Wednesday, August 19, 2009

ဘူလေးလဲ

ကြောင်ခံတွင်းပျက်နဲ့

ဇရက်တောင်ပံကျိုးတို့

လက်ထပ်ခဲ့ကြတာ

ကျုပ်တို့ရွာမှာ

ဟိုဟာဖြစ်တုန်းကပေါ့။

နှစ်တွေကလဲ ကြာပြီဆိုတော့

ဟိုဟာဆိုတာ....

(တောမီးလောင်တုန်းကလား

ရေကြီးတုန်းကလား)

ဘာရယ်လို့ သေသေချာချာ

ပြောနိုင်တဲ့သူ မရှိတော့ပါဘူး။

ကျုပ်အထင်တော့

တောမီးလောင်တုန်းကလို့ ထင်တာပဲ

ဘာဖြစ်လို့လဲဆို့တော့

“တောမီးလောင်တောကြောင်လက်ခမောင်းခတ်”

ဆို့တဲ့စကားလဲ

ရှိတယ်မှုတ်လား။

တချို့ တိုးတိုးပြောကြတာလဲ

အဲ့ဒီတုန်းက..

(သူတို့ လက်ထပ်ကြတုန်းကပြောတာ)

ဇရက်တောင်ပံကျိုးကပဲ

သဘောမတူသလို

ဘာလိုလို။

ဘာပဲပြောပြောလေ

မှတ်မိတဲ့လူတွေ ပြောကြတာက

သူတို့လက်ထပ်တုန်းက

တစ်ရွာလုံးမီးခိုးတိတ်ပဲတဲ့။

မီးခိုးတိတ်ဆိုတာ ဘာလဲ?

ဟုတ်လား....

ရှင်းနေတာကို ရှုပ်အောင်မလုပ်နဲ့လေ

မီးခိုးတိတ်ဆိုတာ

မီးခိုးတိတ်ပေါ့ဗျာ

ဒါနဲ့....

ကျုပ်စကားပြောနေတုန်း

ဖြတ်ဖြတ်ပြောတာမကြိုက်ဘူး

ကျုပ်စကားတောင်

ဘယ်ရောက်သွားပလဲ။

အင်းလေ....

လက်ထပ်တယ်ဆိုမှတော့

အိုးခြင်းထိတာမှ မဟုတ်တာ

သားသမီးတွေ ပေါက်ဖွားလာတာ

ဆန်းတာမှတ်လို့။

ဆန်းတာက...

သူတို့မျိုးဆက်တွေရဲ့

နာမည်တွေဗျ

နားထောင်ကြည့်....

ငါးခုန်းမတစ်ကောင်ကြောင့် တစ်မြစ်လုံးပုတ်တဲ့

ဆုပ်လည်းရူး စားလည်းရူးတဲ့

ငတေမာရင် တစ်သက်လုံးတဲ့

ရေစီးဆယ်ခါ ရေသာတစ်လှည့်တဲ့

လမိုက်တုန်းဗိုင်းငင်တဲ့

ကဲ မဆန်းလား...

ဒါကြောင့်လည်း

ကျုပ်တို့မှတ်မိနေတာပေါ့။

By the way,

ခင်ဗျားရော ဘယ်လိုထင်သလဲ

တချို့က....

သူတို့သားသမီးတွေ

တချို့က...

သူတို့မြေးမြစ်တွေပေါ့ဗျာ။

ကျုပ်တို့ရွာသားတွေ အကြောင်းလား

ဒါက စာမဖွဲ့လောက်ပါဘူး

သူတို့က...

ကျန်စစ်သားလည်းမှီတယ်

ဘုရင့်နောင်လည်းမှီတယ်

ရာဇ၀င်ကို ဖြတ်သန်းဖူးလှပြီ

အရေထူနေပြီ။

အခု...

တစ်ရွာလုံးမှာ

အုန်းအုန်းကြွတ်ကြွတ်ဖြစ်နေတဲ့

ကိစ္စလား။ ။

ခင်ဗျားမေးမှ သတိရတော့တယ်

အစကတော့...

ကျုပ်လဲ

ဒီအကြောင်းပြောချင်လို့

စကားအစချီတာပဲ

မတီးပဲ မြည်ပြန်ပြီ

မထင်နဲ့...။

အခု...လာပြန်ပြီလေ

ကျုပ်တို့ရွာမှာ

အကြီးအကျယ်လက်ထပ်ပွဲတစ်ခု။

သတို့သားနဲ့ သတို့သမီးနာမည်က

ယုန်တောင်ပြေးနဲ့ ခွေးမြောက်လိုက် တဲ့

ဖိတ်စာတော့ဝေပြီးပြီ.....

ဒီတစ်ခါလဲ

တစ်ရွာလုံး မီးခိုးတိတ်ပဲတဲ့

(လာပြန်ပြီ မီခိုးတိတ်။)

ဘာပဲပြောပြော

ဒီကိစ္စကိုတော့

တစ်ရွာလုံးက

စိတ်အ၀င်စားသားဗျ။

သူတို့သာ...

လက်ထပ်ဖြစ်မယ်ဆိုရင်

(တချို့ကလဲ လက်ထပ်ပွဲ ပျက်မလိုလို

ဘာလိုလို ပြောနေကြတာကိုး)

အဲ...သူတို့သာ

တကယ်လက်ထပ်ဖြစ်မယ်ဆိုရင်

မွေးလာမယ့် ကလေးကို

နာမည်ပေးဖို့ အတွက်တောင်

ရွာကလူတွေက စဉ်းစားပြီးသား။

ခေတ်လဲမှီရမယ် ဆန်းလဲဆန်းရမယ်ပေါ့ဗျာ...

အဲ....သူတို့ရွေးထားတဲ့နာမည်က

“ဘူလေးလဲ”တဲ့။

ဘယ်လိုလဲ

ခင်ဗျားရောကြိုက်ရဲ့လား။

သစ္စာနီ



ကိုမြေမှုန်လွင် ဘလော့မှ ကူးယူဖော်ပြပါသည်။

7 comments:

  1. တော်သေးတာပေါ့။ “ဒါအဘူ့ အယားလေးလဲ” မဟုတ်လို့။ သူခိုးက အိမ်အောက်က ကြားတော့ “ငါ့အယားလေး” လို့ အော်ပြေးလို့ လင်မယားရန်ဖြစ်ရတယ်ဆိုပဲ။း-)

    ReplyDelete
  2. ကဗျာနဲ့ တောင်မတူဘူး။ :P

    ReplyDelete
  3. ကဗျာ အတွက် ကျေးဇူးပါ မိုးလှိုင်

    ReplyDelete
  4. ဆရာ့ရဲ့ ဒီလိုကဗျာပုံစံမျိုး အရင်က တစ်ခါမှ မဖတ်ဖူးဘူးဗျ..

    ReplyDelete
  5. မိုက်တယ်ဟေ့ ဒီကဗျာ ကိုမိုးလှိုင်ညရေ
    ကျေးဇူးအထူးဗျာ

    ReplyDelete
  6. သဘောကျပါတယ်...ဘူလေးလဲလို.ပဲပေးလိုက်ပါ ကလေးနာမည်ကို :P

    ReplyDelete
  7. ကဗျာကထိချက်ပြင်းတယ်
    ဖတ်ပြီးပြီညီလေးရေ.....
    ကျေးဇူးတင်တယ်...

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...