Pages

Sunday, February 14, 2010

ကြေးစားနံပါတ် တစ်ဆယ့်သုံး

မိန်းမတွေက စစ်ကိုရှုံးစေတယ်

ငါတို့ဆွဲတဲ့ ဓားကို သူတို့မျက်ရည်နဲ့ ဖယ်ရှားရဲ့

မှောင်မည်းပြီး သဲနဲ့ရှပ်ရှပ် ဘ၀ရဲ့နံရံကို

အနမ်းတွေနဲ့ ပက်ချ

ငါ့ခေါင်းပေါ်က တိမ်တွေကို သူတို့စိမ်းစိုစေခဲ့တယ်

နှင်းမှုံလေးတစ်မှုံတောင် ကျောချခွင့်မရတဲ့

ဟော့ဒီ ကြက်မတစ်ဝပ်စာကျယ်တဲ့ ရင်ခေါင်းပေါ်

ယောကျာင်္းရင့်မာကြီး မျက်ရည်နဲ့ရက်လုပ်ထားတဲ့

အနုပညာရှိတယ်

ရေငတ်သမင်ကို သောက်နေတဲ့

စမ်းချောင်းကလေးတွေရှိတယ်

လမင်းကို ဆွဲပြားလေးလိုဆွဲထားတဲ့ ကောင်မလေးရှိတယ်

နိုင်ငံတစ်နိုင်ငံစာ တွေးခေါ်နေတဲ့ ယာခင်းတွေရှိတယ်

စက်ရပ်လောင်ကျွမ်း ပျက်ကျသွားတဲ့

ပါမောက္ခတစ်ယောက်ရှိတယ်

အနုပညာပေါ် ပီဆာမျှော်စင်ယိုင်သလို

ယိုင်နေတဲ့ လူငယ်တစ်ယောက်ရှိတယ်

ချောင်းခြားချစ်သူဆီ ရောက်ဖို့

ဆံပင်တွေကြိုးကျစ်ပြီး တံတားခင်းနေတဲ့

ရထားတစ်စင်းရှိတယ်

မုတ်ဆိတ်ရိတ် ဓားတစ်ချောင်းကြောင့်

လွင့်စင်ထွက်ကျလာတဲ့ အသားစတစ်စကို

ကိုက်ဖမ်း ဆွဲဟပ်နေတဲ့

အာသာငမ်းငမ်း လခြမ်းပဲလည်းရှိတယ်

သောက်သုံးရေ အလုံအလောက်မရ

ခေါင်းငိုက်စိုက်ချ လက်မှိုင်ကျနေတဲ့

သစ်တောတွေလည်းရှိတယ်

လူတွေဟာ မျောက်ကနေဆင်းသက်လာသတဲ့

ဒါဖြင့် လက်ရှိမျောက်တွေက ဘာကြောင့် လူဆက်မဖြစ်သလဲ

အဲဒီလို ထိုးထိုးထောင်ထောင် စိတ်ကူမျိုးတွေနဲ့ပေကျံ

အလယ်လတ်တန်းစား မေးခွန်းတွေထဲလူးလှိမ့်

မိန်းမ၊ စကြ၀ဠာ၊ ငွေစက္ကူ

ပန်းကလေးတွေရဲ့ သန်မာတဲ့ရနံ့ဟာ

ကမ္ဘာနဲ့ ကျွန်တော်တို့ကို စိုက်ပျိုးတယ်

နှစ်ရှည်လများ သိမ်းဆည်းထားတဲ့ ဒဏ်ရာတွေဟာ

အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်ပြီး

လောကဓံဟာ စိတ်ကူးကောင်းတဲ့ကဗျာဖြစ်တယ်

အနှစ်သုံးဆယ်စာရာသီတွေကို စိမ်းလန်းမှုတစ်ခုပေါ်သွန်ချ

အနံ့အသက်ကလေး တချွင်ချွင်နဲ့

ကိလေသာဆိုတာမှာ တလှုပ်လှုပ်တယမ်းယမ်း

သိဒ္ဒတ္ထမင်းသားလည်း ဒီနွံမှာ ကျွံဝင်ခဲ့ဖူးတယ်လို့

ဖြေဆေးကို တစ်တောတစ်တောင်လုံး လိမ်းကျံ

ဘယ်လိုအနံ့အရသာနဲ့ စီးဆင်းရမယ်ဆိုတာ

ဆုံးဖြတ်လို့ မပြီးခင်

သေခြင်းတရားဟာ ၀တ်ကောင်းစားလှနဲ့ရောက်လာခဲ့ပေါ့

ဘုရားသခင်ဟာ ခင်ဗျားတို့ ကျွန်တော်တို့အတွက်

ကြေးစားနံပါတ် တစ်ဆယ်သုံးကို စေလွှတ်ပေးခဲ့တယ်..။…။


မောင်ဖီလာ

ရယ်စရာမဂဇင်း၊ ဇူလိုင်လ၊ ၂၀၀၁။