Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, December 21, 2020

အတိတ်ကတစ်ချိန်


 

ရန်ကင်းဈေးကွေ့ ကနေ

ယောက်လမ်းမှတ်တိုင်ကို ၁၂မိနစ်နဲ့ရောက်နိုင်ဦးမလား

၃၇ ဘီအမ်ကားတွေလည်း မရှိတော့ဘူး

Vegas နှစ်လိပ် ကွမ်းနှစ်ယာဖိုး

အေးစက်စက် ဆောင်းနဲ့

သမ္မတ ဟော်တယ်ရှေ့ က အချဉ်ပေါင်းသည်လည်း မရှိတော့ဘူး

နောက်တော့ သမ္မတ ဟော်တယ်လည်း မရှိတော့ဘူး

သိပ်နောက်ကျတော့ သမ္မတပါ မရှိတော့ဘူး..။

လပြည့်ဝန်းပလာဇာက

မင်းရုံးဆင်းလာမယ့်

ညနေ ၅နာရီခွဲဟာ

ဘယ်နှကမ္ဘာလောက် ကြာတာလည်း

အတိတ်လို့ ဆိုပေမယ့်

အဲဒီအတိတ်တွေဟာ ရင်ထဲမှာတော့ တိတ်တိတ်မနေဘူး

ငါက တိတ်တဆိတ်ရူးနေသူပါ

ဘယ်ကုထုံးနဲ့ အဆင်မပြေဘူး

အချိန်ဟာ ငါတို့ကိုလိမ်နေတဲ့ ဘုရင်တပါး

ငါတို့ ဘာမှမမှားပဲ

ဘယ်တော့မှလည်း မမှန်ဘူး

အလွမ်းကတော့ အပေါင်ဆုံးသွားတဲ့

ဘောင်ချာအပြဲလေးလို

ကျစ်ကျစ်ဆုပ် ကြေကွဲနေရတယ်

 

မိုးလှိုင်ည

 

Saturday, June 20, 2020

ဘူတာအိုလေး


 လမ်းဆုံလမ်းခွက ဘူတာအိုလေးတစ်ခုလေ

ခေတ်ကာလ ဖြတ်သွားဖြတ်လာ ရထားတွေကို

ထိုင်ငေးနေခဲ့တာပေါ့

ကူးစက်ရောဂါကြောင့် အေးစက် တိတ်ဆိတ်

ဆိုက်ကပ်ရထားတွေမရှိတဲ့အချိန်

ဖြတ်သွားဖြတ်လာ ရထားတွေအကြောင်း တွေးတောမိခဲ့ပေါ့

 

ပုံမှန်ဆိုရင် သံသရာ ရထားပေါ်က

ရောင်စုံဘဝတွေတင်ဆောင်ထားတဲ့ လော်ကယ်ရထားတွေ ဖြတ်သွားနေကျ

မနက်စောစော ကုန်စိမ်းရထားပေါ်က ‌ဈေးသည်တွေရဲ့ ဆူညံသံ

မျှစ်စို့ဖြူဖြူဖွေးဖွေးတွေကို စိတ်ထဲက လှမ်းတွေးလိုက်မိသေးတယ်

တစ်ပါတ်တစ်ခါ တအိအိ လေးလံနေတတ်တဲ့ စာပို့ရထားကြီး

ကွမ်းယာတွေ ပလုပ်ပလောင်းဝါးလို့…

တချို့အချိန်တွေတုန်းက မှိုင်းမှိုင်းဝေဝေ အရက်မူးနေတတ်တဲ့

သစ်လုံးတင်ရထားကြီး တစ်နေ့နှစ်ကြိမ်သုံးကြိမ်ဖြတ်လို့

ဘူတာအိုလေးအတွက် လက်ဆောင်တွေ ထားထားခဲ့တတ်တယ်

နယ်စပ်မြို့လေးက အမောတကော ပြေးလာတတ်တဲ့

ဝန်နဲ့အားမမျှတဲ့ မှောင်ခိုရထားလေးတွေ ပျောက်ချက်သား ကောင်းနေပြန်ပြီ

တစ်ခါတရံ မာကျောက်ကစားတတ်တဲ့

လမ်းခင်းကျောက် ရထားကြီးလည်း ရောက်ရောက်လာတတ်တယ်…

တချို့အချိန်တွေမှာတော့ ဟွန်းသံတွေ ဆူဆူညံညံနဲ့

မီးတောက်မီးလျှံ တော်လှန်ရေးရထားတွေ ဖြတ်သန်းသွားဖူးတယ်…

အာဏာရှင် ဗိုလ်ချုပ်တွေရဲ့ သံမဏိ ကြက်ခြေ အထူးရထားတွေ

ဘဝင်မြင့်မြင့် ဖြတ်သွားတာလည်း မြင်ခဲ့ဖူးတယ်

တွဲပြောင်းတွဲဆိုင်းတွေနဲ့ ချောင်ထိုးထားတဲ့ ချိတ်ပိတ်ရထားတွေလည်း

ဘူတာအိုလေးအရိပ်မှာ နေခဲ့ဖူးတယ်…

သွေးသံတရဲရဲနဲ့ အသားတွဲ ရထားတွေလည်း

ညီဟောက်နေအောက် ဘူတာအိုလေးအောက်မှ ရပ်ဖူးတယ်…

ဘူတာအိုလေးကတော့ ဘယ်သူ့ကိုမှ မောင်းမထုတ်ရက်ခဲ့ဘူး

ခြေချစရာ နေရာလပ်မရှိအောင်မှာ ဒုကသည်တွေ ပြည့်ကျပ် အိပ်စက်ခဲ့ဖူးတယ်

 ဗုံးဆံ အမြှောက်ဆံတွေ ဘူတာအိုလေး နံကြား ထိုးစိုက်ခဲ့ဖူးတယ်

 မုန်တိုင်းတွေကြား ခိုက်ခိုက်တုန်ခဲ့ဖူးသလို

 နှင်းမှုန်တွေကြား မှိုင်းဝေ လွမ်းလျှဖူးတယ်…

 တောင်တန်းတွေပေါ်က ပန်းရထားလေး အပြုံးဝေဝေနဲ့

 ရောက်ခဲ့ဖူးသလို…..

 တွန်းလွှတ်ရှန်တိန် မပြုလုပ်ရဆိုတဲ့ သဘာဝဓါတ်ငွေ့ရထားလည်း ရောက်ခဲ့ဖူးတယ်…

 လောကဓံ အတက်အဆင်းများတဲ့ ဘဝသံသရာ ရထားကြီးကတော့

 တစ်နေ့ကျ မင်းကိုပါ တင်ဆောင်သွားမယ်ဆိုပြီး ပြုံးဖြီးဖြီးနဲ့ ထွက်ခွာသွားလေရဲ့…။

 

မိုးလှိုင်ည


Thursday, June 18, 2020

တစ်ကိုယ်တော် မူဝါဒ


 

စာနာခြင်းအတွက် သစ်ပင်တွေစိုက်မယ်

မြို့ကြီးတွေနဲ့ဝေးဝေးနေမယ်

အငြင်းအခုန်တွေ စွန့်လွှတ်လိုက်မယ်

ထွေထွေပြားပြား အမှန်တရားတွေရှာမနေတော့ဘူး

ကိုယ်က ဘာမှပိုကောင်းအောင် မလုပ်နိုင်ပေမယ့်

ဘာမှ ပိုမဆိုးအောင်လဲ လုပ်နိုင်သေးတယ်

နေရောင်ခြည်အောက်မှာ

အရောင်ပြောင်းလဲတတ်တဲ့ တိမ်တွေကို

ဘာမှမတွေးပဲငေးမယ်...

သဘာဝတရားကို ပန်းချီကားတွေ

ဓါတ်ပုံတွေထဲကပဲ မကြည့်တော့ဘူး

အနီးစပ်ဆုံး မြက်ပင်လေးကအစ

ကိုယ်နားလည်ဖို့ကြိုးစားမယ်…

တောင်ပေါ်က လွင့်ပျံ့လာတဲ့

တရားသံတွေ နားထောင်ရင်း

မနက်ခင်းတိုင်းမှာ အေးအေးလူလူစာဖတ်မယ်

သွားနှင့်သူတွေလဲ ငြိမ်းငြိမ်းချမ်းချမ်းသွားကြပါစေ

ကျန်ရစ်ခဲ့သူတွေလဲ ငြိမ်းငြိမ်းချမ်းချမ်း ကျန်ခဲ့ပါစေ

ရေရေရာရာ ကိုယ်နားမလည်ပေမယ့်

ဘဝကနေပျော်မှာပါ…။

 

မိုးလှိုင်ည

 

 

 


Monday, August 22, 2016

ကာလပေါက်ဈေး။




ဈေးထဲက သွေးသံရဲရဲ အသားတုံးတွေ ချိတ်ဆွဲထားတာ
မသတီစရာကောင်းအောင် ရိုးအီနေသလိုမျိုး
လမ်းပေါ်မှာ အတုံးအရုံးလဲကျနေတဲ့ ဘော်ဒီတွေ
ဗုံးကွဲသံတွေ အကြမ်းဖက်မှုတွေက မသတီစရာကောင်းအောင် ရိုးအီလာတယ်
စစ်ကို စွဲစွဲမြဲမြဲ ဆက်တိုက်ကြမှာလား
ဒီတော့ ရေကြီးတဲ့သတင်းကို ကျော်ပြီး
အရေးကြီးတဲ့ နောက်ကို လိုက်သွားရမှာပေါ့
ဘယ်တော့ဖြစ်ဖြစ် ဘာမှမဖြစ်သလိုနေလိုက်ကြ
ရေစီးကြောင်းကြောင့် တိုက်စားခံလိုက်ရတဲ့ သဲတွေဟာ
တစ်နေရာမှာစုပြီး မြစ်ကြီးတစ်စင်းလုံးကို သတ်ပစ်တော့မှာ
အခုတော သာသာယာယာပဲ
မုန်တိုင်းသတိပေးချက်ရှိနေပေမယ့် စူပါမားကတ်တွေက စည်ကားနေတုန်း
မှန်ကန်ထဲက ငါးတွေက လှိုင်းအတုတွေနဲ့ပျော်မြူးရင်း
ပင်လယ်စာ လတ်လတ်ဆတ်ဆတ်တွေ ကုန်းတွင်းပိုင်းမြို့လေးကို ရောက်လာတယ်
စိတ်ကစဥ့်ကလျားဖြစ်မှုကို အပြုအမူတွေက စပ်ဆက်ပေးလိုက်ကြတယ်
ဆရာဝန်ရဲ့ မှတ်ချက်က အတွေ့အကြုံတုန့်ပြန်ချက် သက်သက်ပဲ
အဲဒါကို ဆေးစာအုပ်ထဲမှာ ဖတ်လို့ရနိုင်တယ်… ဒါမှမဟုတ် လုပ်ငန်းခွင်ကလည်းရနိုင်တယ်
နှစ်မျိုးလုံး လွှဲချော်သွားရင်တောင် တတိယဆုံးဖြတ်ချက် တစ်ခုခု သေချာပေါက်ရောက်နိုင်တယ်
တစ်ယောက်တစ်ပေါက် ထင်ရာထင်ကြေးတွေက ဆွေးနွေးငြင်းခုန်စရာ ဖြစ်လာတာပေါ့
အခု ငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမလား စစ်ပွဲကိုဆက်တိုက်ကြမလား
ညစာစားပွဲမှာ တိတိကျကျ အဖြေမထွက်ဖူး
ညစာမစားရသေးတဲ့ နယ်စွန်နယ်ဖျားတွေမှာ ဆာလောင်မှုက ဆူပွက်လာတယ်
ရေနွေးအိုးထဲကို ဒေသထွက် လက်ဖက်ခြောက်တွေ ခတ်လိုက်ရင်း
ကုန်သွယ်ရေးလမ်းကြောင်း  အသစ်တွေဖြစ်လာနိုင်တယ်
ဒါပေမယ့် မြေဆီလွှာတွေဟာ ရေတိုက်စားခံရပြီးဖြစ်နေတယ်
စာချုပ်ထဲက လက်မှတ်ဟာ စစ်မဖြစ်ခင်က ငြိမ်းချမ်းရေုးကို ပြန်မယူလာနိုင်ခဲ့ဘူး။

မိုးလှိုင်ည

Friday, June 10, 2016

အိပ်မက်အိမ်

အိပ်မက်အိမ်

အိပ်မက်ထဲမှာ အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်
အိမ်အပြင်ဘက်က လမ်းတွေပေါ် အိပ်ရင်း
လေပြင်းတဲ့ မြက်ခင်းပြင်ကျယ်က
တဖျတ်တဖျတ်လွင့်နေတဲ့ ရွက်ဖျင်တဲထဲမှာအိပ်ရင်း
နှင်းငွေ့တွေစိုစွတ်နေတဲ့
ယူကလစ်ပင်ခြေရင်းကို မှီအိပ်ရင်း
ပူးကပ်ပြွတ်သိပ်ပြီး
အေးစက်တောင့်တင်းနေတဲ့ စက်လှေသံပြားပေါ်အိပ်ရင်း
အမြှောက်ဆံတသွင်သွင်ကြားက
ထွက်ပြေးသွားလို့မရတဲ့ညတွေမှာ
ရေနုတ်မြောင်းထဲအိပ်ရင်း
အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်
အိမ်ကလေး တစ်လုံးကို အိပ်မက်ရင်း
အိမ်နဲ့ဝေးရာဆီပဲ တရစပ်ပြေးသွားနေရ

နယ်မြေသစ်မရှိတော့တဲ့ ကမ္ဘာကြီးထဲ
နယ်မြေသစ်ရှာဖွေသူတွေလို စွန်းစားခဲ့ရ
သံဆူးကြိုးတွေနဲ့ ခြစ်မိတာရော
ပင်လယ်ထဲ နစ်မိတာရော
လက်ကိုင်တုတ်တွေနဲ့ အရိုက်ခံရတာနဲ့
ခဲလုံးတွေနဲ့ အပေါက်ခံရတာနဲ့
လူယဉ်ကျေးတွေရဲ့ မောင်းထုတ်ခံဘေးတွေနဲ့
မောမောပန်းပန်း အိပ်ပျော်သွားတိုင်း
အိမ်ကလေးတစ်လုံးကို အိပ်မက်တယ်

ဒီတစ်ခါ အိမ်ကလေးရရင်
သေနတ်သံ ဗုံးဆံတွေနဲ့ ဝေးဝေးထားမယ်
ဒီတစ်ခါ အိမ်ကလေးရရင်
ငါတို့မောင်နှမတွေ ရန်မဖြစ်တော့ဘူး
(အခုတော့ သူတို့က ဘယ်ဆီမှာ)
ဒီတစ်ခါ အိမ်ကလေးရရင်
ညဉ့်နက်တဲ့အထိအပြင်မထွက်တော့ဘူး
(အခုတော့ ညဥ့်နက်သန်းခေါင် အမှောင်ထဲ လျှောက်ရင်း)

အိပ်မက်ထဲက အိမ်ကလေးထဲမှာ
တန်ဖိုးကြီး ပန်းချီကားတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
အဆင့်မြင့် ဇိမ်ခံပစ္စည်းတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
အငြင်းပွားဖွယ် အယူဝါဒတွေမလိုဘူး
အိပ်မက်ထဲက အိမ်ကလေးထဲမှာ
နွေးထွေးမှုရယ် လုံခြုံမှုရယ် ငြိမ်းချမ်းမှုရယ်ပဲ လိုမယ်

အိပ်မက်ထဲက အိမ်ကလေးကို အိပ်မက်နေရင်း
အိပ်မက်ထဲက အိမ်ကလေးဟာ ထွက်ပြေးနေရ
(အိမ်ကလေးဟာ သူ့အတွက် မြေနေရာအတွက် ထွက်ပြေးနေရတယ်)


(ကမ္ဘာ့ရွှေ့ပြောင်းများသို့)

မိုးလှိုင်ည

Thursday, February 11, 2016

ဒီတော့ကာ အဖြစ်အပျက်ထဲက အတိုင်း။



ဒုက္ခဟာဆာလောင်မှု အမျိုးအစားဖြစ်တယ်ဆိုတာ ကိုယ်နှစ်တွေအများကြီးကြာမှ သိရတယ်။ ဒါတောင် သေသေချာချာ သိသေးတာ မဟုတ်။ ကမ်းခြေမှာ အကြာကြီးနေပြီး ငြီးငွေ့ခြောက်ကပ်လာတဲ့  သဲမှုန်တွေလို။ တစ်ခါတစ်ခါ မွန်းကျပ် နစ်မြုပ်နေတဲ့ မှောင်မည်းမှုမှာ အသက်ရှင်ရတာမျိုး ရေမွှာတွေပေါက်ထွက် လာတဲ့အထိ စိတ်ရှည်လက်ရှည် သားအိမ်ခေါင်းထဲမှာ နေရတဲ့အခိုက်အတန့်မျိုးပေါ့။ လေယာဉ်ပျက်ကျတဲ့ အထဲ ကိုယ့်အမည်ပါသွားတဲ့ သတင်းစာကို ပျင်းပျင်းရိရိဖတ်ရတဲ့ အချိန်တွေရှိမယ်။ ဆိတ်စွပ်ပြုပ်ကို စောင့်နေတဲ့အချိန် စိတ်မရှည်တော့လောက်အောင် ဆာလောင်တာမျိုး ရှိမယ်။ မရှိတော့တဲ့ နှစ်ကာလတွေမှာ မရှိတော့တဲ့ အသိအကျွမ်းတွေရှိမယ်။ ဒီတော့ မြက်ပင်တွေ ယဉ်ယဉ်ကျေးကျေး မက်တပ်ရပ်နေတာကို ပန်းခြံလို့ အမည်ပေးဖြစ်တာမျိုးကို နားလည်ထားဖို့ စွမ်းရည်ဟာ ပုံမှန်ပင်မရေစီး လူ့အဖွဲ့အစည်းထဲ ရပ်တည်ဖို့ အရည်အသွေးလဲဖြစ်တယ်။ တည်ဆောက်မှုတွေဟာ တိုးတက်ငြိမ်သက်စွာ တည်ရှိနေဖို့ ပျံ့နှံ့ပြိုကွဲပေါင်းစပ်နိုင်အောင် ဖြစ်တည်နေဖို့လဲ လိုတယ်။ ဆာလောင်မှုဟာ ဒုက္ခဖြစ်တယ် ဒီလိုနဲ့ ပင်မရေစီးကို ပူပေါင်းစီးဝင် ဖြန့်ကျက်လာနိုင်တယ်။ ပြိုကွဲသွားတဲ့ ဒြပ်စင်တွေ ပြန်လည်ပူးပေါင်း အသစ်ဖြစ်သလိုမျိုး ပါတ်လမ်းတစ်ခုက ကင်းလွတ်သွားတာနဲ့ ပါတ်လမ်းတစ်ခုမှာ ငြိတွယ်သွားမှာပဲ။ ဆာလောင်နေတဲ့ ဒုက္ခဟာ စွပ်ပြုပ်တစ်ခွက်တော့ ရနိုင်သေးတယ်။



မိုးလှိုင်ည

Saturday, October 3, 2015

ပင်လယ်တစ်ခုရဲ့ ကျမ်းစာ


အဲဒီတုန်းက လပြည့်ညတွေမပါ ပြက္ခဒိန်တစ်ခုအပေါ် ကွန်တိုမျဉ်းတွေရေးခြစ်မိစဉ်ကပေါ့…. အမြင့်ပေ ဘယ်လောက်မှာ သူတို့ကျောက်ချထားတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ရှာဖွေတွေ့ရှိမလည်း… ငှက်ဖျားရောဂါဖြစ် နေတဲ့ တောင်တန်းတွေအပေါ် သူတို့ချိန်တွယ်ခဲ့တဲ့ အလေးချိန်တွေ မှားယွင်းကြောင်း သက်သေပြချက်တွေ မထွက်ပေါ်သေးခင်… မြင်မြင်သမျှတိမ်တွေကို ဆွဲငင်ညှို့ယူဆဲ… မှုန်မှိုင်းသိပ်သည်းနေတဲ့ လေထုကို အကြောင်းမဲ့ မောင်းထုတ်ခဲ့တယ်… အဲဒီအကြောင်းတွေ ပြန်တွေးရင် မလိုအပ်ပဲ ပိုမိုဝန်လေးနေခဲ့…။
ဒါဟာ မလေ့ကျက်လိုက်ရတဲ့ သင်ခန်းစာလို… မကိုးကွယ်ဖူးတဲ့ ဘာသာရေးလို့ ဘယ်လိုမှ အနည်မထိုင်နိုင်ခဲ့ဖူး မီးသင့်ကျောက်တစ်လုံးရဲ့ အသုံးချတန်ဖိုးလို သက်ရှိတွေက ဘယ်စာရင်းကိုင်အတတ်နဲ့ ဖြေရှင်းတွက်ချက်ရမှာ လည်း ငယ်ငယ်သချာင်္ညံ့တဲ့ ကောင်လေးက ရူပဗေဒပညာရှင်ဖြစ်လို့ ပေတံတစ်ခုလို့ဆောင်းရွဲ့နေတဲ့ အမှန်တရား ခေါင်းပေါ်မှာ ဆောင်းထားတဲ့ ဦးထုပ်ကို ဂရုတစိုက် အလေးပြုနေတတ်သူတွေ ကိုရွံ့ရှာသလို ဖြစ်ခဲ့… နာမ၀ိသေသနဆိုတာ ဘာလဲလို့ နှစ်ပေါင်းသုံးဆယ်ကျော်မှ သူအသေအချာ စဉ်းစားဖြစ်ခဲ့တယ် တော်ရုံတန်ရုံ အနေအထားဆို ဒီခြေဖ၀ါးနဲ့ ဒီလမ်းမ တစ်သားတည်းကျနေဖို့ ကောင်းတယ်… မလွယ်ပါဘူး မြင့်ရာမှ နိမ့်ရာကို စီးဆင်းတယ်ဆိုတာ ပထ၀ီသင်ခန်းစာထဲက စကားလုံး… အရေးကြီးဆုံး အချက် အဓိပ္ပါယ် ရှိနေဖို့ မလိုအပ်တာ…။
တစ်နေ့ပြီးတစ်နေ့ ပြန်အမ်းလိုက်တဲ့ အိပ်မက်တွေလို ညရေးညတာခက်တဲ့ တန်ရာတန်ကြေးနဲ့ ထိုက်သင့်သလို ဝေခြမ်းခဲ့တယ်… ဘယ်တော့မှပြန်မလာတဲ့ နာရီတွေဟာ ပင်လယ်တစ်စင်းရဲ့ အနားသတ်မှာ နီဆွေးပျက်ကျ နေဆဲ… ဒါဟာ ဝေမှုန်နေတဲ့ အလင်းစတွေအတွက် ကန်းရှခံလိုက်ရတဲ့ ရင်းနှီးမြုပ်နှံမှုပဲ… သူတောင်းစားအိုကြီး တစ်ယောက်က ပုံမကျပန်းမကျ လတွေကို.. သူ့ လွတ်အိတ်ကြီးထဲ ထိုးထည့်လိုက်တယ် … ရောက်တတ်ရာရာ သစ်ရွက်တွေလည်း ကွန်ကရစ်ပလက်ဖောင်း ပေါ်မှာ သည်းသည်းလှုပ်လှုပ် ဝေစီနေတယ်… ဘယ်လိုရနံ့ တစ်ခုတစ်လေ မှ လေပြည်တွေထဲမှာ ဒုန်းဆိုင်းမနေပါ…။ သတ္တုမိုင်းတွင်းများက သဘောင်္ပျက်များစီ ရွှက်လွှင်ခဲ့ရ ခရီးတလျှောက် လှိုင်းတံပိုးတော်တော်များများ တော်လှန်တိုက်ခိုက် ခဲ့ရသည်..။ ရုပ်ကြွင်းများ အကြွင်းမဲ့ လက်နှက် ချပြီးနောက် ပြန်ပေးဆွဲခံလိုက်ရတဲ့ ရေမီးမင်းခိုးသူတို့ကို ကယ်တင်ရန်… အရေးအပေါ် အခြေအနေထဲမှာ မချစ်မနှစ်သက်သူများကို ပေလျကန်ပစ်ထားခဲ့ရပါတော့တယ်…။
ပုဒ်မတစ်ခု အဆုံးတိုင်း နိဂုံးမချုပ်ရသေးရင် တစ်ခုခုဆက်ရေးဖို့ လိုအပ်နေသလို… အိပ်ကပ်ထဲ လက်နှိုက်စမ်းလည်း စကားလုံးတွေက တစ်ပြားတစ်ချပ်မှ ပါမလာဘူး… လမ်းဘေးကွမ်းယာဆိုင်က စီးကရက် ၀ယ်လိုက်တယ် … အလံတော်ကိုမော့ကြည့်တော့ ရောမခေတ်ပြန်ရောက်နေတာလား… ရောမကိုရောက်တော့ ရောသမခံရဦးမှာသိတယ်…။ ကမ္ဘာသစ်တေးတွေ မရတော့ ကမ္ဘာဟောင်းကြီးကို ရာသီခွင်နဲ့ငြှိကြည့်နေရတာ … ကောင်းကင်ဟာ တစ်စင်းပြီးတစ်စင်းပျက်ကျ… စကြာင်္ဝဠာအစကို သွားဖို့… ခရီးထွက်ချင်သူတွေ ကထွက်ကုန်ပြီ…။ ဘ၀သံသရာအဆုံးအတွက် မြေပုံမို့မို့တွေက လမ်းစရှာသူကရှာ…. ။ သူ့တရားနဲ့ သူ့ရထားနဲ့ ကိုယ်က မှားလက်စတန်းလန်းကြီး ဘ၀ရထားပေါ်မှာ ရပ်နားစရာ ဘူတာပါသလား တိမ်ပြာပြာတချို့ကိုတော့ ဖြတ်ကျော်ထားခဲ့တာ သိတယ်… စတော့ဈေးကွက်တွေ ပျက်တုံးက အနာဂါတ် အစကတည်းက မရှိသူတွေက သတ်မသေကြဘူး… ရရန်ပေးရန် တို့ မလည်ပါတ်ခင်… သဘောင်္ပျက်များသမိုင်းမှာ ကမ်းတစ်ဖက်မှာ ထားခဲ့ရတဲ့ အိပ်မက်တစ်ချို့ ပြည်ပပို့ကုန်သီးသန့် အရည်အချင်းရှိသူ လူအများအပြား… ကိုလိုနီနယ်အသစ်များ အတွက် အင်္ဂါဂြိုလ်ပေါ်မှာ အပြိုင်အရိုင်းဖြစ်ထွန်းလာတဲ့ သတ္တုသိုက်များ … ဓားရိုးတွေချည်း ရှိတော့ မြင်သမျှသူခိုးတွေလည်း ရိုးအီသွားရှာခဲ့ပါပြီ… ပင်လယ်ဟာ သူ့ကို ခွင့်လွှတ်ဖို့ ကျောက်ဆောင် ကို တောင်းပန်သလိုမျိုး အဓိပ္ပါယ်မပါတဲ့ ကျမ်းစာဟာ ပင်လယ်အောက်မှာ နက်ရှိုင်းလေးနက် လို့….။
မိုးလှိုင်ည

Tuesday, October 14, 2014

မင်းစဉ်းစား



ဘာမှမစဉ်းစားတာထက်စာရင်
စဉ်းစားစရာရှိတာကောင်းတာပေါ့
အဲဒီတော့ မင်းစဉ်းစား
မင်းစဉ်းစားတဲ့အခါ စဉ်းစားစရာတွေရှိလာလိမ့်မယ်
စဉ်းစားရင်း စဉ်းစားရင်းနဲ့ ထပ်စဉ်းစားစရာတွေပေါ်လာမယ်
အဲဒီတော့ ပိုစဉ်းစားမိလာမယ်
ပိုစဉ်းစားမိတော့ စဉ်းစားတာလည်း ကျယ်ပြန့်လာမယ်
ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားတော့ နက်နက်ရှိုင်းရှိုင်းပါစဉ်းစားမိလာမယ်
ကျယ်ကျယ်ပြန့်ပြန့်နက်နက်ရှိုင်းရှိုင်းစဉ်းစားတော့
စဉ်းစားတာ အဆုံးအစမဲ့လာမယ်
အဆုံးအစမဲ့စဉ်းစားမိလာတာ
ဘာမှမစဉ်းစားတာထက် ပိုကောင်းတာပေါ့
ဘာပိုကောင်းလည်းဆိုတာ မင်းဆက်စဉ်းစားလို့လည်းရတာပဲ
အဲဒီတော့ မင်းစဉ်းစားပါ…။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...