သားသမီးတွေဟာ
ကျောက်တုံးတွေဆိုရင်
သူတောင်ပေါ်ကို တွန်းတင်ခဲ့တာ ခုနှစ်လုံး
သူ့အပေါ်ပြန်ပိခဲ့တာ ခုနှစ်ခါ
ငှက်ကြောင့်
ညောင်ပင်ဟာ အသီးနဲ့ဝေးရသလို
ငွေကြောင့်
မိဘဟာ သားသမီးနဲ့ ဝေးရတယ်
ဖုန်တက်နေတဲ့ အိမ်ကလေးမှာနေပေမယ့်
နှလုံးသားဟာ တောက်ပအလင်းဖြာမြဲ
တစ်ခါတစ်ခါ
ခြောက်ကပ်ကပ်အလွမ်းနဲ့
အရပ်ရှစ်မျက်နှာရော်ရမ်းရမ်း
တစ်ခါတစ်ခါ
အထီးကျန်ခြင်းက
သွားရောဂါလို တဆစ်ဆစ်ကိုက်ခဲရင်း
မိသားစုရထားရဲ့ စက်ခေါင်းတစ်ခုဟာ
မေတ္တ္တာဝေစုကို တလူလူလွှင့်ခဲ့သလို
စကားနည်းနည်းနဲ့ တရားမြဲရင်း အိုခဲ့ပြီ
အပွင့်တုံးသစ်ပင်လို နာကျင်စိတ်နဲ့
ငါ့ပျက်ကွက်မှုတွေပါ တဲ့
ကျွန်တော်တို့ ဆင်းရဲရတာကို
အားနာစကားဆိုရှာတယ်…အဖေ။
ကိုသျှပ်(ကန့်ဘလူ)
No comments:
Post a Comment