Pages

Saturday, May 30, 2009

တတိယတန်းစားအသင်း

Tuesday, July 15, 2008

တတိယတန်းစားအသင်း

အပွဲပွဲနွဲခဲ့သလို
အပွဲပွဲလွဲခဲ့တယ်…
ရနေကျအဖြေမျိုးတွေ
(ကန်နေကျခြေမျိုးတွေနဲ့)
ဒဏ်ရာရကစားသမားတွေ
ကွင်းဘေးပတ်လည်ကငေးရသလို
လူငယ်ခြေတက်တွေလည်းခဏခဏဖြတ်ထိုးခံနေရ…
ငါတို့ဘ၀တွေ
အန္တရာယ်ဇုံက မကျွတ်လွတ်သေး
တိုင်ထိပြီးပြန်ထွက်လာတဲ့
ကန်ချက်တွေကိုပဲဂုဏ်တက်ထားရမှာလား
အိမ်ကွင်းကစားသမားတွေကပွဲကျပ်နေတယ်
အဝေးကွင်းကစားသမားတွေကခြေပျက်နေတယ်…..
အသင်းပြောင်းကစားဖို့ကလည်း
ငါတို့က ငယ်မွေးခြံပေါက်
(ညစ်ကျယ်ကျယ်ဒိုင်လူကြီးကို)
နဖူးနဲ့တိုက်ရမလား
ချွှင်းဂန်းနဲ့ ထွေးရမလား
အ၀တ်လဲခန်းထဲကဗီရိုကို
ဆဲဆိုကန်ကျောက်
နောက်တစ်ခေါက်ကွင်းထဲပြန်ရောက်ချိန်
ငါတို့ဟာအောင်ပွဲကိုပိုမိုဆာလောင်လို့….။

မိုးလှိုင်ည

Friday, May 29, 2009

ဒေါင်းယောင်ဆောင်သူများ



အမေ ...

အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့

အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့

အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့

အမေ

ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ
ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု ...
ဘာကိုမှ ဂရုမပြုတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ
လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
အလေးဂရုပြုရတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ဒါပေမယ့် အမေ

ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ

ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ

ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ

ဒီလူတွေက
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ

အမေ ခွင့်မလွှတ်လိုက်ပါနဲ့ အမေ ...

(မောင်ပွတ်)


ကျွန်တော်တို့ လမ်းဆုံလား လမ်းဆုံးလား မသိတဲ့အချိန်ကာလတစ်ခုကိုရောက်နေပါတယ်…

ရင်လေးဖွယ်ရာ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ရမလည်း…

မိန်းမတစ်ယောက်က လူသန်းခြောက်ဆယ်အတွက် တရားမျှတမှုကို သူအပေါ်ကျရောက်လာတဲ့

မတရားမှုတွေနဲ့ ခါးစည်းခံပေးနေပါတယ်…

တရားမျှတမှုကို မကျင့်သုံးပဲ ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ ဟာသကို

ကျွန်တော်တို့ ဘယ်လိုနားနဲ့ ယုံရမလည်း… ကဗျာရေးခဲတဲ့ ကိုပွတ်ရဲ့ကဗျာဟာ

ကျွန်တော်တို့ ပျက်ကွက်မှုကို ဖော်ပြနေပါတယ်… ကျွန်တော်တို့ကိုယ်တိုင်

ဒီမိုကရေဆီကို မကျင့်သုံးပဲနဲ့တော့ တရားမျှတာမှုကို ကျွန်တော်တို့ရရှိနိုင်မှာမဟုတ်ပါဘူး…။

ကဗျာအတွက်ကျေးဇူးပါ ကိုပွတ်ရေ….။


ခင်မင်လေးစားစွာဖြင့်

မိုးလှိုင်ည

Thursday, May 28, 2009

ပြတိုက်

အနားပေးထားတဲ့ စစ်လေယာဉ်တစ်စီးလို့

ဝိုင်းကြည့်ခံနေရရုံသက်သက်

ပျက်ကျသွားတဲ့ အိပ်မက်တွေ

မပျံသန်းနိုင်တော့တဲ့ မျော်လင့်ချက်…

တစ်ချိန်ချိန်ကျရင် ရယ်မောကြမှာပေါ့ …

အဲဒီအချိန်တုန်းကလေ….

နာနာကျင်ကျင်လှိုက်လှိုက်မောမော

ကောင်းကင်ပြာပြာ နောက်ခံထားပြီး

ဓါတ်ပုံအရိုက်ခံနိုင်လောက်အောင်

မပျော်ရွှင်ခဲ့ဖူးပါဘူး……..

………………………………….

ဘ၀မှာ အရူးလို့မောင်းထုတ်ခံခဲ့ဖူးတယ်

သိပ်ကို အသားကျလွန်းတဲ့လောကဓံ

အရေပြားတွေ ပိုထူထဲသလို

အသိဥာဏ် ပိုမိုက်မဲလာသလား…

တစ်ယောက်ယောက်က စိတ်မကောင်းဖြစ်လိမ့်မယ်

ဘယ်တစ်ယောက်ကမှ စိတ်မကောင်းဖြစ်မှာမဟုတ်ဘူး

…………………………

စိတ်လွတ်ကိုယ်လွတ်

ဘ၀ကိုဘာနဲ့လျှော်ဖွတ်ရမလည်း…

ဥပစာသမာဓိလောက်နဲ့တောင်

ယူဇနာတစ်ထောင်ဝေးနေရင်…

………………………..

ဒိုင်ယာရီတစ်အုပ်ပြီးတစ်အုပ်လှန်ဖတ်တော့

ဆုတ်ဖြဲဖို့လိုအပ်နေတဲ့ စာရွက်တွေများလာတယ်

ဘာလို့ အမှန်အတိုင်းမမြင်နိုင်တာလည်း

ဘာလို့ အမှန်ကိုလက်မခံနိုင်တာလည်း

ပြတိုက်….

အမှတ်ရခြင်းများကလွဲရင်

အရာအားလုံးကိုမြင်နိုင်တယ်….။


မိုးလှိုင်ည

Tuesday, May 26, 2009

သူတစ်ဘ၀လုံးနာမကျန်း ဖြစ်ခဲ့သည်

မသေခင်ကတည်းက

သူက သေနှင့်ပြီးသူတစ်ယောက်

မမွေးခင်ကတည်းက

သူက မွေးနှင့်ပြီးသူတစ်ယောက်

ဘုံဘ၀တွေမှာရွာစဉ်လယ်လို့

သေရည်အိုးတွေတစ်လုံးပြီးတစ်လုံးသောက်တယ်

လောကဓံရှစ်ပါးအပေါ်မူးပြီးမှောက်တယ်

အသိဥာဏ်နုံနဲ့နဲ့

ဒီရုပ်ဒီခန္ဒာကိုယ်လည်း

ဖိုထိုးဖို့မတတ်သေး…

ကိုယ့်အကြောင်းကိုယ်ငေးတာနဲ့အချိန်ကုန်

အမြိုက်တရားနဲ့ ဘယ်အချိန်ဆုံမှာလည်း

တစ်ဘ၀လုံးအဖျားသွေးတွေ

သေချာနေတာတစ်ခုပဲ………


မိုးလှိုင်ည

Monday, May 25, 2009

နင်မရှိတဲ့ မနက်ဖြန်

နင်နဲ့ငါနဲ့ ပြောရင်နင်ငါ့ကို
စိတ်ဆိုးနေကျ
ခမ်းခမ်းနားနား နင့်အသိုင်းအ၀ိုင်းက
ငါ့ကို အရိုင်းအစိုင်းလို့ သမုတ်တယ်
ဒါပေမဲ့ အပေအတေလေးရဲ့
စိတ်သဘောထားကို နင်အသိဆုံးပဲ
အရင်က အဲဒီစိတ်ထားလေးကို ချစ်တာလို့
နင်ပဲ အမြဲပြောခဲ့တာ
ငါကလည်း သေချာရဲ့လား
အထက်တန်းစား မမလို့ အမြဲမေးဘူးတယ်
အခုတော့ မသေချာဘူးဆိုတာ
သေချာသွားပြီ
ငါကနင့်ကို မလွမ်းဘူးဆိုတဲ့စကားကို
ငွေဝင်ဂါထာလို မိုးလင်းတိုင်းရွတ်တယ်
ဒီဘ၀တော့ နင်နဲ့ငါ လက်မထပ်ဖြစ်တဲ့
အကြောင်း နင့်သူငယ်ချင်းဟောင်းတွေနဲ့
တွေ့တိုင်းပြောမိတယ်
နင်ကအနုပညာ အတုအစစ်ကို
ခွဲခြားမသိဘူး
နာမည်ကြီးရင် ပိုက်ဆံရှိရင်
အောင်မြင်ပြီလို့ နင်တွေးတယ်
အဲဒီလိုနဲ့နင်မေးတဲ့မေးခွန်းက
ငါဘာအသုံးကျသလဲတဲ့
နင်ငါ့ကို ဘာအသုံးချချင်မှန်း မသိတော့
ငါဘာမှ ပြန်မဖြေတတ်ဘူး
ငါ့ကိုအရူးဆိုပြီး နင်ထားခဲ့တော့
ငါရူးကြောင်းသေချာသွားအောင်
နင်မရှိတဲ့ မနက်ဖြန်မှာ
တစ်စုံတစ်ယောက် ဖတ်မိဖို့အတွက်
ဒီကဗျာကို ငါရေးတယ်။



မိုးလှိုင်ည

မာတိကာမရှိတဲ့ …မေ။

မိုး ရွာမရွာ မသေချာသလို

နေသာမသာလည်း မရေရာဘူး..

နှစ်သီးစား အိပ်မက်တွေနဲ့

လက်ထပ်ခဲ့သူ ယာခင်းအိုတွေလည်း

အထီးကျန် စိုစွတ်လို့

နွေနှောင်းဒါမှမဟုတ်

မိုးဦးရာသီဆိုတဲ့စကားလုံးတွေနဲ့

ရေးစီးရေလာကောင်းခဲ့ဖူးတယ်..

မာတိကာတွေဆုတ်ဖြဲထားတဲ့စာအုပ်လို

အခန်းဘယ်လောက်ရောက်နေလည်းမသိနိုင်

ပြက္ခဒိန်စာရွက်ကနောက်တစ်လကိုဘယ်လိုကူးမလည်း

ဒီဘ၀က နောက်ဘ၀ကို ဘယ်လိုကူးမလည်း

ကံစိတ်ဥတုအာဟာရ

စိတ်မချရတဲ့အထဲ

မေလလယ်ထဲရွာတဲ့မိုးလည်းပါတယ်…

ရေကူးဝင်ရောက်လာသူကိုသတိထားပါ

ရေကာတာကျိုးမယ်…

အရောင်မပါပေမယ့် ရေသန့်လို့ပြောရခက်သလိုပေါ့…

ဟောစာတမ်းထဲမပါတဲ့အဖြစ်အပျက်တွေနဲ့

မာတိကာမရှိတဲ့…မေ

ထိုင်းမှိုင်းနေတာကလွဲရင်

အမှန်အတိုင်းပဲ ပြန်မပြောနားမထောင်…။

မိုးလှိုင်ည

Saturday, May 23, 2009

ဗားတော့ဗရက်နဲ့ စကားစမြည်


အခုတလော
ရှင့်ကဗျာတွေပဲ ဖတ်ဖြစ်နေတယ် ဗရက်ရေ..
ကဗျာနဲ့ တရှိန်ရှိန်လောင်နေတဲ့ ကျွန်မစိတ်တွေမှာ..
သွေးထွက်သံယိုမှုတွေများလှပေါ့....။

ဗရက်ရေ...
ရှင်ဟာ..ရှင့်ဆာလောင်မှုတွေကို
စကြ်ာဝဠာတစ်တိုက်လုံးပဲ့တင်ရိုက်ခတ်အောင်
သောင်းသောင်းဖျဖျကြွေးကျော်ရဲသူပါ..။

ဗရက်ရေ..
ရှင်ဟာ..
ကြောက်ခမန်းလိလိ စာသားအစီးအဆင်းတွေနဲ့
ရှင့်အသွေး ရှင့်ဝိညာဉ်တွေကို ကိုယ်ထင်ပြနိုင်ခဲ့သူပါ....။

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့..မျက်နှာစာကို
ကလောင်နဲ့ အနုစိပ်ချယ်မှုန်းပြခဲ့သူ..

ရှင်ဟာ..
ဂျာမဏီပြည်ရဲ့မိုးကောင်းကင်မှာ
ကဗျာနဲ့ မိုးကျိုး ထစ်ပြနိုင်ခဲ့သူ

ရှင်ဟာ.. ရှင့်ကဗျာတွေဟာ...
ဂျာမန်ပြည်သူတွေရဲ့လက်ဖျံရိုးပေါ်က
သွေးကြောမ လုံးလုံးဖြစ်ပေရဲ့..။

ဗရက်ရေ..
ရှင်က
ရှင့် ကလောင်ထိပ်ဖျားမှာ..
ရှင့် သစ္စာတရားကို
ရှင် သွားလေရာ..သယ်ဆောင်ခဲ့သူပေါ့...။

ချစ်သူကိုတောင် ဥပက္ခာစိတ်နဲ့တစ်ဝက်ပဲချစ်လို့ရတဲ့ခေတ်မှာ
မုန်းသူတွေ မိုးနှင်းလို မစဲတော့ဘူးပေါ့
ဗရက်ရေ..
ကျွန်မလည်း..အကုန်မရရင် တစ်ခုမှမလိုချင်ခဲ့တာပါ ..။

ရှင့် ဈာပနမှာ..လူဘယ်နှစ်ယောက်လိုက်ပါပို့ဆောင်ခဲ့သလဲ...ဆိုတာလည်း...သိချင်သေး..
အ၀တ်လေးတစ်စ နဲ့ ရှင်လုံအောင်လွှမ်းနိုင်ခဲ့သလား..
ပေါင်မုန့်လေးတစ်စနဲ့ ရှင်ဝအောင် စားနိုင်ပါရဲ့လား...သိချင်သေး...
ရှင်..ယမမင်းကို...သပိတ်မှောက်ခဲ့တဲ့ ၀ီစကီပုလင်းတွေအကြောင်းလဲသိချင်သေး...
ရှင့်ညီကို သတ်တဲ့လက်နဲ့ ရှင်ဟောဒီ့ကဗျာတွေကို ပြောင်မြောက်စေခဲ့တာလဲ..သိချင်သေး..
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာ..သိပ်များနေခဲ့ပြီ..။
ရှင်...တပြည်တရွာ..မှာ...ဘယ်လိုများ နေထိုင်ခဲ့သလဲ...
ရှင်ဘာတွေတွေးတော ကျင့်ကြံခဲ့မလဲ...
ဗရက်ရေ..ကျွန်မ သင်အံချင်တာတွေ..
ရှင့်ဆီမှာသိပ်များနေပြီ..ရှင့်.....

မျက်မှောင်ကျုတ်တဲ့လူတွေလည်း
သိပ်များနေခဲ့ပြီပေါ့..ဗရက်ရယ်..
လီးမားမြို့ကြီးကတော့ ရွှေရောင်အတိပြီးလို့ပေါ့..
သူတို့ဘာမှမရရင်နေ...သူတို့မျှော်နေတာ..
သူတို့လင်သားတွေပေါ့ ဘရက်...
အနက်ရောင်..၀တ်စုံမှာ..စိန်မှုန်တွေသပေးထားလည်း...
တူးတူးခါးခါး....
လည်ချောင်းကသွေးထွက်သွားအောင် ငြင်းဆိုကြလိမ့်မယ်....။

မိန်းမတွေမှာ လင်သားထက် အဖိုးတန်တာ...
ဘာရှိဦးမလဲ...
မိန်းမတွေအတွက်..လင်သားထက်တန်ကြေးကြီးတာ..
ဘာများရှိလေမှာလဲ..ဗရက်..ရယ်..

လင်သားကိုမျှော်ရသူများတဲ့ တိုင်းပြည်ဟာ...
ကျက်သရောယုတ်ရော့လာတယ်...ထင်မိရဲ့..
ဗရက်ရေ..ပျောက်ဆုံးသွားတာ ကလေး ၁၅ယောက်မှ က ပါရဲ့လားကွယ်...
ကလေးတွေ အမေပျောက်ပြီဆိုရင်တော့....
တိုင်းပြည်ဟာ...မဟာဒုက္ခ တွင်းဆုံးကျချိန်ပေါ့...။

စစ်ထက်ရသမြောက်တဲ့ အနိဌာရုံ ဘယ်ရှိမှာလဲ ဗရက်ရယ်..
မီးလောင်နေ ပြိုကျနေမယ့် အဆောက်အဦးတွေကြားမှာ
ပြန့်ကျဲနေမယ့် လူသေအလောင်းတွေကြားမှာ
အဲဒီ့ သွေးညှီနံ့တွေ ယမ်းနံ့တွေ ညှော်နံ့တွေကြားမှာ..
စိတ်ဓါတ်တွေ ကုန်းကောက်စရာမရှိအောင် ဆင်းရဲသွားကြတာ..။

ယမ်းအားနဲ့ ပြတ်ထွက်သွားတဲ့ ခြေထောက်တစ်ဘက်
တဆတ်ဆတ် တုန်ခါနေသလိုမျိုး...
စစ်ပွဲ တစ်ပွဲရဲ့ ဒဏ်ရာဟာ..
နှလုံးအိမ်တွေကို ဘယ်တော့မှ သွေးမတိတ်စေခဲ့တာပါ ဗရက်..။

တတိယနိုင်ငံတော်ပဲ ထူထောင်ထူထောင်
နာဇီစင်္ကြာကို ကမ္ဘာကိုချုံလွှမ်းမယ်ပဲပြောပြော
ဟစ်တလာ ဟာ စစ်ဘီလူးတစ်ကောင်ပါပဲ ဗရက်ရယ်
သူဟာ..လူသတ်ရတာမှာ
စိတ်ပါလက်ပါ လက်ယဉ်နေရှာတဲ့ သူရူးတစ်ယောက်ပါ..
သူဟာ..စကားပြောသိပ်ကောင်းတဲ့
သေနပ်ပြောင်းဝလဲဖြစ်သေး.. လေ.
သူဟာ...တည်တည်ကြည်ကြည်ခန့်ခန့်ငြားငြားကြီး
ပြောင်လိမ်ပြောင်စား လုပ်ဝံ့တဲ့သူပေါ့...

ဗရက်ရေ...
ဂျိုးဇက်ပေါလ်ဂိုလ်ဘယ်လ်စ်လို အသက်များစွာပေးပြီး
သစ္စာရှိသူတွေကြားမှာ သူဟာ မင်းမြောက်တန်ဆာငါးပါးနဲ့
သူ့တရားသူ ..စီ..ရင်..ရ..ရှာ..သူ

ဗရက်ရေ....
သူက အမှားတွေ ကြာကြာမှန်လို့မရကြောင်း..
အပြောင်မြောက်ဆုံး..သက်ရှိသက်သေပဲ...။

ဂျူးတွေ...ဂျူးဖြစ်နေကြတာလည်း
အပြစ်မှ မဟုတ်တာပဲ ဗရက်..ရယ်...
စိတ်တွေကွဲလွဲခွင့်ဆိုတာ..
ဘုရားသခင်ကိုယ်တော်တိုင်ဖန်တီးထားခဲ့တာ..

ဗာလင်နန်းတော်ရဲ့မြေအောက်ခန်းထဲ..
သူကိုယ့်သူသေကြောင်းကြံတယ်ကြားလိုက်တော့..
ရှင်ဘယ်လိုနေသလဲ ဆိုတာ..ကျွန်မသိချင်လိုက်တာဘရက်.ရယ်.
သေချာတာဟာ...
ရှင် ၀မ်းမြောက်ဝမ်းသာ..ရှိမနေနိုင်ပါဘူး....

ဗရက်...ရှင်က ကဗျာဆရာလေ..
ရှင်က.. ကဗျာဆရာလေ.. ဗရက်...

လူသားတစ်ယောက်ရဲ့သေခြင်းတရားကို..
ဘယ်လိုနားနဲ့မှ မနာပျော်နိုင်သူ...
အမှားအယွင်းနဲ့ အကြောက်တရားထဲကဘ၀တွေကို
ကလောင်နဲ့စိုက်ပြီးကယ်ချင်သူ..
ခေတ်တစ်ခေတ်နဲ့..
စနစ်ဆိုးတစ်ခုကိုပဲ..ရွံရှာမုန်းတီးခဲ့သူလေ...

ဗရက်ရေ..
ရှင့်ဆီမှာ...ကျွန်မသင်ယူချင်တာတွေ
သိပ်များနေခဲ့တယ်....

ကျွန်မက ရှင့်ကဗျာကိုဖတ်နေရက်နဲ့
ကြောင်တောင်ကန်းနေခဲ့သူ...ပေါ့
ကျွန်မက ရှင့် ကဗျာတွေ ရွတ်ဖတ်နေရင်းကို
ဆွံ့အ ပင်းပိတ်နေသူ....ပေါ့

အို.....
ဗရက်ရယ်..........
ရှင့်ဆီမှာ...ကျွန်မ
သင်ယူချင်တာတွေ...သိပ်များနေပါပေါ့...။

အိန္ဒြာ ( ၂၂.၅.၂၀၀၉)

ရွံတယ်...


စိတ်သွားတိုင်း ကိုယ်မပါတဲ့ဘ၀တစ်ခု
စွန့်လွှတ်တယ်ဆိုတာကို ပြောရင်း
သားသမီးရေး၊ စီးပွားရေးတွက်
တွန့်ဆုတ်တဲ့ စိတ်ဓာတ်တွေကို
ရွံတယ်...။

ပြေးရင်းလွှားရင်း အဝေးကနေ
လေဖမ်းဒါန်းစီး အာလူးစားသူများကို
ရွံတယ်...။

မိအေး နှစ်ခါနာသလို
အခါခါနာရင်း
နာရာမှာ သာယာလာတဲ့စိတ်တွေကို
ရွံတယ်...။

ကိုယ့်ခေါင်း ကိုယ်လွတ်
ကိုယ်လွတ် တိမ်းရှောင်
ကျယ်လောင် အော်ဟစ်
တဗျစ်ဗျစ်ထွေးတတ်တဲ့
ကွမ်းသွေး ပါးစပ်တွေကို
ရွံတယ်...။

လက်ညှိုးညွှန်ရာ ရေဖြစ်
ရေယာဉ်ပေါ်မှာနေ
ကုန်းမြင်သမျှ လက်ညှိုးလိုက်ထိုးနေသူတွေကို
ရွံတယ်...။

မုဆိုးမသွားရာ
လိုက်ရွာတတ်တဲ့
သဲသဲ မဲမဲ မုန်တိုင်းမိုးကို
ရွံတယ်...။

ခေါင်းဆောင်ဆိုပြီး
ခေါင်းဆောင်မှုမပေးနိုင်တဲ့
ခေါင်းမာသူတွေကို
ရွံတယ်...။

ဘာပြောမလဲ..
ရွံတယ်...

ထွီ....
ငါ့ကို ငါလည်း ရွံတယ်...။

ဇေသန်း

Thursday, May 14, 2009

သူမကိုကျွန်တော်ကြောက်သည်

လူတို့သည်ဘုန်းတန်ခိုးကြီး၏
အမျက်ဒေါသကြီး၏
အလိုရမ္မက်ကြီး၏
လက်လေးဖက်၊ ခြေလေးဖက်၊
ဦးခေါင်းနှစ်လုံး၊လိင်အင်္ဂါနှစ်ခုနှင့်
ထိုသူတို့သည်…
နတ်ပြည်သို့တိုက်ခိုက်ရန်ကြံစည်နေဘိ
ထိုသူတို့အားနတ်လက်နှက်နှင့်
တိုက်ခိုက်ချေမှုန်းပစ်လိုက်ပါက
နတ်တို့အားကိုးကွယ်သူမဲ့ချေအံ့
ထိုကြောင့်လူတို့အား
လက်နှစ်ဖက်၊ခြေနှစ်ဖက်၊
ဦးခေါင်းတစ်လုံးထက်ခြမ်းဝက်၍
သူ၊သူမခွဲခြမ်းစေဟု
ဇုနတ်မင်းကြီးကဆုံးဖြတ်ခဲ့သည်။
(ဂရိဒဏ္ဍာရီ)

လူတို့သည်မိမိ၏ပျောက်နေသောအခြမ်း
ကိုရှာဖွေရင်း….
သူဟူသော ကျွန်တော်သည် သူမကိုရှာရင်း..

ဘုရားသခင်သည်
လူယောကျာင်္းသည်တစ်ဦးတည်းမနေကောင်း
သူ၏အထောက်အမကိုဖန်ဆင်းဦးမည်ဟု
အကြံရှိတော်မူလေသည်
ထိုကြောင့်လူကိုကြီးစွာသောအိပ်ခြင်းဖြင့်
အိပ်စက်စေ၍
နံရိုးတစ်ချောင်းအားထုတ်ယူပြီးလျှင်
အသားတို့စေ့စပ်၍လူမိန်းမအားဖြစ်ပေါ်စေသည်…
ထိုနေ့သည်ဆဌမမြောက်နေ့ဖြစ်သည်။
(ကမ္ဘာဦးကျမ်း)
မိမိ၏နံရိုးတစ်ချောင်းကို
မည်သို့သောအရပ်မှာရှာဖွေရမှန်းမသိခဲ့
သူမ ပျော်ရွှင်သောနေ့ရက်တို
အစဉ်အမြဲရရှိနိုင်ပါ့မလား…
မိမိနံရိုးအတွက်
ရင်မှနာကျင်ခြင်းတို့သည်ပိုမိုမြည်ဟီးနိုင်ခဲ့ပေသည်။

ချစ်သား
ဤသူငယ်မအတွက်ကျသော
သင်၏မျက်ရည်မြစ်အသွယ်သွယ်သည်
သမုဒ္ဒရာလေးစင်းထက်ပိုမိုများပြားခဲ့ပြီ
သံသရာအဖန်ဖန်ကျင်လည်ခြင်း၌
နာကျင်မှောင်မိုက်ခြင်းအတိကိလေသာအပေါ်
သင်သည်စွဲလန်းလောင်မြိုက်ဆဲလား….

မဖြစ်ခြင်းတရားဆီသို့
ကျွန်တော့်သူမနှင့်အတူသွားခွင့်ရချင်မိသည်…
သူမကိုကျွန်တော်ချစ်သည်…
ထိုသို့သော ကိလေသာအားဖြစ်စေသော
ထိုသူမကိုပဲကြောက်ခြင်းတရားနှင့်မြတ်နိုးမိဆဲ….။

မိုးလှိုင်ည

Saturday, May 9, 2009

နောက်ဆုံးအခွင့်

အမေ့ရဲ့ မျက်ရည်တွေအောက်မှာ
ကျွန်တော်ကြောက်တဲ့ လောကဓံရှိတယ်....
ဆန္ဒတွေ ရင်ကြားစေ့ဖို့ ကျွန်တော် ခရီးတွေထွက်ရလိမ့်မယ်
လောဘတွေ မဆုံးနိုင်သေးတော့
၃၁-ဘုံမှာ လူးလာခေါက်ပြန်
အိပ်မက်တွေက ရိုမန်တစ်ဆန်တယ်....။
ကျွန်တော်သိတဲ့ အကြောင်းအရာများစွာထဲက
အမေ့အပေါ် ကျွန်တော်မကောင်းတဲ့အကြောင်း
ကျွန်တော့်ကိုယ် ကျွန်တော် ကောင်းကောင်းသိတယ်....
အမေ့ရဲ့ နို့ရည်စွမ်းအားနဲ့
ကမ္ဘာမြေကြီးကို ထမ်းပိုးထားတဲ့ တစ်နေ့မှာပဲ
ကြွေးဟောင်းတွေ အလီလီထပ်နေတဲ့
သားမိုက်တစ်ယောက်ရဲ့ အပြန်လမ်းဟာ
မောပန်းနေတဲ့ အမေ့အတွက်
သီတာရေကြည် မဖြစ်ထိုက်တော့
အခုသား အမေ့ရှေ့မှာ လက်ပိုက်နေပြီ
သားကို ရိုက်ပါအမေ....။


မိုးလှိုင်ည
(သောင်းပြောင်းထွေလာမဂ္ဂဇင်း ၂၀၀၅ခုနှစ် သြဂုတ်လ)

အမေ

ဘ၀မှာ စိတ်ချရတဲ့ နာမ်တရားတစ်ခုကိုပြပါဆိုရင် အမေ့မေတ္တာတရားကို ကျွန်တော်ပြောပြမိမှာပါ...။
ကျွန်တော်တို့ ဟာ သိမှုကင်းမဲ့နေတဲ့ အချိန်ကာလတွေမှာတောင်အမေ့မေတ္တာတရားကိုခံစားရရှိနေပါတယ်..။
ဆိုကြပါစို့ ... ကျွန်တော်တို့ ဟာ အမေ့ဝမ်းကြာတိုက်မှာ သားလောင်းဘ၀နဲ့ခိုအောင်းနေစဉ် ကာလကတည်းက အမေ့ မေတ္တာတရားကို လက်ခံရရှိနေတာပါ... ဘ၀မှာ မိဘမဲ့ကလေးဖြစ်ေ်နနိုင်ပါတယ်...။ အဖေမပေါ်တဲ့ ကလေး ဖြစ်နေနိုင်ပါတယ် ... အဲဒီကံဆိုးမှုကြားကမှ
ကျွန်တော်တို့ဟာ အမေ့မေတ္တာတရားကို လုံးဝမရရှိနိုင်တဲ့ကလေး မဖြစ်နိုင်ပါဘူး... ဘာကြောင့်
လည်းဆိုတော့ ကျွန်တော်တို့ အခု အသက်ရှိနေကြပြီလေ...။ကျွန်တော်မှာ ရှိခဲ့တဲ့ အမေ့အတွက်
ကျွန်တော်ကဗျာဖွဲ့တယ် ကမ္ဘာပေါ်မှာရှိနေတဲ့ အမေ့အတွက် ကျွန်တော် ကဗျာရေးတယ်...
မိခင်စိတ်ဆိုတဲ့ ကလေးမွေးဖူးတဲ့အမျိုးသမီးတွေသာရနိုင်တဲ့ သန့်စင်မွန်မြတ်တဲ့ စိတ်ခံစားမှုကို
ဦးညွှတ်လေးစားရင်း... မေလ ဒုတိယပတ် ဆန်းဒေးမှာ အမေအတွက်ကဗျာတွေကို စုစည်း
တင်ဆက်ရင်း... ကဗျာဆရာတွေ အမေ့ကို ဘယ်လိုဖွဲ့ကြသလည်းဆိုတာ...
www.mompoem.blogspot.com မှာ ဆက်လက်ဖတ်ရူနိုင်ပါတယ်ခင်ဗျာ…


အမေ့ကို ချစ်တဲ့

မိုးလှိုင်ည

မေမေ

မေမေ
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း
ဒီညနေတော့ အမေ့ဆီက
ဆန်ပြုပ်ပူပူ မရနိုင်ဘူးလို့
သားတွေးမိတယ်…

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…

ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ

အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)

သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်

ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေဝယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့ နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်းပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..

မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော် မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..

အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွံ့နေသတဲ့….

ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….

အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်း

အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….

မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။


မိုးလှိုင်ည

အိမ်ပြေး

ဒီနေ့တော့
အိမ်ပြန်ရောက်ဖို့ လမ်းပျောက်နေပြီ.....။

အမေ့အိမ်ကနေ
ရက်ပေါင်းခုနှစ်ထောင် အကွာအဝေးက
မိုင်လေးရာကျော် ကြာမြင့်လို့...။

တိုက်မြင့်မြင့်တွေများတဲ့ မြို့ကြီးကနေ
အမေ့အိမ်ရှေ့ ၀ရန်တာက
မြင်နေရတဲ့ ကြယ်တွေကိုကြည့်ရင်း
အမေရယ်
သားချင်ခြင်းတပ်ခဲ့တဲ့ အိမ်ပြန်ချိန်တွေက
လင်းတစ်လှည့် မှိန်တစ်လှည့်...။

ရာသီစာခြံထွက်တွေလို လတ်ဆတ်တဲ့ အမေ့အပြုံးထက်
ရေခဲသေတ္တာထဲက ဒိန်ခဲလို
အေးစက်ငန်ကျိတဲ့ မချိတရိ အပြုံးတွေကို
သားကိုယ်တိုင် အဓိပ္ပာယ်မသိဘဲ ကြိုက်မိတော့
ဘ၀က မြည်းရင်းစမ်းရင်း ခါးသီးလာပြီ...။

အခု
တိမ်တွေရဲ့ သတင်းစကားမှာ
အမေ ထာဝရအနားရသွားပြီတဲ့
ကျွန်တော်သိတယ်
မြို့ငယ်လေးရဲ့ တောင်ကုန်းမြင့်မြင့်တစ်ခုမှ
အမေရှိနေပေမယ့်
ကျွန်တော် ပြန်တူးဖော်မရနိုင်ဘူးဆိုတာ...။


မိုးလှိုင်ည

အမေနဲ့စကားစမြည်

''သား နင့်မလဲ
တစ်နေ့တစ်ခြားပိန်လိုက်တာ''
''ကဗျာအာဟာရနဲ့ သားစိတ်တွေဝနေတာ
အမေမမြင်မိလို့ပါ...''
''သားရယ် ဗိုက်ပြည့်အောင်စား
အိပ်ပျော်အောင်အိပ်ပါလား''
''မဖြစ်သေးဘူး...အမေ
သားက လိုတာထက်ပိုစားရင်
လစ်ဟာသွားရမယ့်အစာအိမ်တွေအတွက်
မသေရုံတစ်မယ်ပဲ သားစားပါရစေ...''
''အိပ်လို့ကလည်း ပျော်မှာမဟုတ်ပါဘူး
အရူးတွေစစ်ဖြစ်နေတဲ့ကာလမှာ
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့
၂၄ နာရီပတ်လုံး သောကရောက်နေရတယ်''
အမေက သားကိုချစ်သလို
သားကလည်း ကမ္ဘာကြီးကိုချစ်တယ်
အဲဒီလိုနဲ့ ကဗျာရေးဖြစ်ခဲ့တယ်အမေ...
ဒီဘ၀ကြွေးဟောင်းတွေအပေါ်
ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်တော့
အမေ သားကိုခွင့်လွှတ်ခဲ့ဖို့တစ်ခုပဲ
အရေးတကြီးလိုအပ်နေတယ်...အမေ...။


မိုးလှိုင်ည

ရင်ဝေးငှက်

မိုးကောင်းကင် တနံတလျားကို
သားပျံသန်းသွားမယ်ဆိုတော့
အမေတားခဲ့သေးတယ်နော်
ကောင်းကင်ရဲ့  မာယာတွေကို
အထင်မှားခဲ့တဲ့သားက
တိမ်လွှာဖြူတွေခူးစားဖို့ ကြိုးစားရင်း
တကယ်တမ်းကျတော့
ဘ၀ဆိုတာ မုန်တိုင်းညတွေပဲလား
မောပန်းနေတဲ့ အတောင်တစ်စုံအပေါ်
မိုးစက်တွေ ခပ်ကြမ်းကြမ်းရွာချ
မလုံခြုံတဲ့ အရိပ်အာဝါသတွေအောက်မှာ
အမေ့ရဲ့ ရင်ငွေ့အိမ်လေးကို
သတိရနေမိပေမယ့်
အခုတော့သားက ရင်ဝေးငှက်ပေါ့...အမေ


မိုးလှိုင်ည

Friday, May 8, 2009

nYi mA လေး

"လဲသေလိုက်ပါလားတဲ့"
ညီမလေးက စကားမဆုံးခင်
ကိုယ်က ဆယ်ဘ၀ပြောင်းပေးချင်သူပါ...
စင်္ကြာဝဠာထဲက ကြာသပတေးနေ့ကိုမပေးနဲ့
သနပ်ခါးပါးကွက်ကြားလေးကိုပဲ
အမြဲငေးနေချင်တာ
အစိမ်းရောင်မျက်စောင်းလေးကို
ဂန္တ၀င်ညနေစောင်းလေးနဲ့
ထုပ်ပိုးထားလိုက်ပြီ...
နှလုံးသား ပြခန်းမှာ
ညီမလေးရဲ့
တစ်ကိုယ်တော်ပြပွဲ
သံသရာရဲ့ အလျားအနံအတိုင်းကြီးကျယ်လို့...။

မိုးလှိုင်ည

ဖြစ်သင့်တာတွေဖြစ်…ဖြစ်မလာတဲ့လောက

အစက စပြောရင်
အစက စပြောတာပဲရှိမယ်
အခုငါ့ဆီမှာ မပြီးသေးဘူး
အားလုံးက စိုးရိမ်ရေမှတ်
ပြူတင်းပေါက်တွေက ဖွင့်လိုက်ပိတ်လိုက်
နေရောင်ခြည်မရဘူး
လေကောင်းလေသန့်မရဘူး
ပတ်ဝန်းကျင်က အမြဲတမ်း ရှုခင်းအတုတွေနဲ့
မွန်းကျပ်နေတုန်း
တံခါးကြီးရင် သော့ကြီးကြီးခတ်ရတယ်
ဘယ်တော့မှလည်း ဖွင့်လို့မပြီးဘူး
မနေ့ကချိန်းထားတဲ့ ကောင်မလေး
ဒီနေ့အထိ ရောက်မလာဘူး
အိုင်တီခေတ်တဲ့ (ဘာတွေဖြစ်ကုန်ပြီလဲ)
အဲဒီလိုပဲ
ကဗျာဆရာက ရေးချင်ရာရေးတယ်
အယ်ဒီတာတွေက ရွေးချင်ရာရွေးတယ်
အားလုံးပဲ တစ်လွဲတစ်ချော်
တကယ်ဆို ဖြစ်သင့်တာတွေဖြစ်…
ဖြစ်မလာတာကိုပဲ
လောကလို့ဆိုရမလား…။

မို:လှိုင်ည

၂၀၀ရ မေလတုန်းက ဘလော့ပေါ်တင်ထားတဲ့ကဗျာပါ...။ကြိုက်နှစ်သက်လို့
ပြန်လည်ဖော်ပြလိုက်ပါတယ် ကဗျာအသစ်ရေးဖို့ကလည်း ကိုယ့်ကိုယ်စိတ်အစာမကြေဖြစ်နေလို့ပါ...။
သူငယ်ချင်းများ ခွင့်လွှတ်နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။
ခင်မင်လေးစားလျှက်

မိုးလှိုင်ည

Tuesday, May 5, 2009

အမြင့်ကြိုက်သူ

ငါဟာ အမြင့်ကြိုက်သူတစ်ယောက်ပဲ
တိုက်ခန်းတွဲ အမြင့်ကြီးတွေ
မျှော်စင်ကြီးတွေ
ရေစင်ခပ်မြင့်မြင့်ကြီးတွေ
ငါတက်ခဲ့တယ်…။
အမြင့်ကြီးကနေ လွင်ပြင်ကျယ်ကြီးတွေ
မြို့တွေ၊ ရွာတွေ
ကမ်းနားတွေ၊ ဘုရားစေတီတွေ
ကောက်ကွေ့တဲ့ မြစ်တွေကို
ငေးနေရတာကို
ငါစိတ်ဝင်စားတယ်…
စိတ်လွတ်ကိုယ်လွတ်
အမြင့်ပေါ်ကနေခုန်ချရတာကိုလည်း
ငါကြိုက်နှစ်သက်တယ်…
အကြိမ်ကြိမ်ခုန်ချဖို့ကြိုးစားပြီး
အကြိမ်ကြိမ်မအောင်မြင်ခဲ့တာလည်းငါပဲ..။
ဘ၀အခြေနိမ့်ပါနေလည်း
စိတ်ဘ၀င်လေးတော့ ခပ်မြင့်မြင့်ထားတတ်သူ
အခု ၂၁ရာစု အ၀င်အ၀မှာ
ဆိုင်ဘာကဖေးတစ်ခုကို
တံမြက်စည်းလှည်းရင်း
ပါရီမြို့အခင်းအကျင်းကို
ပြန်ပြင်ဆင်ခဲ့ချင်ရဲ့…။


မိုးလှိုင်ည

Friday, May 1, 2009

ဧရာဝတီ ရဲ့ ရင်သွေးများအတွက်

"ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်...ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ...ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ...ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်
***** ***** *****
ဧရာဝတီရဲ့ ရင်သွေးများအတွက်
ဧရာဝတီရဲ့  ရင်သွေးတစ်ယောက်
အဖေလည်းပျောက်
အမေလည်းပျောက်
သူခြေချခဲ့တဲ့ နေရာတွေလည်းပျောက်
သူ့ ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံး နေ့ ချင်းညချင်း ပျောက်သွားတဲ့အခါ…

သူချစ်တဲ့ အစ်ကို ဘယ်မှာလဲ၊
သူချစ်တဲ့ ညီမလေး ဘယ်မှာလဲ၊
ဘာပဲဖြစ်ဖြစ် သူတို့ ရဲ့ ရုပ်ပျက်ဆင်းပျက် နောက်ဆုံးခရီးကိုတော့
သူ မမြင်လိုက်ရတာပဲ ကောင်းပါတယ်။

ဘဝရဲ့  ရေတို မျှော်လင့်ချက်တွေလည်း မုန်တိုင်းနဲ့ လွင့်ပါ
ဘဝရဲ့  ရေရှည် ရည်မှန်းချက်တွေလည်း ရေထဲမျောပါ
ဘဝမှာ ရှိသမျှအရာအားလုံးကို နာဂစ်ကယူသွားပြီ။

ကိုယ့်ပစ္စည်းလေး တစ်ခု ပျောက်ဆုံးပျက်စီးရင်တောင်
လူဆိုတာ ဝမ်းနည်းကြေကွဲတတ်ကြသေးတာ၊
တွယ်တာစရာ အကုန်လုံး ဆုံးရှုံး၊ ကမ္ဘာတစ်ခုလုံးပျောက်သွားတဲ့အခါ
ဘယ်လို အသက်ဆက်ရှင်ကြရ ရှာလေမလဲ။

နာဂစ်ရေ…
မင်းခဏလေး မွှေလိုက်တာ
ဘဝတွေ သန်းနဲ့ ချီပြီး သေတော့မယ်။
ဆွေမရှိ၊ မျိုးမရှိ
စားစရာ သောက်စရာ မရှိ၊
ကုစရာ ဆေးမရှိနဲ့ 
စေတနာတွေ မြင့်မိုရ်တောင်လောက်ရှိကြလည်း
ဒုက္ခတွေက မဟာစင်္ကြာဝဠာမို့ 
ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။

လူအုပ်က တစ်ရာနှစ်ရာ
စားစရာလေးတွေက တစ်ခုနှစ်ခုတည်း၊
ကြက်ကလေး၊ငှက်ကလေးတွေလို သူတို့ အစာလုနေကြရရှာတယ်။

ရခဲ့လှတဲ့ လူဘဝမှာ
ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား
အကြင်နာတရား ထွန်းကားခွင့်မပေးတဲ့ရပ်ဝန်းမှာ
ကံဆိုးစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား။
ကြားရမြင်ရတဲ့ သတင်းတွေက
ရင်ထဲမှာ မချိလိုက်တာ။

နာဂစ်ရေ
ဒဏ်ရာတွေအထပ်ထပ်နဲ့ အသားမာတက်နေတဲ့ မြန်မာပြည့်ရင်ဘတ်ကိုမှ တည့်တည့်ကြီး တက်ကြိတ်သွားရသလား
လူတွေကို အစာငတ်ရေငတ်ထားထားတဲ့ စစ်ဖိနပ်ထဲမှာမှ လာရောက်မွှေနှောက် သွားရသလား။
နဂိုကတည်းက ငတ်နေရတဲ့ မြန်မာပြည်ဟာ မျက်နှာငယ်လေးနဲ့  လက်ဝါးဖြန့် နေရပြီ။
နဂိုကတည်းက အရှက်မလုံတဲ့ မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ အဝတ်တောင် မကပ်တော့ဘူး။

လူခိုးရင် အစုတ်တော့ ကျန်သေးတယ်တဲ့
မီးလောင်ရင်တောင်ပြာပုံတော့ကျန်သေးတယ်
နာဂစ်ရေ…
မင်းလုပ်လိုက်မှ
ပုပ်ပွပြီး ပေါလောပေါ်နေတဲ့ အလောင်းတွေ
သင်္ချိုင်းပျက်လို ဖြစ်သွားတဲ့ မြို့ ရွာတွေ
ခိုကိုးရာမဲ့ဒုက္ခသည်တွေနဲ့ 
ကပ်မျိုးစုံ၊ ရောဂါမျိုးစုံပဲ ကျန်ခဲ့တယ်။

နာဂစ်ရေ
ပွဲချင်းပြီး လူသတ်တာ အားမရသေးလို့ 
ဒုက္ခပေါင်းစုံချန်ထားရစ်ခဲ့တာလား။
ဒီလိုနဲ့  …
အပြစ်မဲ့သူတွေ သေမင်းရှေ့ မှောက်
ကြက်ပျောက်ငှက်ပျောက် ထပ်ရောက်သွားကြဦးမှာလား။
သြော်..
ဧရာဝတီဟာ
အလောင်းပုံထဲကနေ တဖြည်းဖြည်းချင်း ပြန်နိုးထရပေဦးတော့မယ်။

ဧရာဝတီက ညီအစ်ကိုတို့ ။
သင်တို့ ရဲ့ ဒုက္ခတွေဟာ ငါတို့ ရဲ့ ဒုက္ခတွေပဲဖြစ်တယ်။
သင်တို့ ရဲ့ မျက်ရည်တွေဟာ ငါတို့ ရဲ့ မျက်ရည်တွေပဲဖြစ်တယ်။
သင်တို့ ရဲ့ ငိုသံဟာ ငါတို့ ရဲ့ ရင်ထဲမှာ အထပ်ထပ်ပဲ့တင်တယ်။

အို…စပါးကျီရဲ့ ရင်သွေးတို့ 
သင်တို့ ဟာ ငါတို့ ကို ထမင်းကျွေးခဲ့တဲ့ သူတွေဖြစ်တယ်။
သင်တို့ ကို ထမင်းပြန်ကျွေးဖို့ ငါတို့ မှာတာဝန်ရှိတယ်။

ဘာမှအားမငယ်နဲ့ ဧရာဝတီ
ကမ္ဘာကြီးရဲ့ နေရာ အနှံ့ မှာ
ကရုဏာတရားကို ဌာပနာထားတဲ့ ရင်ဘတ်တွေရှိတယ်။
ပိုက်ကွန် မကြောက်တဲ့ငှက်တွေ ရှိတယ်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ငါတို့ အားထုတ်ပြီး
သင်တို့ ရှိရာဆီကို မရောက်ရောက်အောင် ငါတို့ လာခဲ့မယ်။

ညီအစ်ကိုတို့ …
ဒုက္ခပုဝါ ခြုံထားတဲ့ မြန်မာပြည်မြေပုံကြီးထဲက
အာခေါင်ခြစ် ငိုရှိုက်သံကို ကြားလိုက်ရဲ့ လား။
နာဂစ်ရဲ့ လက်သီးချက်နဲ့ 
ဧရာဝတီမှာ ငရဲပွက်နေတာကို မြင်ရဲ့ လား။

ညီအစ်ကိုတို့ …
ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်
ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ
ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ
ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်။
လိုအပ်ရင် ကိုယ့်သွေးကိုယ်ဖောက်ပြီးတိုက်ကြ
မေတ္တာငတ်နေတဲ့ ဧရာဝတီ သောက်ဖို့ အတွက်။

ကောင်းကင်ကို

ဧရာဝတီမြစ်ရိုးမှာ ပျိုးသွားတဲ့ တန်ခူးလေ

မနှစ်က ဒဏ်ရာဟောင်းတွေကို သယ်ပိုးရင်း
မချိပြုံးပြုံးနေရှာတဲ့ ဧရာဝတီရဲ့ရင်ခွင်ကို
ညင်ညင်သာသာ တိုးဝင်လိုက်တယ်
မင်းစပါးကျီတွေ ပြည့်ရဲ့လား
ဆားကွင်းတွေ ကျုံးချိန်တန်ပြီလား
ရေလုပ်ငန်းတွေ အထိအမိကောင်းရဲ့လား
မုတ်သုန်အသစ်ကို ရင်ဆိုင်ဖို့
ဒိုင်းတစ်လက် ဓားတစ်ချောင်းနဲ့
အားကောင်းမောင်းသန်
နာလံထလာပြီလား ဧရာဝတီရယ်…
မြစ်ကြောင်းတလျှောက်က
မော်တော်တစ်စင်းရဲ့ ဥသြသံကလွဲလို့
တိတ်ဆိတ်မှုသာ အကြောင်းပြန်လာတယ်
ဧရာဝတီက မှိုင်းပြာမှုန်ဝေ
ငြိမ်သက်မှုတွေပဲ တလိပ်လိပ်အုံ့ဆိုင်းတက်လာတယ်
လှိုင်းဂယက်ကလေးတွေ ရှိုက်ကာ ရှိုက်ကာ
သူ့ခမျာ ပြောမထွက်ရှာဘူး
နှစ်သစ်ရဲ့ ဟိုမှာဘက်က
လှမ်းမြင်နေရတဲ့ မေဦးမိုးက
သူ့ကို ညည လန့်အော်နိုးစေတယ်
အဲဒီမှောင်မိုက်ညတွေထဲက
အသံတွေ သဏ္ဍန်တွေ အနံ့တွေ အတွေ့တွေဟာ
အခုထိ သွေးလေခြောက်ခြားနေစေတုန်းပဲ
တူးပို့တူးပို့က သူ့ရင်ခုန်သံတွေကို ဆောင့်တယ်
သင်္ကြန်ရေချိုတစ်ခွက်ဟာ သူ့အတွက်
မက်မက်စက်စက် သောက်မျိုချစရာ ၀မ်းစာ
လက်ဆေးမိုးဖွဲကလေးကိုတောင် မျက်တောင်မခတ်
မသင်္ကာမှုတွေနဲ့ အံတုနေမိတဲ့အဖြစ်
တန်ခူးရဲ့နွေခရီး ပြီးဆုံးသွားမှာ
ကြောက်လန့်တကြား စိုးရိမ်နေရတဲ့ဘ၀မှာ
ပွဲတော်ဟာ ပျော်စရာ ဟုတ်နိုင်ပါဦးမလား
ငါ့ရင်ဘတ်တွေ အောင့်လာတယ် ဧရာဝတီ …
နွေညရဲ့ချွေးစက်တွေ ခြောက်သွေ့သွားစေဖို့
ဒီရေကြောမှာ မျောရင်း မျက်တောင်စင်းလို့
တဒင်္ဂဖြစ်ဖြစ် အေးမြ သက်သာသွားရအောင်
တန်ခူးလေအေးသွေးလို့ မင်းကို ဖြည်းဖြည်းချော့သိပ်လိုက်ချင်ပါရဲ့ကွယ်။


ပန်ဒိုရာ

နာဂစ်

ပန်းပွင့်မုန်တိုင်းတဲ့
အရိုင်းဆန်လွန်းလှချည်ရဲ့...
ဘ၀တွေအစိတ်စိတ်ကြေခဲ့ရ...။

လပွတ္တာ၊ဘိုကလေး၊မြောင်းမြ၊
ကွမ်းခြံကုန်း၊ကော့မှုး
သန်လျင်၊ကျောက်တန်း၊ခရမ်း
တောမြို့လေးတွေကြေမွ
ရန်ကုန်လိုမြို့ကြီးတောင်
လဲပြိုခဲ့ရတယ်...

နာဂစ်တဲ့လား
လူနှစ်သိန်းကျော်ရဲ့အသက်ကို
မေလမနက်ခင်းတွေထဲမှာဆွတ်ယူသွားခဲ့တယ်။

လက်ကိုမြဲမြဲဆုပ်ထားကလေး
ဒီတစ်ခါလက်ဆုပ်ပြေရင်
ကမ္ဘာမှာအဖေတို့ပြန်တွေ့ကြရတော့မှာမဟုတ်ဘူး

ဒီရေက
၎ပေ၊ ၆ပေ၊ ၁၂ပေ...
ပထမလှိုင်း၊ဒုတိယလှိုင်း၊တတိယလှိုင်း
လှိုင်းလုံးတွေအဆင့်ဆင့်
ကျွန်တော့်အနာဂတ်တွေ
ပင်လယ်ထဲမျောပါသွားပြီဗျာ...
လပွတ္တာလယ်သမားကြီးကပြောတယ်...။

သူ့မျက်ရည်စက်တွေကို
မန်ယူတီရှပ်နဲ့သုတ်ရင်း
ကယ်ဆယ်ရေးစခန်းမှာခြောက်ရက်မြောက်ပြီ
ဆန်ပြုတ်နှစ်ခွက်နဲ့
တီရှပ်နှစ်ထည်ပဲရောက်လာသေးတယ်...

ယဉ်ကျေးတဲ့ကမ္ဘာက
အဲဒီလောက်ပဲစာနာသတဲ့လားခင်ဗျာ
သူတို့ဟာ
ရိုးသားတဲ့လယ်သမားတွေ
ကြိုးစားတဲ့တံငါလုပ်သားတွေ
ကွမ်းခြံစိုက်စားသူတွေ
ကမ္ဘာမြေကြီးကိုနှလုံးသားနဲ့
ချစ်ခင်သူဟာသူတို့ပဲ...
သူတို့က
နိုင်ငံတစ်နိုင်ငံကိုအုပ်ချုပ်သူတွေမဟုတ်ဘူး
တရားမဲ့ဥပဒေတွေကို
ရေးဆွဲပြဌါန်းသူတွေမဟုတ်ဘူး
စစ်ပွဲပြုလုပ်သူတွေမဟုတ်ဘူး
သူတို့ဟာရိုသားတဲ့ပြည်သူတွေပါ
သူတို့ကအပြစ်ကင်းတဲ့ကမ္ဘာသူ၊ကမ္ဘာသားတွေပါ

အမှန်တကယ်အတိဒုက္ခရောက်သူ
လူသားတွေအတွက်
လူသားခြင်းစာနာတဲ့အကူအညီပေးဖို့
လူမဆန်တဲ့သူတွေနဲ့အခြေတင်ငြင်းခုံနေရတာ
ယဉ်ကျေးတဲ့ကမ္ဘာဟာ
သိပ်ကိုနုံအလွန်းတယ်...

တစ်နေ့ချင်းတစ်ရက်ချင်း
သေခြင်းကဆွဲယူနေတဲ့
ဘ၀မုန်တိုင်းထဲ
နာဂစ်ရေ
ပန်းပွင့်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ငါတို့ဆီထပ်မလာပါနဲ့
ကဗျာဆရာရဲ့ဒိုင်ယာရီမှာ
နာကျင်ဖွယ်နေ့ရက်များ
ထပ်မံမရေးခြစ်လိုတော့......။


မိုးလှိုင်ည

“နာဂစ်ရေ မင်းလာလို့မဖြစ်ဘူး”

ဟောဟိုနားက လွင့်ဝဲလာလေတဲ့ သစ်သီးသေတ္တာဟာ
ငါ့ကို လာနှုတ်ဆက်တယ်
"ဒီည မုန်တိုင်းလာမယ်တဲ့လေ"
လေတွေတိုးလာတော့ ငါကလည်း ကိုးလိုးကန့်လန့်ပါပဲ
လမ်းပေါ်မှာ ယိမ်းထိုးယိုင်တိုင်နဲ့ သွားနေခဲ့တယ်
ထီးတွေတောင် ဖွင့်မရခဲ့ဘူးကွယ်
မေဦးရဲ့ မိုးစက်တွေက ပါးပြင်ပေါ် ဆင်းသက်ကျကြွေကြ
အား … အေးမြလှချည်ရဲ့ကွယ်

တကယ်ဆို ငါက မုန်တိုင်းကို မုန်းတယ်
မိုးတွေဆက်တိုက်ရွာနေရင် ငါ့မြင်ကွင်းတွေက မကောင်းလွန်းလို့ပါကွယ်
အခုတော့ မိုးထဲလေထဲမှာ ဒိထက်ဆိုးမယ်ဆိုတာတွေကို
မျှော်ကာစောင့်စားရဦးမယ်လေ
လာစမ်းလေ လာစမ်းပါဆိုပြီး တချို့တွေ အော်နေကြပေါ့
ငါ့စိတ်ထဲမှာ ကြက်သီးတွေဖြန်းခနဲထမိတယ်
ဆိုးရွားသောင်းကျန်းဦးမှာလားရယ်လို့

လက်ဖက်ရည်တစ်ခွက်ရဲ့ ကံကြမ္မာမှာ လှည့်ဖျားတာ ဘယ်လောက်ပါမှာလဲ
အဲဒီ ဗာဒံပင်အောက်မှာ မိုးထဲလေထဲ ထီးတစ်ချောင်းနဲ့ သောက်ခဲ့တယ်
ရောက်တတ်ရာရာ စကားတွေကိုလည်း စိတ်တွေက မရောက်တော့ပြန်ဘူး
တဟူးဟူးမြည်ကာစ မုန်တိုင်းရဲ့ အကိုင်းဖျားနားမှာ
အိမ်ကို အပြေးအလွှားသွားနေကြသူတွေချည်းပါပဲ
လမ်းမီးဝါ၀ါတွေကလည်း မှုန်မှိုင်းလွန်းလှတယ်
အဲဒီ မေလ နှစ်ရက်ရဲ့ ညဥ့်ဘက်မှာ

ညရဲ့ မွန်းတည့်ချိန်မှာ ရန်ကုန်မြို့ရဲ့ လမ်းတွေက ဟူးဟူးထနေကြပေါ့
အဲဒါ မုန်တိုင်းကျတာတဲ့လေ
ငါ့စိတ်ထဲထင်နေတာက The Hulk ဆိုတဲ့ ငတိကြီး သောင်းကျန်းနေတာပေါ့
လမ်းတွေကို သူ့စိတ်တိုင်းကျ လျှောက်သွားနေတယ်လေ
ကမောက်ကမတွေချည်းဖြစ်နေပေါ့
မနက်ကျမှပဲ ကျိုးကျပျက်စီးတာတွေကို သွားကြည့်ရဦးမယ်
မိုးသာ စင်စင်လင်းသွားတယ်
ဘုရားဘုရားဆိုတဲ့ အာမေဋိတ်တွေကလည်း တိတ်မသွားကြဘူး
မုန်တိုင်းဆိုတဲ့ ငနဲက ကြမ်းထလာတယ်
စစ်ပွဲပြီးစ မြို့ပျက်ကြီးလိုဆိုတဲ့ သီချင်းစာသားက
ခေါင်းထဲမှာ လှည့်ပတ်ပြေးလွှားနေတယ်
သဘာဝတရားဆိုပေမယ့်လည်း
နည်းနည်းမကတော့ဘူးကွယ် ရက်စက်လွန်းလှတယ်

ကိုယ့်ခေါင်မိုး ကိုယ်ပြန်ကာကြတဲ့ နေ့လည်ညနေခင်းတွေပြီးမှပဲ
မီးပျက်ညတွေထဲ ဖယောင်းတိုင်ငယ်ကလေးတွေက
လင်းလိုက် မှိန်လိုက်ကြ စားပွဲတွေပေါ်မှာ ကနေကြတယ်
ဧရာဝတီရဲ့ ညတွေဆို ပိုများ အမှောင်ကျနေကြရော့လေမလား
ဘယ်လမ်းကိုမှ ငါသွားမရတော့ဘူးကွယ်
သစ်ပင်သစ်ကိုင်းတွေ ဓါတ်တိုင်ကျိုးတွေ အုတ်တံတိုင်းကျိုးတွေက
ငါ့ကို ကာရံတားဆီးနေကြတယ်
ငါ့ရင်ထဲက မျက်ရည်တွေကတောင် ခမ်းခြောက်ကုန်ကြပြီ
ငါ ငိုလို့မရတော့ဘူးကွယ်
လမ်းတွေလမ်းတွေမှာ ငါတို့ကို တားဆီးထားတဲ့ အမှိုက်စုတ်တွေကို
မုန်တိုင်းက ထားရစ်ချေပြီ
ရတနာက အမှိုက်ဖြစ် အဲဒါဟာ ဘယ်သူ့မိုက်ပြစ်လို့ လက်ညှိုးထိုးရမှာလဲ
ကမ္ဘာကြီးပူနွေးလာတာလား အိုဇုန်းလွှာကြီး ပေါက်ပြဲသွားတာလား
သူသူကိုယ်ကိုယ် ငါတို့လူသားတွေရဲ့ ကြမ္မာဆိုးတရားလေလား
ဝမ်းနည်းတယ်ဆိုတဲ့ အသုံးမကျတဲ့ စကားတွေကချည်း
လှိမ့်ချ ခုန်ဆင်းလာကြမှာလား
ဆွေဆုံးမျိုးပြုတ် အရိုးကိုထုတ် ပြန်ကုတ်ရမတတ်
သူတို့တွေ ငတ်ပြတ်နေရှာရော့မယ်
ဘာလုပ်နေတာလဲ ထကြပါရော့လားလို့ အော်နေဟစ်နေကြ
မျက်ရည်တွေနဲ့ ဘာလုပ်ရမလဲ တွေးနေသူတွေကလည်း ဆွေးနေကြ
အော် .. သူသူ ကိုယ်ကိုယ်ရဲ့ ဒုက္ခတွေချည်းပါလားကွယ်
မီးပျက်ရေပျက်မှာ ခရီးဆက်ဖို့ ခက်နေတယ်တဲ့လားကွယ်
သူများတွေက သေသွားခဲ့ကြပြီ
ငါတို့ ရေတစ်ပုံးအတွက် လုယက်နေကြတာ ရှက်ဖွယ်လိလိ
ဆန်တစ်အိတ်အတွက် အလုအယက် ၀ယ်နေကြတာ ရှက်ဖွယ်လိလိ
ထမင်းတစ်နပ်အတွက် ဈေးနှစ်ဆတက်တာ ရှက်ဖွယ်လိလိ
လက်ဖက်ရည်တစ်ခွက်ကို ချွေတာရုံနဲ့ ငတ်နေသူတွေ ထမင်းတစ်နပ်ရမယ်
မင်းတို့ငါတို့ကော လုပ်နိုင်လို့လားကွယ်
စေတနာရှင်တွေ နေရာအနှံ့ ခုန်ဆင်းချသွားတယ်
ဒုက္ခတွင်းတွေအနား တရပ်စပ်ဆိုသလို မရပ်မနားသွားနေကြတယ်

ခုတော့လည်း တစ်လကျော်ကာလအတွင်းမှာ
ရန်ကုန်မြို့ကလည်း သနပ်ခါးကလေး လူးထားရှာပေါ့
သဘာဝဘေးအန္တရာယ်ဆိုပေမယ့်လည်း
လူသားရဲ့ ခြေနှစ်ဖက် လက်နှစ်ဖက်ကြားက ဦးခေါင်းတစ်လုံးထဲမှာ
အဲဒီ ဥာဏ်ပညာထဲမှာ နလံထစ လူမမာလို
ဖြူကာပြာကာနဲ့ပေမယ့် သေမယ့်ဘေးတွေ လွတ်ခဲ့တယ်

ကျန်ရှိနေသူတွေရဲ့ မျက်ရည်တွေ ခွန်အားဖြစ်
နောင် သင်္ခန်းစာဖြစ်ရစ်အောင် ဆောင်ကျဉ်း
အော် .. ရင်ထဲက ငိုချည်းရှည်တွေကို
သက်ပြင်းတွေလိုပဲ မှုတ်ထုတ်လိုက်ကြပေါ့
လာပါနဲ့တော နာဂစ်ရေ ..
လာပါနဲ့တော့လေ ..

မိဘရင်ခွင်ထဲ ခေါင်းသွင်း ညအိပ်ယာဝင်သီချင်းလည်း မကြားရရှာတော့တဲ့
သားငယ်သမီးငယ်တွေ ငိုသံယိုသံတွေ ရင်နာနာနဲ့ပဲ ကျောခိုင်း
အနာဂတ်တံတိုင်းတစ်ခုအတွက် သူတို့ရင်ထဲ အသိဖြစ်စေသား
အိပ်မက်ဆိုးမက်တဲ့ ညတစ်ညကို အမှတ်မရတော့ဘဲ ပျောက်ပျက်သွားပါစေသား
ငါတို့ ဘ၀ရဲ့ မုန်တိုင်းတွေလည်း ငြိမ်သက် ပျောက်ကွယ်သွားပါစေသား။

မိခင်စကားသံ မကြားနိုင်တော့တဲ့ သားငယ်
မျှော်နေတဲ့ မိသားစုဆီ ပြန်မသွားနိုင်တော့တဲ့ ဖခင်
ကြားချင်တဲ့ စကားသံချိုချိုတွေ ဆဲဆိုကြိမ်းမောင်းသံတွေကိုတောင် မကြားရတော့ဘူး
အားရပါးရသာ ငိုချလိုက်ကြပါပေါ့
မိခင်တို့ရေ ဖခင်တို့ရေ မိဖရင်ခွင်မဲ့သူ သားငယ်သမီးငယ်တို့ရေ
အနိဌာရုံတို့ကို မင်းတို့ မျက်ဝန်းတွေထဲက ခွာချလိုက်ကြ
လာလာ သွားကြဦးစို့လေ သွားကြဦးစို့လေ
ဟိုးခပ်လှမ်းလှမ်းနားမှာ ငါတို့ မမြင်မကန်းနေရာမှာ
အနာဂတ်ဆိုတာ ရှိတယ် (ရှိမယ်)
လာခဲ့ပါလေ လာခဲ့ပါ
သွားမယ်ဆိုလည်း သွားကြတာပေါ့လေ

ငိုမနေကြပါနဲ့တော့လို့တော့
မပြောရက်ခဲ့ပါဘူး ပြောမထွက်ခဲ့ပါဘူး
ငါ ဘယ်လိုမှကို မတတ်နိုင်တော့ဘူး
ဘယ်လိုမှကို မဆက်နိုင်တော့ဘူး
နှုတ်ဖျားမှာပဲ ဆွံ့အနေတဲ့ စကားသံတွေက
ဘယ်ကိုမှ ထွက်မကျလာတော့ဘူး

ငါ့ နားတွေ ပင်းစေသား
ငါ့ မျက်ဝန်းတွေ ကန်းစေသား
ငါ့ နှုတ်ခမ်းတွေ ဆွံ့အသွားစေသား
မမြင်၊ မကြား၊ မပြောနိုင်တဲ့ ကမ္ဘာတစ်ခုမှာ
ငါဟာ ငါအတုအဖြစ်နဲ့ပဲ နေရနေရ
ဒီလို သဘာဝဆိုတာကြီးကို ထပ်ရင် မဆိုင်ပါရစေနဲ့
ထပ်ထပ်ပြီး ရင်မဆိုင်ပါရစေနဲ့
၁၃ နာရီဆိုတာလည်း မလာပါနဲ့
မိုင် ၂၀၀ ဆိုတာလည်း မလာပါနဲ့
ဘာဆိုဘာမှ ထပ်မလာပါနဲ့

နေခြည်ဖြာတဲ့ ရွှေအိုရောင် မနက်ခင်းတွေချည်းပဲ လွှတ်လိုက်ပါ
သဘာဝတရားကြီးရေ …
ငါ ထပ်ပြီး မခံစားနိုင်တော့လို့ပါလေ။

ကိုဖြိုး

လူဆယ်ယောက်


မယုံကြည်ရတဲ့အချစ်ကို
ဂန္တ၀င်တွင်အောင်ဖွဲ့ထားရစ်ခဲ့တဲ့အတွက်
မစ္စတာဝီလျှံရှိတ်စပီးယားရေ
ခင်ဗျားကို ကျွန်တော်အခုလာတွေ့မယ်…
လူတစ်ယောက်မှာ
မြေဘယ်လောက်လိုမှာလဲ…
တောဘူတာရုံလေးထဲမှာအေးခဲနေတဲ့
ဆရာကြီးလီယိုတော်စတွိုင်းရေ…
ကျွန်တော်ကို ကောင်းကင်ဘုံမှာ
ခြေချဖို့တစ်နေရာပဲပေးပါ…
ဆရာကြီးကို ဦးညွှတ်ပြီးပြန်ပါ့မယ်…
ပါရီကဖေးက အ၀ါရောင်ဟာ
ငါ့ရင်ဘတ်ထဲမှာလောင်နေတယ်…
ဗင်းဆင့် သတိထားပါ ..
မင်းအနားမှာငါရှိနေတယ်…
တကယ်လို့သွေးမြေကျရရင်
ကျွန်တော်တို့သွေးတွေပဲဖြစ်ပါစေ
လူဦးရေအများဆုံး အဆင်းရဲဆုံး
ယဉ်ကျေးမှုအမြင့်မားဆုံး
တိုင်းပြည်ကြီးအတွက်အသက်ပေးခဲ့တဲ့
မဟတ္တမဂန္ဒီကြီးကိုတွေဆုံဖို့…
ကမ္ဘာပေါ်မှာ ပေါင်မုန့်တစ်ဖဲ့ကြောင့်
သေဆုံးရသူတွေရှိသလို
မေတ္တာငတ်မွတ်လို့
သေဆုံးနေရတဲ့သူတွေလည်း
ရှိနေတယ်ဆိုတဲ့ မာသာထရီဇာဆီက
မေတ္တာခံယူဖို့ ကျွန်တော်အိန္ဒိယကိုသွားမယ်…
ကျုပ်အိပ်မက်မက်တယ်…
ဘုရားသခင်က လူမျိုးရေးခွဲခြားမှုကို
အားပေးသမှုမပြုဘူး…
ဒီကနေ့ အိုဘားမားအတွက်
ဒီကနေ့ အမေရိကားအတွက်
သူဦးခေါင်းထဲကို ရိုင်ဖယ်ကျည်ဆံ
ဖောက်အ၀င်ခံရဲတဲ့
မာတင်လူသာကင်း(ဂျူနီယာ)နဲ့တွေ့ချင်တယ်…
မင်းကိုယ်တိုင်လူကောင်းဖြစ်အောင်နေထိုင်ရင်
ကမ္ဘာပေါ်မှာ လူဆိုးတစ်ယောက်လျော့သွားမှာပေါ့လို့ပြောတဲ့
ဆမ္မားဆက်မွန်ဆီမှာ ၀ထ္တုတိုရေးနည်းသွားသင်မယ်
နိုဘယ်ဆုကိုငြင်းပစ်ချင်တဲ့နေရာမှာ
စိတ်ချင်းတူတဲ့ ယန်းပေါဆတ်နဲ့
ပါရီမှာကော်ဖီသောက်မယ်…
သူပြောတာတွေတော့နားမထောင်ဘူး
ရိုဒင်ရောက်လာတာနဲ့ ငရဲပြည်တံခါးဝမှာ
ရှပ်ကီသွားသောက်မယ်…
မင်းအခုထက်ထိ ကျူးဘားကမ်းခြေကို မသွားသေးဘူးလား
အဘိုးကြီးဆန်တီယာဂိုကလာပြောတယ်
အားနက်စ်ဟဲမင်းဝေးက
သူအိမ်မှာတစ်ယောက်တည်းစာရေးနေရတာ
အဘိုးကြီးက မင်းကိုတွေ့ချင်နေတာ
ဟုတ်ကဲ့
ကျွန်တော်အပြန်ဝင်ခဲ့မယ်လို့
အားနက်စ်ကိုပြောလိုက်ပါ…
အဲဒီအချိန် ဂေါ်ဂင်နဲ့ ကျွန်တော် ပနာမားမှာ
တူးမြောင်းအလုပ်သမားဝင်လုပ်ခဲ့တာ
အမှတ်ရနေမိတယ်….။

မိုးလှိုင်ည

ညီမလေးဆုငယ်ရေ ဆယ်ရောက်ထဲဆိုမလောက်ဘူး နောက်တစ်ခါ များများတက်ခ်