Pages

Thursday, November 27, 2008

စိတ်ချ၊ လုံးဝစိတ်မညစ်စေရ

အရှိကိုအရှိအတိုင်းဆိုတော့ တစ်ယာက်မျက်နှာတစ်
ယောက်ကြည့်ပြီး ဆဲဆိုမိသလို တစ်ယောက်နောက်ကျော
တစ်ယောက်ကြည့်ပြီး ရယ်ရုံပေါ့ကွာ အပိုတွေလွယ်မထားနဲ့
စိတ်ချ ငါ့ဗန်းစကားတွေက အုတ်ခဲကျိုးကောက်မကိုင်ဘူး
ငါ့အဘိဓမ္မာပေါ်က နေလောင်ကွက်တွေဟာ ခြံစည်ရိုးတန်း
ပြေးမဆွဲဘူး ငါ့မာတိကာတွေ ရင်ဘတ်ဟပြဲနဲ့ တကယ်ဆို
မင်းလည်းအဖုံးပြုတ်၊
နှာသီးဝတွေမှာတင်သတိ ကားအဆင်းအတက်အဝ
မှာသတိ ပြောစကားတွေရဲ့အ၀မှာသတိ မင်းရောငါရောလုပ်
ငန်းခွင်အန္တရာယ်ရှိသည်ဆိုတဲ့နားက ဖြတ်လျှောက်ဖူးတာ
ချည်းပဲ စိတ်ချ တည်ဆောက်မယ့်အပိုင်းမှာတော့အုတ်သဲ
ကျောက် ဘိလပ်မြေ ရေအတိ မရောခင်စဉ်းစားဖို့ပဲလိုတယ်
အတွေးတွေ ၀ါဒတွေဆိုတာက အချောမသပ်ခင်ကွဲအက်
တို့တွေရယ်ရင်းနဲ့ကွဲအက်မင်းရဲ့ဟာသတွေလည်း လမ်းတစ်
ဝက်မှာတင် ခဲကုန်ရော မရောက်တဲ့ဖုန်းတွေ ကောက်ကိုင်
မိတာမျိုး (မဟုတ်ဘူး)ဟိုဒင်းဆီကရလိုက်တဲ့ မရောက်တော့
မယ့် ပေးစာ (မဟုတ်ဘူး)
တချို့ကိစ္စတွေ တို့မသိလိုက်ဘူး ဖြတ်သွားတာတွေ
ဘယ့်နှယ့်လဲ ငါက အပြေးသမားကျကျန်ခဲ့တဲ့ ခြေသလုံးသား
ဆရာဝန်က နံတွေကျောတွေလာခေါက်တော့ ဘယ့်နှယ့်လဲ
တံခါးဟပေးလိုက်ရမလား သလိပ်တစ်ချက်ဟပ်လိုက်ရဦး
မလား ငါမသိ တာကျတော့နှစ်နဲ့ချီပြီးမင်းရယ်လိုက်တော့
လည်း တစ်ချက်တည်းနဲ့၊
မင်းနောက်ကျောကို လှည့်ကြည့်ကြည့် ငါ အစာ
မကြေဘူး မင်းရင်ထဲမှာ ဖုနေတယ် ဒါပဲ မင်းနဲ့ငါ ပလက်
ဖောင်းပေါ်မှာ ကားကုန်တာ ရောဂါပဲ ဒစ်ဂျစ်တယ် မေးရိုးတွေ
က ကိုက်ထားတဲ့ အထုပ်တွေလွှတ်ချလို့ရတယ် မင်းကတော့
ရွက်နေတာပဲ အသေရွက် အင်္ကျီကြယ်သီး ဖိနပ်သဲကြိုး
ဒါမှမဟုတ် လက်စွယ်ငုတ်နေတာကအစ တစ်ခုခုလိုအပ်လာ
ပြီဆိုရင် မင်းဘ၀ချည်းပဲ၊
စိတ်ချ ငါ့အဘိဓမ္မာပေါ်က နေလောင်ကွက်တွေဟာ
အုတ်ခဲကျိုးကောက်မကိုင်ဘူး ငါ့ဘက်တစ်ခြမ်းလုံးကတော့
စိမ်းနေတာမှ ရက်စက်တယ် မင်းဘက်ကသာထုတ်လှန်းလိုက်
အနံ့တစ်ခုကအစ မင်းလာအောင်းနေတာတွေ ငါ့ဆီမှာတော့
ပိလို့။


ဇော်လူစိမ်း


(နွယ်နီမဂ္ဂဇင်း၊အတွဲ -၁၉၊ အမှတ်-၃၊ နိုဝင်ဘာလ၊ ၂၀၀၈)