Pages

Friday, May 11, 2007

မျှော်လင့်နေခွင့်

ကြယ်တွေကို တိုင်တည်ပြောချင်တယ်ကွာ
ဖြူစင်တဲ့ ကိုယ်ချစ်ခြင်းကို
မိုးကောင်းကင် အနှံ့အပြားက
ကြယ်စင်ဖြူလေးတွေတောင် သနားနေကြတယ်။
ချစ်သူ့မျက်နှာ တစွန်းတစကို တပ်မက်မောမိလို့
အိပ်ပျက်ညများစွာမှာ
ကိုယ့်ရဲ့အလွမ်းသင့် ခြေရာတွေက
ချစ်သူအိမ်ရှေ့ကျောက်ခင်းလမ်းလေးအပေါ်
အထပ်ထပ် ပေကျံစေခဲ့တယ်။
စာနာ နားလည်ပေးတတ်တဲ့
ရေတမာ ပင်အိုလေးကသာ
ကိုယ်အလွမ်းတွေကိုယ်စား
သစ်ရွက်တွေ ခြွေချပေးခဲ့တာ
နွေလယ်ညတွေကတော့
တစ်ဖက်သတ် ချစ်နေရသူအတွက် ကန္တာရပဲလေ။
ဝမ်းနည်းအားငယ်စွာပေါ့
တစ်ခါတစ်ခါ
ကိုယ့်ကိုကိုယ် နာကျည်းမိလိုက်တယ်။
ကိုယ်ချစ်မိသူရဲ့ ငြင်းပယ်စိမ်းကားခြင်းခံရတဲ့
နှလုံးသားလောက်
ဆုံးရှုံးနစ်နာမှုများတဲ့အရာ ဘာများရှိတော့မှာလဲ။
မိုင်တစ်သောင်းဝေးနေပါစေ
နှလုံးသားချင်းသာ နီးစပ်နေရင်
အဲဒီခရီးက အနီးလေးတဲ့
ကိုယ်တို့မှာတော့
အမိုးတစ်ခုတည်းအောက်မှာ နေရပေမဲ့
နံရံဆိုတဲ့ ခြားနားခြင်းက
ကိုယ်နှလုံးသားကို သံခြေကျင်း ခတ်ထားခဲ့တယ်
ဒီလိုနဲ့ အဆုံးတစ်နေ့ပေါ့ ချစ်သူ
သံသရာဆိုတဲ့ အကွေ့လေး မချိုးခင်အထိ
ဖြူစင်စွာ ချစ်နေခွင့် တစ်ခုကိုပဲ
မက်မောတသ တောင်းဆိုလိုက်ပါရစေ။

မိုးလှိုင်ည