Friday, August 22, 2008

ပါးစပ်ဟနေတဲ့ ဖိနပ်တစ်ရံ

နေ၀င်တော့မယ်

ရင်ထဲမှာဟာလို့

လက်ကျန်နေရောင်အောက်မှာ

ခါတိုင်းလိုလျှောက်လာရင်း…။


ရောင်းပစ်ခဲ့တဲ့ စာအုပ်တွေ

ပလက်ဖောင်းပေါ်မှာတွေ့လို့ ပြန်လှန်ကြည့်

ငါ့လက်မှတ်က အမာရွတ်တစ်ခုလိုရှိဆဲပဲ…။


စဉ်းစားမိတယ်

ကမ္ဘာကကျဉ်းကျဉ်း

မျဉ်းတွေမာမာ

အရောင်တွေက ဖျော့ဖျော့

ကိုယ်ဖော့နေခဲ့တာ ဘယ်လောက်ကြာပြီလဲ

သက်တမ်းရဲ့ တစ်ဝက်လား

ရာစုရဲ့ သုံးပုံတစ်ပုံလား

မထင်တာတွေ အကုန်ဖြစ်

လောကကြီးကလည်း အ၀တ်အစားအသစ်လဲလို့

လူတွေကလည်း ခေတ်ဆိုတာကြီးကိုထမ်းပိုးလို့…။


ဒီလိုနဲ့တစ်မိုးသစ်ပြန်ပြီ

မြစ်ရေတွေလျှံဦးမလား

လေပြင်းတွေထန်ဦးမလား

ဟောဒီကမ်းစပ်က ခြေတံရှည်အိမ်လေးဟာ

မိသားစုတစ်စုရဲ့ နောက်ဆုံးခံတပ်ဖြစ်ပါတယ်…။


ဆည်းဆာကျယ်ပြန့်သထက်ကျယ်ပြန့်

အမှောင်စတွေဖြန့်ခင်း

လမ်းမီးတွေ အထိတ်တလန့်လင်းသာ

စားသောက်ဆိုင်တွေမှာ ဆူညံကြ

ဆာဆာလောင်လောင်နဲ့ ကားစောင့်ကြ

တချို့လည်း ချစ်သူနဲ့လမ်းခွဲကြ…။


ရပ်ကွက်တွေကလည်း

ငါးစိမ်းသည်မဆီက ငွေစက္ကူလို

နွမ်းဖတ်ပေရေရှိနေဆဲ

ဖန်တရာတေနေတဲ့လောကဇာတ်ခုံပေါ်မှာ

ဘာကိုယုံရမလဲ…။


ရန်ကုန်မြို့ကြီးရေ

ဒီလိုနဲ့ပဲ ယောင်ပေယောင်ပေနဲ့

မင်းလက်ပေါ်မှာ

သူငယ်ချင်းတချို့လည်း ပျောက်ဆုံးခဲ့ပါပြီ…။


ကြည်မောင်သန်း

(ကဗျာ၁၀၀ နှင့် ကဗျာဆရာကွယ်လွန်ခြင်း စာအုပ်မှကူးယူဖော်ပြပါသည်)

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...