Wednesday, August 20, 2008

မေမေ

မေမေ
သားအခုတော့ဖျားနာနေပြီ
အမည်မသိတဲ့လမ်းတွေပေါ်မှာ
ပြန်တမ်းမဲ့ရက်စွဲတွေကိုဖြတ်သန်းရင်း

ဒီညနေတော့ အမေ့ဆီက
ဆန်ပြုတ်ပူပူမရနိုင်ဘူးလို့
သားတွေးမိတယ်…

မိုးစက်တွေဖွေးဖွေးလှုပ်ကျနေတဲ့
လမ်းမရဲ့ဘေးတစ်ဖက်မှာ
သားရပ်နေတယ်အမေ…

ဘယ်ကိုထွက်ပြေးရမှန်းမသိလို့
မက်တပ်ရပ်အငေးတွေထဲ

အခု
ခန္ဒာကိုယ်အပူချိန်(၁၀၃)
ချောင်းအနည်းငယ်ဆိုးနေတယ်
အသက်က(၂၆)

သားနဖူးပြင်ကိုစမ်းပြီး
ရွှေမန်းတောင်နဲ့ရေနွေးကြမ်းပူပူတစ်ခွက်
ချွှေးထွက်အောင်သောက်လိုက်လို့
အမေပြုံးပြီးပြောမယ့်စကားသံကို
ကျွန်တော်ပြန်ကြားယောင်နေမိတယ်

ဖိနပ်သဲကြိုးက ပြတ်လုပြတ်ခင်
အမေ၀ယ်ပေးထားတဲ့ တီရှပ်ကလည်း
အခုတော့နွမ်းနွမ်းဖတ်ဖတ်….
ကျွန်တော်လိုချင်လွန်းလှချည့်ဆိုလို့
အမေ့ဆေးဖိုးဝါးခထဲက
ကျွန်တော်မသိအောင်ဝယ်ပြီး
အ၀တ်သေတ္တာထဲထည့်ပေးခဲ့တယ်
ဂျင်ပင်အပြာလေးလေ
အခုတော့အရောင်တွေလွင့်လို့
အနားတွေဖွာလန်ကျဲလို့…..

မလိုအပ်ပဲဇာတ်နာခဲ့ရအောင်
ကျွန်တော်မတန်တဆကြီးကိုပဲ
မာနကြီးခဲ့မိတယ်
မလိုလားအပ်ပဲ
အလွန်အမင်းကိုမိုက်မဲခဲ့တာပဲ
ကဗျာ…..ကဗျာ
အနုပညာ……အနုပညာ
ဆိုပြီး
ဘာကိုမှလည်း ဟုတ်တိပတ်တိမရခဲ့ပါဘူး…..

အခုလမ်းပေါ်မှာတွေဝေနေတဲ့
အမေ့သားလေ….
အမေပေးတဲ့အသက်
အမေပေးတဲ့အင်္ကျီ
အမေပေးတဲ့ဘောင်းဘီနဲ့
အမေပေးတဲ့ဖိနပ်ကိုစီးပြီး
အမေ့ဆီက ညနေစာတစ်နပ်ကို
တောင်းစားဖို့
အကြီးအကျယ်ရှက်ရွှံ့နေသတဲ့….

ရှက်လည်းရှက်သင့်ပါတယ်လေ
တမြန်နေ့မနက်က
အစ်မအကြီးဆုံးနဲ့လမ်းမှာတွေ့ရင်း
(၁၀) လပိုင်းထဲမှာ အမေ့မွေးနေ့ရှိတယ်
အမေကနင့်ကိုတွေ့ချင်လို့
အိမ်ကိုလာခဲ့ဦးတဲ့….

အမေ့မွေးနေ့တဲ့
ဘယ်နှကြိမ်မြောက်လည်း
ဘယ်နေ့လဲ….
ကျွန်တော်အပြင်းအထန်ဝေခွဲတာတောင်မရဘူး

လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကအတိုင်း
အမေ့ချွှေးခံဘော်လီထဲက
ထွက်ကျလာတဲ့ငွေစကြေးစကို
ကျွန်တော်မျက်စောင်းထိုးနေရတုန်း

အမေရေ
ကျွန်တော်လေ
ချစ်သောဖေဖော်ဝါရီရဲ့မွေးနေ့ကိုမမေ့ခဲ့ဘူး
ပြီးတော့
အေဗရာဟင်လင်ကွန်း၊ မာတင်လူသာကင်း
မဟ္တမဂန္ဒီ၊ မာသာထရီဇာကနေ
ဗိုလ်ချုပ်အောင်ဆန်းအထိ
ကြည်ညိုလေးမြတ်ရတဲ့
အာဇာနည်တွေရဲ့မွေးနေ့ကိုတောင်
မမေ့ခဲ့ဘူး
ဒီထက်ပိုကြည်ညိုရမယ့်အမေ့မွေးနေ့ကိုတော့
ကျွန်တော်ဒိုင်ယာရီစာမျက်နှာတွေပေါ်မှာ
မမှတ်သားမိတာကို ကျွန်တော်အကြီးအကျယ်
ဝမ်းနည်းခဲ့ရတယ်အမေ….

မိုးစဲတော့
ကျွန်တော်လည်းကပ်ရပ်မှီခိုလို့မယ့်
အမိုးအကာတစ်ခုစီထွက်လာမိတယ်
ကျွန်တော်အိမ်ပြန်မအိပ်ရင်
ညဉ့်နက်တဲ့အထိ…
လမ်းအိုလေးပေါ်မျော်ငေးနေမယ့်
အမေ့ကိုမြင်ယောင်ရင်းလေ….။


မိုးလှိုင်ည

၁၀လပိုင်းအတွင်းကျရောက်မယ့်အမေ့မွေးနေ့ကို
ကဗျာတွေပဲရှိတဲ့သားက ကဗျာနဲ့ပူဇော်ပါရစေအမေ

6 comments:

  1. ငါ့အစ်ကိုကြီး နေကောင်းပါစေဗျာ။

    ReplyDelete
  2. အမေနဲ့သား
    သားနဲ့အမေ
    ကျယ်ဝန်းလှပတဲ့ မေတ္တာနယ်ထဲ
    မခွာမခွဲ အမြဲဆုံစည်းပျော်မွေ့နိုင်ပါစေ အကို ။
    အမေ့ချွေးခံအင်္ကျီထဲက ငွေစကြေးစလေးတွေကို ကျနော်တို့
    ဘယ်အချိန်ထိ မျက်စောင်းထိုးရမှာပါလိမ့် ..တွေးနေမိတယ်ဗျာ

    ReplyDelete
  3. ကိုမိုးလှိုင် ဘလော့က အမေ ကဗျာတွေဖတ်ရတိုင်း အရမ်းကြိုက်တယ် စိတ်ထဲမှာလည်း ၀မ်းနည်းသွားသလိုလိုနဲ့  အမေ့ကိုလည်းလွမ်းတယ် ဒီကဗျာလေးက သားတိုင်းခံစားလို့ ရတယ်ဗျ အစ်ကို အမြန်ဆုံးနေကောင်းပါစေ။

    ReplyDelete
  4. ကျွန်တော် အစ်ကို့ကဗျာလေးကိုဖတ်ပြီး ၀မ်းနည်းခဲ့ရတယ် ကျွန်တော်လည်း အမေမွေးနေ့ကို
    မသိဘူး မေ့နေပြီ..
    ကဗျာလေးကိုဖတ်ပြီး ခေါင်းထဲမှာတောင်ရှိန်းကနဲဖြစ်သွားတယ်
    အစ်ကို အောင်မြင်ပါစေဗျာ...

    ReplyDelete
  5. အစ်ကို အခုမှဒီကဗျာဖတ်လိုက်ရတယ်
    ဖတ်ပြီး စိတ်မကောင်းဘူး
    တိုက်တိုက်ဆိုင်ဆိုင်ပဲ
    အမေ့မွေးနေ့က မနက်ဖြန်

    ReplyDelete
  6. သူငယ်ချင်းရေ မင်းရဲ.ကဗျာကို ကြိုက်တယ်ဗျာ ကျွန်တော်လည်း အမေနဲ.ဝေးတဲ.နေရာကိုရောက်နေတော.အမေ.ကိုလွမ်းတဲ.စိတ်နဲ.ဒီကဗျာလေးကိုကူးထားလိုက်တယ်နော်

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...