Pages

Wednesday, February 24, 2010

တစ်ယောက်ချင်း /တစ်ယောက်ချင်း

ကဗျာဆရာ အခေါ်ခံရတာ မကြိုက်လို့ တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေး ခံရတဲ့အခါတိုင်း အမေရိကန် ရုပ်ရှင်သုံး ဘန်းစကား “အက်ဖ်” စတား စတား စတား အီးအာရ်နဲ့ အမြဲရှေ့ကခံသုံး ပြုံးနေခဲ့ပါတယ်။ အဲဒီ ရှက်ရွံ့မှုမပျောက်သေးတာနဲ့ ဒီနေရာမှာ အရေးအသားသမားလို့ပဲ သုံးနှုန်းပါတယ်..။ တကယ်တမ်းလည်း နောက်နောင် တစ်မျိုးဖြစ်ဦးမှာပါ။ ခုပဲ နှစ်နှစ်ဆယ်ခန့် လောက်ပြီးခဲ့ပြီမဟုတ်လား

လူမျိုးအလိုက် တစ်ဦးချင်း သိဥာဏ်ဖြစ်မြောက်ဖို့ တစ်ခါတစ်ခါ လူ့ဘောင်အဟောင်းကို သပ်သပ်ရပ်ရပ် သစ္စာရှိရှိ ဖြိုခွဲပစ်ရပါတယ်။ ပြဲဟသွားတဲ့နေရာတွေမှာ ၀ှက်ကွယ်ထားတဲ့ လူမှုဓလေ့အသစ်တွေကိုလည်း ပွင့်ပွင်လင်းလင်း ထုတ်ပြန်ရတဲ့အခါ မျိုးမှာ အရေးအသားသမားအနေနဲ့ ကိုယ့်မျက်နှာကိုယ် မှန်ထဲပြန်ကြည့်ဖို့ ခက်တဲ့အဖြစ်မျိုးတွေ ကြုံရပါတယ်

လှေကားထစ်တွေလို ရှင်းရှင်းမဟုတ်တဲ့ ဓလေ့အသစ်တွေနဲ့ အရှိန်ရရှေ့ဆက် လာတဲ့ လူ့အဖြစ်အသစ်တွေမှာ မရှိသေး မကြားဖူးလို့ မျက်နှာပူနေမယ့် ရဟန်းရှင်လူ မိဘပြည်သူများကို တွေ့ထိမိတ်ဆက်ပေးတာမှာ အရေးအသားသမားတွေပဲ တတ်နိုင်ကြပါတယ်…။ တစ်ချို့ပန်းတွေ ပွင့်ပြီးကြွေကျသွားတာ ဘယ်သူမှ မသိလိုက်ပါဘူး။ သိစရာလည်း မလိုပါဘူး

ရှေ့လျှောက် ကဗျာလို့ ပဲခေါ်ကြမယ့် ကဗျာပုံပန်းသဏ္ဍန်ထဲ အကျုံးဝင်မယ့် သဘောင်္တည် လေယာဉ်တည် လုပ်ငန်းခွင်တွေမှာ သံသတ္တုပြားတွေ အတိအကျ ဖြတ်ကပ်တပ်ဆင်ရတဲ့ အောက်ခြေလုပ်သားတွေရဲ့ ခေတ်မီကာကွယ်ရေး ၀တ်ပုံစားပုံဟာ ဘွတ်ဖိနပ်ကအစ ဦးထုပ်မျက်စိကာ တွေအထိ စိတ်ချလုံခြုံရပါတယ်။ ဒီလိုအဆင့်မြင့် တက္ကနိုလိုဂျီ နည်းပညာလောင်စာကို အသုံးပြုရတဲ့အတွက် အခြားလိုက်လို့မဆုံးနိုင်တဲ့ ပညာရပ်နယ်ပယ်တွေ လိုပါပဲ။ နောက်ဆုံး ကျွန်တော်ဟာ မြန်မာစကားနဲ့ အလုပ်ခံထားရတာလား၊ မြန်မာစကားကို ကျွန်တော်လုပ်နေတာလား ကိစ္စမှာ ဒုတိယလမ်းကို မူတည်ရွေးချယ်ခဲ့မှုအပေါ် ခုလို တစ်ယောက်ချင်း တစ်ယောက်ချင်း တွေ့ထိသိရှိလာကြတော့တာပါပဲ…

ကျေးဇူးတင်ချင်ပါတယ်

လူဆန်း

၂၀၀၆