Wednesday, August 22, 2007

စိတ်လွင့်ဝေးရာ

သတ်မှတ်ရက်မနက်မတိုင်မီ
တယောအိုတစ်လက်ရဲ့တေးသွား
မိုးကျသံအတောပိုဒ်
ရင်ကွဲဖားတွေစည်းဝါးလိုက်နေကြတယ်။

လမ်းခွဲနရီပီပီပိုင်းခြား
စပ်ကြားအကူးအပြောင်းမှာတော့
ခေါင်းမော့နိုင်သူက အနိုင်ရတာပဲအချစ်ရယ်။

တိုးမ၀င်သာပျို့စအလင်းတို့
မှိုင်းညိုသိုသိပ်ကြိတ်မှိတ်မွန်းကြပ်
ကောင်းကင်ထက်မှာအထပ်ထပ်လွှာ
တေလေစိတ်ရိုင်းမုန်တိုင်းကြောစီးမျောလျက်
ရွက်လွှင့်တိမ်ညိုရိပ်တထိတ်ထိတ်ဖြတ်ပြေး
ဟိုအဝေးကို…အဝေးကို
(ပြိုတော့မယ်ထင်ပါရဲ့)
ငိုချလိုက်ပါရစတော့ကွယ်…။

ကြေကွဲမိုးစက်တွေတဖြောက်ဖြောက်ခုန်
တဆတ်ဆတ်တုန်နေတဲ့ကန်ရေပြင်ထက်
တရစပ်သွန်ချ…
ရေလွှာတွေလှိုင်းအထမှာမုန်တိုင်းစပြီကော…
ပင်ရွက်နုပေါ်စုသက်တဲ့မိုးစက်နဲ့အပြိုင်
မျက်ဝန်းအိမ်မှာဖြိုင်ဖြိုင်ကျစွေ…

ရင်ခွင်မြှားမိုးတွေဝေါကနဲထိုးအကျ
နင့်ကနဲ၊လှိုက်ကနဲအသည်းထဲရောက်သွား
အဆိပ်လူထားခဲ့လေသလား…အချစ်ရယ်။

သွေးဆိပ်အပြည့်နှလုံးအိမ်မှာတော့
မီးရဲရဲပွက်ဆူ ငရဲဆီပူတိုးဝှေ့စိမ့်ဝင်
ရင်ခွင်ထဲဆို့နင့်မွန်းကျပ်
ကျောက်အထပ်ထပ်ကြားဖိညှပ်ထားမိပေါ့…။

သံကွန်ခြာစက်ဝန်း ခေါင်းခွံအတွင်းက
အရှိန်ပြင်းဦးနှောက်
အထက်အောက်ရှေ့နောက်ရစ်ဝှိုက်တက်ဆင်း
လည်ပတ်ခြင်းကမရပ်မနားခရီးနှင်
ဆင်ခြင်ထိန်းချုပ်အသိပျက်ယွင်း
အရှိန်မျှင်တစ်ဖြစ်ပြောင်းအလင်းနဲ့ပေါင်းစုံကြ
ပူပြင်းကြွပ်ရွ
တဖြတ်ဖြတ်မီးပွင့်နေ ချော်ရည်ပူအန်ထွက်…။

လေးထောင့်ကွက်ရက်စွဲများ အထပ်ထပ်ခြားလည်း
အမြင်နဲ့အကြား ရင်တွင်းတရား ဒီလိုအမှားတွေစုစည်းနေဆဲ…။

အချစ်အမုန်း အနိုင်အရှုံးကင်းတဲ့လေဟာနယ်
ကာရံပျောက် ဦးနှောက်အတွေး နှေးကွေးငေးငေါင်
မျက်ဝန်းအိမ်က တိမ်ကောင်းကင်အဝေး…ငေးရင်း
လှုပ်ရှားမှုမဲ့တဲ့ည ရင်ခုန်ခြင်းကင်းတဲ့ဘဝ
ကျိုးကြောင်းမဲ့ရင်တွင်း ဟာလာဟင်းလင်း
ငြိမ်ဆိတ်ခြင်းအလှ…ငါအခုရချင်တယ်…။

စည်ဟိန်းထက်၊မိုးလှိုင်ည

(ကော်လက်ဘရေးရှင်းကဗျာကို ဒီနှစ်ထဲမှာမှစတွေ့တာပါ ဒါပေမယ့်လွန်ခဲ့တဲ့သုံးနှစ်က
သူငယ်ချင်းစည်ဟိန်းထက်နဲ့ နှစ်ယောက်ပေါင်းရေးခဲ့တဲ့ကဗျာလေးပါ အမှတ်တရအနေနဲ့
တင်ဆက်လိုက်ပါတယ်)

No comments:

Post a Comment

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...