Pages

Thursday, May 17, 2007

ငှက်ဆိုးတစ်ကောင်ရဲ့မာန

အတောင်ပံရိုင်းတစ်စုံအတွက်

အစိမ်းသက်သက်ဖြစ်နေတဲ့ ကောင်းကင်ကို မော်ကြည့်ရင်း…

ငါ့အပေါ်ကို မလင်းပါနဲ့ လမင်းရယ်…

ငါဟာ ညဉ့်နက်သန်းခေါင်ကို စိုးမိုးမယ့် ငှက်ဆိုးတစ်ကောင်

ချိုသာတဲ့အသံထွက်တွေနဲ့ မလိမ်ညာတတ်ခဲ့သူမို့

အားလုံးရဲ့အယူမှာ အမင်္ဂလာလို့ ထင်မှတ်ထားကြတယ်…။

ခပ်ကြမ်းကြမ်းဖြန့်ချလိုက်တဲ့ အတောင်ပံတစ်စုံရဲ့ခတ်သံဟာ

မုန်တိုင်းဆန်နေလိမ့်မယ်…

အနိမ့်အမြင့် လောကဓံကြား

နှလုံးသားဟာအပူနဲ့ ဖိအားတွေကြောင့် မာကျောကျစ်လျစ်သွားပေမယ့်…

တန်ဖိုးတွက်စနစ်အတွက်တော့ ရတနာဖြစ်မလာခဲ့ပါဘူး…။

ဖြတ်သန်းဖူးတဲ့သမိုင်းမှာ ငါဟာ အထူးအဆန်းဖြစ်ခဲ့တယ်

အရူးမှတ်လို့ ၀ိုင်းကြည့်နေသူတွေက…ကဗျာဆရာလို့ သိသွားတဲ့အခါ…

အထင်သေးရှုံ့ချတဲ့ မျက်ဝန်းတွေကြား

ငါဘာမှားခဲ့ပါသလဲ ကမ္ဘာကြီးရေ…

ရန်ကုန်မြို့ပြရဲ့ ကွန်ကရစ်ထောင်ချောက်ထဲမှာ…

ညနေစာ မစားရသေးပဲနဲ့…

ကဗျာတစ်ပုဒ်ကို စိတ်အေးလက်အေး ရွတ်ဆိုနေနိုင်တာ

ငါတစ်ယောက်ပဲရှိတယ်လေ….။

မိုးလှိုင်ည