Pages

Tuesday, November 23, 2010

ငါဟာ နိုင်ငံတော်သမ္မတတစ်ယောက်ပါ..။

ဘာမှမတတ်နိုင်ဘူးဆိုတဲ့ စကားကိုပြောဖို့

တတ်နိုင်သလောက်ကြိုးစားနေရတဲ့ လူ

ဒါ ထောင်ချောက်တစ်ခုထဲကျနေတယ်လို့

မထင်မြင်မိဖူး မဟုတ်လား...

ငါဟာ နိုင်ငံတော် သမ္မတဖြစ်ကတည်းက

ငါ့ ရန်သူတွေက ငါ့ကို ပိုမုန်းတီးပြီး

ငါ့ မိတ်ဆွေတွေက ငါ့ကို ပိုအမြင်ကပ်လာခဲ့တယ်

သူတို့လိုချင်တာမရလို့ (ငါပေးနိုင်တာလည်း ဘာမျှမရှိ)

ငါ့မိသားစု၊ ငါ့ဆွေးမျိုးသားချင်း၊ ငါ့မိတ်ဆွေတွေ

ငါ့ကိုစွန့်ခွာသွားကြတယ်...

အပင်မြင့်ရင် လေပိုတိုက်ခံရသလို..

ငါက ခမ်းခမ်းနားနား မုန်းတိုင်းအမြဲမိနေတာ...

အခမ်းအနားတွေတော့ ခမ်းခမ်းနားနားတက်နိုင်ပါရဲ့

ကိုယ့်ကိုယ် မပိုင်ဆိုင်တဲ့ လူတစ်ယောက်အနေနဲ့

အခု ငါ့ကိုယ်ငါ အသုံးမကျမှန်း ပိုသိလာရဲ့

ငါဟာ နိုင်ငံတော် သမ္မတပါ..

မမှားသို့သော်မမှန်တွေလည်း

အတင်းကာရောပြောတတ်လာတယ်...

အဆိုးဆုံးက

ငါဘာမှမသိပဲ လက်မှတ်ထိုးထိုးနေရတဲ့ကိစ္စ

ငယ်ငယ်တုန်းက လက်မှတ်ထိုးတဲ့လက်က မြို့ကိုဖျက်တယ်

ဖတ်ဖူးတယ်... အခုငါကိုယ်တိုင်ပဲ..

စစ်တပ်က သူတို့သတ်တဲ့ လူတွေအတွက် ငါ့ကိုလက်မှတ်ထိုးခိုင်းတယ်

ဝန်ကြီးတွေက သူတို့ခိုးတဲ့ ပိုက်ဆံအတွက် ငါ့ကို လက်မှတ်ထိုးခိုင်းတယ်

သူတို့က သမ္မတကြီးရဲ့ သဘောထားဆိုတဲ့ စကားပဲသုံးတယ်

ငါက စက္ကူကျားပါ

ငါက ထောင်ချောက်ကျနေတဲ့ လူပါ

ပြီးတော့

ငါက နိုင်ငံတော်သမ္မတဆိုတာ....။

မိုးလှိုင်ည