Tuesday, March 17, 2009

အလုပ်ပြုတ်ပြီ .. ဘာဆက်လုပ်မလဲ?


အိတ်ကပ်ထဲကိုငုံ့ကြည့်တော့
မြန်မာငွေကျပ် ခုနှစ်ထောင့်နှစ်ရာ့ငါးဆယ်
(ဗိုလ်ချုပ်ခေါင်းနဲ့ ပိုက်ဆံတွေမပါ)
သေချာတာက မနက်ဖြန်
မနက်စောစောထစရာမလိုတော့ဘူး…
အခုညနေစောင်းတော့
စမ်းချောင်းဘက်ဒိုးရင်ကောင်းမလား
ဖိုးသူတော်ကိုပဲ ၀က်မြှီးမှာချိန်းရင်ကောင်းမလား…
မထူးပါဘူး ..နေပူပါတယ်
နီးစပ်ရာ ဘီယာဆိုင်ထဲဝင်
ရွှေပါတ်အသေးတစ်ပြားမှာ
အာလူးကြော်နဲ့ကောက်ဝါးနေလိုက်တယ်…
မနက်ဖြန် သွားစရာအလုပ်မရှိတော့ဘူး
အမေရိကန်မှာ ဆယ့်တစ်သန်း
တရုတ်မှာက နှစ်ဆယ့်ခြောက်သန်းတဲ့
ငါတို့နိုင်ငံမှာလည်း ငါကဘယ်နှယောက်မြောက်လည်း
အလုပ်လက်မဲ့ဖြစ်သွားတာ…
တော်တော်တော့စိတ်ပျက်ဖွယ်အနေအထားပဲ…
မနက်ဖြန်နေမြင့်အောင်မအိပ်မိဖို့အရေးကြီးတယ်
အမေသိရင်စိတ်ပူနေလိမ့်မယ်
အလုပ်သွားချင်ယောင်ဆောင်ရဦးမယ်…
အခုထက်ထိတော့ ကိုယ့်ကိုယ်ကို
စိတ်မပျက်မိသေးဘူး…
မနက်ဖြန်မှာ မဖတ်ရသေးတဲ့ကဗျာတွေရှိတယ်…
မမက်ရသေးတဲ့အိပ်မက်တွေရှိတယ်…
စီးပွားတက်ကပ်ပြီးလို့
စီပွားပျက်ကပ်ဆိုက်တာ….
ဘာဖြစ်လည်း
ဘဏ်လုပ်ငန်းတွေကိုကယ်တင်ဖို့
ငါ့အိတ်ထဲကပိုက်ဆံတွေအကုန်သုံးပစ်မယ်…..။
(ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံတွေမပါ)

မိုးလှိုင်ည

25 comments:

  1. ညီမတို့ဆီမှာလည်းလူတွေတအားလျော့တယ် ...

    ဘ၀ချင်းက မတိမ်းမယိမ်းပဲ အစ်ကိုရေ ...

    ဖြစ်လာသမျှထဲက အကောင်းဆုံးကိုလုပ်ရမှာပါပဲ ...

    ReplyDelete
  2. အလုပ် ပြုတ်သွားတဲ့ ..လူတစ်ယောက်လဲ .. ဒီကဗျာ လာဖတ်သွားပါတယ်

    ReplyDelete
  3. အလုပ်..ပြုတ်လုပြုတ်ခင် လူတစ်ယောက်လည်း လာဖတ်သွားတယ် ဘဏ်တွေကိုတစ်ဖက်တစ်လမ်းက ကူညီရာရောက်အောင် များများသုံးပေးမှပဲ ။

    ReplyDelete
  4. အလုပ်ပြုတ်ကဗျာကို အလုပ်မရှိသေးတဲ့လူက လာဖတ်တယ်ဗျ။ စိတ်မလျှော့နဲ့ ကိုယ့်လူရေ။

    ReplyDelete
  5. ဘဏ်လုပ်ငန်းတွေကိုကယ်တင်ဖို့

    ငါ့အိတ်ထဲကပိုက်ဆံတွေအကုန်သုံးပစ်မယ်…..။

    ဆိုလို့ပြုံးမိတယ်..။

    တကယ်လား..ကဗျာလား..အလုပ်ပြုတ်တယ်ဆိုတာ..
    တကယ်ဆို ဆော်ရီးပါဗျာ..။
    ဒါပေမယ့် ဘယ်လိုပြောမလဲ ဒီလိုပါပဲလေ..။

    ReplyDelete
  6. Really
    but poet's heart is rather hard and strong (naw?)
    bro, come to Thailand.

    ReplyDelete
  7. မနက်ဖြန်မှာ မဖတ်ရသေးတဲ့ကဗျာတွေရှိတယ်…

    မမက်ရသေးတဲ့အိပ်မက်တွေရှိတယ်…

    လေ

    ReplyDelete
  8. ၀က်မြီးမှာ တရက်တွေ့မယ် ဦးလေး ဘယ်လိုတွေ ဖြစ်နေသလဲ.. ပျင်းပျင်းရှိရင် ကျုပ်ရှိလာခဲ့.။ ကျုပ်တိုက်မယ်။
    ဖိုးသူတော်

    ReplyDelete
  9. အဟား.....
    ကျနော်ကတော့ ပြုတ်ပြီးသွားဗျာ...
    အမေမသိအောင်တောင်ဟန်ဆောင်လို့မရဘူး...
    သိတော့တာပါပဲ...။

    ReplyDelete
  10. ယုံကြည်ချက်အပြည့်နဲ့ စောင့်စားနေတဲ့ အမေ့မျက်ဝန်းတွေအတွက်..အသက်ဆက်ကြဦးစို့။

    မနက်ဖြန်မှာ ငါတို့မဖတ်ရသေးတဲ့ ကဗျာတွေရှိတယ်။


    စိတ်၏စေရာနာခံလေသော
    မိုးမြင့်တိမ်

    ReplyDelete
  11. မနက်ဖြန်နေမြင့်အောင်မအိပ်မိဖို့အရေးကြီးတယ်
    အမေသိရင်စိတ်ပူနေလိမ့်မယ်

    အမေကိုချစ်တဲ့ သားတစ်ယောက် အမေ့မေတ္တာကြောင့် အမြန်ဆုံး အလုပ်ပြန်ရပါစေ ညီရေ။

    ReplyDelete
  12. ကျုပ်လည်းလကုန်ရင် အလုပ်ပြုတ်ပီဗျိုး..
    ဖိုးမောင်

    ReplyDelete
  13. အလုပ်ပြုတ်တဲ့ကဗျာကို ကောင်းတယ်လို့ ပြောရမှာ အားနာစရာပဲ...း)

    ReplyDelete
  14. အဲ အာစတိ။
    ဘာဖြစ်တာတုန်း။ အလန့်တကြားပါလားနော်။
    စမ်းချောင်းမှာ တွေ့ရင် ကြိုက်တာကျွေးမယ်။ စုထားတယ်။ :)

    ReplyDelete
  15. အလုပ်ရှာမရလို့  ခက်နေတယ်

    ReplyDelete
  16. အလုပ်ပြုတ်တာတောင် ကဗျာက ထွက်တုန်းပဲနော်။ ကျွန်တော်ဆို စိတ်ညစ်တာနဲ့  ရေးဖြစ်မှာ မဟုတ်ဘူး။ ကဗျာထဲမှာ အလုပ်ပြုတ်တာ ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ပိုက်ဆံတွေ အကုန်သုံးမပစ်နဲ့ ဦး။ ခုနှစ်ထောင်ကျော်နဲ့ ဒီခေတ်ကြီးထဲမှာ ဘာမှလုပ်လို့ မရသေးဘူး။ ကျွန်တော့်ဆီက လာချေးဗျာ။ ကျွန်တော်ကတော့ မပြုတ်သေးဘူး။ ဟီး-ဟီး စတာနော်။ ကျွန်တော်လည်း မရှိဘူး။

    ReplyDelete
  17. အကိုရေ အကိုလို ဖြစ်ခါနီးလူတယောက်ပါ လာတယ်ဗျာ.. ဖတ်သွားတယ် ဟီးးးး ကျနော်လဲ သုံးဦးမှ ပိုက်ပိုက်တွေ (ဗိုလ်ချုပ်ပုံတော့ မပါဘူး)


    လေးစားလျက်
    တောင်ပေါ်သား

    ReplyDelete
  18. let's do hand shake!
    And start looking for a new job again!^-^

    ReplyDelete
  19. hey..

    enjoy your very Own Freedom Life...

    it's meaning of life to be free....

    Use it..& hve fun...

    Most people can't get this kind of chance....

    they wake up & Go & Sleep..What's The Point..?

    But They'll Excuse with Whatever Reasons...& It's No-Use....

    Belive in Great Things..!

    Nice day..!!!

    ReplyDelete
  20. ၀မ်းသာစရာကြီး...အလုပ်ပြုတ်မှ ကော်မန့်တွေ အများကြီးရတယ်..အယောက် ၂၀ မြောက်အဖြစ် တတပ်တအား ပါဝင်လိုက်ဦးမယ်..အဟိ

    P.S.အလုပ်ရှိတဲ့သူမှ အလုပ်ပြုတ်ခွင့်ရတာ ဂုဏ်ယူလိုက်စမ်းပါ ကိုမိုးလှိုင်ရယ်..ဇိမ်ကျတယ်လို့မှတ်

    ReplyDelete
  21. မချုရေ ဟုတ်ပ့ါ။ ကိုမိုးလှိုင်
    ကော်မန့်လိုချင်ရင် အလုတ်ခဏခဏ ပြုတ်ခိုင်းရမလို ဖြစ်နေပြီ။ ဟီး.....

    ReplyDelete
  22. အလုပ်လုပ်နေတဲ့ လူတွေအားလုံး ကို သနားတယ် မင်းတို့ဘယ်သူမှ ငါ့လောက် အိပ်ရေးမ၀ ကြပါဘူး.. နိုင်ငံခြားက အလုပ်မရတဲ့ လူတွေလား... ကျွှန်ဇာတာ မပါလာလို့ မရတာဟု သာ မှတ်ပါ.. မပူနဲ့ မသေမချင်း လုပ်ရမဲ့ အလုပ် တွေ. တနှစ် နှစ်နှစ်လောက်နား ခွင့်ရတာ ကုသိုလ်ထူးတာပေါ့. အရသာတွေထဲမှာ ပိုက်ဆံ မရှိလို့ ခြွေခြွေတာတာ နေရတဲ့ အရသာ က အကောင်းဆုံး အရသာတစ်ခုပါပဲ.. အမေလည်း နားလည်မှာပါ. ငွေရခြင်းဟာ ချစ်ခြင်းမေတ္တာ နဲ့ ပြောင်းပြန်အချိုးကျသတဲ့.. လုပ်စရာမရှိလို့ အလုပ်မရှိဘူး မထင်နဲ့ . ဘာလုပ်ရင်ကောင်းမလည်း စဉ်းစားနေရခြင်း ဟာ ရင်ခုန်စရာ အကောင်းဆုံး အလုပ်တစ်ခုပါပဲ.. :D ဘာကျန်သေးလည်း..

    ReplyDelete
  23. ကဗျာလေး ကောင်းတယ်ညီရေ။

    ReplyDelete
  24. ကဗျာသမားတွေ အလုပ်ကံမကောင်းတဲ့ ရာသီနဲ့ တူပါရဲ့ မိုးလှိုင်ရေ။ ပိုက်ဆံရတဲ့ အလုပ်ပြုတ်သွားပေမယ့် ပိုက်ဆံမရတဲ့ အလုပ်တွေက စိမ်ပြေနပြေ စောင့်နေတုန်း။ အမေ့အိမ်မှာနေရင်း အလုပ်လက်မဲ့ ဖြစ်သွားသူဟာ အမေ့အိမ်ရဲ့ အဝေးမှာ အလုပ်လက်မဲ့ ဖြစ်သွားသူလောက် ခိုကိုးရာမဲ့မယ် မထင်ပါဘူးလေ။ အမေ့အိမ်ရဲ့ အဝေးမှာ ရောက်နေပေမယ့် ဟိုးတချိန် အမေ အလည်လာနေတုန်း အလုပ်ပြုတ်စဉ်ကလည်း အလုပ်သွားချင် ဟန်ဆောင်ခဲ့ရဖူးတော့ ခံစားချက်ကို အပြည့်အ၀နားလည်နိုင်တယ်။ ဘာပြောရမလဲ.. အားပေးဖို့ ကိုယ်တိုင်က စကားလုံးတွေ ကင်းမဲ့နေတယ် မိုးလှိုင်။ အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  25. သြော် ... ညီညီ ညာညာ ... ညာညာ ညီညီ ... ဘာတဲ့ရယ် ... "အားပေးဖို့ ကိုယ်တိုင်က စကားလုံးတွေ ကင်းမဲ့နေတယ် မိုးလှိုင်" တဲ့လားကွ။ ငါတို့ရဲ့ အလုပ်လက်မဲ့ အသင်းကြီးကို မင်းကျောခိုင်းချင်နေပြီပေါ့လေ။ အသင်းဝင်သစ်ကို အခုလို ကြိုရသလားကွ။

    သြော် ... မိုးလှိုင်ည ... ညလှိုင်မိုး ... မင်း အစက ငါ့ကို ပြောတုန်းက တစ်မျိုးပါလားကွာ ... ။ အလုပ်မရှိတော့တာ ဘာစိတ်ပျက်စရာရှိလဲဆို ... အလက်လက်မဲ့တော့ ပိုလွတ်လပ်တယ်ဆို ... ။

    တကယ်တော့ အလုပ်ပြုတ်သွားပြီဆိုတာ အနားပေးလိုက်တာနဲ့ အတူတူပါပဲ ... ။ နားခွင့်ရတုန်းလေး အေးအေးလူလူ နားပါ သူငယ်ချင်း။ တော်တော်လေးကြာလာရင် အဲလို မနားရမှာကိုတောင် မင်းနည်းနည်းကြောက်လာလိမ့်မယ် ... ဟားဟား။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...