Pages

Tuesday, September 30, 2008

ငါ့ရင်ထဲမှာနက်ရှိုင်းခဲ့ပြီ…စက်တင်ဘာ

၂၀၀ရ စက်တင်ဘာ
ငါ့ရင်ကို ထိုးခွဲဝင်လာပြီ…
နာကျင်ခံခက် လက်သီးတွေကျစ်ကျစ်ဆုပ်
မျက်ရည်တွေတွေကျ
နှလုံးသားကိုဓားရှသလို…
ဘုရားသားတော်တွေကိုမှ
ဓါတ်တိုင်ကြိုးတုပ်ရိုက်နှက်တတ်သတဲ့လေ
ကမ်းကုန်အောင်အစွမ်းကုန်ယုတ်မာပေါ့
အာဏာရှင်ရယ်….
ကမ္ဘာကျေသော်မှဥဒါန်းမကျေနိုင်..
ငါတို့မှာအံကျိတ်ရင်းကြေကွဲ
သွေးအသက်မျက်ရည်ကလွဲလို့
ငါတို့ပြည်ကိုဘာပေးမလဲ….။

လွန်ခဲ့တဲ့၁၉နှစ်…
ငါခြောက်နှစ်သားဘဝ
သိဟ်ရာသီဖွား ၈ ဂဏန်းသမားငါ
မွေးနေ့မှာ အမေက
ထမင်းသုပ်လေးနယ်ဖတ်ကျွေးဖို့
သားရေ လမ်းထိပ်မှာပဲမှုန့်လေးသွားဝယ်ဆိုတော့
ကလေးပီပီပြေးထွက် လမ်းပ်ါမှာလေ
ငါမြင်ရတာက
စစ်ကားသုံးစီး…
လူတွေကစစ်ကားကိုခိုးကြည့်
ကျောင်းသားတွေတက်လာပြီဒုက္ခပါပဲ
ညည်းသူကညည်း
သတိပေးဖို့ကြိုးစားသူကကြိုးစား
တားချင်သူကတားဗျာများကြတဲ့ကြားထဲ
ရိုင်ဖယ်သံတစ်ဂျိမ်းဂျိမ်း
ပေတစ်ရာလမ်းမှာသွေးအလိမ်းလိမ်း
ဒီမိုကရေဆီတောင်းတာနဲ့
၁၆ နှစ်သားဟာ နိုင်ငံတော်လုပ်ကြံမှုကိုစီမံ
သူတို့အမြင်မှာသေဒဏ်
ဒီလိုနဲ့ ငါ့မြင်ကွင်းတွေေ၀၀ါး
လမ်းပေါ်မှာ လူအုပ်လိုက်သွား
ကိုယ့်နစ်နာမှုကိုတောင်းဆိုတာ
တခြားကမ္ဘာမှာပဲရှိတယ်ထင်ခဲ့
ငါတို့အတွက်မဟုတ်ဘူး…

ငါ့အသက် ၂၆
ဘယ်တစ်ယောက်ကိုမှမဲမပေးဘူးဖူး
ငါ့တို့လူ့အဖွဲ့အစည်းကို ငါတို့ယုံကြည်တဲ့
ခေါင်းဆောင်ဦးဆောင်ခွင့်ပေးဖို့ တောင်းဆိုလို့မရ
ငါ့ရဲ့နိုင်ငံသားဖြစ်ခွင့်ဟာ
တန်ဖိုးရှိရဲ့လား
စစ်ဖိနပ် အောက်မှာငါရဲ့နိုင်ငံသားချင်းတွေရဲ့
ဂုဏ်သိက္ခာတွေကျိုးကျေခဲ့ရပြီ
သားပျောက်ရှာတဲ့ငါ့အဘွား
ထောင်နာမည်အမျိုးမျိုးကိုအလွတ်ရသွားခဲ့တယ်
အမေ့ကငါ့ကို နိုင်ငံရေးနဲ့မပက်သက်ဖို့
အမျိုးမျိုးနားချတယ် သူ့ရင်ထဲမှာလည်း
ဒဏ်ရာတွေရသွားဖူးတာကို….။

ဒါပေမယ့်နိုင်ငံရေးကို
နိုင်ငံသားတွေမှမလုပ်ရင် ဘယ်သူတွေလုပ်ဖို့လဲ
အုပ်ချုပ်ခံဝါဒဟာနှစ်ပေါင်းရာချီနောက်ကျခဲ့ပြီ
လူဆိုတာကိုယ့်ကိုကိုယ်အုပ်ချုပ်ရတယ်
ကိုယ်လုပ်ရပ်ကိုယ်တာဝန်ယူ
တူညီမျှတတဲ့ ဥပဒေအောက်မှာ
ဘယ်သူ့ကိုမှမော်ဖူးစရာမလိုဘူး
ဒီလိုငါမျော်လင့်ခဲ့ဖူးတယ်….။


ဒီလိုနဲ့နှစ်တွေသာကြာ
၂၀၀ရ စက်တင်ဘာမိုးစက်တွေကြား
လောကသစ္စာတရားဟာ
လမ်းလျှောက်ထွက်လာခဲ့ပေါ့…
ဗုဒ္ဒသားတော်တွေက
တစ်နိုင်ငံလုံးအတွက်လမ်းပေါ်ထွက်ပြီ
ဝေနေယျ အများအတွက်မေတ္တာဓါတ်စည်းဖျန်း
မကျွတ်လွတ်နိုင်သေးတဲ့ တစ္ဆေတွေအတွက်ပါ
အမျှဝေလေရဲ့
မိုးတွေရွှဲတဲ့စက်တင်ဘာပေါ့
သမိုင်းတစ်ခေတ်မှာသန့်စင်မှုနဲ့နက်ရှိုင်းစေခဲ့ပြီ…။


မိုးလှိုင်ည

(စက်တင်ဘာရဲ့နောက်ဆုံးတစ်ရက်မှာ

ဒီကဗျာလေးကိုပြန်ဖတ်မိတယ်.......

ငါတို့တွေမမေ့သေးဘူး...ဘယ်တော့မှလည်းမေ့တော့မှာ

မဟုတ်ဘူး... စက်တင်ဘာ သမိုင်းကြွေးကိုထိုက်ထိုက်တန်တန်

ပြန်တောင်းဆိုဖို့......)

Sunday, September 28, 2008

အမည်မဲ့

အရူးနှစ်ခါဖြစ်ရတယ်

ချစ်မိတာရယ်...ဖွင့်ပြောမိတာရယ်

ဘယ်သူပြောသွားတာလည်းမမှတ်မိတော့ပါ…


အခုတော့ငါက

အရူးလေးခါ…

နှစ်ခါချစ်မိလို့နှစ်ခေါက်ဖွင့်ပြောမိတယ်


ကိုယ့်ရင်ဘတ်ကိုပဲကျိန်ဆဲရမှာ

အခါခါပျိုးခဲ့သမျှချစ်ခြင်းက

ဘယ်အခါမှသီးပွင့်မလာဘူး…


ငါဟာမင်းမပါရင်

အဲဒီလမ်းကိုငေးယုံပဲတတ်နိုင်ခဲ့

ချွှင်းဂန်းဝါးရင်းငါစောင့်ဆိုင်းခဲ့

ဘတ်စ်ကားမှတ်တိုင်လေး

စည်ပင်နယ်နိမိတ်ထဲကနေ

ဖျက်သိမ်းခံလိုက်ရ…


အရူးတစ်ယောက်ရဲ့

နှလုံးသားနယ်နိမိတ်မှာ

ချစ်ခြင်းကိုဘယ်တော့မဖျက်သိမ်းဘူး


ကောင်မလေးရေ

ကောင်မလေး…ရေ

နောက်ထပ်လာမယ့် ဒဏ်ရာတွေအတွက်တော့

ငါ့ရင်ဘတ်မှာ

နာကျင်မှုလက်ကျန်မရှိတော့ပါ…။


မိုးလှိုင်ည


(ဘာခေါင်းစဉ်တပ်ရမယ်မှန်းမသိလို့

ဆရာသစ္စာနီရဲ့ အမည်မဲ့ ကဗျာတွေလို

အမည်မဲ့လို့ပဲ ခေါင်းစဉ်ပေးလိုက်မိတယ်)

Saturday, September 27, 2008

အမှတ်တံဆိပ် တစ်ခုတပ်ပေးပါ

ဟောဒီကောင် လူဖြစ်ကြောင်း သက်သေထူဖို့ ...
အဆင့်အတန်းမြင့် လူတစ်ယောက်ဖြစ်ကြောင်း သက်သေထူဖို့ ...
ဘာတတ်ကြောင်း ညာတတ်ကြောင်း ...
ဘာတွေကို ဘယ်လိုလုပ်ခဲ့ကြောင်း ...
သက်သေတွေထူဖို့ ...
အမှတ်တံဆိပ်တစ်ခု တပ်ပေးပါ ...

ဈေးကောင်းကောင်းနဲ့ ရောင်းဝယ်ဖောက်ကားနိုင်စေဖို့ ...
လူတကာငေးမောအားကျနေစေဖို့ ...
ဒင်္ဂါးသံတစ်ချွင်ချွင်ပေး ခြေအေးဝမ်းရောင်စေဖို့ ...
ထီးဖြူပြီး ဖိနပ်ပါးစေဖို့ ...
သွားစရိတ်လာစရိတ်တွေ ကုန်စေကျစေဖို့ ...
မြင်မြင်ကရာ တွေ့တွေ့ကရာတွေ
သွားရည်တမြားမြားကျသွားစေဖို့ ...
ဟောဒီကောင့်ရင်ဘတ်ကို အမှတ်တံဆိပ်တပ်ပေးပါ ...

လူဖြစ်ကြောင်း သက်သေပြဖို့
ISO နိုင်းဘဲဥဘဲဥ ... လက်မှတ်ပြပေးပါ
Certified to ..... မှာ လက်မှတ်ထိုးပေးပါ
ဘာ Pass ညာ Pass တွေ ထုတ်ပေးပါ
ငါ လူလိုသူလိုနေနိုင်ပါလျှက်ကယ်နဲ့
လူနဲ့သူနဲ့ မတူသလိုဖြစ်ဖြစ်နေလို့ပါလေ

အဲဒီ သောက်သုံးမကျတဲ့ အမှတ်တံဆိပ်တွေကိုပဲ
လူဖြစ်ကြောင်း ထောက်ခံချက်ကလေးဖြစ်ဖြစ် တံဆိပ်တပ်ပေးကြပါတော့
ဟောဒီဘ၀ကို ဟောဒီကောင်က
စာရွက်စာတမ်း မပြနိုင်လွန်းလို့ပါလေ။


ကိုဖြိုး

စက်တင်ဘာ

စက်တင်ဘာမိုးက
ဘာအညှိုးမှလည်း မရှိပါဘဲ “ရွာ”
စက်တင်ဘာနေကလည်း
ဘာတန်ခိုးမှ မရှိပါဘဲ “ပြင်း”
ဟောဒီရင်ဘတ်ထဲမှာလေ “ခံပြင်း” နေလိုက်တာ
လူဖြစ်ရတာ “ရင်နာ” တယ်


ကိုဖြိုး

Wednesday, September 24, 2008

ကိုးရက်ကိုးလ99စနေ……..

အဲဒီနေ့မနက်ပေါ့….

အိပ်ပြန်ချိန်ကိုကြိုလင့်လာတဲ့ငှက်ကလေးလေ

ငါ့မြို့ပျက်ထဲကို တစ်ထောက်ဝင်နားတယ်


`မြို့ကြီးက ဘာလို့ဟောင်းနေတာလည်း´


`ကံမကောင်းအကြောင်းမလှလို့ပါ…သူငယ်ချင်းမရေ´


နံရံမှာတွယ်ကပ်နေတဲ့

သစ်ပင်တွေလို့

ဒီမြို့ထဲက လူငယ်တွေဟာ

ဘယ်အချိန်ခုတ်ထစ်ခံရမယ်မသိနိုင်ခဲ့


သူတို့အိပ်မက်တွေကတော့

အမြဲသစ်လွင်နေလျှက်လေ…


ကိုးရက်ကိုးလမှာ

99စနေနဲ့ ငါတို့တွေဆုံဖြစ်ခဲ့တယ်

ရင်ဘတ်ချင်းတူသူတွေရဲ့

ကူးလူးလာတဲ့သံစဉ်တွေကြားမှာ


အမြဲအမှတ်ရနေမယ့်

ကိုးရက်ကိုးလ99စနေ……॥


မိုးလှိုင်ည

ကဗျာဆရာ၏ ရင်ကွဲခန်း

ကဗျာဆရာပေါ့
စကားလုံးတွေနဲ့အတူတူ
ဟောဒီလောကကို ရင်ကွဲနာကျနေလိုက်တာ
အရာအားလုံးထက်ပိုတဲ့ အရာတစ်ခုကို
သူတွေ့ရှိသွားခဲ့မိလို့တဲ့လေ
သိပ်ချစ်ဖို့ ကောင်းတာပဲလို့တောင်မှ
မရေရွတ်ရဲ မငြီးတွားရဲ
သိပ်သည်းစွာ သိမ်ငယ်နေမိပြန်ပေါ့

အရာအားလုံးထက်ပိုတဲ့ အရာတစ်ခု
အရာတစ်ခု .. ရင်ဘတ်အက်ကြောင်းအတုတွေနဲ့အတူ
မြင်မြင်ရာကို ပြုစုခဲ့တယ်
အခုတော့လည်း ခရာတာတာ ညုတုတုရယ်နဲ့
လူ့ဘ၀ကို အက္ခရာတွေသုံးပြီး တည်ဆောက်မိလိုက်တော့
ဗြုန်းဆို ပြုတ်ကျသွားခဲ့တာတွေက
ရင်ခုန်သံ အသံခုနှစ်ထပ်
ပြီးတော့လည်း မတ်နေအောင်ထရပ်
လဲကျခါနီးလက်က ထရပ်ခါနီးခြေထောက်ကို ဆွဲချတယ်
ငါ့မှာက တစ်ဝက်တစ်ပျက်တွေချည်းပါပဲ
အားလုံးကလည်း မပြီးဆုံးသေးပေါ့

ဘ၀ထဲမှာ
ငိုချင်းရှည်တွေချည်း ချပြရလွန်းတော့လည်း
မျက်လုံးတွေတောင် မို့အစ်လို့နေကြတယ်
ပြီးတော့လည်း ပြီးတာပါပဲကွယ်လို့
ပါးစပ်ကထုတ်ကာပြော
ရင်ထဲမှာ မောလိုက်တာကွယ်။

ကိုဖြိုး

Tuesday, September 23, 2008

အမှတ်တံဆိပ်မရှိပါ

အမှတ်တံဆိပ်မပါတဲ့ အကျီင်္တစ်ထည်ဝတ်ချင်တယ်

အမှတ်တံဆိပ်မပါတဲ့ စီးကရက်တစ်လိပ်

အမှတ်တံဆိပ်မပါတဲ့ အရက်တစ်ခွက်

အမှတ်တံဆိပ်မပါတဲ့ လမ်းတစ်လမ်း

အမှတ်တံဆိပ်မပါတဲ့ မြို့တစ်မြို့

အမှတ်တံဆိပ်မပါတဲ့ အိပ်မက်တစ်ခု

အမှတ်တံဆိပ်မပါတဲ့ နေ့ရက်တစ်ခု

အမှတ်တံဆိပ်မပါတဲ့ ကောင်မလေးတစ်ယောက်

ဘာအမှတ်အသားမှပါမလာတဲ့ ကဗျာတစ်ပုဒ်

လိုချင်တဲ့ အမှတ်တံဆိပ်တွေကိုမှင်နီတားပြီး

စွန့်ပစ်ထားလိုက်ပြီ…

အခုဒီမှာ `လူ´ ဆိုတဲ့စကားလုံးတစ်လုံး

ခင်ဗျားတို့အားလုံးကို အမှိုက်ပုံးထဲပစ်ဖို့

ဒီကဗျာမှာ

ကလောင်အမည်ဆိုတဲ့အမှတ်အသားမပါပါ…।။



;;;;;;;;;;;;;;;

Saturday, September 20, 2008

ဖျားနာနေခြင်း

စက်တင်ဘာဟာ စက်တင်ဘာပါပဲ
အရင်နှစ်တွေတုန်းကအတိုင်းပဲ
မိုးတွေက မတော်တဆလိုလိုနဲ့ ရွာချ
ငါ့မှာ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျလိုက်ရတာ

ပြီးတော့လည်း
အိပ်မောကျ ...
ချစ်သောသူကို လွမ်းရတဲ့ညက
တစ်ညလုံးလုံး စက်တင်ဘာအကြောင်းတွေကို စဉ်းစား
အရင်နှစ်တွေတုန်းကတည်းက ဖျားနာနေခဲ့တဲ့
နှလုံးသားတွေကို
ဘယ်သူတွေ စာနာနေကြပြီလဲ။


ကိုဖြိုး

Thursday, September 18, 2008

ကျွန်တော်နဲ့မ၀င်းမေ

သူသိတာတစ်ခု ကျွန်တော်သိတာတစ်ခု

ပေါင်းလိုက်တော့ မသိခြင်းတစ်ခုဖြစ်သွားတယ်

သူ့ငိုသံတစ်ဝက် ကျွန်တော့်ငိုသံတစ်ဝက်

ပေါင်းလိုက်တော့ ရယ်သံအသစ်စက်စက်ဖြစ်သွားတယ်

သူ့ပိုက်ဆံတစ်ချို့ ကျွန်တော်ပိုက်ဆံတစ်ချို့

ပေါင်းလိုက်တော့ အဝေးက မြို့ကလေးတစ်မြို့

သူ့အိပ်ခန်းတစ်ခန်း ကျွန်တော့်အိပ်ခန်းတစ်ခန်း

ပေါင်းလိုက်တော့ ဘ၀၏ဇာတ်လမ်းတစ်ပုဒ်ပေါ့။


နေမျိုး

(လူဖြစ်ရတာကောင်းတယ် ခေတ်ပေါ်ကဗျာစာအုပ်မှ)

Wednesday, September 17, 2008

အရည်မရ အဖတ်မရ စကားလုံးများဖြင့်စကြာဝဠာကြီးကို တည်ဆောက်ထားခြင်းဖြစ်သည်

စကားလုံးများဖောင်းပွလာသမျှ
အဓိပ္ပါယ်တွေကွေ့ကောက်သွားကြသည်
သိသမျှအိတ်သွန်ဖာမှောက်
လူတတ်ကြီးလုပ်ပြလို့ရသည်
ဒုက္ခိတဖြစ်နေသောစကြာဝဠာကြီးကို
ချိုင်းထောက်တစ်ဖက်ပေးရန်အတွက်
သစ်တောတစ်ခုလုံးကိုခုတ်ဖြတ်ပစ်ရန်မလိုပါ
ပူနွေးလာသော ကမ္ဘာကြီးကိုကယ်တင်ရန်အတွက်
ရေခဲခေတ်တစ်ခုပေးရန်ဆုတောင်းစကားကို
ကိုးကွယ်ယုံကြည်မှုများဆိုင်ရာအဘိဓာန်တွင်
ထည့်သွင်းဖော်ပြဖို့အတွက်အငြင်းအခုန်မဖြစ်ကြကုန်လင့်
ပေါက်ကွဲရန်အသင့် ခန္ဒာကိုယ်များကို
ကိုက်မြိုထားရသော ကမ္ဘာမြေကြီးအား
ဝမ်းနည်းစကားဆိုဖို့လူတချို့ကကြိုးစားနေကြသည်
နိုင်ငံတော်ကိုလူတွေက အုပ်ချုပ်ပြီး
လူတွေကိုနိုင်ငံတော်ကအုပ်ချုပ်တဲ့အလုပ်တွေကို
နှစ်ပေါင်းများစွာအဓိပ္ပါယ်မရှိလုပ်ကိုင်ပြီးတဲ့နောက်
လူတွေကိုအုပ်ချုပ်နေတာစကားလုံးတွေပါဟု
တစ်ယောက်ယောက်ကပြောပြီး
တစ်မိနစ်ကိုကျည်ခုနှစ်ရာထွက်သည့်ဂန်းကို
တစ်ယောက်ယောက်ကတီထွင်ပေးခဲ့ပြန်ပါသည်
ရေစည်လှည်းတွန်းသောယောကျာင်္းတစ်ဦးကို
အာခီးမီးဒိဟုခေါ်သောသူငယ်ချင်းတစ်ဦး
ကျွန်တော့်ထံရှိခဲ့ဖူးသည်။
ရူပဗေဒစာမေးပွဲကျသည့်အတွက်
အတန်းရှေ့ထွက်အရိုက်ခံခဲ့ရဖူးသော
ကျွန်တော်သည်သိပံ္ပပညာသာမရှိလျှင်
လူသားတွေပိုမိုယဉ်ကျေးလာမည်ဟု
မှတ်ချက်ပေးဖူးပါသည်…။
သင်ထင်မြင်ချက်ကိုအောက်ခြေမှတ်စုတွင်
ရေးထားရန်အတွက် ၀န်လေးနေဖို့မလိုအပ်ပါ။

မိုးလှိုင်ည

Tuesday, September 16, 2008

မိုးနှောင်းပေါ်က စကားလုံးများ

ကျွန်တော်က တိမ်ကလေးပေါ့
ချစ်သူက မုတ်သုံလေကလေး ဖြစ်တယ်
ကျွန်တော့်မှာ လွင့်လိုက်ရတာ
ဒါဟာ အချစ်နဲ့ ကျွန်တော့်ရဲ့ ရာသီဥတုပေါ့

ကျွန်တော်က လူဆိုရင်
ချစ်သူက ကျွန်တော့်ဘ၀ကလေးပေါ့
ကျွန်တော်တို့နှစ်ယောက်က လူ့ဘ၀ဖြစ်တယ်

ကျွန်တော်က လမ်းပေါ်မှာ လွင့်လွင့်သွားတဲ့
ရွက်ကြွေကလေးလည်း ဖြစ်တယ်
ချစ်သူက အဲဒီရွက်ကြွေကလေးကိုမှ ဖြတ်နင်းသွားတယ်
ပြီးတော့လည်း ရယ်လိုက်မောလိုက်ပါပဲ
ကျွန်တော့်မှာသာ ခါးကျိုးပြီး ကျန်ရစ်ခဲ့ရ

ဘ၀ဆိုတာကို ရယ်စရာမောစရာလို့
သဘောထားခဲ့ပြီးကတည်းက ကျွန်တော့်မှာ
ရယ်ရတာထက် မောရတာက ပိုပိုများများနေပေါ့
ဒီတစ်ခါလည်း ထပ်မံရှူံးနိမ့်ပြန်ပေါ့
ထားလိုက်ပါဦးကွယ်
နားနားနေနေနေဖို့တောင် အချိန်တွေက မလုံမငနဲ့
ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ထနိုင်ဖို့
ကျွန်တော့်တောင်ဝှေးလေး ကျွန်တော်ပြန်ဖြစ်ရဦးမယ်

အဲဒီ မိုးနှောင်းရာသီရဲ့ တစ်နေ့မှာ
ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာလို့ မတွေ့တော့ဘူး
ကျွန်တော့်ကိုယ် ကျွန်တော် ကျပျောက်သွားခဲ့
ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကျွန်တော်တို့
အတူတကွ နေထိုင်နေကြရင်း
ချစ်သူကို တမ်းတလွမ်းဆွတ်နေမိပေါ့
လောကမှာ ဟန်လုပ်ပြီး ပြုံးပြနေရတာတွေက များလွန်းတော့
ပါးအညောင်းဖြေစက်ကလေးတစ်လုံး လိုမယ်

ဘာတစ်ခုမှ မသေချာတဲ့ဘ၀မှာ
ကိုယ့်သေနေ့ကို ကိုယ်ပြန်ရေးချလိုက်ရတာလောက်
သေချာနေတာ မရှိတော့ဘူး
အား … တယ်လည်း အရသာရှိသကိုးကွယ်
သူငယ်ချင်း …
“ငါ … ဒီနေ့ကို ရွေးချလိုက်တယ်”
အားရပါးရ … ။

ကိုဖြိုး

Sunday, September 14, 2008

အသည်းမကွဲအောင်ဂရုတစိုက်နေထိုင်ခြင်း

ဒီနေ့

သာကေတကျောက်တိုင်က

ရွှေပုဇွန်ကဖေးမှာငါထိုင်နေတယ်

ကော်ဖီက

ကက်ပူချီနိုတဲ့

ငါ့လျှာနဲ့အရသာမတွေ့တဲ့ကိတ်တွေနဲ့


အချောအလှကောင်မလေးတွေ

ငါ့ရှေ့ကဖြတ်လျှောက်သွားကြတယ်

ငါဘယ်တစ်ယောက်ကိုမှမငေးဘူး…ဖေဖော်ဝါရီ


လွန်ခဲ့တဲ့ကာလတစ်ခုမှာ

ငါရဲ့အလုပ်သွားနေကျ

စတီးထမင်းချိုင့်လေးကိုရောင်းပြီး

မင်းနဲ့ငါ လက်ရွေးစင်ကဖေးမှာ

ကော်ဖီအတူသောက်ကြတာကို

သွားအမှတ်ရမိတယ်…


ငါနှလုံးသားတစ်ဝက်ဟာ

ပျော်ရွှင်မှုနဲ့ပြည့်လျှမ်းနေပြီး

ငါ့ရင်ဘတ်တစ်ခြမ်းက

တစစ်စစ်နာကျင်ကိုက်ခဲနေခဲ့


ငါတိုရဲ့ရှေ့ရေးဟာ

ရင်လေးစရာချည်းပါကွာလို့

မင်းဘယ်တော့မှမတွေးဘူး

မင်းဆီမှာဘယ်ကွေ့ရောက်ရောက်

လှော်စရာတက်ရှိတယ်လေ


ထိရှလွယ်တဲ့ငါကသာ

လောကဓံလှိုင်းတံပိုးအောက်

ချစ်ခြင်းနဲ့ မျော်လင့်ချက်တွေ

ပျောက်ရှခဲ့ရဖူးတယ်…


အခုတော့

ငါ့လက်ထဲမှာ

ဆရာကျော်ဝင်းရဲ့

ထွိုင်ယာလက်တစ်အယူအဆ

ကဗျာဆရာနေမျိုးရဲ့

လူဖြစ်ရတာကောင်းတယ်..ဆိုတဲ့

စာနှစ်အုပ်နဲ့

ခံစားချက်တွေကိုအလောင်းအစားမလုပ်တော့ဘူး


မင်းနဲ့ဝေးသွားတဲ့နောက်

ကာလတရားအပေါ်မှာ

အနှစ်သာရအပြည့် အဓိပါယ်မဲ့နေထိုင်လို့

အသည်းမကွဲအောင်နေထိုင်ခြင်းအတတ်

ငါချစ်ခြင်းတရားနဲ့ မပက်သက်တော့ပါ…။


မိုးလှိုင်ည

Saturday, September 13, 2008

ငါးခုံးမတွေနှင့် အတူ

ငါ့ကိုက မနေတတ် မထိုင်တတ်နဲ့
မာနကလည်း တစ်ခွဲသားတင်မဟုတ်
နှစ် .. သုံး .. လေး .. ငါး ခွဲသား ..
ပြီးတော့ စကားလည်း သောက်ကြီးသောက်ကျယ်ချည်းပဲ ပြောတတ်သူ
အနုပညာ ကိုယ်ခံအားကလည်း နေလေတော့
ခဏခဏဖျားတယ် …
လေတိုးသံ မခံနိုင်တဲ့ သစ်ရွက်တွေလို
ကိုယ့်ကိုယ်ကို ပြန်ပြန်မုန်းရတာလောက်
အရသာ ရှိတာ မရှိဘူး
သူငယ်ချင်းရေ … မင်း ချစ်တယ်ဆိုတဲ့ ကဗျာဆရာက
လူတကာလို မလိမ်မညာတတ်ပါဘူး
ဒါပေမယ့် လူသူတော်ကောင်းတွေထက်တော့ အများကြီး ညစ်ပတ်တယ်
အများကြီး ယုတ်မာတယ် …
ဟန်ဆောင်ပန်ဆောင် မာတိကာတွေ ဆွဲဆွဲချပြပြီးကာမှ
ဘာစာတစ်ပိုဒ်မှ ပါမလာတဲ့ စာအုပ်တွေလို
ငါ့ဘ၀ကို ငါမနေတော့ဘူးလေ …

ငါကတော့ ခပ်ယုတ်ယုတ်ပါပဲ
မကျေနပ်ရင် အော်ဆဲဖို့ကိုချည်း အားယူယူနေမိတယ်
မင်းကော … ကျေနပ်ပါတယ်လို့ ပြုံးပြီး ပြောချင်သေးတာလား
ဒီမယ် သူငယ်ချင်း ငါ့ဘ၀ကို ငါအရင်းအတိုင်းပဲ နေခဲ့တယ်
စာတစ်မျက်နှာအတွက်နဲ့တော့ ကိုယ့်စာလုံးကိုယ်ပြန်ပေါင်းမေ
နတော့ပါဘူး
ငါတို့အားလုံး အရူးတွေချည်းပါပဲလေ။

ကိုဖြိုး

Wednesday, September 10, 2008

ပြီးခဲ့တဲ့နှစ်

မနေ့ကအတိုင်းပဲ…

ဇာတ်လမ်းကရိုင်းလွန်းတော့

အသည်းတဆတ်ဆတ်ခါ…

သွေးဆာတဲ့လက်တွေအတွက်

သွေးထွက်များခဲ့ရတဲ့နေ့ရက်များ

လမ်းမပေါ်ပြုတ်ကျခဲ့ရတဲ့

ဦးမညွှတ်တတ်သူတို့ရဲ့ဦးခေါင်း

အမှန်တရားက

မတန်တဆတန်ဖိုးတွေကိုတောင်းဆိုတယ်

အသက်ရှင်လျှက်နာကျင်ခြင်းကိုပွေဖက်ပြီး

ပြီးခဲ့တဲ့နှစ်ကို ငါဖြတ်ခဲ့တယ်….

မေ့ပျောက်လွယ်တဲ့ရက်စွဲတွေရဲ့

အသည်းနှလုံးကို

အမှန်တရားဓားနဲ့မွှန်းဖို့

ပြီးခဲ့တဲ့နှစ်က

ဘယ်တော့မှမသေတဲ့

လူသေတွေ

အခုငါတို့လမ်းမပေါ်မှာနေနေတယ်….။


မိုးလှိုင်ည


(ကဗျာဆရာအိုအောင်ရေးဖွဲ့နေကျ ပြီးခဲ့တဲ့နှစခေါင်းစဉ်အသုံးပြုထားပါသည်)

Monday, September 8, 2008

အ၀ါရောင်အိပ်မက်

မက်မက်စက်စက်အလွမ်းတွေနဲ့
မြစ်ကျဉ်းတစ်ခုထဲကငါ့ညနေ
ကမ္ဘာမြေကိုနှုတ်ဆက်ဖို့တေးစာသားတွေကို
ငါအလွတ်မရသေးပါ….
ဗေဒါရောင်ဆည်းဆာထဲမှာ
ငါ့အင်္ဂလိပ်စာဆရာမလေး…
သူ့မျက်မှန်လေးအောက်က
လျော့နေတဲ့ကျောင်းသားဆိုးလေးတစ်ယောက်ကို
သတိထားမိမှာလား…
လက်ဘက်ရည်ဆိုင်ခုံပုလေးကနေ
လမ်းမကိုငေးငေးနေတတ်တဲ့
ခပ်ဆိုးဆိုးကောင်လေးရဲ့
အ၀ါရောင်အိပ်မက်ဟာ
အင်္ဂလိပ်စာဆရာမလေး
ဖြစ်နေလိမ့်မယ်လို့…
ဘယ်သူမှမသိလိုက်မိခင်…
ကောင်ဆိုးလေးက
အ၀ါရောင်မြစ်တစ်စင်းကို
ကျောပိုးထွက်ခွာသွားခဲ့ပြီ…..။



မိုးလှိုင်ည

Thursday, September 4, 2008

မွေးရပ်မြေရဲ့ အကြောင်း

ကမ္ဘာအနှံ့ က “ရွှေ”…တံဆိပ် လော်စပီကာ တွေ
ကူပါ ကယ်ပါ တကြော်ကြော်အော်နေရတဲ့
ကျွန်တော့်ရဲ့  မွေးရပ်မြေ အကြောင်း နဲ့ 
ခင်ဗျားတို့ နားထဲကို သံရည်ပူ လောင်းပါရစေ ။

ဆရာဝန်တွေက ဆေးရောင်း
အင်ဂျင်နီယာတွေက ဈေးရောင်း
တော်သူတွေအကုန် ဘေးဂျောင်း
လူငယ်တွေ အကုန် အတွေးစောင်း
ခွင်ရှာနိုင်မှ သူဌေးလောင်း ဖြစ်နိုင်မယ်။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်ရင်တော့ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ညာဥ့်ငှက်မလေး တစ်ယောက်က ဖောက်သည်မျှော်
မိန်းမတန်ဖိုးကို ရောင်းဖို့ စောင့်နေမယ်နော် တဲ့။

ဈေးသည်မလေးတစ်ယောက်က ဝယ်သူမျှော်
အကြွေးပင်လယ်ကြီးထဲ ကယ်သူမပေါ်
ခေတ်ကြီးကိုက လည်သူဆော်

ရှေ့ နောက် မစဉ်းစားမိခဲ့တဲ့ မောင်နှံ
ရှိသမျှ ပစ္စည်းလေးတွေကို ပေါင်နှံ
မွေးလာမယ့် ကလေးကတော့ အချောင်ခံ။

ဂျာနယ်တွေက အတင်းအဖျင်း ရောင်းစား
လူပွဲစားတွေက အချင်းချင်း ရောင်းစား
လူတစ်ချို့ က လမ်းမတွေပေါ်မှာ တောင်းစား
ကလေးငယ် တစ်ယောက် မျက်နှာငယ်လေးနဲ့ ကျောင်းသွား
ပါရာဒို တစ်စီးက ဗွက်တွေ စင်အောင် မောင်းသွား

ငါတို့ ငိုသံတွေကို
အိမ်နီးချင်း နိုင်ငံတစ်ချို့ က မကြားချင်ယောင်ဆောင်နေကြတယ်။
ဖျာခင်းချင်သူ တစ်ချို့ ကလည်း သနားချင်ယောင်ဆောင်နေကြတယ်။

မီးခဲကိုင်ထားရသလိုပဲဆိုတဲ့ စေတနာရှင်တို့ ၊
ဦးတည်ချက် ဆယ့်နှစ်ရပ်နဲ့  လူ့ ပြည်ကိုဖျက်နေတာလား။
ခင်ဗျားတို့ စကားလုံး ကြီးကြီးတွေက ကော်ပီ သံစဉ်ပါ။
တစ်ပြည်လုံးလည်း နားညဉ်းနေပြီ… အော်ဂလီ ဆန်ချင်စရာ။

ကိုယ့်ကိုယ်ကို ပြန်ကြည့်မိတော့လည်း
မနှစ်ကလည်း ဒီနေရာ
ဒီနှစ်လည်း ဒီနေရာ
ရပ်နေလည်း ဒီလောက်
ပြေးသွားလည်း ဒီလောက်မို့ 
ငါ့ ခြေထောက် တွေကတောင် ငါ့ကို ပြောတယ်။
သူတို့ ဆက်မလျှောက်ချင်တော့ဘူးတဲ့။
ငါ့လက်တွေကလည်း သစ္စာဖောက်ပြန်တယ်။
အရှုံးပေး လက်မြှောက်ပြီး ထောက်ခံတယ်။
ဒီလိုနဲ့ ...
စိတ်ထဲမှာပဲ သိမ်းထားနေရတဲ့ အိပ်မက်တွေလည်း ခေါက်ရိုးကြေ။
ဖြစ်ချင်တာနဲ့ ဖြစ်လာတာတွေက ဇောက်ထိုးတွေ။
လူ့ သက်တမ်း တစ်ဝက်ကျိုးပြီဆိုတဲ့ အချက်ပေးသံတွေလည်း မြည်လာပြီ။
ကျန်တဲ့သက်တမ်း တစ်ဝက်ကို ဆက်လျှောက်လှမ်းဖို့ တောင် အီလာပြီ။

“ဆန်တစ်ပြည်ကို ၁၅၀၀ တောင်” အဲဒါ အဘွားညဉ်းတဲ့ အသံ။
“မြန်မာပြည်ဟာ ဘယ်သူမှ မနေချင်ကြတော့တဲ့ အရပ် ဖြစ်သွားပြီ” အဲဒါ ခါးသီးတဲ့ အမှန်။

ဒီကြားထဲ…
နာဂစ်က တစ်ချက်မွှေ့ 
ဧရာဝတီက လူတွေခမျာ အသက်စေ့
တစ်ချို့ လူတွေကလည်း အကွက်ရွှေ့ 
အစိုးရ ကုလားထိုင်ကတော့ တစ်ချက်မရွေ့ 
မြန်မာပြည်ကြီးကတော့ ဝမ်းဗိုက်ဟောင်းလောင်းနဲ့ အခက်တွေ့။

အစိုးရကအစ သူခိုးဓားပြ တွေဆို
ပေါင်းစားတတ်မှ မိုးကျရွှေကိုယ်
တိုင်းပြည်တစ်ခုလုံး ပိုးကျနေလို့ 
သူများဆီမှာ ကျွန်ခံဖို့  goကြပေဗျို့ ။

ကောင်းကင်ကို

Tuesday, September 2, 2008

မိုးလှိုင်ညနဲ့ရန်ဖြစ်ခြင်း

သရော်တော်တော်

နောက်တောက်တောက်နဲ့

ခင်ဗျားအတည်ပေါက်တွေ

လျှောက်လုပ်နေတယ်

လူဘ၀ဆိုတာ

တရားရှာရင်တရားရမယ်

မယားရှာရင်မယားရမယ်

အဲဒီလောက်ပါပဲ

သိပ်လည်းတွေးခေါ်ချင်စရာမကောင်းပါဘူး

ကံကြမ္မာကို

အိပ်ကပ်ထဲအထပ်လိုက်ထည့်ဖြုန်း

အချိန်ကာလကိုမုန်းတယ်ဆိုလည်း

သံသရာဘီလ်စာရင်းကို

အကြွေးဝယ်ကဒ်နဲ့ရှင်းလိုက်ယုံပဲ…

မတတ်နိုင်တွေကိုအချိန်ကုန်ခံသယ်မလာနဲ့

အနုပညာလို့ပြောလည်း

ဆာနေတဲ့ဝမ်းဗိုက်တွေက

စွပ်ပြုတ်တစ်ခွက်လောက်မရနိုင်ဘူးလားတဲ့

ကိုယ့်ကိုယ်ကို သစ္စာရှင်ကြီးလို့

အမွှန်းတင်လည်း…

ခင်းဗျားဦးခေါင်းက နံရံမှာကျွှဲချိုလို

ချိတ်လို့မကောင်းဘူး…။

မိုးလှိုင်ည

Monday, September 1, 2008

ချိုးငှက်များ

ကိုက်ချီသွားတဲ့… အလွမ်းကို

စစ်ပွဲကို ကျောခိုင်းသွားတဲ့ လူငယ်လို

နာကျင်မှုကလွဲပြီး

စစ်ပွဲဟာ ငါတို့ကို ဘာမှမပေးဘူး….

သေချာတဲ့သေခြင်းကို

ဆောင်ယူသွားနိုင်သူတွေက

အောင်မြင်ကြတယ်ပေါ့….

ကျန်ရစ်ခဲ့ရသူတွေက

ငြိမ်းချမ်းရေးကိုတည်ဆောက်ရင်း

နောက်ထပ်စစ်ပွဲတစ်ခုကို ထပ်စောင့်ကြတယ်။

မိုးလှိုင်ည