Pages

Friday, March 27, 2009

ကျွန်တော်နဲ့သူမ


သူမက
western park ကဘဲကင်ကို
အာသီသရှိတဲ့အချိန်
ရပ်ကွက်ထိပ်က ၀က်ဂေါင်းသုပ်တောင်
ကျွန်တော်ဝယ်မကျွေးနိုင်ခဲ့ဘူး...
နင်မဲဖိုးတွေမပေးတာသုံးရက်ရှိပြီ
အသေးစားပြန်ပေးဆွဲမှုတွေ
ငါစိတ်မ၀င်စားဘူး...
နင်တော်တော်အကြင်နာကင်းမဲ့တာပဲ
တစ်ခါလာလည်း ပိုက်ဆံ
တစ်ခါလာလည်း ပိုက်ဆံနဲ့
နင်လည်း ဘာထူးလဲ
ကြမ်းခင်းဈေးဘယ်လောက်လဲပဲမေးနေတာ
ဒီခေတ်ကြီးထဲမှာ
ငါလည်း ဖရီးကစ်တွေဝင်အောင်ကန်မသွင်းတတ်ဘူး
ငါ့ခြေသလုံးကြွက်သားက
ပေါင်သန်းနှစ်ဆယ်တန်တယ်လို့
နင်ကိုကြွားဝါပြီးချစ်ခဲ့တာမဟုတ်ဘူး
ဘယ်အချိန်နှိုးမေးမေး
ငါ့သန်းခေါင်ယံအတွေးတွေထဲမှာ
နင်ရှိတယ်...
နင်ငါ့ကိုမသိတော့တဲ့အချိန်တောင်
ငါ့ရင်ဘတ်ထဲမှာနင်ရှိတယ်...
တူညီတဲ့အချစ်ကို
လွှဲချော်ခဲ့ရတဲ့အိပ်မက်ထဲမှာ
ငါချစ်ခဲ့တယ်...
နင်နဲ့ငါထားခဲ့ရတဲ့
နေ့စွဲတွေများစွာထဲမှာ
ညီမလေးရယ်စာနာတတ်တဲ့
နှလုံးသားကိုယ်စီရန်ဖြစ်လို့နေခဲ့တယ်...

မိုးလှိုင်ည

Thursday, March 26, 2009

ငါတို့အားလုံးဟာ ချေ


ချေ ဦးထုပ်ကိုဆောင်းတယ်
ချေဂွေဗားယားတီရှပ်နဲ့
ချေ လိုစီးကရက်ကိုခဲလို့
ချေ လိုပဲ ကဗျာရွတ်တယ်…
ငါတို့လက်ထဲမှာက keyboard

ဒါဟာတော်လှန်ရေးလုပ်နေတာ…

ဆောင်းရာသီနန်းတော်ကိုသိမ်းပိုက်ဖို့
ရေတပ်သဘောင်္ပေါ်က အမြောက်သံ
ငါ့နားထဲ ခုထိတဆတ်ဆတ်ညံတုန်းပဲ

လွတ်လပ်ရေးကြေငြာစာတမ်းကို
ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့အထိ
မြောက်အမေရိကတိုက်မှာ
စစ္သေဘာၤတစ္စီးမွမရွိဘူး….

အဲဒီလိုနဲ့ ကမ္ဘာမှာတော်လှန်ရေးတွေရှိခဲ့တယ်…

`လူဆိုတာတော်လှန်ရေးလုပ်ရတယ်…
ဖိနှိပ်သူတွေကိုတွန်းလှန်တာဟာ တရားမျှတမှုပဲ…´
ဘာတစ္စတာရဲ့ အကျဉ်းထောင်ထဲမှာ
ဖီဒယ်ရဲ့ ရဲရဲတောက်စကား…။

`အနီးကပ်ဆုံးရန်သူကို ရှာပြီးတိုက်´
ရွှေတိဂုံခြေတော်ရင်းမှာ
သခင်အောင်ဆန်းရဲ့ ဂန္တ၀င်စကား
ငါတို့ကြားနာနေဆဲ

ဟနွိုင်းမှာပဲဖြစ်ဖြစ်
ပါရီမှာပဲဖြစ်ဖြစ်
တော်လှန်ရေးသမားဟာ
ဖိနှိပ်မှုတွေကိုတွန်းလှန်နေရမယ်လို့
ဟိုချီမင်းတွေးခဲ့သလို

အခုငါတို့
ငရဲပြည်အထိ အမြန်လမ်းမ
ဖောက်လုပ်ပြီးစီးသွားပြီ
နပိုလီယန်နဲ့
အဆင်းဘီးတပ်ပေးဖို့ပဲကျန်တော့တာ…။

မိုးလှိုင်ည

Wednesday, March 25, 2009

ခင်ဗျားအခုဘာလုပ်နေတာလဲ?

ကျွန်တော်ကဗျာရေးနေတယ်…
အဲဒီလိုပြောရင်…
`ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့´ မေးခွန်းက
ကိုယ့်ရင်ဘတ်ကိုပြန်ပြန်ဆောင့်တယ်
လက်လှုပ်လှုပ် ခြေလှုပ်လှုပ်
အလုပ်ပြုတ်တာကအစ
စစ်ကြေငြာတာအထိ…
ခင်ဗျားစကားလုံးတွေနဲ့ ထည့်ထည့်လှုပ်တယ်…
ကဗျာဟာ စက်ရုံကထွက်သလို
ပုံစံတူ ဒလဟောနဲ့
လောင်းကစားသမားဆန်ဆန်
ငွေမျောရင်ငွေနဲ့လိုက်
ကဗျာမျောရင် ကဗျာနဲ့လိုက်လို့
ခင်ဗျားအနုပညာကို အဖတ်ဆယ်လို့ရနိုင်ပါ့မလား…
အဲဒီမေးခွန်းတချို့နဲ့
ကိုယ့်ကိုယ်ကိုပြန်တိုက်ခိုက်မိတဲ့ည
ကျွန်တော်ကဗျာရေးလို့မရတော့ဘူး…
ဒါပေမယ့်
ကျွန်တော် ကဗျာကို အသေအချာရေးနေတာပါ…။

မိုးလှိုင်ည

Saturday, March 21, 2009

ဂျုံးနီ

ဂျုံးနီ

ငါအရက်မူးပြန်လာတိုင်း ပြန်လာတိုင်း
ငါ့အရက်နံ့ကို မင်းကြိုဆိုနေကျ၊
လူတွေဟာ
သူတို့သောက်တဲ့ရေကို သူတို့နှာခေါင်းရှုံ့နေကျ၊
လူတွေဟာ
သူတို့ဆောက်တဲ့ အဆောက်အအုံကို သူတို့သည်းငြီးမခံနိုင်ကြဘူး
မင်း ငါ့အရက်နံ့ကို ပျူပျူငှာငှာ လက်ခံနေကျ
အရင်သမား ငါ့ကိုအသိအမှတ်ပြုနေကျ
ဂျုံးနီ
ငါစိတ်အခန့်မသင့်ရင်လေ
မင်းကိုယ်ပေါ် ငါ့ခြေထောက်တွေရောက်နေကျ
ငါ့ဒေါသက
ဘာမှမဆိုင်တဲ့ မင်းကိုယ်ပေါ်
ငါ့ခြေထောက်တွေ ရောက်နေကျ၊
နာလွန်းလို့ မင်းအော်လိုက်ရင်တောင်
မင်း
ငါ့ခြေထောက်တွေ အားနာနေကျ
ဂျုံးနီ
မင်းအင်အားကုန်သုံးပြီး ခုန်ပေါက်ပြေးဝင်လာ
အမြဲတမ်း ငါ့ကိုကြိုတာ
တာဝန်အရလို့ မင်းစိတ်မှာ မထားမရှိတာ
ငါမြင်ရ
ငါရခဲ့တယ်။
ဂျုံးနီ
ငါမင်းကို အသားကောင်းကောင်း မကျွေးခဲ့ဖူးဘူး။
တစ်ခါတစ်ရံတော့
ငါ့စိတ်ကောင်းဝင်နေမှုဟာ
ချောကလက်လေးတွေအဖြစ် မင်းစားရပါတယ်။
ဂျုံးနီ
ငါမှတ်မိတယ်
မင်း မြေကြီးကို တူးတူးပြီးဆော့တတ်တာလေ
ငါ သိပ်ကြည်နူးတဲ့ ရှုခင်းလေးပေါ့
ငါက
မင်းရှေ့ကိုကျော်ပြီး ခဲလုံးလေးတွေ ပစ်တယ်လေ
ဂျုံးနီ
လေတဟူးဟူးထန်နေတုန်းက
မင်းနှုတ်သီးကိုရှေ့ပစ်ပြီး
တအူးအူးတအုအုနဲ့ မင်းအူမြူးနေတာ
ငါဒုတ်နဲ့ လိုက်ရိုက်တော့
မင်းကြောက်ဟန်ဆောင်ပြီး ထွက်ပြေးတာ၊
ဂျုံးနီ
မင်းကိုယ် ၀၀ဖီးဖီးကြီးနဲ့
ငါ့ကို ဆောင့်ဆောင့်တိုးဝှေ့နေကျလေ
ငါလက်ဖျောက် တစ်ဖျစ်တီးလိုက်ရင်
မင်းလိုက်လိုက် ဟီဟီနေကျ
ငါက မာန်မဲလိုက်တဲ့အခါ
မင်းလျှာကြီးနဲ့ငါ့ကို မြန်မြန်လျက်တယ်
ငါက လိုလားတဲ့အခါ
မင်းကျောတွေ ပွတ်ပွတ်ပေးနေကျ
ဂျုံးနီ
ငါ အခုခါ
အဲလိုမျိုး မာန်မဲအရသာခံချင်တယ်၊
ဂျုံးနီ
မင်းမျက်လုံးမှာ
ငါ့မေတ္တာကို မွတ်သိပ်ကြောင်းပြနေကျအရောင်
ငါခု ဒါကို မင်းလိုမွတ်သိပ်နေပြီ။
ဂျုံးနီ
မင်းမှာ အသည်းနှလုံးရှိတာ ငါသိပါပြီ။
ဂျုံးနီ
ငါဘယ်လောက် ရက်စက်သလဲကွာ
မုန့်ပဲသရေစာလေး မင်းကိုကျွေးတာတောင်
မုန့်ကလေးမင်းကိုမြှောက်ပြပြီး
ဖုန်ထဲပစ်ချလိုက်တာ
ဖုန်ထဲကျနေတဲ့ မုန့်ကလေးကို
မင်း စိတ်မာနမထားဘဲ
မင်းနှုတ်သီးနဲ့ ထိုးဟပ်ပစ်လိုက်တာ
(တကယ်တော့
မေတ္တာဆိုတာ ဖုန်ထဲကမုန့်ကလေးပါလားလို့
ငါမသိလိုက်ခဲ့ဘူးကွယ်၊)
ဂျုံးနီ
မင်းနေကောင်းရဲ့လားကွယ်။
ဂျုံးနီ
အိပ်ယာပေါ်မှာ
ဘာမှမလှုပ်နိုင်တဲ့ မင်းသခင်
နောက်ဆုံးထွက်သက်နဲ့ပေါ့ မင်းကိုနှုတ်ဆက်ချင်းရဲ့
ငါ့နောက်ဆုံးထွက်သက်နဲ့ပါ
ဂျုံးနီရယ်။ ။



မောင်ချောနွယ်

Tuesday, March 17, 2009

အလုပ်ပြုတ်ပြီ .. ဘာဆက်လုပ်မလဲ?


အိတ်ကပ်ထဲကိုငုံ့ကြည့်တော့
မြန်မာငွေကျပ် ခုနှစ်ထောင့်နှစ်ရာ့ငါးဆယ်
(ဗိုလ်ချုပ်ခေါင်းနဲ့ ပိုက်ဆံတွေမပါ)
သေချာတာက မနက်ဖြန်
မနက်စောစောထစရာမလိုတော့ဘူး…
အခုညနေစောင်းတော့
စမ်းချောင်းဘက်ဒိုးရင်ကောင်းမလား
ဖိုးသူတော်ကိုပဲ ၀က်မြှီးမှာချိန်းရင်ကောင်းမလား…
မထူးပါဘူး ..နေပူပါတယ်
နီးစပ်ရာ ဘီယာဆိုင်ထဲဝင်
ရွှေပါတ်အသေးတစ်ပြားမှာ
အာလူးကြော်နဲ့ကောက်ဝါးနေလိုက်တယ်…
မနက်ဖြန် သွားစရာအလုပ်မရှိတော့ဘူး
အမေရိကန်မှာ ဆယ့်တစ်သန်း
တရုတ်မှာက နှစ်ဆယ့်ခြောက်သန်းတဲ့
ငါတို့နိုင်ငံမှာလည်း ငါကဘယ်နှယောက်မြောက်လည်း
အလုပ်လက်မဲ့ဖြစ်သွားတာ…
တော်တော်တော့စိတ်ပျက်ဖွယ်အနေအထားပဲ…
မနက်ဖြန်နေမြင့်အောင်မအိပ်မိဖို့အရေးကြီးတယ်
အမေသိရင်စိတ်ပူနေလိမ့်မယ်
အလုပ်သွားချင်ယောင်ဆောင်ရဦးမယ်…
အခုထက်ထိတော့ ကိုယ့်ကိုယ်ကို
စိတ်မပျက်မိသေးဘူး…
မနက်ဖြန်မှာ မဖတ်ရသေးတဲ့ကဗျာတွေရှိတယ်…
မမက်ရသေးတဲ့အိပ်မက်တွေရှိတယ်…
စီးပွားတက်ကပ်ပြီးလို့
စီပွားပျက်ကပ်ဆိုက်တာ….
ဘာဖြစ်လည်း
ဘဏ်လုပ်ငန်းတွေကိုကယ်တင်ဖို့
ငါ့အိတ်ထဲကပိုက်ဆံတွေအကုန်သုံးပစ်မယ်…..။
(ဗိုလ်ချုပ်ပုံနဲ့ပိုက်ဆံတွေမပါ)

မိုးလှိုင်ည

Monday, March 16, 2009

မပျံသန်းရဇုန်

ကိုယ့်အတောင်ပံတွေကို
မယုံတော့ဘူး...
အလှောင်ခံရပြန်များတော့
ဘယ်တော့မှပျံသန်းခွင့်မကြုံတဲ့ကောင်းကင်
စိတ်ကူးယဉ်ကြည့်ရင်တောင်
ခဏခဏပျက်ကျတယ်...
မေမေ
ကျွန်တော်ကိုမွေးတဲ့နေ့ကနေရောင်ခြည်တွေနွေးထွေးတယ်ဆို
တစ်သက်လုံးလောင်မယ့်မီးကို
ဘယ်သူတွေရှို့ခဲ့တာလည်း
အခုတော့အနာဂါတ်လည်းပြာကျသွားပြီ...
ရှင်စရာအသက်ကလွဲရင်
နောက်ထပ်ဘာမှမရှိတော့ပါ...
အမေ့ကိုရှိနေစေချင်တယ်
အမေ့ကို ရှိမနေစေချင်တော့ဘူး
အဲဒီလို ဒွိဟတွေကကျွန်တော်လမ်းတစ်လျှောက်လုံးပဲ...။

မိုးလှိုင်ည

ရန်ကုန်

မရောက်ဖူးခင်ကတည်းက

ငါမုန်းနေတဲ့မြို့ဟာရန်ကုန်ပေါ့

ငါအရောက်ဖူးချင်ဆုံးမြို့ဟာလည်း

ရန်ကုန်ပဲဖြစ်ပြီး…

ငါ့အောင်မြင်မှုကို အပြည့်အ၀ရယူနိုင်မယ့်မြို့လို့

ငါယုံကြည်ရာမြို့ဟာလည်း

ရန်ကုန်ပါပဲလေ။


ရန်ကုန်ရေ… မိတ်ဆွေကြီးရေ

မင်းရဲ့မြေဆွဲအားပေါ်မှာ

ငါရပ်တည်ခဲ့ပုံတွေကိုအမှတ်ရစွာနဲ့

ခုလိုရေးမိပါရဲ့။

နီးနီးလေးကို ဝေးဝေးဖြစ်အောင်မောင်းပို့တဲ့

ရန်ကုန်မြို့ကြီးရဲ့ သုံးဘီးသမားတွေဟာ

ငါ့မုန်းတီးမှုကို

စတင်အတည်ပြုပေးလိုက်သလိုပါပဲ


ကုန်တိုက်အောက်မှာ

ခြောက်ကပ်နေတဲ့ လင်းပိုင်အသေကို

ဇောက်ထိုးဆွဲလို့

အထဲက အဆီတွေတစ်စက်ပြီးတစ်စက်ကျ

လင်းပိုင်ဆီထုတ်ပြီးရောင်းချနေပုံဟာ

ငါမုန်းတဲ့

လူအတွေကို လှည့်ဖျားတဲ့

ရန်ကုန်ပါပဲလေ။


ရန်ကုန်ကို ငါမုန်းတယ်

ဘယ်အချိန်ထိ မုန်းခဲ့သလဲဆိုရင်

သူ့ကို မေတ္တာသက်ဝင်မချစ်ခင်အထိပေါ့

ပညာရယ် သြဇာရယ် အသပြာရယ်

တစ်ခုခုမပါရင်

ရန်ကုန်မှာ ကောင်းကောင်းမွန်မွန်ရပ်တည်ဖို့ရာ

မဖြစ်နိုင်ပါဘူး

မင်းနဲ့ပက်သက်ပြီး ဒီလို

ကြားခဲ့ဖူးတယ် ရန်ကုန်ရေ။


ရန်ကုန်ရေ

မင်းဟာမြွေပွေးတွေကိုလက်ခံထားရသလို

ရွှံ့ရုပ်တွေကိုလည်း လက်ခံထားရရဲ့

မင်းဟာဘဏ်တိုက်ကြီးတွေကို လက်ခံထားရသလို

သူတောင်းစားတွေကိုလည်း လက်ခံထားရရဲ့

မင်းဟာ

ရှေးအဖိုးကြီးများကိုလက်ခံထားရသလို

ကမ္ဘာမှာအတော်ဆုံး မော်ဒန်ကဗျာဆရာတွေကိုလည်း လက်ခံထားရပေရဲ့

ညညဆို

မြွေပွေးတွေ နိုက်ကလပ်ကို တရွေ့ရွေ့တွားသွားကြ

ရွှံ့ရုပ်တွေက ပင်လယ်ထဲ ဒိုင်ဗင်ထိုးကြ

နေ့နေ့ဆို

ဘဏ်တိုက်ကြီးတွေ လမ်းလျှောက်ထွက်ကြ

ငရဲပြည်သွားမယ့်လူတွေကြိတ်ကြိတ်တိုးလို့

ကောင်းကင်ဘုံသွားမယ့် ဘတ်စ်ကားကြီးတွေတစ်စင်းပြီးတစ်စင်း

ထိုးဆိုက်လို့

ရှေးအဖိုးကြီးတွေက မော်ဒန်ကဗျာတွေဖတ်ပြီး ပြုံးလို့

အော်- ရန်ကုန်

ညည ဖောင်ပိတ်ချိန်ရောက်ရင်

မဟာဗန္ဒုလလမ်းပေါ် ငါလျှောက်ရင်း

နီယွန်မီးရောင်အောက်က

ရန်ကုန်မြို့ရဲ့လေထုကိုရှုသွင်းရင်း

အချင်းစာတန် ငါ့နောက်သို့ဆုတ်လော့ဆိုတဲ့

စာသားကို မဆီမဆိုင် သတိရမိပေရဲ့


ညထဲ

အမှိုက်ကားဝင်လာတော့

ကျီးကန်းတွေခုန်ဆင်းလာတဲ့ အချိန်

လမ်းဘေးကဖေးဆိုင်မှာ ငြိမ်ငြိမ်လေးထိုင်လို့

ဒီလိုနဲ့

မင်းကိုငါ အကြောင်းပြချက်မရှိဘဲ

မေတ္တာသက်ဝင်မိတာပါ….။


နေမျိုး


(လူဖြစ်ရတာကောင်းတယ်)ခေတ်ပေါ်ကဗျာစာအုပ်မှ

“ ရန်ကုန် ”

“ ရန်ကုန် ”


လူကြီးကနေ ကလေး...ကလေးကနေ ခွေးအထိ
အဆင့်အတန်းတွေ ခွဲခြားခံရတဲ့....မြို့

နေပူပူအောက်က.....ရမ္မက်ခိုး အတ္တတွေဝေနေတဲ့
ရက်စက်မှု သရဖူဆောင်း
မြန်မာပြည်ထဲက အကောင်းဆုံး....မြို့

မနက်ဆို လူတွေက ခွေးလို အလုပ်လုပ်ရပြီး
ညဆို ခွေးတွေက လူလိုပျော်ကြတဲ့....မြို့

လင်ကွန်း ပြောတဲ့ အမြစ်ပြက်သွားတဲ့စနစ်ကို
တခုတည်းသော ထိန်းသိမ်းသူ အဖြစ် ရှိနေတဲ့...မြို့

အယောင်အယောင် အမှားမှားနဲ့
အဆင်းကို ဘီးတပ်ပေးတဲ့သူတွေ နေကြတဲ့....မြို့

၂၁ ရာစုရဲ့ ခေတ်အနောက်ကျဆုံးနဲ့
အယဉ်ကျေးဆုံး....မြို့

ဒီမြို့မှာ ကြီးပြီး....ဒီမြို့မှာ မနေတော့တဲ့သူတွေက
“ ရွာ ” လို့ တင်စားခံရတဲ့မြို့


ဒါပေမယ့် ကျွန်တော်လည်း ရန်ကုန်ကို ချစ်တယ်
ရန်ကုန်မှာပဲ နေမယ်

ရန်ကုန်က ကျွန်တော့်ကို
အမြဲတမ်း ဆုံးမစရာတွေ ပေးတယ်
မဖြစ်နိင်တဲ့ ဖြစ်ရပ်တွေ ပြောပြတယ်
မဆုံးနိင်တဲ့ တေးသွားတွေနဲ့ ကခိုင်းတယ်
လှပတဲ့ မြင်ကွင်းတွေ ကြည့်ခိုင်းတယ်

အုံနာကြေးနဲ့ မိသားစု စားဝတ်နေရေးအတွက်
အားတင်းလို့ နင်းနေရတဲ့ ဆိုက်ကားသမား တစ်ယောက်ရဲ့ အပြုံး

ကျူရှင်လခနဲ့ အိမ်စရိတ်အတွက်
ဆီပူခံကြော်နေရတဲ့ အကြော်သည်တွေနဲ့
ရေခဲထုတ် ၊ ဖရဲသီးစိပ် ၊ ရွှေရင်အေးသည်တိုရဲ့
ရင်မအေးနိင်တဲ့ ခေါင်းပေါ်က ဘ၀အမော

ရန်ကုန်ဟာ...ပဟေဋ္ဋိဆန်တဲ့
စာအုပ်တစ်အုပ်လိုပါပဲ
သူ့သဘောကို နောကြေရင် အမှတ်များများရမယ်
ဆိုတဲ့ အတိုင်းပဲ

လူတွေကို လှည့်စားနေသလိုနဲ့
လူတွေရဲ့ ပြန်လှည့်စားခြင်းကြောင့်
ခေါင်းစဉ်အမျိုးမျိုး အတပ်ခံနေရတဲ့

မြို့...........

ဆိုးသွမ်း

ငါ ရင်မခုန်တဲ့ ရန်ကုန်

တကယ်တော့ ငါလဲ
ရန်ကုန်သူပါပဲ
ဒါပေမယ့်
ညစ်ကျယ်ကျယ် လူတစ်ယောက်
မဟုတ်တာတော့ သေချာတယ်...

ရန်ကုန်ကို ရင်မခုန်တဲ့
ရန်ကုန်သူစစ်စစ်
အမှန်တရားကိုတော့ ချစ်တတ်တယ်...

အဲဒါကြောင့်လဲ
ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ ရန်ကုန်
နေရတာ မလုံခြုံဘူး...

အတို အကပ် အကွဲ အပြဲတွေနဲ့
ဆေးရောင်စုံတဲ့ ရန်ကုန်
စိတ်ကုန်နေတာကြာပေါ့...

ဂလိုဘယ်ယဉ်ကျေးမှုထဲမှာ
ပေါလောမျောနေတဲ့ ရန်ကုန်
တကယ့်ကို မာယာဘုံပါပဲ...

ရန်ကုန်ရဲ့ မြို့ပြညနေခင်းတွေက
အိပ်တန်းပြန်ငှက်တို့ရဲ့ ညည်းချင်းနဲ့
နွမ်းလျစွာ အသက်ဝင်နေမြဲပေါ့..

ပဉ္စလက်ဆန်တဲ့ အိပ်မက်တွေနဲ့
ရန်ကုန်ဟာ ပြုစားတတ်တယ်...

မုသားနှောတဲ့ အပြောတွေနဲ့
ရန်ကုန်ဟာ လူ့အကြောနပ်တယ်...

ဒါပေမယ့်လဲ
ဘာသာတရားအရတော့
ရန်ကုန်ဟာ မချို့တဲ့ရှာပါဘူး

အခါကြီးရက်ကြီးတွေတိုင်း
တန်ခိုးကြီးဘုရားတွေမှာ
လူတွေ အုံကာဝိုင်းလို့...

ဒါဟာ
ဗုဒ္ဓဘာသာတိုင်းပြည်ရဲ့ ပြယုဂ်
ရွှေတိဂုံဘုရားဟာ
ရန်ကုန်သားတွေအတွက်
ခိုလှုံရာ အေးရိပ်တစ်ခုပေါ့...

ဒီတစ်ခုကလွဲ
ရန်ကုန်ဟာ ငါ့အတွက်တော့
မက်စရာ နတ္ထိပါပဲ...

ဘယ်လိုပဲ ဆွဲဆောင်ပါစေ
မင်းပျော်မွေ့တဲ့ ရန်ကုန်
ငါ့ကို ဘယ်လိုနည်းနဲ့မှ
ရင်မခုန်စေဘူး သူငယ်ချင်းရေ...။

ဆုဝေ

မိုးတွေလှိုင်နေတဲ့ ရန်ကုန်

ရန်ကုန်မိုးပေါ့
ရုတ်ချည်းဆိုရင် သည်းသည်းမည်းမည်း
နှစ်နှစ်ကာကာ
ဝုန်း ...
ဝုန်း ...
ဝုန်း ...
ဒီလိုနဲ့
ဒရောနဲ့ သောပါးမှာ
အဝေးတစ်နေရာကနေ လွမ်းဖို့
ရန်ကုန်ကို လမ်းခွဲတယ် ...
ကိုယ့်အိမ်ကိုယ့်ယာကို မှန်းပြီး လွမ်းရတာလောက်
ဘယ်အရာမှ ဖီလင်မလာတော့ဘူး
ခုလည်း မိုးတွေက လှိုင်နေတုန်းလား ရန်ကုန်???

ကိုဖြိုး

Thursday, March 12, 2009

"ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ချစ်နေတုန်းပဲရန်ကုန်"

( ရန်ကုန်ဆိုတာ ကျနော်တို့ တွေရဲ့ အထင်ကရ မြို့တော်တစ်ခုဖြစ်ခဲ့တယ် ...။
ခုတော့လဲ အလို မတူပဲ မြို့ဟောင်း တစ်ခု အဖြစ်လျှောကျသွားပါပြီ သင်္ခါရ
တရားကြောင့်ပဲ ထင်ပါ့ရဲ့ ....။
သူဟာ ကျနော်တို့ ခန္ဓာကိုယ် ထဲက သွေးကြောမကြီး တစ်ချောင်းဖြစ်တယ် ....။

ကျနော်တို့ တွေဟာ သူ့ရင်ခွင်ထက်မှာ အချိန်ကာလ အတော်များများ ပျော်ပါး
မြူးတူး ခဲ့ကြ ဘူးပါတယ် ...။ ခေတ် အဆက်ဆက် ကအနုပညာ သမားတွေက ရန်ကုန်ကို
အကြောင်းအရာ အမျိုး မျိုး အနုပညာပုံသဏ္ဍန် အမျိုးမျိုးနဲ့ ဖွဲ့ဆို
သီကုံးခဲ့ကြတယ် ... ။
ခု ဒါဟာ ကျနော်တို့အလှည့်မှာ ရင်ဘတ်ထဲက ရန်ကုန်ကို အရှင်လတ်လတ်
ဆွဲထုတ်ပြလိုက်တာပါပဲ .......။ )

"ဘာပဲဖြစ်ဖြစ် ခင်ဗျားကို ချစ်နေတုန်းပဲရန်ကုန်"



အပေါစား မိတ်ကပ်တွေ လိမ်းထားတဲ့
မိန်းမပျက် တစ်ယောက်လို အပြုံးနဲ့
ခင်ဗျားဟာ ခုထိ လှနေတုန်းပဲ ရန်ကုန် ........။

ခင်ဗျား ရဲ့ ဇရာ အရေးအကြောင်းတွေကို
မသိမသာ ဖုံးထားပြီး
ကိုယ်လုံးအလှ တမင်ပေါ်အောင်
ပါတိတ်အတု တစ်စုံနဲ့
မံမီကောင် လို ကျပ်စည်းထားတဲ့
ခင်ဗျား ကို
ရင်ခုန်နေတုန်း ပဲ ရန်ကုန် ........။


မြစ်တခုမှ ရေ၂ခါ ချိုးလို့ မရပေမဲ့
ခင်ဗျား ရင်ခွင်ထဲမှာ တော့
လူးအိုင်ထဲက ကျွဲတစ်ကောင်လို
စိန်ပြေနပြေ ကို ကူးချင်နေသေးတဲ့ကောင်ပါ.......။


မြီးကောင်ပေါက် မလေး ဝက်ခြံထသလို
ခင်ဗျား မှာလဲ ကျင်းတွေချိုင့်တွေ ထလို့....
လသာတဲ့ ညတွေမှာ ပြသနာမရှိပေမဲ့
လမိုက်ညတွေဆို ...
ခင်ဗျားက အကျည်းတန်လွန်းတယ် ရန်ကုန် ......


ခင်ဗျားကို ကျပျောက်တဲ့ညတွေနဲ့
ကျုပ်ကိုယ်တိုင် ပျောက်သွားတဲ့ နေ့တွေ
တဖြေးဖြေးသာ များလာတယ်
ကျုပ်တို့ ၂ ယောက်ကြား ဘာမှ မထူးခြားဘူး မဟုတ်လား....။


တောသူလေး ဒဂုန်ဘဝက
ခုန်ထလာတဲ့ ရန်ကုန်ဟာ
၂၁ရာစု အလယ်ခေါင်မှာ
ဂလိုဘယ် ဆန်ချင်ရှာသတဲ့လေ.....


မိတ်အင် ချိုင်းနားနဲ့
ကြီးထွားနေတဲ့ ..ရန်ကုန်က
မီနီစကတ်ဝတ်ရ ...
နိုက်ကလပ် တက်ရ...
ကိုရီးယား လိုနှုတ်ဆက်ရ...
နှစ်သစ်ကူး ညစာစားပွဲတွေ ကျင်းပရနဲ့
သူ့ခမျာ မအားရရှာပါဘူး.......။


ပျိုရွယ်စဉ် လှနေတုန်းတော့
ဘောင်းဘီဝတ် မိုးတိမ်တွေ
တမိုးလုံးထိန်နေပေမဲ့
အရှိန်ကုန် ရနံပြယ်တော့လဲ
စွန့်ပယ်လိုက်ကြတာပဲ မဟုတ်လား.....ရန်ကုန်


ခုများမတော့ ရန်ကုန်ဟာ
၂၄ နာရီ မလင်းရှာတဲ့
မီးဝါဝါလေးတွေကို ပန်းလိုပန်လို့ .....
ဒုက္ခသည် တွေမွေးဖွားရာ
မီးနေခန်းကြီးကို ဖြစ်လို့
ရှိသမျှ စုပ်ယူခံထားရလို့
ကြိတ်စက်ထဲက ထွက်လာတဲ့
ပျော့ဖတ်တစ်ခုလို
ဖြူဖတ် ၊ ဖြူလျှော် နဲ့ .....
ကူးစက်ရောဂါ သယ်ဆောင်လာသူ တစ်ယောက်လို
ခွဲခြားဆက်ဆံ ခံရရှာတယ်လေ.............။



မွဲပျာပျာ ၊ခြောက်ကပ်ကပ်နဲ့
ပေါ့ပျက်ပျက် ရန်ကုန်........................

ငွေကို ဘုရားလို
ကိုးကွယ်ထားခဲ့တဲ့ရန်ကုန်.................

အရောင်းမြှင့်တင်ရေးပွဲတွေကို
လိုက်လိုက်ငေးနေရတဲ့ရန်ကုန်..............

ရန်ကုန်မှာ ချက်တဲ့မုန့်ဟင်းခါးကို
ဧရာဝတီသားလို့ ပြောမှ
အရောင်းသွက်ရှာတဲ့ ရန်ကုန်..................

ရန်ကုန်သားတွေကို
ဘိလိယက် လို ကစားခဲ့တဲ့ ရန်ကုန်...............

အင်္ဂလန်ဘောသမားတွေကို
ပက်ပက် စက်စက် အားထားခဲ့ တဲ့ရန်ကုန်...........

သူကိုယ်သူ အပေါင်ထားပြီး
ဘဝတစ်ခုလုံး လောင်းတမ်း ကစားခဲ့ရှာတယ် .......


ဘာပဲ ဖြစ်ဖြစ် ခင်ဗျားကို
ချစ်နေတုန်းပါပဲ ရန်ကုန်......................။


ဖုန်းမြင့်

မြင်ရတဲ့ဂီတ

"အမှန်တရားရေ မင်းတရားလွန်လွန်းပြီ။

မောင်ချောနွယ်

ရန်ကုန်ဟာ

ပြောရခက်တယ်

အညှာလွယ်တယ်။

ပေါက်ကွဲရန်အသင့်တွေ

ပိုးမွှားတွေ

ဆက်သွယ်ရေးတွေ

ဓါတ်ကြိုးအဟောင်းတွေ

မင်းသားအဟောင်းတွေ။

အမေညစ်တဲ့

အလေအလွင့်တွေ

ဓါတ်ကြိုးတန်းမှာငြိမလား

ဆက်သွယ်ရေးမှာမိမလား။

ဘယ်လိုသတင်း

ဘယ်လိုဒဏ်ရာနဲ့

အိမ်ပြန်လာမလဲ

တဖွဖွ

တထိတ်ထိတ်ကြိတ်မှိတ်လို့။

သူငယ်ချင်းတစ်ယောက်ကပြောတယ်

"အများဆုံးနေရတစ်နှစ်ပေါ့ကွာ"….။

ရန်ကုန်ဟာပိုးမွှားအဆန်းတွေနဲ့ဆန်းတယ်

မာယာများတယ်

သိမ်မွေ့တယ်

လှတယ်

ကျပ်တည်းတယ်

ယဉ်ကျေးစွာယုတ်မာတယ်…။

ရန်ကုန်ဟာအရပ်ရှည်သလောက်

အရိပ်မရှည်ဘူး…။

ဆေးတစ်ခွက်

ထမင်းတစ်နပ်နဲ့

ဘုရားသခင်လုပ်ချင်သူများတယ်…။

ရန်ကုန်ဟာလူတစ်ယောက်ရဲ့ပုံတူလား

လူဆယ်ယောက်ရဲ့ပုံတူလား

လူတစ်ရာရဲ့ပုံတူလား…။

ရန်ကုန်ရဲ့အရိပ်ဟာ ရန်ကုန်ရဲ့အရိပ်လား

ရန်ကုန်ရဲ့အရောင်ဟာ ရန်ကုန်ရဲ့အရောင်လား

ရန်ကုန်ရဲ့အစွန်းအထင်းဟာ

ရန်ကုန်ရဲ့အစွန်းအထင်းလား…။

"မေးခွန်းများဟာ လျှာများကိုအပျင်းပြေစေတယ်။"

သစ္စာနီ

"မေးခွန်းများဟာ ဂျပိုးများပေါက်ဖွားရာအိပ်ရာဖြစ်တယ်"

ဘခေါင်

ရန်ကုန်ဟာပါးလျတယ်

ကြွတ်ဆတ်တယ်

ရွေးရခက်တယ်

ရေစိုမခံဘူး….။

ရန်ကုန်ဟာ

သေရာပါမယ့်

ဆေးမင်ကြောင်တွေများလာတယ်

အတင်းပွထားတဲ့ ဘောင်းဘီတွေပွလာတယ်

အတင်းဖြောင့်ထာတဲ့ ဆံပင်တွေဖြောင့်လာတယ်။

ရန်ကုန်ကအညှာလွယ်တယ်

အမှားလည်းမခံဘူး

ပြီးတော့

အမှန်လည်းမခံဘူး…။…။


ဘခေါင်

ဆေးရောင်စုံရန်ကုန်

ရင်ခုန်လွယ်ရင်တော့
ရန်ကုန် ကိုမလာနဲ့…..
ရန်ကုန်ဟာ
မျက်နှာပြင်ခြောက်ဖက်အံစာတုန်းလို
တွက်ချက်လို့မရဘူး
ရန်ကုန်ဟာအရောင်စုံတယ်
မာယာပေါတယ်….
ရင့်ကျက်တယ်…
ဘယ်သူကိုမှအတည်တကျလက်မထပ်သလို
ဘယ်သူ့ကိုအသည်းမခွဲဘူး…
ကိုယ့်ဟာကိုယ်အသည်းငယ်တတ်ရင်
ရန်ကုန်နဲ့မပက်သက်နဲ့
ရန်ကုန်ကတော့ မငဲ့ညှာတတ်ဘူး…
အရင်ကတော့ရန်ကုန်ဟာ
ဆည်းဆာထဲက အပျိုမလိုလှတပတ
အခုတော့
ရန်ကုန်ဟာ လင်ဆိုးမယားတဖားဖား
မုဆိုးတပိုင်းမိန်းမရိုင်းကြီးကိုဖြစ်လို့
ရန်ကုန်ရဲ့ဒဿနက
တုံးတိုက်တိုက်ကျားကိုက်ကိုက်
ရဲရင်မင်းဖြစ် မင်းဖြစ်ရင်မင်းခံ
ရန်ကုန်ဟာ
ဟေရာကလိုက်တပ်စ်မြစ်ကိုလည်း
အကြိမ်ကြိမ်ရေချိုးဆင်းဖြစ်တယ်…
သိုက်ဆရာအလိုအရ
ရန်ကုန်ဟာသိုက်နန်းကျတယ်..
ချမ်းသာချင်တဲ့အရူးတွေရောက်ရောက်လာပေါ့
ရန်ကုန်ဟာ
သူ့လင်သူ့သားတွေကို မလေးရှားပို့ပြစ်တယ်
ရန်ကုန်က ရန်တွေဘယ်လောက်စုံစုံရင်မခုန်ဘူးတဲ့
ဒဏ်တွေဘယ်လောက်ကြုံကြုံမဖြုံခဲ့ဘူး…


ရန်ကုန်ဟာရန်တွေကုန်တဲ့အထိ
ထောင်စုရာစုများကိုဖြတ်သန်းလာခဲ့ပြီ

မိုးလှိုင်ည

(ရန်ကုန်လို့ အသံကြားလိုက်ရင် ကျွန်တော်ဘာမှန်းမသိရင်ခုန်သွားတတ်တဲ့
အလေ့တစ်ခုရှိတယ်... ရန်ကုန်ဆိုလိုက်ရင် စိတ်ပူလာသလို စိုးရိမ်လာသလို
ဂုဏ်ယူမိသလို ကြေကွဲလာသလို ဖြစ်တတ်တယ်... ကျွန်တော်တစ်ယောက်
တည်းအတွက်ကော ကျွန်တော်သူငယ်ချင်း တွေနဲ့ ခေတ်ပြိုင်ဖြတ်သန်းမှု
သမိုင်းအရပါ... ရန်ကုန်ဟာကျွန်တော်တို့ရင်ခုန်သံပါ... ကမ္ဘာပေါ်က တခြား
မြို့ကြီးပြကြီးတွေကို အံ့သြမှုတွေ အားကျမှု မျော်လင့်ချက်တွေ မက်မက်စက်စက်
ကြည့်ချင်ကြည့်မိမယ်.... ဘယ်တော့မှ ရန်ကုန်ဆိုတဲ့ ရသကို မှီအောင် ကျွန်တော့်
ရင်ဘတ်ကိုမလှုပ်ခတ်နိုင်ဘူး... အဲဒါကြောင့်ပဲ ကျွန်တော်လို့ ရန်ကုန်ကိုချစ်နေမယ့်
သူငယ်ချင်းတွေဖတ်ဖို့ ... ရန်ကုန်နဲ့ဝေးနေတဲ့ရန်ကုန်သားတွေအတွက် အခု ရန်ကုန်ကဗျာ
လေးတွေကိုပြန်စုစည်းတင်ဆက်လိုက်ပါတယ်... ရန်ကုန်ကဗျာတွေကို ရေးဖွဲထားခဲ့ကြတယ်
ဆရာအောင်သာငယ်၊ဆရာ မောင်ဖုန်းမြင့်၊ ဆရာဘခေါင် တို့ကို အထူးကျေးဇူးတင်ရှိပါတယ်...
အားမလျှော့နဲ့ ရန်ကုန်... တစ်နေ့တော့ငါတို့ပြန်လာမယ်.... )


မိုးလှိုင်ည

ရန်ကုန်လွမ်းချင်း

ရေညှိ အထပ်ထပ် တက်နေတဲ့ ကျောက်တုံး စိမ်းစိမ်းလို
ကား အိုအိုကြီးတွေ
လူတွေကို မျိုမျိုချထားလိုက်သမှ
ဗိုက်တွေဆို ပြဲကားလို့....


သေနတ်နဲ့အကြိမ်ကြိမ် ပစ်ခံရလွန်းလို့
သွေးစွန်းထားတဲ့
သူ့အသားတွေကိုတောင်
မေ့ထား ချင်ယောင် ဆောင်ရင်း
မျက်မှောင် ခပ်ကြမ်းကြမ်း ကြုပ်ထားကြရရှာတဲ့
ကတ္တရာ လမ်းမများကတော့...
လူသွားလူလာ မပြတ်....


အနှစ် ၂၀ ပြည့်သွားပြီ
လက်သီးဆုပ်ရာကနေ
လက်အုပ်ချီသွားကြတဲ့
လူ့ ငနွားတွေ
ကိုယ့် အရေပြား ကိုယ် ခွာ
ဦးနှောက်ပါ အရောင်းအ၀ယ်ဖြစ်နေတဲ့
ဝတ်လစ်စလစ် ဈေးများ....
စည်စည်ကားကား....


အတတ်ပညာအစား
မြေပုံအမှားတွေကို
သင်ကြားနေကြရတဲ့
ကျောင်းသူကျောင်းသားတွေနဲ့
ဟောင်းမြင်းနေဆဲ စာသင်ခုံများ....
အရင့်အရင်ကပုံစံအတိုင်း...


မီးဖိုချောင်တွေထဲက
ယင်ကောင်မနားတဲ့
ဟင်းအိုးများတောင်
လေးထောင့်စပ်စပ်တွေဖြစ်လို့...
ဘယ်နေရာမှာရပ်ရပ်
နံရံတွေကလွဲရင်
ဟင်းလင်းပြင်ကို မမြင်ရပါဖူးတဲ့
စိတ်ပျက် ညစ်ညူးနေသော စက်ရုပ်များ
လမ်းသွား လမ်းလာ မပျက်တဲ့
အေးစက်စက် ရပ်ကွက်တွေ....


ဈေးအကြီးဆုံးအရာတွေကို
စာရိတ္တနဲ့လဲလှယ်ရာ
မာယာတော...
ဗျာပါတော...
ဗုဒ္ဓေါ သံကြားနေလျက်က
သောက မပျက်
မြို့ကြီးရဲ့ သွေးကြောနက်နက်တွေထဲ
ဆက်လက်ချီတက်မြဲ ချီတက်လို့.....


အရင်အတိုင်းပါပဲလား...
ရန်ကုန်ရယ်...
ငါ့ ရင်ခုန်သံတွေကတော့
နှေးနှေးလာနေပါပေါ့.....



အောင်သာငယ်

Wednesday, March 11, 2009

ရန်ကုန်

ရန်ကုန်

ညစ်ပါတ်တဲ့မြစ်တွေနဲ့ရွှေတောင်ဘုရားကြီးရှိတဲ့နိုင်ငံ

ပက်ဘလိုနီရူဒါ ရန်ကုန်ကိုရောက်တုန်းက

အဲဒီလိုပြောခဲ့ဖူးတယ်…

အားလုံးက ဒီနေရာကိုစုန်ဆင်းလာတယ်

အတော်များများက ဒီနေရာကဆန်တက်သွားတယ်

နံရံတွေဟောင်းနွမ်းကုန်တယ်

တချို့လမ်းတွေကချောမွေ့လွန်းနေပြီး

တချို့အိမ်တွေက မီးထိန်ထိန်လင်းနေတယ်…

ညဘက်မြစ်တွေပေါ်ကဖြတ်ရင်

ရေထဲကလရိပ်ကိုကယောင်ကတမ်းဆယ်မိလိမ့်မယ်…

ဘီယာဆိုင်တွေမီးမှိတ်သွားရင်

လမ်းဘေးက ကွမ်းယာဆိုင်လေးတွေမှာ

Led မီးအိမ်လေးတွေလင်းနေလိမ့်မယ်…

စူးစူးဝါးဝါးအော်သံတွေနောက်လိုက်ရင်

သီရိမင်္ဂလာဈေးထိပါသွားလိမ့်မယ်…

မိုးလင်းတော့ ပလက်ဖောင်းတွေကိုကျော်ခွသွားပေါ့

တချို့လမ်းတွေက အပေါက်ကျွံ့နိုင်ပြီး

တချို့အိမ်တွေက မိုးမလုံတုန်းပဲ

တချို့ဘ၀တွေက အသက်မရှိပဲ

တချို့ ၀ိညာဉ်တွေကတော့ ဘ၀မရှိဘူး…

ရန်ကုန်

အခုတော့ ညစ်ကျယ်ကျယ်လူတွေပဲ ပိုများလာသလားလို့


မိုးလှိုင်ည

မိုးလှိုင်ည => မေ့သမီး ရေ ကျွန်တော်ရန်ကုန်သားပါ….။

Sunday, March 8, 2009

စွမ်းအင်သီဝရီ၊ကော့ပါနီးကပ်တရား၂၁ရာစုဂျင်းစကပ်လေး

ပြာကျသွားတဲ့မီးတောက်ကို

ပြန်ခြေရာကောက်နေရသလို

အတိတ်ဟာတယုတယနာကျင်နေခဲ့ရတယ်..။


စွမ်းအင်သီဝရီ၊ကော့ပါနီးကပ်တရား၂၁ရာစုဂျင်းစကပ်လေး


ကမ္ဘာကြီးလည်တာနဲ့မလုံလောက်လို့

သံသရာပါထပ်လည်ခိုင်းထားရတာ

ဝဋ်ကြွေးတွေကလည်းအထပ်ထပ်လည်တယ်

ဂျင်းစကပ်ဝတ်တဲ့ခပ်လည်လည်ကောင်မလေးရေ

ငါ့အချစ်တွေသာ အဟောသိကံဖြစ်ခဲ့ရပေါ့


အတိတ်ဟာအတိတ်ပဲ

အခုတော့အရိပ်လိုတစ်ကောက်ကောက်

စကြာဝဠာမှာအချိန်တွေဆိတ်သုဉ်းသွားမယ့်

သီအိုရီကို ဘာဖြစ်လို့ဘယ်သူမှရှာမတွေ့သေးတာလည်း


အမှန်တရားက

ပူလောင်လွန်းတယ်လို့ကော့ပါးနီးကပ်တွေးမိနိုင်သလို

ငါကလည်း

အမှန်တရားကိုဘောလုံးတစ်လုံးလို

နံရံနဲ့ပစ်ပစ်ကန်ချင်တယ်

နံရံတွေပြိုကျအောင်လို့


မင်းကလည်းခဏခဏ အသွင်ပြောင်းတယ်

ငါ့ဝါကျကလည်း ခဏခဏအရေခွံ့လဲလို့


ဘာကိုမှမမုန်းပဲနဲ့တော့

ဗုံးသီးက စနစ်တံကို

ပါးစပ်နဲ့ကိုက်မဖြုတ်ဘူး


အခုငါတီထွင်နေတယ်

စင်္ကြ၀ဠာကိုရပ်တန့်ပစ်နိုင်မယ့်

ရီမုဒ်ကွန်ထရို…

အဲဒါဆိုမင်းရောငါရောအမြဲတမ်းအတွက်သရေပွဲပဲ…။


မိုးလှိုင်ည

Tuesday, March 3, 2009

တနလာင်္နေ့ထဲက နွေဦးရာသီ

တနလာင်္နေ့ထဲမှာ
ဘယ်အရာကိုမှပြင်းပြင်းထန်ထန်ရှာမတွေ့ဘူး
မျက်စောင်းမထိုးပါနဲ့တဲ့
တယ်လီဖုန်းလည်းမလာဘူး
Email လည်းတစ်စောင်မှမလာဘူး
ငါတစ်ယောက်တည်းမှောင်နေရတယ်
ကောင်မလေးရယ်
ဘယ်အချိန်ထိများနွေရာသီကို
ငေးစိုက်ကြည့်နေရမှာလည်း
တစ်ယောက်ကတော့ပြောနေရဲ့
ဒီလိုနွေရာသီမျိုးပေါ့
သစ်သီးချိုတွေခူးဆွတ်ခဲ့ဖူးတာ
ငါတို့နှစ်ယောက်ကြား ဘ၀တွေက
တောပြုန်းသွားခဲ့ရတာကြာပြီလေ
ဒီနွေရာသီမှာ
ငါကလည်းဆူးခက်တွေနဲ့
မင်းကလည်းအငွေ့ပျံလွယ်လို့
ဘယ်သူကမှလည်းမပြောဖြစ်ကြဘူး
မနက်ဖြန်မှာလည်း
အပူချိန်ဆက်လက်မြင့်မားမယ်လို့


မိုးလှိုင်ည