Pages

Friday, May 1, 2009

“နာဂစ်ရေ မင်းလာလို့မဖြစ်ဘူး”

ဟောဟိုနားက လွင့်ဝဲလာလေတဲ့ သစ်သီးသေတ္တာဟာ
ငါ့ကို လာနှုတ်ဆက်တယ်
"ဒီည မုန်တိုင်းလာမယ်တဲ့လေ"
လေတွေတိုးလာတော့ ငါကလည်း ကိုးလိုးကန့်လန့်ပါပဲ
လမ်းပေါ်မှာ ယိမ်းထိုးယိုင်တိုင်နဲ့ သွားနေခဲ့တယ်
ထီးတွေတောင် ဖွင့်မရခဲ့ဘူးကွယ်
မေဦးရဲ့ မိုးစက်တွေက ပါးပြင်ပေါ် ဆင်းသက်ကျကြွေကြ
အား … အေးမြလှချည်ရဲ့ကွယ်

တကယ်ဆို ငါက မုန်တိုင်းကို မုန်းတယ်
မိုးတွေဆက်တိုက်ရွာနေရင် ငါ့မြင်ကွင်းတွေက မကောင်းလွန်းလို့ပါကွယ်
အခုတော့ မိုးထဲလေထဲမှာ ဒိထက်ဆိုးမယ်ဆိုတာတွေကို
မျှော်ကာစောင့်စားရဦးမယ်လေ
လာစမ်းလေ လာစမ်းပါဆိုပြီး တချို့တွေ အော်နေကြပေါ့
ငါ့စိတ်ထဲမှာ ကြက်သီးတွေဖြန်းခနဲထမိတယ်
ဆိုးရွားသောင်းကျန်းဦးမှာလားရယ်လို့

လက်ဖက်ရည်တစ်ခွက်ရဲ့ ကံကြမ္မာမှာ လှည့်ဖျားတာ ဘယ်လောက်ပါမှာလဲ
အဲဒီ ဗာဒံပင်အောက်မှာ မိုးထဲလေထဲ ထီးတစ်ချောင်းနဲ့ သောက်ခဲ့တယ်
ရောက်တတ်ရာရာ စကားတွေကိုလည်း စိတ်တွေက မရောက်တော့ပြန်ဘူး
တဟူးဟူးမြည်ကာစ မုန်တိုင်းရဲ့ အကိုင်းဖျားနားမှာ
အိမ်ကို အပြေးအလွှားသွားနေကြသူတွေချည်းပါပဲ
လမ်းမီးဝါ၀ါတွေကလည်း မှုန်မှိုင်းလွန်းလှတယ်
အဲဒီ မေလ နှစ်ရက်ရဲ့ ညဥ့်ဘက်မှာ

ညရဲ့ မွန်းတည့်ချိန်မှာ ရန်ကုန်မြို့ရဲ့ လမ်းတွေက ဟူးဟူးထနေကြပေါ့
အဲဒါ မုန်တိုင်းကျတာတဲ့လေ
ငါ့စိတ်ထဲထင်နေတာက The Hulk ဆိုတဲ့ ငတိကြီး သောင်းကျန်းနေတာပေါ့
လမ်းတွေကို သူ့စိတ်တိုင်းကျ လျှောက်သွားနေတယ်လေ
ကမောက်ကမတွေချည်းဖြစ်နေပေါ့
မနက်ကျမှပဲ ကျိုးကျပျက်စီးတာတွေကို သွားကြည့်ရဦးမယ်
မိုးသာ စင်စင်လင်းသွားတယ်
ဘုရားဘုရားဆိုတဲ့ အာမေဋိတ်တွေကလည်း တိတ်မသွားကြဘူး
မုန်တိုင်းဆိုတဲ့ ငနဲက ကြမ်းထလာတယ်
စစ်ပွဲပြီးစ မြို့ပျက်ကြီးလိုဆိုတဲ့ သီချင်းစာသားက
ခေါင်းထဲမှာ လှည့်ပတ်ပြေးလွှားနေတယ်
သဘာဝတရားဆိုပေမယ့်လည်း
နည်းနည်းမကတော့ဘူးကွယ် ရက်စက်လွန်းလှတယ်

ကိုယ့်ခေါင်မိုး ကိုယ်ပြန်ကာကြတဲ့ နေ့လည်ညနေခင်းတွေပြီးမှပဲ
မီးပျက်ညတွေထဲ ဖယောင်းတိုင်ငယ်ကလေးတွေက
လင်းလိုက် မှိန်လိုက်ကြ စားပွဲတွေပေါ်မှာ ကနေကြတယ်
ဧရာဝတီရဲ့ ညတွေဆို ပိုများ အမှောင်ကျနေကြရော့လေမလား
ဘယ်လမ်းကိုမှ ငါသွားမရတော့ဘူးကွယ်
သစ်ပင်သစ်ကိုင်းတွေ ဓါတ်တိုင်ကျိုးတွေ အုတ်တံတိုင်းကျိုးတွေက
ငါ့ကို ကာရံတားဆီးနေကြတယ်
ငါ့ရင်ထဲက မျက်ရည်တွေကတောင် ခမ်းခြောက်ကုန်ကြပြီ
ငါ ငိုလို့မရတော့ဘူးကွယ်
လမ်းတွေလမ်းတွေမှာ ငါတို့ကို တားဆီးထားတဲ့ အမှိုက်စုတ်တွေကို
မုန်တိုင်းက ထားရစ်ချေပြီ
ရတနာက အမှိုက်ဖြစ် အဲဒါဟာ ဘယ်သူ့မိုက်ပြစ်လို့ လက်ညှိုးထိုးရမှာလဲ
ကမ္ဘာကြီးပူနွေးလာတာလား အိုဇုန်းလွှာကြီး ပေါက်ပြဲသွားတာလား
သူသူကိုယ်ကိုယ် ငါတို့လူသားတွေရဲ့ ကြမ္မာဆိုးတရားလေလား
ဝမ်းနည်းတယ်ဆိုတဲ့ အသုံးမကျတဲ့ စကားတွေကချည်း
လှိမ့်ချ ခုန်ဆင်းလာကြမှာလား
ဆွေဆုံးမျိုးပြုတ် အရိုးကိုထုတ် ပြန်ကုတ်ရမတတ်
သူတို့တွေ ငတ်ပြတ်နေရှာရော့မယ်
ဘာလုပ်နေတာလဲ ထကြပါရော့လားလို့ အော်နေဟစ်နေကြ
မျက်ရည်တွေနဲ့ ဘာလုပ်ရမလဲ တွေးနေသူတွေကလည်း ဆွေးနေကြ
အော် .. သူသူ ကိုယ်ကိုယ်ရဲ့ ဒုက္ခတွေချည်းပါလားကွယ်
မီးပျက်ရေပျက်မှာ ခရီးဆက်ဖို့ ခက်နေတယ်တဲ့လားကွယ်
သူများတွေက သေသွားခဲ့ကြပြီ
ငါတို့ ရေတစ်ပုံးအတွက် လုယက်နေကြတာ ရှက်ဖွယ်လိလိ
ဆန်တစ်အိတ်အတွက် အလုအယက် ၀ယ်နေကြတာ ရှက်ဖွယ်လိလိ
ထမင်းတစ်နပ်အတွက် ဈေးနှစ်ဆတက်တာ ရှက်ဖွယ်လိလိ
လက်ဖက်ရည်တစ်ခွက်ကို ချွေတာရုံနဲ့ ငတ်နေသူတွေ ထမင်းတစ်နပ်ရမယ်
မင်းတို့ငါတို့ကော လုပ်နိုင်လို့လားကွယ်
စေတနာရှင်တွေ နေရာအနှံ့ ခုန်ဆင်းချသွားတယ်
ဒုက္ခတွင်းတွေအနား တရပ်စပ်ဆိုသလို မရပ်မနားသွားနေကြတယ်

ခုတော့လည်း တစ်လကျော်ကာလအတွင်းမှာ
ရန်ကုန်မြို့ကလည်း သနပ်ခါးကလေး လူးထားရှာပေါ့
သဘာဝဘေးအန္တရာယ်ဆိုပေမယ့်လည်း
လူသားရဲ့ ခြေနှစ်ဖက် လက်နှစ်ဖက်ကြားက ဦးခေါင်းတစ်လုံးထဲမှာ
အဲဒီ ဥာဏ်ပညာထဲမှာ နလံထစ လူမမာလို
ဖြူကာပြာကာနဲ့ပေမယ့် သေမယ့်ဘေးတွေ လွတ်ခဲ့တယ်

ကျန်ရှိနေသူတွေရဲ့ မျက်ရည်တွေ ခွန်အားဖြစ်
နောင် သင်္ခန်းစာဖြစ်ရစ်အောင် ဆောင်ကျဉ်း
အော် .. ရင်ထဲက ငိုချည်းရှည်တွေကို
သက်ပြင်းတွေလိုပဲ မှုတ်ထုတ်လိုက်ကြပေါ့
လာပါနဲ့တော နာဂစ်ရေ ..
လာပါနဲ့တော့လေ ..

မိဘရင်ခွင်ထဲ ခေါင်းသွင်း ညအိပ်ယာဝင်သီချင်းလည်း မကြားရရှာတော့တဲ့
သားငယ်သမီးငယ်တွေ ငိုသံယိုသံတွေ ရင်နာနာနဲ့ပဲ ကျောခိုင်း
အနာဂတ်တံတိုင်းတစ်ခုအတွက် သူတို့ရင်ထဲ အသိဖြစ်စေသား
အိပ်မက်ဆိုးမက်တဲ့ ညတစ်ညကို အမှတ်မရတော့ဘဲ ပျောက်ပျက်သွားပါစေသား
ငါတို့ ဘ၀ရဲ့ မုန်တိုင်းတွေလည်း ငြိမ်သက် ပျောက်ကွယ်သွားပါစေသား။

မိခင်စကားသံ မကြားနိုင်တော့တဲ့ သားငယ်
မျှော်နေတဲ့ မိသားစုဆီ ပြန်မသွားနိုင်တော့တဲ့ ဖခင်
ကြားချင်တဲ့ စကားသံချိုချိုတွေ ဆဲဆိုကြိမ်းမောင်းသံတွေကိုတောင် မကြားရတော့ဘူး
အားရပါးရသာ ငိုချလိုက်ကြပါပေါ့
မိခင်တို့ရေ ဖခင်တို့ရေ မိဖရင်ခွင်မဲ့သူ သားငယ်သမီးငယ်တို့ရေ
အနိဌာရုံတို့ကို မင်းတို့ မျက်ဝန်းတွေထဲက ခွာချလိုက်ကြ
လာလာ သွားကြဦးစို့လေ သွားကြဦးစို့လေ
ဟိုးခပ်လှမ်းလှမ်းနားမှာ ငါတို့ မမြင်မကန်းနေရာမှာ
အနာဂတ်ဆိုတာ ရှိတယ် (ရှိမယ်)
လာခဲ့ပါလေ လာခဲ့ပါ
သွားမယ်ဆိုလည်း သွားကြတာပေါ့လေ

ငိုမနေကြပါနဲ့တော့လို့တော့
မပြောရက်ခဲ့ပါဘူး ပြောမထွက်ခဲ့ပါဘူး
ငါ ဘယ်လိုမှကို မတတ်နိုင်တော့ဘူး
ဘယ်လိုမှကို မဆက်နိုင်တော့ဘူး
နှုတ်ဖျားမှာပဲ ဆွံ့အနေတဲ့ စကားသံတွေက
ဘယ်ကိုမှ ထွက်မကျလာတော့ဘူး

ငါ့ နားတွေ ပင်းစေသား
ငါ့ မျက်ဝန်းတွေ ကန်းစေသား
ငါ့ နှုတ်ခမ်းတွေ ဆွံ့အသွားစေသား
မမြင်၊ မကြား၊ မပြောနိုင်တဲ့ ကမ္ဘာတစ်ခုမှာ
ငါဟာ ငါအတုအဖြစ်နဲ့ပဲ နေရနေရ
ဒီလို သဘာဝဆိုတာကြီးကို ထပ်ရင် မဆိုင်ပါရစေနဲ့
ထပ်ထပ်ပြီး ရင်မဆိုင်ပါရစေနဲ့
၁၃ နာရီဆိုတာလည်း မလာပါနဲ့
မိုင် ၂၀၀ ဆိုတာလည်း မလာပါနဲ့
ဘာဆိုဘာမှ ထပ်မလာပါနဲ့

နေခြည်ဖြာတဲ့ ရွှေအိုရောင် မနက်ခင်းတွေချည်းပဲ လွှတ်လိုက်ပါ
သဘာဝတရားကြီးရေ …
ငါ ထပ်ပြီး မခံစားနိုင်တော့လို့ပါလေ။

ကိုဖြိုး