Monday, August 15, 2011

ဧရာဝတီကိုမချုပ်နှောင်နဲ့



ဧရာဝတီ...

မြစ်မင်း ဧရာဝတီ

ချစ်ခြင်း ဧရာဝတီ..

ဧရာဝတီက ငါတို့ကို စိုက်ပျိုးသီးနှံပေးတယ်

ဧရာဝတီက ငါတို့ဘ၀ စုန်ဆန်ခရီးတွေပေးတယ်

ဧရာဝတီက မျှော်လင့်ချက်၊ ရှင်သန်မှု၊ ထာဝရအသက်

ဧရာဝတီဟာ ပုဂံပြည်နဲ့တစ်သားတည်းပဲ

ဧရာဝတီဟာ ဟံသာဝတီ ညောင်ရမ်း အင်းဝ ကုန်းဘောင်ဆက်ထိ

မပြတ်စီးဆင်းခဲ့တယ်

ဧရာဝတီဟာ သမိုင်းကိုသယ်ဆောင်လို့

ဧရာဝတီဟာ အင်ပိုင်ယာကို ထူထောင်လို့

ဧရာဝတီဟာ ပြည်ထောင်စုရဲ့ အသက်ဝိဥာဉ်

ဧရာဝတီဟာ စကားမတူပေမယ့်လည်း ငါတို့ညီအစ်ကိုတွေကို

နားလည်မှု တူခဲ့တယ် မေတ္တာတရားဖြူခဲ့တယ်...

ဧရာဝတီဟာ ဒီမြေမှာမွေး ဒီမြေမှာကြီးပြီး

ဒီမြေပေါ်မှာ မွန်မြတ်မှုတွေပွားစည်းတယ်...

(ရာဇ၀င်များရဲ့ သတို့သမီး ငါတို့ရဲ့မိခင်)

မိခင်

သင်၏မျက်ရည်အသွယ်သွယ်တို့သည်

မြစ်လက်တက်ဖြစ် ဖြက်သွယ်ယှက်စီး

ငါတို့အတွက် စိုက်ပျိုးမြေ မြစ်ဝကျွန်းပေါ်ဖြစ်ထွန်းစေခဲ့သည်..။

ချစ်သောမိခင် သင်၏်နှောင်ဖွဲ့ခြင်းကင်းသော

စွန့်လွှတ်ခြင်းအတွက် နှိုင်းရတုမီသောအရာသည် မရှိနိုင်သကဲ့သို့..

အမိမရှိပါကလည်း အကျွန်ုပ်တို့၏ ပြည်ထောင်စုသည်

မည်သို့ ဖြစ်ထွန်းတည့်တံ့နိုင်ပါမည်လော...။

ဧရာဝတီကိုမချုပ်နှောင်နဲ့..

မျှော်လင့်ချက်မဲ့ မှောင်မည်းသော အနာဂါတ်တို့

ရှေ့တွင် ဖြစ်ထွန်းလာမည်လော..

ဒါတို့မြေ ဒါတို့ပြေ ကမ္ဘာမကြေစကား ...

ငါတို့တစ်လက်မချင်းအဆုံးရှုံးခံနေရင်းက

အခု ဧရာဝတီကိုတောင် ချုပ်နှောင်ထားကြတော့မှာလား

သမိုင်းခေတ်ရဲ့ စိန်ခေါ်မှု ၀ိဥာဉ်များရဲ့ကျိန်စာ

အနော်ရထာ မင်းကျန်စစ် အလောင်းဘုရား ဘုရင်နောင်

အင်ပိုင်ယာပိုင်စိုးသူတို့ရဲ့ အမုန်း ...

ပြည်ထောင်စုနေ့တွေမှာ ပြည်ထောင်စုမိခင်မပါတဲ့

သင်ခန်းစာတွေကို ငါတို့ကလေးတွေအော်ကျက်ဖို့...

ဆည်ရည်သောက် စနစ်ကြောင့် ကောနေတဲ့မြေကြီး

သဲထူထူ မြစ်သေကြီးတစ်စင်း နေပူပူ ကန္တာအစင်းစင်း

မြို့တွေမှာ...

လူတစ်စု အတ္တအထွေထွေကြောင့် ဒီပြည်ထောင်စုမှာ

ဧရာဝတီကို ချုပ်နှောင်ခဲ့တဲ့အကြောင်း ...

နောက်မျိုးဆက်တွေကို ပြန်ပြောင်းမပြောချင်ခဲ့...။

မိုးလှိုင်ည

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...