Pages

Saturday, August 30, 2008

တစ်နေ့တော့ငါပြန်လာမယ်

ဘ၀ကို အံထုတ်
သွေးပွက်ပွက်တွေကို ကဗျာလုပ်ပြီးကာမှ
ငါကတော့ ဆရာမလုပ်ချင်တော့ဘူး
နှုတ်မဆက်ဘဲထွက်ခွာရတယ်ဆိုတာ
ငါ့မျက်ရည်ငါမခိုင်လို့ အတ္တနည်းနည်းကြီးမိတာပေါ့
ဘ၀မှာ ပြန်လာချင်တဲ့ နေရာတွေရှိတယ်
ရန်ကုန်ဆိုတဲ့ မြို့ကြီးပြကြီးလည်းပါပေါ့
ငါ့အမေ ငါ့အဖေ ငါ့မြေ ငါ့ရေက ငါ့ကိုမျှော်ရှာရော့မယ်
လူတကာရူးကြတဲ့ နေရာတစ်ခုကို ဘာဖြစ်လဲ ဘာဖြစ်လဲဆိုပြီး ပြောဖို့
ငါထွက်ခွာခဲ့ပေါ့
နည်းနည်းတော့ကြာမယ်
ငါ့မြေမှာ လူသားရနံ့ကလေး သင်းအလာကို
ငါ သီချင်းဆိုရင်းစောင့်နေပေါ့
မိုးလှိုင်ည သူငယ်ချင်း ငါ …
(သောက်သုံးမကျတာတွေကို သိရဖို့ တစ်ခါတစ်ခါတော့လည်း သောက်သုံးမကျတဲ့ ငါကိုယ်တိုင်ပဲ ထွက်ထွက်ကြည့်ရတယ်)
ဟူး … လူဖြစ်နေရတာကိုက မောကြီးပမ်းကြီးရယ်နဲ့ပါကွာ

စိတ်တော့မရှိနဲ့ သူငယ်ချင်း မင်းကဗျာဆရာဆိုတာ ငါနည်းနည်းမှ စိတ်မ၀င်စားတော့ဘူး … ငါသိတာက ငါနဲ့အတူတူ လက်ဖက်ရည်ထိုင်သောက်တတ်တဲ့ ခပ်ညံ့ညံ့လူတွေထက် နည်းနည်းကလေးသာတဲ့ ကောင်။ ငါ့မှာ လူဖြစ်ကြောင်း ဘာထောက်ခံချက်တွေမှ မပါလည်း ထမင်းနှစ်နပ်မကဘူး ရအောင်စားပြမယ်။ ဘ၀နဲ့ အလုပ်ကို လေနဲ့ဝမ်းမကွဲသလို မကွဲပြားတဲ့လူတွေ၊ ရွရွကိုထနေကြတဲ့ ရေစီးကြောင်းထဲက အမှိုက်သရိုက်လို အဖြစ်မျိုးတွေ၊ ဟိုစပ်စပ် ဒီစပ်စပ်ပါပြီး ဘာတစ်ခုမှ မည်မည်ရရ ဖျစ်ဖျစ်မြည်အောင် မညှစ်နိုင်တဲ့လူတွေရဲ့ နောက်ဆုံးနေ့ကို တစိမ့်စိမ့်ထိုင်ကြည့်မယ်။ မင်းမကျေနပ်လည်း ငါ့ကို ဒီတစ်သက်မခေါ်လည်းရတယ်။ ငါကတော့ တစ်လက်မမှ နောက်မဆုတ်ပေးတော့ဘူး။ ကြယ်တာရာစစ်ပွဲမှာလည်း ၀င်နွှဲမယ်။

ကိုဖြိုး