Pages

Friday, May 1, 2009

ဧရာဝတီ ရဲ့ ရင်သွေးများအတွက်

"ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်...ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ...ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ...ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်
***** ***** *****
ဧရာဝတီရဲ့ ရင်သွေးများအတွက်
ဧရာဝတီရဲ့  ရင်သွေးတစ်ယောက်
အဖေလည်းပျောက်
အမေလည်းပျောက်
သူခြေချခဲ့တဲ့ နေရာတွေလည်းပျောက်
သူ့ ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံး နေ့ ချင်းညချင်း ပျောက်သွားတဲ့အခါ…

သူချစ်တဲ့ အစ်ကို ဘယ်မှာလဲ၊
သူချစ်တဲ့ ညီမလေး ဘယ်မှာလဲ၊
ဘာပဲဖြစ်ဖြစ် သူတို့ ရဲ့ ရုပ်ပျက်ဆင်းပျက် နောက်ဆုံးခရီးကိုတော့
သူ မမြင်လိုက်ရတာပဲ ကောင်းပါတယ်။

ဘဝရဲ့  ရေတို မျှော်လင့်ချက်တွေလည်း မုန်တိုင်းနဲ့ လွင့်ပါ
ဘဝရဲ့  ရေရှည် ရည်မှန်းချက်တွေလည်း ရေထဲမျောပါ
ဘဝမှာ ရှိသမျှအရာအားလုံးကို နာဂစ်ကယူသွားပြီ။

ကိုယ့်ပစ္စည်းလေး တစ်ခု ပျောက်ဆုံးပျက်စီးရင်တောင်
လူဆိုတာ ဝမ်းနည်းကြေကွဲတတ်ကြသေးတာ၊
တွယ်တာစရာ အကုန်လုံး ဆုံးရှုံး၊ ကမ္ဘာတစ်ခုလုံးပျောက်သွားတဲ့အခါ
ဘယ်လို အသက်ဆက်ရှင်ကြရ ရှာလေမလဲ။

နာဂစ်ရေ…
မင်းခဏလေး မွှေလိုက်တာ
ဘဝတွေ သန်းနဲ့ ချီပြီး သေတော့မယ်။
ဆွေမရှိ၊ မျိုးမရှိ
စားစရာ သောက်စရာ မရှိ၊
ကုစရာ ဆေးမရှိနဲ့ 
စေတနာတွေ မြင့်မိုရ်တောင်လောက်ရှိကြလည်း
ဒုက္ခတွေက မဟာစင်္ကြာဝဠာမို့ 
ဆင့်ပါးစပ် နှမ်းပက်သလောက်သာ။

လူအုပ်က တစ်ရာနှစ်ရာ
စားစရာလေးတွေက တစ်ခုနှစ်ခုတည်း၊
ကြက်ကလေး၊ငှက်ကလေးတွေလို သူတို့ အစာလုနေကြရရှာတယ်။

ရခဲ့လှတဲ့ လူဘဝမှာ
ကံကောင်းစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား
အကြင်နာတရား ထွန်းကားခွင့်မပေးတဲ့ရပ်ဝန်းမှာ
ကံဆိုးစွာ အသက်ရှင်ကျန်ရစ်ခဲ့တာပဲလား။
ကြားရမြင်ရတဲ့ သတင်းတွေက
ရင်ထဲမှာ မချိလိုက်တာ။

နာဂစ်ရေ
ဒဏ်ရာတွေအထပ်ထပ်နဲ့ အသားမာတက်နေတဲ့ မြန်မာပြည့်ရင်ဘတ်ကိုမှ တည့်တည့်ကြီး တက်ကြိတ်သွားရသလား
လူတွေကို အစာငတ်ရေငတ်ထားထားတဲ့ စစ်ဖိနပ်ထဲမှာမှ လာရောက်မွှေနှောက် သွားရသလား။
နဂိုကတည်းက ငတ်နေရတဲ့ မြန်မာပြည်ဟာ မျက်နှာငယ်လေးနဲ့  လက်ဝါးဖြန့် နေရပြီ။
နဂိုကတည်းက အရှက်မလုံတဲ့ မြန်မာပြည်ဟာ ကမ္ဘာ့အလယ်မှာ အဝတ်တောင် မကပ်တော့ဘူး။

လူခိုးရင် အစုတ်တော့ ကျန်သေးတယ်တဲ့
မီးလောင်ရင်တောင်ပြာပုံတော့ကျန်သေးတယ်
နာဂစ်ရေ…
မင်းလုပ်လိုက်မှ
ပုပ်ပွပြီး ပေါလောပေါ်နေတဲ့ အလောင်းတွေ
သင်္ချိုင်းပျက်လို ဖြစ်သွားတဲ့ မြို့ ရွာတွေ
ခိုကိုးရာမဲ့ဒုက္ခသည်တွေနဲ့ 
ကပ်မျိုးစုံ၊ ရောဂါမျိုးစုံပဲ ကျန်ခဲ့တယ်။

နာဂစ်ရေ
ပွဲချင်းပြီး လူသတ်တာ အားမရသေးလို့ 
ဒုက္ခပေါင်းစုံချန်ထားရစ်ခဲ့တာလား။
ဒီလိုနဲ့  …
အပြစ်မဲ့သူတွေ သေမင်းရှေ့ မှောက်
ကြက်ပျောက်ငှက်ပျောက် ထပ်ရောက်သွားကြဦးမှာလား။
သြော်..
ဧရာဝတီဟာ
အလောင်းပုံထဲကနေ တဖြည်းဖြည်းချင်း ပြန်နိုးထရပေဦးတော့မယ်။

ဧရာဝတီက ညီအစ်ကိုတို့ ။
သင်တို့ ရဲ့ ဒုက္ခတွေဟာ ငါတို့ ရဲ့ ဒုက္ခတွေပဲဖြစ်တယ်။
သင်တို့ ရဲ့ မျက်ရည်တွေဟာ ငါတို့ ရဲ့ မျက်ရည်တွေပဲဖြစ်တယ်။
သင်တို့ ရဲ့ ငိုသံဟာ ငါတို့ ရဲ့ ရင်ထဲမှာ အထပ်ထပ်ပဲ့တင်တယ်။

အို…စပါးကျီရဲ့ ရင်သွေးတို့ 
သင်တို့ ဟာ ငါတို့ ကို ထမင်းကျွေးခဲ့တဲ့ သူတွေဖြစ်တယ်။
သင်တို့ ကို ထမင်းပြန်ကျွေးဖို့ ငါတို့ မှာတာဝန်ရှိတယ်။

ဘာမှအားမငယ်နဲ့ ဧရာဝတီ
ကမ္ဘာကြီးရဲ့ နေရာ အနှံ့ မှာ
ကရုဏာတရားကို ဌာပနာထားတဲ့ ရင်ဘတ်တွေရှိတယ်။
ပိုက်ကွန် မကြောက်တဲ့ငှက်တွေ ရှိတယ်။
စိတ်သွားတိုင်း ကိုယ်ပါနိုင်အောင် ငါတို့ အားထုတ်ပြီး
သင်တို့ ရှိရာဆီကို မရောက်ရောက်အောင် ငါတို့ လာခဲ့မယ်။

ညီအစ်ကိုတို့ …
ဒုက္ခပုဝါ ခြုံထားတဲ့ မြန်မာပြည်မြေပုံကြီးထဲက
အာခေါင်ခြစ် ငိုရှိုက်သံကို ကြားလိုက်ရဲ့ လား။
နာဂစ်ရဲ့ လက်သီးချက်နဲ့ 
ဧရာဝတီမှာ ငရဲပွက်နေတာကို မြင်ရဲ့ လား။

ညီအစ်ကိုတို့ …
ကရုဏာတရားတွေ ထောင်အချ ခံရတဲ့ခေတ်
ဗုဒ္ဓရဲ့ တရားတော်တွေတောင် ဆင်ဆာမလွတ်တော့တဲ့ခေတ်မှာ
ဧရာဝတီကို ဧရာဝတီ ပြန်ဖြစ်စေဖို အရေးဟာ
ငါတို့ အားလုံး ဖောင်ဖျက်ပြီး ဆင်နွှဲရမယ့် စစ်ပွဲ တစ်ပွဲ ဖြစ်တယ်။
လိုအပ်ရင် ကိုယ့်သွေးကိုယ်ဖောက်ပြီးတိုက်ကြ
မေတ္တာငတ်နေတဲ့ ဧရာဝတီ သောက်ဖို့ အတွက်။

ကောင်းကင်ကို