Friday, December 31, 2010

နောက်ထပ်လာမယ့် နှစ်တစ်နှစ်

၂၀၁၀ တုန်းက ရေးဖူးတဲ့ ကဗျာလေးပါ.. သူငယ်ချင်းတစ်ချို့ ကြိုက်တယ်ဆိုလို့ ပြန်တင်ဖြစ်တာပါ...။



၂၀၁၀
နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ငါတို့အသက်တွေ ပိုမိုကြီးရင့်လာတော့မယ်
ငါတို့ အတွေးတွေရင့်ကျက်ပြီလား..


နောက်ထပ်လာမယ့် နှစ်တနှစ်...
ငါတို့ နှလုံးသားနဲ့ အရာအားလုံးကိုချစ်နိုင်ပါ့မလား


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ကမ္ဘာကြီးပေါ်မှာ စစ်ပွဲတွေ ထပ်မဖြစ်ပါစေနဲ့


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
အားနည်းသူတွေကို သဘာဝကပ်ဘေးတွေမဆိုက်ရောက်ပါစေနဲ


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ငါတို့ ခေတ်ပြိုင်လူသားတွေ ဘယ်လိုတရားနဲ့
မျှဝေနေထိုင်ကြမလည်း...


နောက်ထပ်လာမယ့် နှစ်တစ်နှစ်
ငါတို့အတွက်
ငါတို့အားလုံးအတွက်
ပျော်ရွှင်ဖွယ်ရာများ.. မျှဝေပိုင်ဆိုင်ခွင့်ရရှိနိုင် ပါစေ...


နောက်ထပ်လာမယ့် နှစ်တစ်နှစ်...
ငါတို့ ပိုချစ်ကြရအောင်...။


မိုးလှိုင်ည

Saturday, December 25, 2010

နှစ်ကာလတွေမှာ ဘရိတ်မပါဘူး…။

တရွေ့ရွေ့ တငွေ့ငွေ့ နံရံပေါ် ပြက္ခဒိန်တွေ

ကွန်ပြူတာထဲက လက်ကိုင်ဖုန်းထဲက

နာရီတွေ နေ့ရက်တွေ ရက်သတ္တပါတ်တွေ

လတွေ ရာသီတွေ

နောက်ဆုံးတော့ နှစ်ကာလပင်လယ်တွေ

တစ်စင်းပြီးတစ်စင်းပျောက်ရှ…



တစ်ချို့နှစ်ကာလတွေ သိပ်သိပ်သည်းသည်း

တချို့နှစ်ကာလတွေက ကြေကြေကွဲကွဲ

တချို့နှစ်ကာလတွေက လျင်လျင်မြန်မြန်

တချို့ နှစ်ကာလတွေက အိဒြေရရ

တချို့ နှစ်ကာလတွေက စီးပွားဖြစ်တယ်

တချို့ နှစ်ကာလတွေက စစ်ဖြစ်တယ်

တချို့ နှစ်ကာလတွေက အိမ်ထောင်ရက်သားကျလို့

တချို့ နှစ်ကာလတွေက အထီးကျန်အရက်သမားအိုကြီးဖြစ်လို့

တချို့ နှစ်ကာလတွေမှာ လူငယ်

တချို့ နှစ်ကာလတွေမှာက နာမည်ကြီး

တချို့ နှစ်ကာလတွေမှာက နာမည်ပျက်တွေနဲ့ အမှုတစ်ရာပွေ

တချို့ နှစ်ကာလတွေမှာ သူများတွေကို ၀ါကျပေးတယ်

တချို့ နှစ်ကာလတွေမှာတော့ စစ်အတွင်းအကျဉ်းသား



တချို့ နှစ်ကာလတွေမှာ ပိုက်ဆံရတယ်

တချို့ နှစ်ကာလတွေမှာတော့ ဘွဲ့ ဒီဂရီ ဆာတီဖီကိတ်

တချို့ နှစ်ကာလတွေကတော့ ဘာမှမရဘူး

တချို့ နှစ်ကာလတွေမှာတော့ မိန်းမငယ်ငယ်ထပ်ရတယ်

တချို့ နှစ်ကာလတွေမှာတော့ အကြွေးတွေပါတ်ချာလည်ဝိုင်း

တချို့ နှစ်ကာလတွေမှာတော့ လွှတ်တော်အမတ်

တချို့ နှစ်ကာလတွေမှာတော့ အမိမြေကထွက်ပြေးတိမ်းရှောင်သူ

တချို့ နှစ်ကာလတွေမှာ အမေ့ဆီပြန်ဖြစ်တယ်

တချို့ နှစ်ကာလတွေမှာတော့ ထောင်ဝင်စာမရဘူး

တချို့ နှစ်ကာလတွေမှာတော့ စိတ်ရောဂါကုမှာ အထူးခန်းတစ်ခန်းရတယ်

တချို့ နှစ်ကာလတွေမှာတော့ စားသောက်ဆိုင်မှာ ပိုက်ဆံမပါလို ဆွဲထုတ်ခံရတယ်

တချို့ နှစ်ကာလတွေမှာတော့ ကိုယ့်ရည်းစားကို တပည့်တစ်ယောက်ကမသွားတယ်

တချို့ နှစ်ကာလတွေမှာတော့ ခိုးထားတဲ့မိန်းမကို ပြန်အပ်လို့မရတော့ဘူး

တချို့ နှစ်ကာလတွမှာတော့ သမီးလေးကစ်ကစ်မွေးတယ်

တချို့ နှစ်ကာလတွေမှာတော့ ယောက္ခမက အမွေတွေထားပြီးဆုံးသွားတယ်

တချို့ နှစ်ကာလတွေမှာတော့ ဆေးရုံကုတင်ပေါ် ပက်လက်

တချို့ နှစ်ကာလတွေမှာတော့ ရင်းထားတဲ့သဘောင်္နစ်တယ်

တချို့ နှစ်ကာလတွေကိုတော့ ဆုံးသွားတဲ့ မိတ်ဆွေတွေလို

ကောင်းရာသုဂတိလားပါစေ

တချို့ နှစ်ကာလတွေမှာတော့ မာဋ်နတ်နဲ့တရင်းတနှီး

တချို့ နှစ်ကာလတွေမှာတော့ ဘုရားသခင်စကားစမြည်

တချို့ နှစ်ကာလတွေမှာတော့ ကောင်းကင်ဘုံမော့မော့ကြည့်

တချို့ နှစ်ကာလတွေမှာ လိပ်တွေလို ကိုယ်ဘက်ကိုယ်ယက်လို့

တချို့ နှစ်ကာလတွေမှာ ငရဲနဲ့နီးနီး မြေကြီးထဲတွင်းတူးဝင်လို့



တရွေ့ရွေ့ တငွေ့ငွေ့ နှစ်ကာလတွေဟာ ဘရိတ်မပါဘူး…

ဝိပဿနာ ငါ့အတွေးအခေါ်ထဲ ဘယ်တော့လာမှာလည်း…



မိုးလှိုင်ည

Tuesday, December 21, 2010

အသက်သုံးဆယ်ကျော်ရင် ရယ်စရာတွေပါးရှား သွားတယ် မမငြိမ်း…

အသက်သုံးဆယ်ကျော်ရင် လူနဲ့ရယ်မောခြင်းက
မိုင်သုံးရာအကွာမှာ…
လောဘဇောတွေ မောခဲ့သမျှ…
လှေကားထစ်မြင့်မြင့်တွေ ဒေါက်ဖိနပ်မြင့်မြင့်တွေ
စိတ်ကူးထည် အိပ်မက်တွေတဖြည်းဖြည်း သေးမွှားပျောက်ရှ
အသက်သုံးဆယ်ကျော်ရင် ရယ်စရာကိုရှာမတွေ့တော့ဘူး
မမငြိမ်းရေ…

ကလေးလေးတွေ
ဆယ်ကျော်သက်ကောင်လေးတွေကောင်မလေးတွေကို
လိုက်ကြည့်
သူတို့အပျော်တွေ သူတို့ရယ်မောချင်းတွေကိုလိုက်ကြည့်
ဟာသဇာတ်ကားတွေကြည့် ကာတွန်းဇာတ်လမ်းတွေကြည့်
လေပြေတွေနေ၀င်ချိန်တွေ မနက်ခင်းတွေ
သစ်ရွက်ကြွေတာတွေကအစ.. ကိုယ့်အတွက်ရယ်စရာ
ဘယ်နေရာမှ ရှိမနေဘူး မမငြိမ်း

လူကထုံပေပေနဲ့ ဘ၀ဆိုတဲ့ ကစားဝိုင်းထဲမှာ
ကိုယ်ကအနိုင်ရသူမဟုတ်ပဲ လောင်းကြေးသက်သက်
အဲဒီခံစားချက်တွေကို ဘယ်လိုနှစ်သိမ့်မလည်း

မြေလတ်မြို့ကလေးကနေ
ရန်ကုန် ဘန်ကောက် စကာင်္ပူ
ကွာလာလန်ပူ တိုကျို ဆိုးလ်
ရိုးသားတဲ့ပျော်ရွှင်မှုကလွဲ့လို့
ငွေကြေး ဟိုက်တက်စ် နေထိုင်မှုဘဝ
ရင်ဘတ်ဗလာနဲ့အပြုံး
ဖောဖောသီသီသုံးနှုန်းဖြစ်ခဲ့တဲ့ ဘ၀အချိန်တွေ
အထက်အညာက အစ်မယာတဲလေးလိုတော့
ဘယ်လိုအေးချမ်းအိနြေ္ဒရ ငြိမ်ဆိတ်နေမလည်း…
မိုးလင်းတာနဲ့ အမ်အာတီထဲက ဘ၀က
လမ်းကြုံလို့ ဘယ်သူ့ကိုပြုံးပြရမှန်းမသိ
စကာင်္ပူငွေကြေးက လူတွေကို ခံစားချက်နဲ့ဝေးအောင်
သင်ပေးနိုင်ခဲ့တယ် … မမငြိမ်း

ကြယ်ဗလာနဲ့ကောင်းကင်…
မြင်နေရတဲ့နေရတဲ့တိမ်တွေကြား..
အိမ်ပြန်မရောက်နိုင်တဲ့ ညတွေအကြောင်း
ပီဖင်းဂိုးထဲက ညီမလေးအသံ
ကော်နက်ရှင်ထစ်အအထဲက
ဖြတ်စီးလာမယ့် မေတ္တာတရားကို
တမေ့တမော မျှော်လင့် … မမငြိမ်းရေ
လူဘ၀ရဲ့ နှစ်သုံးဆယ် ဖြတ်သန်းမှုက
အထီးကျန်ရလဒ်တွေပဲ ကြွင်းကျန်ရစ်တော့မှာလား…

ခေတ်မှီမြို့ကြီးထဲမှာတော့
ဆောင်းလေနဲ့အေးစက်တောင့်တင်းနေတဲ့
ကွန်ကရစ်ထောင်ချောက်တွေက
ထင်းမီးဖိုထဲက ထန်းမြစ်တွေလောက်
ကျေနပ်နစ်သက်စရာကောင်းပါ့မလား
အသက်သုံးဆယ်ဆိုတာ ဘ၀မှာ သိပ်ရယ်ခွင့်မရတော့ဘူး
မမငြိမ်း….


မိုးလှိုင်ည

Monday, December 20, 2010

ဘာရယ်ကြောင့်မဟုတ်ဘူး ဒီကနေ့နေသာတယ်

ဘာရယ်ကြောင့်မှမဟုတ်ဘူး

ဘာကြောင့်လည်း ဆိုတဲ့အကြောင်းတွေပြောနေတာ

အခင်းဖြစ်ပွားစဉ်က.. ရှေ့မှီနောက်မှီတွေကလည်း

သူ့အကြောင်းနဲ့သူ မျက်မြင်တွေ့ရှိသူတွေပြောပြတာက

ဘာကြောင့်မှန်းတော့မသိဘူး ...

တကယ်ဆို ဘာရယ်ကြောင့်တော့မဟုတ်ဘူး

ဒီကနေ့ နေသာတယ်...

နေသာရဲ့လားဆိုတော့ ဒီလိုပဲလေ အဆင်ပြေအောင်

နေနေရတာပဲလေ.. နေသာတော့ကောင်းကင်ကို

ရှင်းရှင်းလင်းလင်းနေမြင်ရတယ်လေ

နေသာတဲ့အကြောင်းကလည်း ဘာရယ်မဟုတ်ပါဘူး

တကယ်တော့ဘာရယ်ကြောင့်မှ ဘယ်သူကြောင့်မှ

ဘယ်အတွက်ကြောင့်မှမဟုတ်ပါဘူး ဖြစ်ပျက်နေကြတာ

အခုတော့တော်တော်နေသာသွားပြီ...

အရင်ကဆို အခုလိုမနေတတ်သေးဘူး

ဘာကြောင့်လည်း ဘာကြောင့်လည်း ဘာကြောင့်ပါ

ဘာကြောင့်ပါ...

လိုက်လိုက် နားလည် လိုက်လိုက် ရှင်းလင်း

အခုနေသာတယ်ဗျ...

ဘာမှမလိုတော့ဘူး ဘာကြောင့်မှမကြောင့်ကြတော့ဘူး

နေသာတဲ့နေ့တွေဆို ညနေတွေကလည်း လှတယ်...

စီးကရက်လေးဖွာလိုက် ၀ီစကီလေးသောက်လိုက်

စာအုပ်လေး ဖတ်လိုက် ဘာရယ်ကြောင့်မဟုတ်ပါဘူး

ဒီလိုပါပဲ .. ဘ၀ကလေလွင့်ပျက်ဆီးတတ်ဖိုလည်းလိုတယ်လေ

မောင်ချောနွယ်ပြောသလိုဆို စနစ်တကျပျက်ဆီးတတ်ဖို့လိုသလိုပေါ့

ဒါလည်း ဘာရယ်မဟုတ် ပြောသွားတာပါ..

ဘာကြောင့်မှန်းမသိပဲ မှတ်မိနေတာ... အခုစာသားတွေလည်း

အရင်ကလို ဝေေ၀၀ါးဝါး...

အထူးပြုလုပ်ချက်တွေမပါပဲ...

ဒီကနေ့က ဘာရယ်မဟုတ်ဘူး နေသာနေတာ...။



မိုးလှိုင်ည

Saturday, December 18, 2010

ရင်းလည်းရင်းနှီး မရင်းလည်းမရင်းနှီးတဲ့ ကိစ္စတွေ

အမြည်းရမှာလား ဒီကဗျာက...
အချိန်တစ်ဆယ်ဘယ်ဈေးလည်း
ယိုးဒယားမိတ် တရုတ်မိတ် ထိုင်ဝမ်မိတ် မလေးရှားမိတ်
ဘာမိတ်မိတ် ကိစ္စရှိသူတွေကရှိတယ် ကိစ္စမရှိသူတွေကမရှိဘူး
ထိပ်စီး နောက်ပိတ် အလယ်ထိုင်
ပါတ်လည်လား အာလား
ဂိုးပေါင်းလား အပေါ်အောက်လား
ကောင်တာမှမထွက်ခွာမှီ ငွေကြေးအရေအတွက်စစ်ဆေးပါ
ကောင်တာမှမထွက်ခွာမှီ အရက်စစ်မစစ်စစ်ဆေးပါ...
ရင်းရင်းနှီးနှီးကိုသိတာပဲ... တစ်ခါတစ်ခါစိမ်းတယ်
အရေးအသားတွေဘက်ယိမ်းလွန်းနေမလား...
စကားတွေ ပြေကျနေလို့... စကားပြေကဗျာလို့ခေါ်မယ်ဆို
ကဗျာဟုတ်တယ် ကဗျာမဟုတ်ဘူး...
ဘယ်အချိန်ကြည့်ကြည့် လူကတော့မူးနေတာပဲ
နှိမ့်ချသလို ရိုးကျိုးသလို မိုက်ရိုင်းသလို ရမ်းကားသလို
ရင်းနှီးသလို စိမ်းသလို ကျက်သလို..
ကိုယ့်အထာနဲ့ကိုယ် ကိုယ်ကဗျာနဲ့ကိုယ်
ငြင်းရမှာ ပျင်းလို့ ခပ်ပြင်းပြင်းသောက်တယ် ...
သိပ်မရင်းနှီးသလို ပုလင်းတူဗူးဆို့တွေပဲ...
ဘာပဲပြောပြော ဘာမှမပြောတာပိုကောင်းတဲ့ လောက
ပြောမကောင်း ဆိုမကောင်း ဖတ်မကောင်း ရေးမကောင်း
အရပ်မကောင်း အလောင်းမလှဆိုသလို ကဗျာလည်း
ဖုတ်တလောင်းလောင်း ယင်တထောင်းထောင်း
မကောင်းကျောင်းပို့ ကျောင်းမကောင်း ကန်မကောင်း
(မကောင်းတာသိ မှားမငြိ မြင်သိနာမ်တရား
ရုပ်တရား နာမ်တရားရုပ်နာမ် မှတပါး
သူမရှိ ငါမရှိ သတ္တ၀ါမရှိ)
မရှိခဏ မရှိတာလည်း ခဏခဏ
လက်ဆုပ်တွေဖြေချ.. ကွေးသောလက်မဆန့်မီ...
ဘာဆန်ဆန် ဘာစံစံ
ရင်းရင်းနှီးနှီးကြီးကိုမရင်းမနှီးနဲ့ ကိစ္စတွေ...။


မိုးလှိုင်ည

ရင်းနှီးမြှုပ်နှံမှုနဲ့ မပါတ်သက်တဲ့ ကိစ္စတွေ

ရေသေ အသက်ကယ် လေမှုတ်သွင်းဘောပေါ် အသက်တစ်ချောင်းသို့မဟုတ် နှစ်ချောင်း ကဗျာဆရာ
သို့မဟုတ် ကဗျာဖတ်ဝါသနာပါသူ တစ်ယောက်မှ မပါ နှစ်သက်မှုဖြင့်သာ ချဉ်းကပ်လေ့ရှိသည် အထူး
လှိုင်းများ အုန်းလက် ခရု နိမိတ်ပုံ ခွေးချေးပုံ မင်းခွေးချေး သူ့ယူဆပုံမှာ ဟ ရုံလေး ဟပြီး ကျွန်တော်
ဖတ်ရတဲ့ စာအုပ်နဲ့ဆို ကဗျာစာအုပ် (၉) အုပ် ထုတ်ဝေပြီးပါပြီ ပရေရီမြက်ခင်းအထိသွားပြီး ရွတ်ဆိုနေ
ဖို့ မဆိုလိုပါ ဒါကို ဒီလို ခလုတ်တိုက်မိ ဒီလို တဆွေ့ဆွေ့ခုန်ကာ ဒါဏ်ရာကို ဝိုင်းမဖျင်ကြပါဘူး နေစောင်း
သွားတဲ့အခါ ညနေဟု ရုတ်ခြည်း good morning ဟု ဆေးရုံပေါ်မှာ ဆရာဝန်ခွင့်ပြုလျင် ဒီခေါင်းစဉ်ပဲ စား
လိုပါသည် ဗီတာမင် အမြောက်အများ ပါဝင်မှု ရှိ/မရှိ အက်ရှ်ဘရီပုံစံနှင့် ရေးရေး ၃ လက္မ ၄ လက္မ ကတ်
ပြားတွေပေါ်မှာ ထုံးက လွတ်လပ်စေတယ် Flarf နှင့် Conceptual ဓာတ်ငွေ့ပိုက်လိုင်း ကျနော်တို့အခန်း
ဟာ တကယ့်ကို ပျင်းရိစရာပါပဲ လို့ ပီတာက ပွင့်လန်းပေါ်ပေါက်လာမှုနှင့်အတူ နားရွက်နောက်နားမှာ
တို့လို့တွဲလောင်း ပုဏ္ဏရိပ်ပင်များက ဖြစ်ပေါ်လာမည့် အနုပညာဆိုင်ရာ အခင်းအကျင်းနှင့်ပတ်သက်၍
ညစ်တီး ညစ်ပတ် အလောင်း အင်္ကျီလည်ခွန် အင်္ဂါမမှန် အောက်ဝါ/အိမ် ရှင်ထွက်သွားတော့ ခြေကို ဒရွတ်
ဆွဲလို့ ဆက်စပ်၍ ကဗျာလမ်းဖောက်လုပ်ခြင်းများနှင့်အတူ အက်ဆေး ဒွန်ဒေရဲ့ သဘောတရားနဲ့ အလုပ်
လျှာတစ်လစ်ထွက်သည်အထိ မရပ်တမ်း အချင်းချင်း enforcement အပိုင်းမှာ အားနည်းနေတာကြောင့် ဖြစ်မယ်။ ဣနြေ္ဒရရ၊
၁) မထူးတော့ဘူး ငါ့ကိုပါ လာသတ်ပါတော့ ၂) စာပေသမား ပန်းတနော်ဦးသန့်(နောင်
ကုလ အတွင်းရေးမှူးချုပ်) ကလည်း ၃) နှေးကွေးခြင်း၊ မိုက်မဲခြင်းကြောင့် စိတ်ဆိုးလာသည် ၄) ပါမင်ဂနိတ်
ပိုးသတ်ဆေးရည်တို့ကို အာခံသည့် ဂနိုရီးယားရောဂါ ၅) အသုံးမဝင်သော သစ်ပင်များဖြစ်လျင် ကျွန်းစု
ပေါ်တွင် စုပုံတင်ထား၍ ၆) ဆိုရှယ်လစ်တို့ ကွန်မြူနစ်တို့ထက် ဗိုလ်ချုပ်အောင်ဆန်းအဖွဲ့ကို လိုလား
ထောက်ခံသည် ၇) အာရိယန်လူသား၏ ပထမဆုံးပြောစကား ဂ) ကဗျာပစ္စည်း တင်ပို့မယ်ဆိုရင်တော့ တော်တော်လေး sensitive ဖြစ်တယ် ကန့်သတ်ချက်တွေ ရှိတယ် ၉) ငါးပြေမ ။ ။

ခင်အောင်အေး
၁၆၊ ဒီဇင်ဘာ၊ ၂၀၁၀ ဘန်ကောက်ချိန် ၂၁း၃၇ နာရီ

Thursday, December 16, 2010

ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ကိစ္စတွေ

Flarf နှင့် Conceptual ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းရေး စီမံကိန်းအတွင်း ရေနက်ဆိပ်ကမ်းလုပ်ငန်းခွင်နှင့် အထူးစီးပွားရေးဇုန်များ တည်ဆောက်ပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လန်းပေါ်ပေါက်လာမှုနှင့်အတူ

ကဗျာဆရာများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများဥပဒေဆိုင်ရာ အကြံပေးများလိုအပ်လာကြောင်း၊ ဖြစ်ပေါ်လာမည့် အနုပညာဆိုင်ရာ အခင်းအကျင်းနှင့်ပတ်သက်၍ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဗျာထုတ်ကုန်လုပ်ငန်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဖက်စပ်ကုမ္ပဏီတို့ကလည်း ပူးပေါင်းအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း။ ဆက်စပ်၍ ကဗျာလမ်းဖောက်လုပ်ခြင်းများနှင့်အတူ ကဗျာဓာတ်အားပေးစက်ရုံ နှင့် ကဗျာအလုပ်ရုံများလည်း တည်ဆောက်သွားမည်ဖြစ်ပြီး Special Complexotic Poetry Zone တည်ထောင်လိုက်ရင် နိုင်ငံတကာက ကဗျာလုပ်ငန်းတွေရောက်လာမယ်။ လုပ်ငန်းတည်ထောင်ပြီးရင် ရင်းနှီးမြှုပ်နှံမှုနဲ့အတူ နည်းပညာတွေလည်း ရောက်လာမယ်။ ကျွမ်းကျင်ကဗျာလုပ်သားတွေလည်း လိုအပ်လာမယ်။ ကျွမ်းကျင်အဆင့်ဖြစ်အောင် Training ပေးကြမယ်။ နောက်ဆုံး အထွေထွေလုပ်စားတွေအတွက်ပါ အလုပ်အကိုင်တွေ ရလာနိုင်တယ်။ ကြေညာစာတမ်းပါ ရည်မှန်းချက်၊ ယုံကြည်ချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်၊ သဘောထားဆိုင်ရာ ကတိက၀တ်များနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သောအနုပညာအဖြစ် ထာဝစဉ်ရပ်တည်နိုင်ရေး၊ ကဗျာသူ/ကဗျာသားအားလုံး၏ ဘ၀လုံခြုံရေး၊ စားဝတ်နေရေးနှင့် အနုပညာလိုအပ်ချက်များ ပြည့်စုံရေး၊ ကဗျာအခွင့်အရေးနှင့် ဒီမိုကဗျာစီကျင့်စဉ်ပါ အခွင့်အရေးများ ရရှိခံစားနိုင်ရေးတို့အတွက် ဥပဒေဖြင့် အကာအကွယ်ပေးနိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ အဟောင်းတွေကိုပဲ လှည့်သုံးနေရင်တော့ ပြောင်းလဲတိုးတက်လာတဲ့ တံခါးဖွင့်အနုပညာမူဝါဒနဲ့ ကဗျာဘယ်လိုက်ဇေးရှင်းခေတ်မှာ အရမ်းပြတ်ကျန်ခဲ့တာမျိုးဖြစ်နေမယ်။ ပြောရရင်ခေတ်ဟောင်းကဗျာဗေဒက အံမ၀င်တော့တဲ့အတွက် တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြင်ဆင်တာတွေ လုပ်ရမယ်။ ကမ္ဘာပေါ်မှာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်စနစ်ရဲ့ အခြေအနေ အရှိန်အဟုန်နဲ့အညီ နိုင်ငံတကာသို့ ဆက်သွယ်ပျံသန်းနိုင်ရန် အခွင့်အလမ်းများလည်း များလာပြီဖြစ်သည်။ သူတို့ကဗျာဗေဒက ကိုယ့်မှာရှိနေတဲ့ ကဗျာဗေဒထက်ကို မြင့်နေသေးတယ်ဆိုရင်တော့ တစ်ဦးတည်းက ချည်းလုပ်လို့မရပါဘူး။ အချင်းချင်း enforcement အပိုင်းမှာ အားနည်းနေတာကြောင့် ဖြစ်မယ်။ ဣနြေ္ဒရရ၊ သိက္ခာရှိရှိ၊ ကဗျာအလုပ်လုပ်နိုင်ဖို့ ကိုယ့်ကဗျာဗေဒက အားကိုးလောက်တဲ့ကဗျာဗေဒဖြစ်ဖို့ လိုတယ်။ ကျွန်တော်ကတော့ ခပ်ပြင်းပြင်း လေးကိုင်ထားတာ၊ ထိလိုက်လျှင် တုံးကနဲပဲ။ ကျွန်တော့ ဟာတွေကတော့ လန်းတယ်၊ အရှင်းပဲ။ ဒီကဗျာပစ္စည်းတွေက ဓာတုဓာတ်ကြွင်းတွေ၊ ကျမ်းမာရေးဆိုင်ရာစစ်ဆေးချက်တွေ သတ်မှတ်ထားသင့်သလား။ ရိတ်သိမ်းချိန်လွန်ဈေးကွက်မျိုးတွေကို ကဗျာပစ္စည်း တင်ပို့မယ်ဆိုရင်တော့ တော်တော်လေး sensitive ဖြစ်တယ်။ ကန့်သတ်ချက်တွေ ရှိတယ်။



သိုးထိန်း (အန္တိမ)

၂ဝ၁ဝ ဒီဇင်ဘာ ၁၅ရက်

Thursday, December 9, 2010

ဒီဇင်ဘာ…၈

ရင်ထဲမှာ နှင်းတွေအထပ်လိုက်

ရှမ်းပြည်တောင်ပိုင်းကနေ

နယူးဂျာဆီအထိ…

ဒီဇင်ဘာ ၈ ကိုမေ့မရဘူး



ဒီဇင်ဘာက အမေနဲ့ရွာကလေးကိုချစ်တယ်

မြန်မာပြည်ကိုချစ်တယ်…

(မီးလာလည်းပျော်၊ ရေလာလည်းပျော်၊

အင်တာနက်ကော်နက်ရှင်ကောင်းလည်းပျော်

ဘလော့ကိုတိုက်ရိုက်ဝင်လို့ရလည်းပျော်…

ပျော်စရာကြီးပါပဲလို့)

သူဘ၀အပိုင်းအစထဲမှာ ဒီဇင်ဘာ ၈ ကထည့်ရေးတယ်



တောင်ပေါ်နှင်းငွေ့ငွေ့ကနေ့

သူ့စကားပြေကို ကျွန်တော်လှမ်းတွေ့ရတယ်

ကျွန်တော်တို့က စာအုပ်စာပေလူ့မိတ်ဆွေလို့

စကားပုံအတိုင်း သုံးနှုန်းခဲ့စဉ်မှာ…

သူက စာအုပ်တွေဟာ သူငယ်ချင်းတွေမရှိချိန်မှာ

သူငယ်ချင်းအစစ်တွေပေါ့တဲ့…

သူ့အရေးအသားလေးကို သဘောကျမိတယ်…

တစ်ခါတစ်လေ

ကလေးတစ်ယောက်လို…

တစ်ခါတစ်လေ ဇွတ်တရွတ်နဲ့

(စကား အများကြီး ပြောစရာမလိုပါဘူး....

နားထောင်သူကို တစ်ခါလောက်

သူ့ထင်မြင်ချက်လေး ပေးပြောဖို့ပဲ လိုတယ်။


နာမည် အရမ်းကြီးစရာ မလိုပါဘူး....

ကိုယ့်အတွက် ကျေနပ်နှစ်သိမ့်တဲ့

လွတ်လပ်မှု တစ်ခု ချန်ထားဖို့ပဲ လိုတယ်။)



ဒီဇင်ဘာ ၈ က အဲဒီလို တွေးခဲ့သေးတယ်

သူ့ကိုတွေ့ရင် လေထဲက သက်တံ့လို

အခု ဒီဇင်ဘာ ၈မှာတော့

မေတ္တာတရားတို့ပေါင်းစုရာ.. ထွက်လာတယ်

သူမ ပေးခဲ့တဲ့ လူဘ၀အတွက်လက်ဆောင်…

မှောင်နေတဲ့ နှလုံးသားတချို့အတွက်

သူမက မေတ္တာဆီမီးတွေထွန်းညှိုသူ…

ဒီဇင်ဘာ ၈ က ဘယ်တော့မှအိုမသွားဘူး..

အခုသူမ တစ်နှစ်ထပ်ကြီးမြင့် ရင့်ကျက်လာခဲ့ပြန်ပြီ….





တောင်ပေါ်နှင်းငွေ့ငွေ့ကနေ

သူမစာသားတွေကို လွမ်းမိပါတယ်

ဒီဇင်ဘာ ၈ ရေ…။





မိုးလှိုင်ည

Monday, December 6, 2010

ငါတစ်ယောက်တည်း

အခန်းလွတ်ထဲမှာ ငါ့ကိုယ်ငါ ခြွေချနေတယ်

ပြာတောင့်ရှည်တွေ ဆေးလိပ်ပြာခွက်ထဲမှာ

ဘာမှလုပ်စရာမရှိလည်း.. ဘာမှမလုပ်ပဲနေလိုရတဲ့အချိန်

စိတ်ရဲ့ ဒွိဟဖြစ်မှုတွေချည်းထိတွေ့

ဘယ်ကိုလှမ်းကွေ့ရမှာလည်း…

ပေါင်တံဖြူဖြူလေးအပေါ်မှာ

ကိလေသာတွေအသည်းအသန်ရှာမိတယ်

ဘာမှလည်းတပ်မက်စရာမရှိဘူး

လိင်မှုကိစ္စနဲ့ အရက်ကို သိပ်အရသာမတွေ့တော့ဘူး

ပြက္ခဒိန်ခင်းပြီး ခန္ဒာကိုယ်ကိုလှဲချလိုက်တယ်...

ဘေစင်ထဲ ရေဖွင့်ပြီး ခေါင်းနှစ်လိုက်တယ်

ဝက်အူလှည့်နဲ့ ကိုယ့်ဦးနှောက်ထဲကိုယ်လှည့်ဖွင့်ချင်တယ်

ဘီစကစ်နဲ့ သောက်ရေသန့်တွေအများကြီးကျန်သေးတယ်

သေဖို့

မနက်ဖြန်တွေမကုန်နိုင်ဘူးလား

အနည်းဆုံးတော့ ဒီအခန်းထဲမှာ ကြွက်စုတ်နောက်တစ်ကောင်

ရှိနေသင့်တယ်..

အသုံးမကျတဲ့ကြွက်နှစ်ကောင်

ဘ၀အဓိပ္ပါယ် အဓိပ္ပါယ်မရှိကိုက်ဖြတ်နေလို့ရတယ်

လူဆိုတာတစ်ယောက်တည်းနေလို့ ဘာလုပ်မလည်း

ခေါင်းမမူးချင်ဘူး တစ်ခါတည်းရူးသွားချင်တာ

အဲဒါမှ အရူးလို့သတ်မှတ်ခံရဦးမယ်

အခုတော့ လူဗလာသက်သက်

ဗလာစာရွက်ပေါ်လည်း ဘာမှချမရေးတတ်တော့ဘူး

ဘာကိုချစ်တတ်ရမှာလည်း တဖြည်းဖြည်းဆွေးမြေ့ပြိုကျ

ငါခန္ဒာကိုယ်ဟာ ခြစားနေတဲ့ အိမ်ပျက်ကြီးတစ်လုံး

အလဲလဲ..ပြိုကျဖို့

အပြိုပြိုပျက်နေတဲ့ အပျက်အဆီးတွေကြားထဲ

ငါ့ကို သွေးကြောထဲ မူးယစ်ဆေးနည်းနည်းထိုးပေး….။



မိုးလှိုင်ည

Tuesday, November 30, 2010

အန်ကယ်ဆမ်ကို Grand Royal တိုက်လွှတ်လိုက်တယ်…။

သောက်သောက်… အန်ကယ်ဆမ်.. သောက်

အဲဒါ ဂရင်းရွိုင်ရယ်လို့ခေါ်တယ် အန်ကမ်ဆမ်

ဘီအီး အစစ်လောက် အရသာရှိပြီး

တောအရက်လို… စွဲမက်ဖွယ်ပဲ.. အန်ကယ်ဆမ်

ဒီနေရာမှာတော့ ဒီအရက်တွေပဲ တစ်ပြည်လုံး သောက်ကြတာပဲ

ဒေသခံဝီစကီကို အန်ကမ်ဆမ် ခံတွင်းတွေ့မယ် ထင်လို့…

ပြောစရာရှိတာတွေလည်း ပြောကြတာပေါ့…

ကျွန်တော်က အန်ကမ်ဆမ်ကို လူပျော်ကြီးမှန်း သိပါတယ်

ဒါပေမယ့် အန်ကယ်ဆမ်…

ကမ္ဘာကြီးရဲ့ နေရာတိုင်းကတော့ အန်ကမ်ဆမ်လို ပျော်မနေနိုင်ဘူး

အန်ကယ်ဆမ်က အိုင်စီး ... အိုင်စီး
ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ အဲဒါ နိုင်ငံရေးအကျပ်အတည်းတွေကြောင့်
လူအခွင့်အရေး အညီအမျှမရလို့..ဆိုပြီးအန်ကယ်ဆမ်ရမ်းဖြီးဦးမယ်
ကျွန်တော် အားမနာပါးမနာ ပြောပါရစေ.. အဲဒါ အန်ကယ်ဆမ်ကြောင့်ပါ
အန်ကယ်ဆမ် လောဘတွေကြောင့် ဆိုပိုမှန်မယ် အန်ကယ်ဆမ်..
ကျွန်တော်တို့ အတိတ်ကို ခဏလောက်သွားကြည့်ရအောင်လား
ဒုတိယကမ္ဘာစစ်အပြီးမှာ အန်ကယ်ဆမ်ဟာ ကမ္ဘာတစ်ခြမ်းကို
သိမ်းပိုက်ဖို့ ကြံစည်ခဲ့တယ်လေ... အန်ကယ်ဆမ်က ဆိုဗီယက်ရန်ကို
ကြောက်ပြီး နိုင်ငံတိုင်းကို သစ္စာခံခဲ့ခိုင်းချင်တာပဲ အန်ကမ်ဆမ်..
အန်ကယ်ဆမ်က နဲ့ ကျွန်တော်တို့ကြားမှာလည်း ကြီးမားတဲ့ကွဲပြားမှုရှိတာ
အန်ကယ်ဆမ် သိပါတယ်...
ဗိုလ်ဗထူးသာ မန္တလေးမှာ ဖက်ဆစ်တော်လှန်ရေးလုပ်မထား ခဲ့ဖူးဆိုရင်
အန်ကယ်ဆမ်က ကျွန်တော်တို့ အထက်အညာက ပြန်မှာ မဟုတ်တော့ဘူး
အန်ကယ်ဆမ်က နှစ်ပေါင် ငါးဆယ်တစ်ရာ ပိုပြီးမြင်ပါတယ်...
ညကြီးမင်းကြီး အိမ်ဖြူတော် ရှေ့က မြက်ခင်းပေါ်မှာ ၃၈ မျဉ်းပြိုင်ကို
မှင်နီတားပဲ.. ကိုရီးယား တောင်မြောက်ခွဲခြား သလိုမျိုး ကျွန်တော်တို့အပေါ်
အန်ကယ်ဆမ် လုပ်ခွင့်မရလိုက်ဘူး...
ဖိလစ်ပိုင်ကို လွတ်လပ်ရေးပေးမယ် ကတိနဲ့ ပြင်သစ်တပ်တွေကို တိုက်ခိုင်းပြီး
ကတိပျက်ခဲ့တာလည်း အန်ကယ်ဆမ်ပဲလေ...
အဲဒါဆို အန်ကယ်ဆမ်ဟာ ဖက်ဆစ်တွေနဲ့ ဘာကွာလို့လည်း...
ဒိန်ဘင်ဖူး တိုက်ပွဲ အပြီးမှာ...အင်ဒိုချိုင်းနားက ပြင်သစ်တွေ
နောက်ဆုတ်ခဲ့သလို ..
ဂျနီဗာ အစည်းအဝေးကို ကျောခိုင်းပြီး
ကွန်မြူနစ် တားဆီးရေးဆိုပြီးအင်ဒိုချိုင်းနားကို စစ်တလင်း ဖြစ်စေခဲ့တာလည်း
အန်ကယ်ဆမ်လေ...
ဦးလေးဟို အတန်တန်တားနေတဲ့ကြားက ဗီယက်နမ် အမျိုးသားချင်း သတ်ဖြတ်ဖို့
သွေးထိုးမြှောက်ပင့်ပြီး ဟနွိုင်းကျသွားရင် အင်ဒိုချိုင်းနား သစ်တောတွေအောက်က
ရတနာတွေကို အာသာငမ်းငမ်းနဲ့
အန်ကယ်ဆမ် ကိုယ်တိုင်ဝင်ကြဲ နှစ်ပေါင်းတစ်ထောင်ကြာ
တော်လှန်ရေးသမားတွေကြားမှ အန်ကယ်ဆမ်အရှက်ကွဲခဲ့ရတယ် မဟုတ်လား
အန်ကယ်ဆမ်သက်တမ်းနှစ်ပေါင်းနှစ်ရာကျော်သက်တမ်းလေးနဲ့
အာရှကို လေ့လာဖို့ လိုပါသေးတယ်အန်ကယ်ဆမ်..
အန်ကယ်ဆမ်က ဆီးတိုးကို ဖွဲ့ဖို့ကြိုးစားချိန်မှာ
ကျွန်တော်တို့က ဘက်မလိုက်အဖွဲ့ကိုဖွဲ့ခဲ့တယ်
အဲဒီကတည်းက အန်ကယ်ဆမ်ဟာ ကျွန်တော်တို့ကို
စိတ်ခုချင်ခုနေပါလိမ့်မယ်...
ကျွန်တော်တို့ က အန်ကယ်ဆမ်နဲ့ အိုင်ဗင်ကြားမှာ မြေဇာပင် မဖြစ်ချင်ဘူး
ကျွန်တော် တို့ တိုင်းပြည်က ငယ်ငယ် လူဦးရေကနည်းနည်း
လူမျိုးစု အများအပြားနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့စရိုက်တွေ
နှစ်ပေါင်းထောင်ချီထိန်းသိမ်းလာရတာ အန်ကယ်ဆမ်
ပထ၀ီအရ လူဦးရေ အများဆုံးနှစ်နိုင်ငံကြားမှာနေရတာ
ကျွန်တော်တို့က မဖြောင့်မတ်လို့ကိုမရဘူး အန်ကယ်ဆမ်
အင်ပိုင်ယာတိုင်းမှာတော့ အတက်အကျသံသရာရှိတယ် အန်ကယ်ဆမ်
ကျွန်တော်တို့ အကျပ်အတည်းကာလတွေကို စိတ်မပျက်တော့ဘူး
အန်ကယ်ဆမ်သာ ကိုယ့် ပြည်သူတွေ သတ်သေရတဲ့အထိ
လူချမ်းသာတွေ အာသာရမ္မက် ဖြည့်စွက်ပေးရတာတွေ မလုပ်ပါနဲ့တော့
အန်ကယ်ဆမ်က အီရတ်ကို ဒီမိုကရေစီပေးမယ်ဆိုပြီး ၀င်တိုက်တော့
ကျွန်တော်တို့မှာ စိတ်ပျက်လိုက်ရသေးတယ်...
ဒုတိယကမ္ဘာစစ်ပြီးကတည်းက အန်ကယ်ဆမ်ဟာ ဘယ်စစ်မြေပြင်မှာ
အနိုင်ရဖူးလို့လည်း နိုင်ငံရေးအရလည်း ရှုံးတယ် စစ်ရေးအရလည်းမအောင်မြင်
အန်ကယ်ဆမ်... မာန်မာနထောင်လွှားချင်တာသက်သက်နဲ့
လူအသက်တွေကို မဆော့ကစားပါနဲ့...
အဲဒီလောက်ပြောရင် အန်ကယ်ဆမ်.. သဘောပေါက်မှာပါ
အန်ကယ်ဆမ် စာတတ်ပါတယ်...
ဒါပေမယ့်ပေါ့ အန်ကယ်ဆမ်.. အခုထက်ထိ ကျွန်တော်တို့
တိုင်းပြည်ထဲမှာ ခွေးအတွေ လွှတ်ကြောင်းဖို့ အန်ကယ်ဆမ်
စဉ်းစားနေသေးတယ်...
အကျိုးအမြတ်တွက်ကိန်းမှာ အန်ကယ်ဆမ်အတွက် ထပ်တိုးကိန်းတွေ
ထွက်လာမယ်ဆို အန်ကယ်ဆမ်... ကျွန်တော်တို့ တိုင်းပြည်အသံကို
တစ်ကမ္ဘာလုံးဆူညံနေအောင်ပြောဦးမှာပဲ...
အန်ကယ်ဆမ်က DV လေးဖောက်ပေးလိုက် စကောလားရှစ်လေးပေးလိုက်
လစာတွေ အများကြီး အန်ဂျီအိုအလုပ်အကိုင်လေး ပေးလိုက်နဲ့
ကျွန်တော်တို့ လူငယ်တွေထဲက အကောင်းစား ဦးနှောက်တွေကို
သဲ့ထုတ်ဖို့ စဉ်းစားနေတယ်...
ပြီးတော့ အမေရိကန် အထင်ကြီးဝါဒ ဇွတ်အတင်းကြီး ရိုက်သွင်းပါရောလား
ဒီပညာတွေ အမေရိကန်ရောက်မှ သင်ရတယ်
ဒီအခွင့်အလမ်းမျိုး အမေရိကန်ရောက်မှရှိတယ်..
ဒီဘာဂါမျိုးက အမေရိကန်ဖြစ်မှ စားရတာမျိုး...
မရိုးမသား မသိမ်းသွင်းပါနဲ့..
ကျွန်တော်အနေနဲ့ အန်ကယ်ဆမ် စာကြည့်တိုက်တွေ
သုတေသန အလုပ်တွေအတွက် အန်ကယ်ဆမ်ကို လေးစားပါတယ်
ဒါပေမယ့်ပေါ့...
အဲဒီရုပ်ဝါဒီသက်သက်နဲ့တော့ အန်ကယ်ဆမ်အနာဂါတ်က
စိုးရိမ်မှတ်ရောက်နေပါပြီ...
အန်ကယ်ဆမ်... ကမ္ဘာကို ဆရာလုပ်မယ့်အစား
ကမ္ဘာကြီးဆီက သင်ယူစမ်းပါ... ပြီးတော့ အတ္တမကြီးပါနဲ့...
ကျန်တဲ့ကမ္ဘာဟာ မိသားစုမျိုးနွယ်နဲ့နေတာပါ...
အန်ကယ်ဆမ်လို ခြေသလုံးအိမ်တိုင်... မဟုတ်ပါဘူး

အန်ကယ်ဆမ်.. နားထောင်ရတာ မောသွားပီလား
ရူဘီစီးကရက်လေးဖွာလိုက်..
ဘယ်ကထုတ်တာလည်းတော့ မမေးနဲ့
အာဏာပိုင်တွေပိုင်တဲ့ နေရာကပဲ..ဖြစ်မယ်
မင်းအဲ့လောက်စာတွေ လျှောက်ဖတ်နေရအောင်
တော်တော်အားနေလားလို့ အန်ကယ်ဆမ် ထင်ချင်ထင်မယ်
ကျွန်တော်တို့ ဘာမှလုပ်စရာမရှိအောင် အန်ကယ်ဆမ်က
စီးပွားရေးပိတ်ထားတယ်... အာဏာပိုင်တွေကပိုက်ဆံရပေါက်ရလမ်းတွေ
သူချည်း သိမ်းကျုံးလုပ်နေတာ...
ကျွန်တော်တို့က လက်ဗလာခြေဗလာနဲ့ တရားမျှတဖို့ပြောနေရတာပဲ
သိပ်မကြာသေးခင် အဖြစ်အပျက်တွေအရလည်း
အန်ကယ်ဆမ်ကို ကျွန်တော် စိတ်ပျက်ရသေးတယ်
အီရန်မှာ မြောက်ကိုရီးယားမှာ မြန်မာပြည်မှာ
အန်ကယ်ဆမ် နိုင်ငံသားတွေ ကိုထောင်ကျမခံနိုင်ဘူး မဟုတ်လား
ဒါဆိုရင်..
ကျွန်တော်တို့ လူကြီးတွေ ဒုက္ခရောက်အောင် စိတ်ဝမ်းကွဲအောင်
အနာဂါတ်လမ်းကြောင်းတွေ ဗလောင်းဗလဲဖြစ်အောင်
အန်ကယ်ဆမ်... ဘာလို့ဝင်ရှုပ်ရတာလည်း...
ကျွန်တော်တို့ရဲ့ မျိုးဆက်နဲ့ချီတဲ့ အကျပ်အတည်းကို
ခင်ဗျားလူတစ်ယောက်နှစ်ယောက်လောက် တန်ဖိုး မထားနိုင်ဘူးပေါ့
ဟုတ်လား .. အန်ကယ်ဆမ်...
အန်ကယ်ဆမ် စိတ်ဆိုးသွားပြီးလား..
ကျွန်တော့်ကိုကော မျက်ကန်းမျိုးချစ် ကွန်မြူနစ်လို့
အန်ကယ်ဆမ်.. စွပ်စွဲချင်သေးလား...
ကျွန်တော့် ဆီမှာ အန်ကမ်ဆမ်လို့ ဒုံးခွင်းဒုံးလည်း မရှိဘူး
မောင်းသူမဲ့လေယာဉ်လည်း မရှိဘူး.. အမ် -၁၆ မရှိသလို
အက်ရှနီကော့ရိုင်ဖယ်လည်း မရှိဘူး...
တော်လှန်ရေးတုန်းက အဖိုးသုံးတဲ့
ငှက်ကြီးတောင် တစ်လက်တော့ အိမ်ခေါင်ရင်းမှာ ချိတ်ထားတယ်
သဘာာဝဘေးဒဏ်တွေ ငတ်မွတ်ခေါင်းပါးမှုတွေ
ရောဂါဘယတွေနဲ့ လုံချာလည်လိုက်နေတဲ့ ကမ္ဘာကြီးပေါ်မှာ
အန်ကယ်ဆမ်... နဲ့ မာန်မာနတွေနဲ့ လောင်မြိုက်နေလို့အကျိုးမရှိနိုင်ဘူး...
ဒီကဗျာက အန်ကယ်ဆမ် လိမ္မာလာမလားလို့ပြောကြည့်တာ...
အင်ပိုင်ယာတို့ အတက်အကျ သံသရာမှာ အန်ကယ်ဆမ် ဆက်လက် ကံကောင်းပါစေ...။


မိုးလှိုင်ည

Tuesday, November 23, 2010

ဒီတစ်နေ့ပြီး နောက်တစ်နေ့ ဒီဘ၀ ပြီး နောက်ဘ၀ ဒါဘာထူးဆန်းလို့လည်း…။

အခုထက်ထိ မပြီးပြတ်သေးတဲ့ ဖိုင်တွဲအဟောင်းကြီးကိုင်လို့…

ကဗျာဟာ မှိုင်းမိနေသလို လှိုင်းမှုနေသလို… မပြောမပြီးမို့ ပြောရင်းနဲ့မော

တော်တော်ဆိုးတဲ့ အခြေအနေပဲ… အချက်ပေးစနစ်တွေ ခေတ်မီဖို့..

နောက်ထပ် သုံးစွဲဖို့ မသင့်တော့တဲ့ ငွေစက္ကူတွေ… မိနစ်ပိုင်းအတွင်း

လက်ထဲက အာမခံတန်ဖိုးဟာ တငွေ့ငွေ့ အငွေ့ပျံလို….

လေတိုက်နှုန်း အတိအကျသိရဖို့.. ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့တယ်

အိမ်ပြန်မယ်စဉ်းစားတိုင်း… စရိတ်အကွာအဝေးက မျှော်လင့်ချက်ကို

ပိုဝေးစေတယ်…

မလွယ်ပါဘူး.. အစကတည်းသိသိချည်းနဲ့ မိုက်မဲမိတာ

ဒါဟာ တစ်နေ့ပြီးတစ်နေ့ မပြီးပြတ်နိုင်တဲ့ မိုးလေ၀သ…

နေပူပူထဲ ရွှဲရွှဲစို လောင်မြိုက် သွေးဆူလွယ်တဲ့အခိုက်တွေ

လွန်ကုန်ပြီ.. ရွေ့ပြောင်းလွယ် အိပ်မက်တွေထဲ

ကမ္ဘာနဲ့ချိတ်ဆက်ဖို့… လက်ထဲက လေတွေကို

ဘယ်တန်ဖိုးနဲ့တွက်ချက်ရမယ်မသိ…

ဒါဟာ တစ်ဘ၀ပြီးတစ်ဘ၀.. တစ်ယောက်ထွက်သွားပြီး

တစ်ယောက်ဝင်လာတယ်… တစ်ယောက်တည်းပဲလား

ဘယ်သူမှ အရေးတယူ ဂရုစိုက်မနေပါ… လောကကြီးက

တံခါးမရှိ ဓားမရှိ…

ငါတို့က တားမြစ်ထားခံရတဲ့ ကျမ်းစာအုပ်တွေလို…

အိပ်မက်တွေမှာ ဖုန်တစ်လိမ်းလိမ်း…..။


မိုးလှိုင်ည

ငါဟာ နိုင်ငံတော်သမ္မတတစ်ယောက်ပါ..။

ဘာမှမတတ်နိုင်ဘူးဆိုတဲ့ စကားကိုပြောဖို့

တတ်နိုင်သလောက်ကြိုးစားနေရတဲ့ လူ

ဒါ ထောင်ချောက်တစ်ခုထဲကျနေတယ်လို့

မထင်မြင်မိဖူး မဟုတ်လား...

ငါဟာ နိုင်ငံတော် သမ္မတဖြစ်ကတည်းက

ငါ့ ရန်သူတွေက ငါ့ကို ပိုမုန်းတီးပြီး

ငါ့ မိတ်ဆွေတွေက ငါ့ကို ပိုအမြင်ကပ်လာခဲ့တယ်

သူတို့လိုချင်တာမရလို့ (ငါပေးနိုင်တာလည်း ဘာမျှမရှိ)

ငါ့မိသားစု၊ ငါ့ဆွေးမျိုးသားချင်း၊ ငါ့မိတ်ဆွေတွေ

ငါ့ကိုစွန့်ခွာသွားကြတယ်...

အပင်မြင့်ရင် လေပိုတိုက်ခံရသလို..

ငါက ခမ်းခမ်းနားနား မုန်းတိုင်းအမြဲမိနေတာ...

အခမ်းအနားတွေတော့ ခမ်းခမ်းနားနားတက်နိုင်ပါရဲ့

ကိုယ့်ကိုယ် မပိုင်ဆိုင်တဲ့ လူတစ်ယောက်အနေနဲ့

အခု ငါ့ကိုယ်ငါ အသုံးမကျမှန်း ပိုသိလာရဲ့

ငါဟာ နိုင်ငံတော် သမ္မတပါ..

မမှားသို့သော်မမှန်တွေလည်း

အတင်းကာရောပြောတတ်လာတယ်...

အဆိုးဆုံးက

ငါဘာမှမသိပဲ လက်မှတ်ထိုးထိုးနေရတဲ့ကိစ္စ

ငယ်ငယ်တုန်းက လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်တယ်

ဖတ်ဖူးတယ်... အခုငါကိုယ်တိုင်ပဲ..

စစ်တပ်က သူတို့သတ်တဲ့ လူတွေအတွက် ငါ့ကိုလက်မှတ်ထိုးခိုင်းတယ်

ဝန်ကြီးတွေက သူတို့ခိုးတဲ့ ပိုက်ဆံအတွက် ငါ့ကို လက်မှတ်ထိုးခိုင်းတယ်

သူတို့က သမ္မတကြီးရဲ့ သဘောထားဆိုတဲ့ စကားပဲသုံးတယ်

ငါက စက္ကူကျားပါ

ငါက ထောင်ချောက်ကျနေတဲ့ လူပါ

ပြီးတော့

ငါက နိုင်ငံတော်သမ္မတဆိုတာ....။

မိုးလှိုင်ည

Friday, November 19, 2010

လွယ်လွယ်မေ့လို့...။


အခုတော့

ငါခပ်လွယ်လွယ်မေ့တတ်ခဲ့ပြီ..

ဘယ်လောက်တောင်လွယ်လည်းဆိုတော့

လွယ်လွယ်မေ့ခဲ့တဲ့နည်းလမ်းကိုပါ..

မေ့သွားတဲ့အထိ…

ဦးနှောက်ရဲ့ အဓိက အလုပ်ဟာ မေ့ပစ်ဖို့တဲ့

အိုင်စတိုင်းလား စတီဖင်ဟော့ကင်းလား

ဒေါင်းနွယ်ဆွေလား မောင်ချောနွယ်လား

ဘယ်သူပြောသလဲ ငါမေ့သွားတယ်..

မေ့သွားတဲ့အကြောင်းအရာတွေ မေ့ဖို့ကောင်းလို့

ငါသေသေချာချာမေ့သွားတာပဲ

ရရန်ရှိတာတွေကို ပေးရန်ရှိတာတွေကော

မနက်ဖြန်တွေကော မနေ့ကတွေကော

ငါလွယ်လွယ်လေးမေ့သွားတာ..

စီးကရက်ဖွာရင်းကော်ဖီသောက်ရင်း

ထူးအိမ်သင်သီချင်းတွေနားထောင်ရင်း

လူများ နှစ်ကာလများ.. ဘ၀အဓိပ္ပါယ်များ

ဖတ်ရင်းမှတ်ရင်းလေ့လာရင်းစူးစမ်းရင်း

ငါမေ့သွားတယ်…

ငါ့ကိုယ်ငါမေ့သွားတယ် …

ငါမဟုတ်တဲ့သက်ရှိသက်မဲ့တွေကိုမေ့သွားတယ်

မေ့ပစ်လိုက်ရတဲ့အကြောင်းအရာတွေကို

မေ့သွားတယ်…

အခုလည်းဒီစာကြောင်းတွေကို ဘာဆက်ရေးရမလည်း

မေ့နေလို့…။


မိုးလှိုင်ည

Wednesday, November 17, 2010

အဝေးရောက်ဆက်သွယ်ချက်များ...

စာပို့သမားက အိမ်ရှေ့ကနေ
ကျွန်တော့်နာမည် အမှားကြီးအော်နေပါတယ်
အဝေးမြို့က ဖုန်းမခေါ်သေးခင်အထိတော့
အခြေအနေအားလုံးက ပုံမှန်ပါ
(အရေးကြီးသည် အမြန်ပြန်လာပါ...။)
သံကြိုးစာလား.... ကြေးနန်းရိုက်တာလား
ရုံးသုံးဝေါဟာရ အမှန်ကိုစဉ်းစားရန်
မေ့သွားမှာစိုးလို့ ရေခဲသေတ္တာရှေ့မှာ
နုတ်ရေးပြီး ကပ်ထားလိုက်တယ်...
`ဘူလေးလဲ... အဲဒါဘူလေးလဲ´
ဘေးကလူ Ring Tone ကကျယ်ကျယ်လောင်လောင်မြည်နေတယ်
ကိုကိုရေ... ဖုန်းလာနေတယ်
ကိုကိုရေ...ဖုန်းလာနေတယ်...
မိန်းမကြီးက Slide ဖုန်းလေးကိုတွန်းဖွင့်လိုက်တယ်...ဟလို
အော့ဖ်လိုင်းမက်ဆေ့ခ်ျတွေ ပို့မရတာတော်တော်ကြာပြီ
ဟလို ..ကြားလား.. ဟလို...ကြားရဲ့လား...ဟလို.....ကြားရရဲ့လား
အသံကပြတ်တောင်း ပြတ်တောင်းနဲ့..
အရေးကြီးပြီဆို လူကြီးမင်းနဲ့ချည်း တိုးနေတယ်...
ကလင်.. ကလင်..ကလင်..
ကလင်..ကလင်.. ကလင်...
အချက်ပေးမြည်သံကို ဘာသာစကားနဲ့ဖလှယ်တဲ့အခါ
မှားယွင်းမှုတွေရှိလာနိုင်မလား...
တချို့မက်ဆေ့ခ်ျတွေက နှစ်ပေါင်းများစွာကြာမှရောက်မှာလား...
(မက်ဆေ့ခ်ျရောက်သွားတဲ့ အချက်လည်းပြတယ် ဘေဲလ်လည်း ဖြတ်သွားတယ်
ဘန်ကောက်က ရည်းစားဆီတော့ မက်ဆေခ်ျ့တွေမရောက်ဖူးတဲ့)
သူငယ်ချင်းတစ်ဦးပြောပြချက်...
ကျွန်တော်က မက်ဆေ့ခ်ျမရောက်ကျပ်စေ့ထည့်ဆက်ပေါ့...
စနစ်တစ်ခုလုံးကို...
၂၄နာရီမပျက် ထိန်းသိမ်းပြုပြင်နေတာပဲ..
ဒီကြားထဲကမှာ
အချိန်မတော်ကြီး.. ဖုန်းမှားဝင်လာတယ်...
အရေးထဲ.....
ဖုန်းပိတ်ထားပါသဖြင့်...။


မိုးလှိုင်ည

Wednesday, November 10, 2010

“အလင်းဖြူ” တမ်းချင်း

ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။

လက်တဆုပ်စာရဲ့ အတ္တတွေကြောင့်
သန်းပေါင်းများစွာရဲ့ ဆုတောင်းဆန္ဒတွေ
‘ဥ’ဘဝ မှာတင် သေတယ်။

ဟိုဘက် အလံရိပ်ဆီကလည်း ဘုရားဆီမှာ ဆုတောင်း
ဒီဘက် အလံရိပ်ဆီကလည်း အဲဒီ့ဘုရားဆီမှာပဲ ဆုတောင်း
လောဘရှေ့ထားတဲ့ ပူဇော်မှုတွေနဲ့
ကိုယ့်ကိုယ်ကိုဖြေသိမ့်လှည့်စား နေကြပုံတွေက
ဘုရားတွေဟာ ကိုယ်ခွဲများစွာနဲ့
နှစ်ဘက်ချွန်တွေ ကျနေတာပဲ။

သြော်…
လူတွေ လူတွေ…
အမြင်အာရုံ တံခါးတွေစေ့
ဘုရားတွေရှေ့မှာ ဓားသွေးနေကြပါလား။

၂၁ရာစုဦး ကျမ်းသစ်ထဲမှာ
လောကစောင့်နတ်မင်းဟာ
လူသားတွေကို သည်းခံနိုင်မှု ကုန်ဆုံး
ကောင်းကင် ကို လက်သီးနဲ့ ဝုန်းခနဲ ထုလိုက်တယ်။

မိုးကြိုးမုန်တိုင်းတွေ…ငလျင်တွေ…မီးတောင်ပေါက်ကွဲမှုတွေနဲ့
စစ်ပွဲတွေ…အကြမ်းဖက်မှုတွေ…သဘာဝပတ်ဝန်းကျင်ဖောက်ပြန်မှုတွေ
ဘုရားက လူတွေကို ဒဏ်ခတ်နေတာ မဟုတ်
လူတွေက လူတွေကို ဒဏ်ခတ်နေတာ။

ဘာသာရေး၊ မျိုးချစ်စိတ်၊ နိုင်ငံတော်အေးချမ်းသာယာရေး
နာမည်လှလှလေးတွေတပ်
သူတို့ လူသတ်ခဲ့ကြတယ်။

ငြိမ်းချမ်းရေး၊ လူသားဝါဒ၊ လွတ်လပ်မှု
ဒါတွေကို အရေးတကြီး ဟစ်ကြွေးနေရခြင်းကိုက
ဒါတွေ ရှိမနေခြင်းရဲ့ သက်သေပဲ။

မမှတ်မိနိုင်တော့တဲ့ မျက်နှာနဲ့
ဒီနေ့ ဂြိုလ်ကမ္ဘာမှာ
ရှေ့ဆုံးကလူကလည်း သေနတ်နဲ့
အကျိုးစီးပွါးကို အဓိကထား
အသက်တွေနဲ့ ဆော့ကစားတယ်။
နောက်ကလူတွေကလည်း မီအောင် မနည်းလိုက်
သြော်
ကမ္ဘာ့နိုင်ငံရေးဆိုတာ
ပန်းပန်ထားတဲ့ လူမိုက်ပါပဲ။

ရွာကြီးကိုက ဒုစရိုက်မို့ 
အားလုံးက တုတ်ဆောင် ဓားဆောင်
ကြောက်စိတ်နဲ့ အမောက်ထောင်နေရတယ်။

ရာဇဝင် အခန်းခန်းကလည်း
ယဉ်ကျေးမှု ဖန်ဆင်းခဲ့သူ ကဝေတွေထက်
စစ်ဘုရင်တွေကို credit ပေး
သမိုင်းကို မြှောက်ထိုးပင့်ကော် ရေးခဲ့ကြတယ်။

ဇာတ်ခုံတခုပေါ်မှာတော့
ဖိနပ်အမျိုးမျိုး ပြောင်းစီးနေသူတသိုက်
အချင်းချင်း လက်ဝါးရိုက်
မြေစာပင်တွေကို မီးတိုက်ကြတော့မယ်။

ဒေါသတချောင်းချောင်းနဲ့ ကျည်ဆံတွေကို
ရင်ဘတ်ချည်းသက်သက်နဲ့ခုခံရင်း
အသံတွေ မြစ်ဖျားခံရာဆီ လှမ်းကြည့်လိုက်တယ်။
တကယ့်အရေးအကြောင်း ကျတော့
ကမ္ဘာစောင့်နတ်တွေဟာ ကြက်ပျောက် ငှက်ပျောက်
သူတို့ စုဆောင်းထားတဲ့ တန်ခိုးတွေ
ဘယ်ရောက်ကုန်ပြီလဲ။

ငရဲခုန်ဝင်လာတဲ့ ဖန်သားပြင်ကို
ဇွတ်အတင်း ရုန်းကန် စိုက်ကြည့်
တစုံတရာကို အထိတ်တလန့် သိလိုက်တယ်။
ကမ္ဘာဟာ ကမ္ဘာနဲ့ တိုက်မိပြီး ပျက်စီးနိုင်တယ်။

မျက်လုံးတွေကို အတင်းအကြပ်ပြန်မှိတ်
နှလုံးခုန်သံကို ပုတီးလုပ်ပြီး စိပ်လိုက်တယ်။
ငိုသံ မျှင်းမျှင်းလေးတခု
မိုးခြိမ်းသံလို ဆူညံမှုပါပဲ။

ဗုံးတွေ ပလူပျံနေတဲ့ ခေတ်ဘီလူးမှာ
ရန်သူ့ရင်သွေးကို နို့ တိုက်နေတဲ့မိခင်တဦးကို
ထူးထူးဆန်းဆန်း ဖူးချင်တယ်။

ခြောက်သွေ့ နွမ်းညို
မျက်ဝန်းဂူစိုစို တွေထဲမှာ
အလင်းဖြူလေးတွေ တွေ့ချင်တယ်။

ကလေးငယ်တွေရဲ့ မျက်နှာဟာ
သီလမကျိုးသေးတဲ့ သတင်းစာ
ကလေးငယ်တွေရဲ့ ငိုသံဟာ
ဘက်လိုက်မှုကင်းတဲ့ မီဒီယာပေါ့
မျက်လုံးတွေထဲက စီးကျလာတဲ့ ကျည်ဆံတွေ
နှလုံးသားတိုင်းကို မှန်ပါစေ။


ကောင်းကင်ကို

Thursday, November 4, 2010

ရေကို တံလျှပ်ထင် ရွှေသမင် ရေနစ်ခဲ့ရပြီ…

ဘာဖြစ်လို့ အပန်းဖြေစခန်းတွေမှာ
ဘာဖြစ်လို့ ကမ်းခြေတွေမှာ
ခင်ဗျားတို့တစ်တွေ အမြဲမနေကြဘဲ
ပိုက်ဆံအကုန်ခံပြီး ခဏပဲနေတာ
ဘာဖြစ်လို့လဲ။

အဲဒီနေရာတွေက သာယာတယ်ဆိုပြီး
အဲဒီနေရာတွေက အေးချမ်းတယ်ဆိုပြီး
အဲဒီနေရာတွေက တိတ်ဆိတ်တယ်ဆိုပြီး
ခင်ဗျားတို့ အရမ်းကြိုက်တယ်ဆိုပြီး
ခင်ဗျားတို့ ပိုက်ဆံအကုန်ခံပြီးသွားတယ်
ပြီးတော့ ခင်ဗျားတို့ပဲ ကျဉ်းကျပ်တယ်
ခင်ဗျားတို့ပဲ ညအိပ်မပျော်ဘူး
ခင်ဗျားတို့ရဲ့ နောက်ကျောမှာ သွေးစို့ခဲ့ရတဲ့
ခင်ဗျားတို့ မယုံကြည်ဘူးဆိုတဲ့
လူတွေ အများအပြား စုရုံးရာအရပ်ကို
ပြန်လာမြဲ ပြန်လာတာ
ဘာဖြစ်လို့လဲ။


တကယ့်တကယ်တော့
ခင်ဗျားက အကောင်းမကြိုက်ဘူး
မသတီစရာ အရပ်မှာပဲ ပျော်ရွှင်သက်ဝင်ဖို့
(ပိုးလောက်လန်းတို့ မည်သည် ရေပုပ်ရေညစ်တွင်သာ ပျော်ရွှင်မြူးထူးသကဲ့သို့)
ကြည်ကြည်နူးနူးပြန်လာတယ်

နောက်နောင်ဆို
အေးချမ်းတိတ်ဆိတ်တဲ့ နေရာလေးများကို
အရမ်းကြိုက်တာပဲလို့
ပြောတဲ့အခါတိုင်း ဆင်ခြင်ပေါ့…။ ….။


မြေမှုန်လွင်
(စီးမလား ကဗျာစာအုပ်မှာ ကူးယူဖော်ပြပါသည်)

တစ်လက်စတည်း စီးမလား ကဗျာစာအုပ်ကို အေဂျီအမ်ပီ ကဗျာအဖွဲ့မှ ကဗျာဝပ်ရှော့(၁) အနေနဲ့ ဝေဖန်ဖတ်ရှု ဆွေးနွေးကြမှာပါ.. လာမယ် တနင်္ဂနွေ.. ပန်းဆိုးတန်း ဂယ်လယ်ရီ ပန်းဆိုးတန်း အပေါ်လမ်းမှာ နေ့လည် ၂နာရီ စတင်မည်ဖြစ်ပြီး.. ကဗျာကို ၀ါသနာရှင် ပညာရှင် မည်သူမဆို ပါဝင်တက်ရောက် ဆွေးနွေးနိုင်ကြောင်း ဖိတ်ကြားအပ်ပါသည်..။

ခင်မင်လေးစားစွာဖြင့်
မိုးလှိုင်ည

Wednesday, November 3, 2010

ကဗျာလုံးလုံး

ဘောင်းဘီဝတ်မိုးတိမ်နဲ့တင် ထစ်နေတယ်..
ဖုန်းဆိုးမြေထိရောက်ပြီလား...
အယ်ပီ၊ ဆလမ်၊ ကွန်ဆက်ကျူရာယ်...
မူရင်းယူမှာလား ပြန်ကူးခွေယူမှာလား
ကာဗာမပေးနဲ့တော့ ကျွတ်ကျွတ်အိတ်မည်းသုံးပါ
ဂျပန် နဲ့ အမေရိကန် ရွေးချယ်စရာက နှစ်မျိုးတည်း
ထပ်ခွဲရရင်..
လူ လူချင်း လူနဲ့ တိရစ္ဆာန်လား...
တစ်ခါလာလည်း ရိုမီယိုနဲ့ ဂျူးလိယက်...သီချင်းတွေထဲမှာ
တစ်ခါလာလည်း အိုမာခရမ်... ကဗျာတွေထဲမှာ
ဝန်ကြီးပဒေသာရာဇာ နဲ့ ဓာတုကလျာကို ဘယ်သူမှမကိုးကားကြဘူးလား
ဘေးနားက သူငယ်ချင်းက ဘုတောတယ်...
ရေနွေးပူပူကို မှုတ်သောက်ရင်း
ကွမ်းယာစားချင်စိတ်ပေါ်လာတယ်
အခု ၂၀၁၀ ကနေ နောက်တစ်ကဒ်ကို
ဘယ်လိုကူမလည်း မသိဘူး...
လောလောဆယ်ရေးစရာ ကဗျာခေါင်းထဲမှာမရှိလို့...။


မိုးလှိုင်ည

Sunday, October 31, 2010

လူဆန်း အသက် ၄၅ နှစ်

စက်ဝိုင်းခြမ်း သံကိုင်းတွေ ဇာတပ်အုပ်ဆောင်း အုပ်ထားတယ်။ အိတ်ကပ်မှာ ငါးရှဉ့်သွေးနှင်းဆီးကြီးကြီး တစ်ပွင့်ပွင့်နေတုန်း အိပ်ပျော်မောနေ၊ အ၀တ်တွေအောက်မှာ ခြေမ လက်မ ပတ်တီးကြိုးနဲ့ ဖဲပြားသဏ္ဍာန် မေမေ ကိုယ်တိုင် ချည်ထားပေးတယ်။ ရေခဲစိမ် ပန်းသီး အအေးချွေးထွက်နေတာ ဘီးတပ်စတီးလ်တွန်းလှည်း အေးစက်နေတာ အနက်ရောင်ဝတ်စုံနဲ့ အနီရောင် မျက်လုံးများ စားဝတ်နေရေး အဖော်မွန်တွေ ဘာဖြစ်နေတာလဲ။
ရာသီ နေပူလွန်းမယ်။ မိုးတစ်ခိုက်ဖြတ်သွားမယ်။ မိုးတစ်စက်စက် တစ်မနက်လုံးကျနေပြီး ညနေချိုချို စောင်းစောင်းတစ်ခုလည်း ဖြစ်နိုင်တာပဲ။ အမွေးနံ့တလူလူ ကန်တော့ပွဲ ဖယောင်းမီး ပန်းခြင်းပန်းခွေနဲ့ အမှတ်ရမှု ရောင်စုံအရေးအသား A-4 စာရွက်တွေ လေထဲ တဖျတ်ဖျတ်တပ်ထားတယ်။
နေမယ်ဆို နေလို့ရသေးလို့ ဒီအတိုင်းပဲ နေထိုင်နေကြ အတွင်းထိ လူတစ်သိုက် နှလုံးသားကျကျ ရွေ့တွားထူးခေါ်နေ အလွန်ဆုံး မိနစ်ပိုင်းပေါ့။ သစ်သားရောင်ကျယ်သေတ္တာရှည်နား ၀န်ထမ်းတွေ စီးကရက် မွှေးလိုက်တာ မဲအူပြီး လွင့်တက်သွားရမှာလား မြေအောင်ပိုးမွှားတို့နဲ့ နေရမယ်လား။
မင်းဘယ်လိုစီစဉ်ထားလည်း ချစ်ခြင်းသည်တို့ ပလပ်စတစ်ကုလားထိုင်တွေ စောင့်နေကြအားပါးတနာ။ မကြားနိုင်ပါ မပြောမဆိုနိုင်ပါ ဝေမျှလို့မရပါ ဘာမျှမယူခဲ့ပါ။ အဟုန်ပြင်းပြင်းအရောင်တွေ စူးစူးမှောင်မှောင် ထိန်ထိန်လွင်ပြင် ချိုင့်ဝှမ်းတောင်ကြော ထက်ထက်မျက်နှာပြင်တွေပေါ်မျက်နှာပြင်တွေပေါ် ဖြတ်သန်း ငါ့အမှတ်အသားနဲ့ ငါပြန်ခဲ့ရာလမ်းမှာ တပ်အပ်သေချာ မပြောနိုင်ဘူး။ ရေတွေ အရည်တွေ။ ချက်ကြိုးတစ်ချောင်းတည်းနဲ့ ပွင့်ဖတ် ပွင့်ချပ် အင်္ဂါအိမ်ကြီးထဲ ငါ ဦးစောက်ကျွမ်းပြန်လည်မွတ်နေပြီ…။

ရေးသူ လူဆန်း

ခင်အောင်အေး ဆိုတဲ့ကောင် သေသွားပြီ

အဲဒီဖိုင်ကိုဆေ့ဖ် ထား ဟာ့ဒ် ကော်ပီလဲကူးထား
မောင်ပြည့်မင်းကိုပြရမယ် ဇေယျာလင်းကိုပြရမယ်
ကိုအောင်ချိမ့်ကို တချက်မေးရမယ်
လှသန်း မိုးဇော် တပ်လှန့်ထား
မိုးဝေးရေ.. ဖုံးနံပတ်တွေ ရသလောက်ပြန်ရှာ
အပြင်မှာ မိုးတွေတအား ရွာကောင်းရွာနေလိမ့်မယ်
ကဗျာရေးလို့တော့ တအားကောင်းပြီပေါ့
သူနေထိုင်ကြီးပြင်းခဲ့ရာတလျှောက်
လက်ဗွေရာ ခြေဗွေရာတွေ ရသလောက်စုဆောင်း
အငယ်တန်းသတင်းထောက် နှစ်ယောက်သုံးယောက်လောက် အမြန်လွှတ်
ဘာတွေ့လဲ ဘာမြင်လဲ ဘာသတင်းရသလဲ ချက်စားလို့ရပြီလား
သူ့ဘ၀ သူ့ဇာတ်ကြောင်း/သူ့ဇာတ်ကြောင် သူနဲ့ပတ်သက်ခဲ့သမျှ ဇာတ်ကောင်တွေ/ဇာတ်ကောင်မတွေ
မွေးသက္ကရဇ် အဖေနာမည် အမေနာမည် ( နောက်ဘာတွေ ဆက်ဖြည့်စွက်ရအုန်းမလဲ)
သူ့ချစ်သူ သူ့မုန်းသူ သူ့ရန်သူ သူ့မိတ်ဆွေ ခင်ဗျား ဘယ်လောက်သိထားသလဲ
သူ့ အသုဘ လူဘယ်လောက်လာလဲ နတ်ပြည်က ဘယ်လောက်လာလဲ ငရဲပြည်ကပရိသတ်ပိုများလား
စစ်တမ်းကောက်အဖွဲ့ ကိုလွတ်လွတ်လပ်လပ် စာရင်းပြုစုပါစေ
သေပြီဆိုမှတော့မလှုပ်တော့ဘူး ( တယောက်က၀င်နောက်တယ်) တကယ်က သူအသက်ရှင်နေတုန်းက
လှုပ်နေရမှ ကျေနပ်သူ သူ့မိတ်ဆွေဆိုသူတွေ ကွာစေ့နွှာရင်း ၀ါးရင်း ရေနွေးကြမ်းငှဲ့ရင်း အိနြေ္ဒဆည်ရင်း
ပြန်ပြောပြနေကြ သူတို့ထိတွေ့မိသမျှ သူ့အကြောင်းတွေ အထွေထွေ အပြားပြား
သူသေသွားပြီ နောက်ထပ် သူ ဘာမှပြောလို့မရတော့ဘူး၊ သူများပြောတဲ့သူ့အကြောင်းတွေလဲ
သူမကြားနိုင်တော့ဘူး၊ သူဆိုတာမရှိတော့ဘူးတဲ့ (တကယ်တော့ ‘သူ’ ဆိုတာ ဘယ်တုန်းကမှလဲ မရှိခဲ့)
လောကဆိုတာ တကယ်မရှိတဲ့ အကြောင်းတွေပဲ အရှိလုပ် သိတယ်ထင်ကြ ပြောကြ ဆိုကြရတာ
ခုတော့ ခင်အောင်အေးက သူသေသွားပြီဆိုတဲ့အကြောင်း သူမရှိတော့ဘူးဆိုတဲ့အကြောင်း
သူ့မျက်ကွယ်ကအကြောင်းတွေ သူမျက်စေ့မှိတ်ပြီးသွားကာမှ ဖြစ်ပျက်တဲ့ အကြောင်းတွေပြန်ပြောနေတော့
ဘယ်လိုလဲ ဖဲကောင်းလား ကုလားပျောက်နေလား သူ့နာမည်တ, လိုက် ပန်းကန်ဖဲ ဆွဲတက်တယ်
ဘုန်းကြီးပွဲ အတွက် အရင်ဆီသတ်တော့မလား ကြက်သားဟင်း လုံးတော့မလား ကွမ်းအစ်ပြင်ပြီးပလား
သမိုင်းမှာ ကြက်ရေးငှက်ရေးဆိုရင် ဘယ်သူ့နံမယ်တွေ အတည်ပေါက်ပြောကြမှာတုန်း
လူကတော်တော်ကြီးတော့မှ ကမောက်ကမတွေ တော်တော်လုပ်သွားတာပဲ
(ကဗျာတွေ တော်တော်ရေးသွားတာတော့ ဘယ်သူမှ ဆေးဖော်ကျောဖက်လုပ်ပြီး မပြောကြ)
လူပျံတော်လေးလို ၀ဲကြည့်နေတယ် အသုဘရှု လာကြသူတွေကို
“တလောက သေသွားတဲ့ သူ့သူငယ်ချင်းအကြောင်းတောင် ကဗျာစပ်လိုက်သေးတာ”
လို့ ပြောတဲ့ သူက ပြော “နိမိတ်ဖတ်သွားတာပေါ့လေ” မှတ်ချက်ချသူကချ
စကားပြေကို ကဗျာလုပ်ယူဘို့ ဘယ်အပလီကေးရှင်းကို အတက်ခ်ျ လုပ်ရမလဲ
ဝါကျသစ် စကားပြေကဗျာ စမ်းသပ်ရင်း သူ့ခမျာ ရေတိမ်နစ်ရရှာတာ
ဇာတ်က အခိုင်ကြီးတော့မဟုတ်ဘူး မင်းသားဦးစားပေးဇာတ်ပဲ ပရိုဂျူဆာ လဲ အိပ်ပျော်စားဝင်အောင်
နောက်တနေ့ မျက်နှာသစ်ဖို့.. မဟုတ်ဘူးလေ ဆပ်ပြာနဲ့သွားတိုက်ဆေးအကြောင်းရေးကြီးခွင်ကျယ်လုပ်ပြီး
ပြောနေတာမဟုတ်ဘူး နို့- ဒါဖြင့်…။ ။




ခင်အောင်အေး
၂၇၊ စက်တင်ဘာ၊ ၂၀၀၉
၂၃း၁၂ နာရီ ဘန်ကောက်စံတော်ချိန်

ကွယ်လွန်သူမိုးလှိုင်ည

ကြေးစည်ကိုထုကြပြီ

ရေအိုးကိုခွဲကြပြီ

စည်ပင်ဝန်ထမ်းက

စန့်စန့်ကြီးသန့်သန့်ကြီးငါ့အလောင်းကို

လက်တွန်းလှည်းပေါ်တင်ဆွဲတော့

မျက်ရည်စစတွေနဲ့ ငါအနည်းအကျဉ်းကောင်းခဲ့တာလေးကို

ဝတ်ကျေတန်းကျေပြောကြဦးမယ်

လေးယောက်ဝင်ကြည့်လို့ရမယ်

လောင်မီးတိုက်တာဝန်ရှိသူကပြောတော့

သူဝင်ငါဝင်နဲ့

သိဟောင်းကျွမ်းဟောင်းနှစ်ယောက်ရယ်

မိန်းမဘက်ကဦးလေးရယ်

စာမူခတွေပေးပြီးစာမူမရလိုက်လို့

စိတ်ထဲကကျိန်ဆဲနေတဲ့ထုတ်ဝေသူတစ်ယောက်ရယ်

သုံးမိနစ်အတွင်းလူတစ်ကိုယ်လုံးပြာကျစေမယ့်

နိုက်ထရိုဂျင်မီးတောက်ထဲ

နှလုံးသားတည့်တည့်ကိုသံချွှန်နဲ့ထိုးမကော်ထည့်တော့

ဟိုလေးယောက်က ဘယ်တော့မှမရတဲ့

သံဝေဂစကာလုံးတွေရေရွတ်ကြမယ်

အဲဒီလိုသရုပ်မှန်ဇာတ်ကွက်အတိုင်းလိုက်သေရမှာ

ပျင်းရိလွန်းလို့

ပိုင်ရှင်မဲ့အလောင်းကောင်(ကဗျာဆရာဖြစ်ကောင်းဖြစ်နိုင်သည်)

သေစာရင်းအရာရှိရဲ့မှတ်ချက်

ငါ့ဝိညာဉ်မှာကပ်ပေးလိုက်ရင်တော်ပြီ....။



မိုးလှိုင်ည

Sunday, October 17, 2010

စီးမလား..

http://i524.photobucket.com/albums/cc324/moehlaingnya/69432_141693459210553_100001096991179_216906_1973434_n.jpg

မြေမှုန်လွင်ရေးသည်..
ငါတို့ စာပေက ထုတ်ဝေပါတယ်...
ဘယ်လိုကဗျာတွေလည်း..ကျွန်တော်မသိသေးပါ..။
စိတ်ဝင်စားသူများ ၀ယ်ယူဖတ်ရှုနိုင်ရန်ကြော်ငြာသည်...။

မိုးလှိုင်ည

ငါ့မနက်ဖြန်တွေဟာ သိမ်းဆည်းခံထားရပြီ..။

ငါမှာ မနက်ဖြန်တွေ မရှိတော့ဘူး

ဒိုင်ယာရီစာအုပ်တွေထဲမှာ ရေးမှတ်စရာအဖြစ်အပျက်တွေ မရှိတော့ဘူး

နံရံချိတ်ဆွဲထားတဲ့ ပန်ချီကားလို

ဘ၀ဆိုတာ တစ်ချိန်ချိန် ဖုန်တွေကြားမှာငြိမ်သက်မွန်းကျပ်

အလင်းရောင်ငတ်တဲ့အခန်းလို့

စိုထိုင်းထိုင်း မှိုင်းမှုန်နေမလာ..

ငါဟာ လက်ပါတ်နာရီတစ်လုံး

အဓိပါယ်မပါ့တပါ ဒီသံသရာကိုပါတ်ပြေးဖူးတယ်

အခုမနက်ဖြန်တွေမရှိတော့ဘူးတဲ့

မနေ့က ကတည်းက အသိက ငါ့ဆီမှာ မနက်ဖြန်တစ်ချို့

လက်ကျန်ရှိသေးတာပဲ..

အခုမရှိတော့ဘူး…

ချက်ခြင်းကြီး လက်ငင်းကြီး ငါမှာ နောက်ထပ်ပေးချေစရာ

မျှော်လင့်ချက်မပါတော့ဘူး..

အခုမနက်ဖြန်တချို့ တရားဝင်ဖျက်သိမ်းခံလိုက်ရပြီ

မတရားဝင်ရောက် ဖျက်သိမ်းတာလည်း ဖြစ်နိုင်တာပဲ

ကမ္ဘာကြီးလည်တာမှန်ရင် အဲဒီမနက်ဖြန်တွေ ငါ့ဆီပြန်လာမှာလား

ငါက မရေမရာ အနာဂါတ်နဲ့ မနက်ဖြန်ကို ချိန်ရွယ်ကြည့်တယ်

အရင်လို ငါ့ကို ပျော်ပျော်ရွှင်ရွှင်ပြန်ပေးပါ မနက်ဖြန်..

အိတ်ကပ်ထဲမှာ ပေးချေစရာမရှိပေမယ့်

ငါရသင့်တယ်ထင်တဲ့… ပျော်ရွှင်မှုတွေ

ငါရသင့်တယ်ထင်တဲ့… ပူပန်မှုတွေ

ဘာဖြစ်ဖြစ် လူတစ်ယောက်ဟာ မနက်ဖြန်တွေရှိနေသင့်တယ်မဟုတ်လား

လူမသေခင် မနက်ဖြန်တွေ ဘာလို့အရင်သေနေတာလည်း..

ငါက ဘ၀မှာ ဘယ်လိုမေးခွန်းမျိုးမှ မဖြေရှင်းနိုင်ခဲ့ဘူး

အရှုပ်ထွေးဆုံး ရိုးရှင်းနေတဲ့ဘဝ

ဘယ်သူမှမနက်ဖြန်တွေ လုယက်မခံရဖို့ ငါဆုတောင်းတယ်

အခုတော့ ငါဆီမှာမရှိတော့တဲ့ မနက်ဖြန်အတွက်

ငါလမ်းဆုံလမ်းမမှာ မက်တပ်ရပ်ရှာရင်း…





မိုးလှိုင်ည



Tuesday, October 12, 2010

လရောင်တစ်ခြမ်း ပန်းနေကြာ

ဓူဝံကြယ်မြောက်အရပ်မှာရှိသလိုပဲ

မြို့တော်ရဲ့ မြောက်စူးစူးတစ်နေရာမှာ

သီရိမင်္ဂင်္လာရွှေဘုံဦးဆိုတဲ့

အ၀ါ

သာသာနာရောင်တွေနဲ့ မြူးလွင့်ပျံ့

ဆည်းလည်းသံလွင်လွင်လေးတွေနဲ့ တောက်ပ

ပဋိရူပ

အေးမြတဲ့အရိပ်အာဝါသလေးတစ်ခု ရှိပါတယ်။



ဒီလို

သာယာလှပ

မွှေးမြတဲ့နေရာလေးရှိတာကို

လူတွေများများစားစား မသိကြပါဘူး



နေပါစေ

မသိလည်းကိစ္စမရှိ

သတိကို မြို့ပြသိလို့

သိကြသူတွေ လာလိမ့်မယ်။



ဒါဟာ

အမျိုးဘာသာ၊သာသနာနဲ့ ဝံဿာနုရက္ခိတ

ပရဟိတ

ပညာဒါနတွေ ဖြန့်ဝေရာ မဟုတ်လား။



မိုနေးရဲ့ ပန်းရောင်နှင်းနဲ့

ဗန်ဂိုးရဲ့ နေကြာက

ကင်းဗတ်စ ပေါ်မှာ ပွင့်တယ်၊

ဂေါ်ဂင်ရဲ့ အ၀ါနဲ့

ဟောဒီ ရွှေဘုံဦးနေကြာတွေက

ပညာရှိရာ

နေရှိရာဘက် မျက်နှာလှည့်

ဝင်းမှည့်တဲ့ အားမာန်အလင်းတွေနဲ့

မနက်ခင်းရဲ့

အဖြူရောင်လေညင်းမှာ ပွင့်ကြတယ်

ရဲရင့်တက်ကြွရနံ့တွေနဲ့

တင့်တယ်ခမ်းနားပါပေရဲ့...။



အဲ့ဒိဝန်းကျင်မှာ

စပါးပင်နဲ့ သစ်ပင်တွေဝန်းရံလို့

အပင်တွေရှင်သန်ဖို့ ဓာတ်မြေသြဇာလိုအပ်သလို

လူတွေမှာ

စိတ်အာဟာရ(သို့မဟုတ်)...

အရသာတစ်ခုခု လိုအပ်တယ်။



နေရောင်ပူပူမှာ

ဘယ်သူမှ မကူးခတ်ချင်ဘူး

ကျေးငှက်တွေလို

လွတ်လပ်စွာ ပျံမြူးချင်ကြလိမ့်မယ်။



ကျောပေါ်မှာ တငွေ့ငွေ့လောင်နေတဲ့

နေရောင်ကို လက်နဲ့သပ်ချဖို့

သူတို့စာဖတ်နေကြတဲ့ အသံတွေ

အခက်အခဲတွေကို ပက်ထုတ်

ပညာကို

ယက်သဲ့ကျင်ယူနေကြတဲ့ ဟန်တွေက

အားမာန်တွေနဲ့ တဖျတ်ဖျတ်။



သူတို့....ဓားတောင်ကိုလှော်ခတ်လို့

မီးပင်လယ်ကို ကျော်ဖြတ်နေကြတယ်။



ဟိုးဖက်ကမ်းမှာ

နမ်းစရာ

ပညာပန်းတွေရှိတယ် မဟုတ်လား။



ပညာပဒီပေါ၊ ဣဓအဓိပဇ္ဇောတော

လောက၌ ပညာဆီမီးသည် အတောက်ပဆုံး ၊

ပညာသမ္မာ အာဘာနတ္တိ၊

ပညာနှင့်တူသော အလင်းရောင်မရှိ

ပညာရွှေအိုး လူမခိုး...တဲ့လား

တန်ဖိုးကတော့ ကြီးမားပါပေရဲ့။



ဒီယနေ့ E ခေတ်မှာ

ပညာရဲ့ အခန်းကဏ္ဍ၊ပဓာနကျလာတယ်

ညာနေလို့ မရဘူး

ညံ့နေလို့မရဘူး

ညည်းနေလို့ မရဘူး

ပညာမတတ်ရင် လူရာမ၀င်နိုင်ဘူး။



ချစ်သားတို့ အတတ်ပညာသင်ကုန်လော့

အဘယ်ကြောင့် ပျင်းရိဘိသနည်း

ချစ်သားတို့ နေ့တိုင်းအတတ်ပညာသင်ကုန်လော့

အတတ်ပညာမရှိသောသူသည်

သူ၏၀န်ထမ်းဖြစ်တတ်၏

အတတ်ပညာရှိသောသူကို

သူတစ်ပါးတို့ ပူဇော်အပ်၏...တဲ့



လောကနီတိကျမ်းက

နေကြာပန်းတွေကို လှမ်းအသိပေးတယ်။



ပညာရဲ့ အမြစ်တွေက ခါးသက်ပေမယ့်

အသီးကတော့ ချိုမြိန်တယ်လို့

အရစ္စတိုတယ်က လှမ်းပြောတယ်

အာဖရိကကြယ်ပြာကြီး

နယ်ဆင်မင်ဒဲလားကလည်း

ပညာရေးဟာ

ကမ္ဘာကြီးကိုပြောင်းလဲပစ်နိုင်တဲ့

အစွမ်းထက်ဆုံးလက်နက်ပဲ ....တဲ့။



တကယ်တော့

ပညာရေးဆိုတာ

လူတိုင်းရဲ့ ရပိုင်ခွင့်ပါ

ယောက်ျားမိန်းမ၊ကလေး ဘယ်သူမဆို

ကမ္ဘာ့ဘယ်နေရာမှာ နေနေ

အားလုံးရရှိသင့်တဲ့ အခွင့်အရေးပဲ

အဲ့ဒီလို....

ယူနက်စကိုကလည်း ကျားကန်အားပေးခဲ့။



ဒါပေမယ့်

လူတိုင်းအတွက် ပညာရေး

နေပူလမ်းဟာ ထွက်ပြေးနေတယ်။

ဘယ်လိုမှ လိုက်လို့မမှီဘူး

ဆန်ပေးမှ ဆီရမယ့်ပုံမျိုး

လှေမရှိဘဲ

မြစ်ကိုဘယ်လိုဖြတ်မလဲ

တက်မရှိရင် လက်နဲ့လှော်လို့ရသေးတယ်။



နေပူပူမှာ

ငူငူကြီးရပ်နေလို့ ဖြစ်မလား

ဘယ်သူလာကူပါ့မလဲ။



တချို့က

စိတ်ကူးသစ်နဲ့ စာနာသနား

နေရောင်ကို ကြွေအောင်မျှားသလို

မြစ်ကို တံတားထိုးကြတယ်

အတ္တကိုရှေ့တန်းမတင်ကြဘူး

လောကကို အလှဆင်ကြတယ်။



ဗားတော့ဗရက်ရဲ့ ကဗျာထဲကလို

နှင်းတွေသိပ်သိပ်သည်းသည်းထူထူထပ်ထပ်ကျနေရင်

ပဲကလေးတွေ အညှောင့်မပေါက်နိုင်မှာကို တွေးပူပြီး

လဲသူကိုထူ၊ငူသူကို မတ်စေတယ်

ရပ်သူကိုဖေး ကိုယ်ငွေ့ပေးတယ်

ငါးကလေးတွေ ရေမနစ်စေရဘူး။



လာ....

ဒီမှာ ရင်ငွေ့လှုံ

ပညာစုံအောင်သင်ကြမယ်

လရောင်တစ်ခြမ်းပဲရရ

ပန်းတစ်ပွင့်မှ မထစ်အ မကန်းစေရဘူး။



ဒီမှာ

ရှင်မဟာရဋ္ဌသာရ

သံဝရပျို့မှာ ရေးထားသလို

ကျောက်ရည်တိုးအောင်၊ သွေးသောယောင်သို့

စောင်စောင်မမ ဆုံးမတတ်စွာ

မြတ်ဆရာတွေနဲ့ စနစ်တကျ။



ဒီမှာ

သစ်ပင်ကို သစ်ပင်လိုမြင်အောင်သင်ကြား

သစ်ပင်ကို သစ်သားလိုမြင်တတ်တဲ့

အကြင်နာမဲ့ ခါးသက်နှလုံးသား

မျိုးမပွားစေရဘူး။



ရေစီးမှာ လရောင်ကောက်ရင်း

လောကဓံမြစ်ရိုးထဲ

တစ်ယောက်ကို တစ်ယောက်သယ်ပိုး

မုန့်ကြိုးလိမ်အမူအကျင့်ကို မုန်း

ဖြောင့်မှန်တဲ့

အဖြူရောင်နှလုံးသားပွေ့ဖက်မယ်။



မိုးလေတွေဘယ်လိုမွှေမွှေ၊မရွေ့တဲ့စိတ်နဲ့…

နှင်းခါးတွေကို ဘယ်လိုပုတ်ပုတ်၊မဆုတ်မယ့်စိတ်နဲ့….



လာ...

ရွှေဘုံဦးမှာ ပညာရွှေမှုန်တူးကြ

ဘ၀အနာဂတ်တောက်ပအောင် ရွှေချကြ

ပြီးတော့

ပင်လယ်ခေါင်ရေ၀ဲမှာ လှေကွဲလို့မှောက်သူချင်း

တစ်ယောက်ကိုတစ်ယောက် ဖေးကူစောင့်ရှောက်ကြ

တစ်ယောက်ကျောတစ်ယောက်

အလျားမှောက်တံတားခင်း

ဖြတ်သန်းခြင်းကို ဖြတ်သန်းကြ

စိန်ခေါ်ခြင်းကို စိန်ခေါ်ကြ

ဟိုးအမြင့်က ကြယ်တွေမှာ

သင်တို့နာမည်ရေးထိုးနိုင်အောင် ကြိုးစားကြ

ဦးနှောက်ခါးတောင်းကျိုက်ရင်း

အောင်စိတ်တွေနဲ့

အောင်ပွဲတွေကို ရိတ်သိမ်းကြ

အားလုံးငြိမ်းငြိမ်းချမ်းချမ်း

နေကြာပန်းလို မိုးလင်းမယ်။



ကွန်ပြူတာတဂျောက်ဂျောက်နှိပ်နေတဲ့

ခေတ်ကြီးရဲ့ မနက်ခင်း

ပြတင်းပေါက်က ချောင်းကြည့်လိုက်တော့

စက်မှုသိပ္ပံလောင်းရိပ်အောက်မှာ

အလိမ်အညာတွေနဲ့

ကမ္ဘာကြီး မလိမ္မာသေးဘူး



ဒါပေမယ့်

ဟောဒီ...ပြာလဲ့လဲ့မိုးကောင်းကင်အောက်မှာ

ပတ်ဝန်းကျင်လိမ်မာဖို့

သူတို့လိမ္မာဖို့

တစ်နေ့မှာ

လရောင်ကို ကြိုးချည်အိပ်ဖို့

ခမ်းခမ်းနားနား ပညာသင်ကြား

နေကြာပန်းများပွင့်နေတယ်။



မိတ်ဆွေတို့ရေ..

သူတို့အတွက် အရေးပေါ်လိုအပ်နေတာကလည်း

အမှားအမှန်ပိုင်းခြားဝေဖန်တတ်သော

"ပညာ..." ဆိုတဲ့

အသက်ကယ်ဆေးတစ်ခွက်ပဲ မဟုတ်လား။





မင်းချမ်းမွန်

(လေးထောင့်ကန်၊သီရိမင်္ဂလာရွှေဘုံဦးကျောင်း ပရဟိတပညာသင်တန်းသို့ အမှတ်တရ)

Monday, October 11, 2010

သူမ( her ) သက်သက်

သူမဟာသက်သက်..

သက်သက်မဲ့ သူမဟာ…

သူမဟာ ကောက်စိုက်ရင် အရမ်းမြန်တယ်

သူမ (her) စက်ချုပ်ရင် အရမ်းသေသပ်တယ်

သူမ (her) သက်သက်

သက်သက် လာရင်

ကာလသားခေါင်းတွေက အစ

သက်သက် မဲ့ ခေါင်းငဲ့ကြည့်တယ်…

သက်သက် (her) တည်ကြည်တယ်

သက်သက် (her) လေးနက်တယ်…

သက်သက်မဲ့ သူမ (her) မြို့ပေါ်တက်သွားတယ်

သက်သက်မဲ့ သူမ(her) နိုင်ငံခြား ထွက်သွားတယ်

သက်သက် (her) မင်းကြိုက် စိုးကြိုက်တဲ့

သက်သက် အမျိုးတစ်သိုက် က အဲ့လို့

သက်သက် ကို တန်ဖိုးထားတာ..

သက်သက် (her) သက်သက်မဲ့

သူမ (her)…. သက်သက်

သက်သက်မဲ့ချည်းတော့… သူမ (her)

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...