ သူဟာ အပြင်ကနဲ့ မတူဘဲ နတ်သမီးတစ်ပါးလှနေတာမျိုးလို့ ကိုယ်ထင်နေမိတယ်။ သူ့ဆီက သူ့ဓါတ်ပုံတချို့ ပေးဖို့ ကိုယ်အရဲစွန့်ပြောကြည့်တယ်။ သူက နောက်တော့ ပေးမှာပေါ့လို့ ရှောင်ထွက်တယ်။ ကိုယ်ကလည်း လူလည်ပဲ .. မသေချာတဲ့အနာဂါတ်ထက် လက်ရှိထဲက နည်းနည်း ဖဲ့ယူမှရမယ်ဆိုတာ သဘောပေါက်တော့ ဓါတ်ပုံတွေထဲက ကိုယ်ကြိုက်တဲ့ ဓါတ်ပုံတွေကို ယူပြီးကြည့်တယ်။ တက္ကသိုလ်စိန်ဝင်းဓါတ်ပုံနံပါတ်တချို့ကိုယ် ကူးယူလိုက်တယ်။ နာမည်နဲ့ ဓါတ်ပုံနံပါတ်သိရင် ပြန်ကူးလို့ရတယ်ဆိုတာ ကိုယ်သိတယ်လေ။ အဲဒီအချိန်က ဓါတ်ပုံဆရာတွေက သူတို့ဆီမှာ ဓါတ်ပုံတစ်ခါ ရိုက်ပြီး နံပါတ်မှတ်ထားရင် အကြိမ်ကြိမ်ပြန်ကူးလို့ရတယ်။ ဖလင်တော့ ပေးလေ့ပေးထမရှိကြဘူး ..

ကိုယ်ငါးတန်းလောက်က ရိုက်တဲ့ လိုင်စင်ဓါတ်ပုံကို ကျောင်းသားကဒ်တိုင်း သုံးလို့ ဆယ်တန်းရောက်အထိ ကလေးပုံစံပေါက်နေတာကို သူငယ်ချင်းတွေ နောက်ပြောင်ကြတာအမှတ်ရမိသေးတယ်။ သူမက ကိုယ့်ကို ဘယ်တုန်းကမှ ဓါတ်ပုံလက်ဆောင်မပေးခဲ့ပါ။ အဲဒီခေတ်က တစ်ယောက်ကို တစ်ယောက် ဓါတ်ပုံပေးထားကြတယ်ဆိုတာ တော်ရုံတန်ရုံသမီးရည်းစားအဆင့်မှာ မရတတ်ကြဘူး။ ကိုယ်က သူ့ဓါတ်ပုံလေးတွေရဖို့ အရူးအမူးဖြစ်ခဲ့ရဖူးတယ်။

ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင်လုပ်ဖို့ နတ်ဆိုးတစ်ပါးလို ကျိန်စာလိုလိုနဲ့ ကိုယ့်ကံကြမ္မာ ပူးဝင်ခိုကပ်နေတတ်တယ်။ တစ်ခေါက်တော့ သူမရဲ့ လိုင်စင်ဓါတ်ပုံတစ်ပုံကို သူမအိတ်ထဲက ကိုယ် ခိုးယူပြီး ကိုယ့်ပိုက်ဆံအိတ်ထဲ ပြောင်းထည့်ဖူးတယ်။ ကိုယ့်ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံတွေ ပြောင်သလင်းခါသွားတောင် သူ့မ ဓါတ်ပုံလေးကတော့ အမြဲရှိနေခဲ့တယ်။ သူမဓါတ်ပုံဟာ လက်ဖက်ရည် ဝယ်သောက်လို့ မရတာလည်း ပါချင်ပါမှာပေါ့။

သူမဓါတ်ပုံကို နောက်တစ်ခါ ကိုယ် အမြတ်တနိုးသိမ်းထားဖြစ်တဲ့ အဖြစ်အပျက်လေးလည်း ရှိတယ်။ အဲဒီခေတ်က မိန်းကလေးတချို့လုပ်တတ်တဲ့ အတိုင်း အလှအပ မဂ္ဂဇင်းတွေမှာ သူတို့ ပုံပါလာအောင် ကဗျာလေးတွေနဲ့ တွဲပို့တတ်တယ်။ အလှအပမဂ္ဂဇင်းတွေကလည်း သူတို့ ပရိသတ်ထဲက ကောင်းနိုးရာရာပုံလေးတွေကို ထည့်ပြီး ဖော်ပြပေးတတ်ကြတယ်။ သူက သူ့ဓါတ်ပုံနဲ့ သူ့ သူငယ်ချင်း ကဗျာ တွဲပို့လိုက်တာ မဂ္ဂဇင်းမှာ ပါလာတဲ့အကြောင်း ကိုယ့်ရှေ့ မပျက်မကွက် လာကြွားခဲ့တယ်။ ကိုယ်ကလည်း မဂ္ဂဇင်းနာမည် မှတ်ထားပြီး စာအုပ်ဆိုင်က အဲဒီမဂ္ဂဇင်းကို သွားငှားတယ်။ စာအုပ်ငှားတဲ့အမျိုးသမီးကြီးရဲ့ မယုံသင်္ကာအကြည့်ကို မသိချင်ယောင်ဆောင်ပြီး အဲဒီစာမျက်နှာကို ကဒ်ကြေးနဲ့ ညှပ်ယူထားလိုက်တယ်။ တစ်ယောက်ယောက်များ အဲဒီလို ခံရဖူးတယ်ဆိုရင် ငယ်သေးတဲ့အရွယ်မို့ မှားမိတာကို ခွင့်လွှတ်ပါလို့ ဒီနေရာကပဲ တောင်းပန်ပါတယ်။ အဲဒီဓါတ်ပုံလေးကို ကိုယ့်ဒိုင်ယာရီစာအုပ် ရှေ့ဆုံးမှာ ကပ်ထားလိုက်တယ်။ နှစ်ပေါင်းများစွာကြာတဲ့အထိ ကိုယ့်ဆီမှာ ရှိနေခဲ့ဖူးတဲ့ သူ့ဓါတ်ပုံလေးပေါ့။

တကယ်တော့ လူတွေဟာ မရှိတော့တဲ့ အချိန်ကာလထဲမှာ နေထိုင်ကြဖူးသူတွေချည်းပါပဲ။ သူနဲ့ကိုယ်ကို အချိန်ကာလပဲ တွေဆုံပေးခဲ့ပြီး အချိန်ကာလကပဲ ဝေးကွာစေခဲ့ပါတယ်။ လူငယ်ဘဝမှာ အသေးစား ဝေးကွာမှုတွေဟာ တစ်ကိုယ်တော် ကမ္ဘာပျက်တာပါပဲ။ ကိုယ်လည်း ရင်ထဲမှာ တတိယကမ္ဘာစစ် ဖြစ်ခဲ့ဖူးတယ်။ သူနဲ့ဝေးကွာပြီး လွမ်းဆွတ်ရတာဟာ အဲဒီအချိန်က ဘယ်လိုတရားနဲ့မှ ဖြေလို့မရခဲ့ဘူး။ ကိုယ်တက္ကသိုလ်ဘက် ခြေဦးလှည့်ခဲ့တယ်။ သူ့ဓါတ်ပုံလေးတွေကို နံပါတ်မှတ်ထားတဲ့စာရွက်လေးကိုင်လို့ပေါ့။ ကံ့ကော်ပင်ရိပ်က အေးအေးလူလူ ဓါတ်ပုံဆရာကြီးနဲ့တွေတော့ နောက်တစ်ပတ်ရက်ချိန်မှာ ဓါတ်ပုံတွေ ရမယ်ပေါ့။ ဒါပေမယ့် ကံတရားဟာ ကိုယ့်အပေါ်မိုးလိုက်ရွာတုန်းပဲ၊ အမှတ်တမဲ့ဘောင်းဘီ ဝတ်သွားလို့ တက္ကသိုလ်ထဲဝင်လို့မရဘူးဆိုတဲ့ ခေတ်ကြီးကို ကိုယ်ကြုံခဲ့ရတယ်။ အဲဒီလိုနဲ့ ရက်ချိန်းတွေ နောက်ရွှေ့သွားပြီး တစ်ပုံကို ၃၅ ကျပ်နဲ့ သူ့ဓါတ်ပုံတွေ ရွေးယူပြီးကာမှ ပိုက်ဆံတွေမကျန်တော့လို့ ကိုယ်နေတဲ့ ဆင်ခြေဖုံးမြို့နယ်ဆီကို လမ်းလျှောက် ပြန်ခဲ့ရတာ အမှတ်ရမိတယ်။ တိုက်တိုက်ဆိုင်ဆိုင် မိုးကလေးတဖွဲဖွဲနဲ့ပေါ့။ ဒါပေမယ့် ကိုယ်တက်ကြွနေခဲ့တယ်။ ဆုတံဆိပ်တွေ လွယ်ပိုးထားတဲ့ အောင်ပွဲရစစ်သည်အလားသူ့ဓါတ်ပုံလေးတွေဟာ ကိုယ့်အသည်းကွဲရပ်ဝန်းအတွက် ငြိမ်းချမ်းရေးလက်နက်တွေပဲကို

စစ်ပြီးခေတ် မိသားစုတွေ ပြန်ဆုံသလို ကံကြမ္မာကလည်း သူနဲ့ကိုယ့်ကို အံ့သြဖွယ်ရာ ပြန်လည် တွေ့ဆုံခွင့်ပေးလိုက်ပြန်ပါတယ်။ ဘဝထဲက ပျော်ရွှင်ဖွယ် ခပ်မြန်မြန်အချိန်တချို့ကို သူလည်း ပြန်လည်ရရှိခဲ့တယ်။ ကိုယ်သူ့ကို အလွတ်ဖြေခဲ့ရတဲ့ ဓါတ်ပုံတွေ ထုတ်ပြတော့ သူ့မျက်ခုံးလေးတွေက ပြုံးနေတာ သိပ်လှတယ်လို့ ကိုယ်သတိထားမိခဲ့တယ်။ တကယ်တော့ ဘဝဆိုတာ နွေရာသီချည်းပဲမှ မဟုတ်တာ။ အချိန်တချို့ကုန်ဆုံးသွားတော့ မုန်းတိုင်းရာသီထဲ အဖြစ်အပျက်တွေ တိုးဝင်လာခဲ့တယ်။ သူနဲ့ကိုယ် ကြီးကြီးမားမား ကွဲကွာသွားကြတယ်။ သူ့ဓါတ်ပုံတွေလည်း စိတ်လိုလက်ရပြန်ပေးခဲ့မိတယ်။ လိုင်စင်ဓာတ်ပုံလေး တစ်ပုံက လွဲရင်ပေါ့။ မုန်တိုင်းထန်နေတဲ့ ကာလတစ်လျှောက်လုံး စိတ်ဒဏ်ရာတွေနဲ့ပဲ နေသားကျအောင်လည်း နေထိုင်ခဲ့ရတာပဲ။ အချိန်ကာလကပဲ ကိုယ်တို့တွေကို ကြီးရင့်လာအောင် ဆွဲခေါ်သွားနေတော့တယ်။

မော်တော်ကားသစ်တွေ လမ်းမပေါ် တစ်စီးပြီးတစ်စီး ပြေးလွှားနေတယ်။ လူတွေက တစ်ယောက်နဲ့တစ်ယောက် ဖုန်းတွေတရွယ်ရွယ်လုပ်နေကြပြီး ဆန္ဒပြပွဲတွေတစ်ခုပြီး တစ်ခုဖြစ်နေတဲ့ အချိန်ကာလထဲ ကိုယ်ရောက်လာခဲ့တယ်။ ကုန်ဈေးနှုန်းတွေက အရင်ကမထင်မှတ်ထားတဲ့ ဈေးနှုန်းတွေ၊ တိုက်ကြီးတွေက မမျှော်လင့်နိုင်အောင် မြင့်မားပြီး လမ်းတွေကလည်း မယုံကြည်နိုင်လောက်အောင် ကောင်းလာတယ်။ လူတွေက လက်ကိုင်ဖုန်းကိုယ်စီနဲပပေါ့။ သူ့ကို သတိရစိတ်မီးခဲလေးက ကိုယ့်ကို ဆိုရှယ်နက်ဝါ့ခ်ထဲ တွန်းထိုးခေါ်ဆောင်သွားခဲ့တယ်။ ဆင်တူရိုးမှားနာမည်တွေ အမျိုးမျိုးကြားမှာ သူ့ဓါတ်ပုံလေးကို ခက်ခက်ခဲခဲ ကိုယ်ရှာတွေ့ခဲ့တယ်။ သူငယ်ချင်းအဖြစ် လက်ခံပေးပါဆိုတဲ့ အကြောင်းကြားချက်နဲ့ပေါ့။ ညစာစားပွဲ၊ ဘုရားမှာတို့၊ ဝတ်ရွတ်နေတယ်တို့၊ အပန်းဖြေခရီးစဉ်၊ နာရေး၊ ဆေးရုံပေါ်မှာနောက်ဆုံးပျင်းနေပြီတို့က အစပေါ့၊ ကိုယ်ဝမ်းသာရမှာလားဝမ်းနည်းရမှာလားလှနေတုန်းဆိုပေမယ့် အရစ်ရစ်ထနေတဲ့ အဆီတုံးကြီးကိုသူ့ထက်စာရင် သူ့သမီးလေးကမှ သူငယ်ငယ်ကနဲ့ ဆင်ဆင်တူသေးတယ်။ ဒါပေမယ့် သူ့အမေလိုပဲ ဓါတ်ပုံတွေ တစ်လှေကြီးနဲ့ ဆိုရှယ်နက်ဝါ့ခ်ပေါ်မှာ .. ဒီကလေးမလေးရဲ့ ဓါတ်ပုံတွေကိုရော .. သူနဲ့ရွယ်တူကောင်လေးတွေက အမြတ်တနိုးသိမ်းထားကြမှာလား။

တယ်လီဖုန်းထဲ ဘယ်ပညာရှင်တွေက လက်ဆော့ပြီး ကင်မရာတွေ ထည့်ပေးလိုက်လဲ သူမသိပါ။ ဒါပေမယ့် လူတွေက အချိန်တိုင်းအမှတ်တရ ဓါတ်ပုံတွေ ရိုက်နေကြတော့ အမြတ်တနိုး တန်ဖိုးထားမှုတွေ ယုတ်လျော့သွားမလား တွေးပူနေမိပါတယ်။ ဒါပေမယ့် သူနဲ့လည်း သိပ်တော့ မသက်ဆိုင်ပါ .. သူ့အဖြူအမဲ လိုင်စင်ဓါတ်ပုံလေးတော့ ကိုယ့်ပိုက်ဆံအိတ်အဟောင်းလေးထဲ ကျန်ရှိနေတုန်းပါပဲ။


မိုးလှိုင်ည





No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...