Pages

Monday, March 16, 2009

ရန်ကုန်

မရောက်ဖူးခင်ကတည်းက

ငါမုန်းနေတဲ့မြို့ဟာရန်ကုန်ပေါ့

ငါအရောက်ဖူးချင်ဆုံးမြို့ဟာလည်း

ရန်ကုန်ပဲဖြစ်ပြီး…

ငါ့အောင်မြင်မှုကို အပြည့်အ၀ရယူနိုင်မယ့်မြို့လို့

ငါယုံကြည်ရာမြို့ဟာလည်း

ရန်ကုန်ပါပဲလေ။


ရန်ကုန်ရေ… မိတ်ဆွေကြီးရေ

မင်းရဲ့မြေဆွဲအားပေါ်မှာ

ငါရပ်တည်ခဲ့ပုံတွေကိုအမှတ်ရစွာနဲ့

ခုလိုရေးမိပါရဲ့။

နီးနီးလေးကို ဝေးဝေးဖြစ်အောင်မောင်းပို့တဲ့

ရန်ကုန်မြို့ကြီးရဲ့ သုံးဘီးသမားတွေဟာ

ငါ့မုန်းတီးမှုကို

စတင်အတည်ပြုပေးလိုက်သလိုပါပဲ


ကုန်တိုက်အောက်မှာ

ခြောက်ကပ်နေတဲ့ လင်းပိုင်အသေကို

ဇောက်ထိုးဆွဲလို့

အထဲက အဆီတွေတစ်စက်ပြီးတစ်စက်ကျ

လင်းပိုင်ဆီထုတ်ပြီးရောင်းချနေပုံဟာ

ငါမုန်းတဲ့

လူအတွေကို လှည့်ဖျားတဲ့

ရန်ကုန်ပါပဲလေ။


ရန်ကုန်ကို ငါမုန်းတယ်

ဘယ်အချိန်ထိ မုန်းခဲ့သလဲဆိုရင်

သူ့ကို မေတ္တာသက်ဝင်မချစ်ခင်အထိပေါ့

ပညာရယ် သြဇာရယ် အသပြာရယ်

တစ်ခုခုမပါရင်

ရန်ကုန်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ရာ

မဖြစ်နိုင်ပါဘူး

မင်းနဲ့ပက်သက်ပြီး ဒီလို

ကြားခဲ့ဖူးတယ် ရန်ကုန်ရေ။


ရန်ကုန်ရေ

မင်းဟာမြွေပွေးတွေကိုလက်ခံထားရသလို

ရွှံ့ရုပ်တွေကိုလည်း လက်ခံထားရရဲ့

မင်းဟာဘဏ်တိုက်ကြီးတွေကို လက်ခံထားရသလို

သူတောင်းစားတွေကိုလည်း လက်ခံထားရရဲ့

မင်းဟာ

ရှေးအဖိုးကြီးများကိုလက်ခံထားရသလို

ကမ္ဘာမှာအတော်ဆုံး မော်ဒန်ကဗျာဆရာတွေကိုလည်း လက်ခံထားရပေရဲ့

ညညဆို

မြွေပွေးတွေ နိုက်ကလပ်ကို တရွေ့ရွေ့တွားသွားကြ

ရွှံ့ရုပ်တွေက ပင်လယ်ထဲ ဒိုင်ဗင်ထိုးကြ

နေ့နေ့ဆို

ဘဏ်တိုက်ကြီးတွေ လမ်းလျှောက်ထွက်ကြ

ငရဲပြည်သွားမယ့်လူတွေကြိတ်ကြိတ်တိုးလို့

ကောင်းကင်ဘုံသွားမယ့် ဘတ်စ်ကားကြီးတွေတစ်စင်းပြီးတစ်စင်း

ထိုးဆိုက်လို့

ရှေးအဖိုးကြီးတွေက မော်ဒန်ကဗျာတွေဖတ်ပြီး ပြုံးလို့

အော်- ရန်ကုန်

ညည ဖောင်ပိတ်ချိန်ရောက်ရင်

မဟာဗန္ဒုလလမ်းပေါ် ငါလျှောက်ရင်း

နီယွန်မီးရောင်အောက်က

ရန်ကုန်မြို့ရဲ့လေထုကိုရှုသွင်းရင်း

အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့ဆိုတဲ့

စာသားကို မဆီမဆိုင် သတိရမိပေရဲ့


ညထဲ

အမှိုက်ကားဝင်လာတော့

ကျီးကန်းတွေခုန်ဆင်းလာတဲ့ အချိန်

လမ်းဘေးကဖေးဆိုင်မှာ ငြိမ်ငြိမ်လေးထိုင်လို့

ဒီလိုနဲ့

မင်းကိုငါ အကြောင်းပြချက်မရှိဘဲ

မေတ္တာသက်ဝင်မိတာပါ….။


နေမျိုး


(လူဖြစ်ရတာကောင်းတယ်)ခေတ်ပေါ်ကဗျာစာအုပ်မှ