Pages

Friday, May 29, 2009

ဒေါင်းယောင်ဆောင်သူများ



အမေ ...

အမေ့ကို မင်ဒဲလားကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို နံရံတွေကြားထဲကပဲ
တည်ဆောက်လာရတာတဲ့

အမေ့ကို ကင်ဒေးဂျုံကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို သေနတ်ပြောင်းတွေရှေ့မှာပဲ
ရင်းယူလာခဲ့ရတာတဲ့

အမေ့ကို လားမားကြီးကပြောတယ်
သူတို့လည်း ဒီမိုကရေစီကို ဖိနှိပ်မှုတွေအောက်မှာ
ကျင်ယူနေရတုန်းပါတဲ့

အမေ

ကျွန်တော် ရင်ကိုကော့ထားလိုက်တယ်
ရန်ကုန်မှာ
ထောင်နံရံ၊ သေနတ်ပြောင်း၊ ဖိနှိပ်မှု ...
ဘာကိုမှ ဂရုမပြုတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် လက်သီးကိုဆုပ်ထားလိုက်တယ်
ရန်ကုန်မှာ
လူသန်းခြောက်ဆယ်အတွက်
ဘဝတစ်ခုလုံးနဲ့ ပေးဆပ်ထားတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ကျွန်တော် ခေါင်းကိုမော့ထားလိုက်တယ်
ရန်ကုန်မှာ
ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ
အလေးဂရုပြုရတဲ့
ငါတို့ “အမေ” ရှိတယ်လို့

ဒါပေမယ့် အမေ

ကျွန်တော်တို့က အမေ မကြောက်တဲ့ သေနတ်ပြောင်းကို
ကြောက်တဲ့ အမေ့သားတွေ

ကျွန်တော်တို့က အမေ မုန်းတဲ့ ဖိနှိပ်မှုနဲ့
အသားကျနေတဲ့ အမေ့သမီးတွေ

ကျွန်တော်တို့က
ဒေါင်းယောင်ဆောင်ထားတဲ့ ကျီးမိုက်တွေပါ အမေ

ဒီလူတွေက
အမေ့ရင်ကို လေးစေတဲ့အခါ
အမေ့သွေးကို အေးစေတဲ့အခါ
အမေ့နားကို ခါးစေတဲ့အခါ

အမေ ခွင့်မလွှတ်လိုက်ပါနဲ့ အမေ ...

(မောင်ပွတ်)


ကျွန်တော်တို့ လမ်းဆုံလား လမ်းဆုံးလား မသိတဲ့အချိန်ကာလတစ်ခုကိုရောက်နေပါတယ်…

ရင်လေးဖွယ်ရာ မနက်ဖြန်တွေကို ကျွန်တော်တို့ ဘယ်လိုရင်ဆိုင်ရမလည်း…

မိန်းမတစ်ယောက်က လူသန်းခြောက်ဆယ်အတွက် တရားမျှတမှုကို သူအပေါ်ကျရောက်လာတဲ့

မတရားမှုတွေနဲ့ ခါးစည်းခံပေးနေပါတယ်…

တရားမျှတမှုကို မကျင့်သုံးပဲ ဒီမိုကရေစီဖော်ဆောင်နေပါတယ်ဆိုတဲ့ ဟာသကို

ကျွန်တော်တို့ ဘယ်လိုနားနဲ့ ယုံရမလည်း… ကဗျာရေးခဲတဲ့ ကိုပွတ်ရဲ့ကဗျာဟာ

ကျွန်တော်တို့ ပျက်ကွက်မှုကို ဖော်ပြနေပါတယ်… ကျွန်တော်တို့ကိုယ်တိုင်

ဒီမိုကရေဆီကို မကျင့်သုံးပဲနဲ့တော့ တရားမျှတာမှုကို ကျွန်တော်တို့ရရှိနိုင်မှာမဟုတ်ပါဘူး…။

ကဗျာအတွက်ကျေးဇူးပါ ကိုပွတ်ရေ….။


ခင်မင်လေးစားစွာဖြင့်

မိုးလှိုင်ည