Wednesday, September 10, 2008

ပြီးခဲ့တဲ့နှစ်

မနေ့ကအတိုင်းပဲ…

ဇာတ်လမ်းကရိုင်းလွန်းတော့

အသည်းတဆတ်ဆတ်ခါ…

သွေးဆာတဲ့လက်တွေအတွက်

သွေးထွက်များခဲ့ရတဲ့နေ့ရက်များ

လမ်းမပေါ်ပြုတ်ကျခဲ့ရတဲ့

ဦးမညွှတ်တတ်သူတို့ရဲ့ဦးခေါင်း

အမှန်တရားက

မတန်တဆတန်ဖိုးတွေကိုတောင်းဆိုတယ်

အသက်ရှင်လျှက်နာကျင်ခြင်းကိုပွေဖက်ပြီး

ပြီးခဲ့တဲ့နှစ်ကို ငါဖြတ်ခဲ့တယ်….

မေ့ပျောက်လွယ်တဲ့ရက်စွဲတွေရဲ့

အသည်းနှလုံးကို

အမှန်တရားဓားနဲ့မွှန်းဖို့

ပြီးခဲ့တဲ့နှစ်က

ဘယ်တော့မှမသေတဲ့

လူသေတွေ

အခုငါတို့လမ်းမပေါ်မှာနေနေတယ်….။


မိုးလှိုင်ည


(ကဗျာဆရာအိုအောင်ရေးဖွဲ့နေကျ ပြီးခဲ့တဲ့နှစခေါင်းစဉ်အသုံးပြုထားပါသည်)

5 comments:

  1. ဒီကဗျာ ကြိုက်တယ်ဗျာ...ခံစားရတယ်

    ReplyDelete
  2. ကျွန်တော်က တိမ်ကလေးပေါ့
    ချစ်သူက မုတ်သုံလေကလေး ဖြစ်တယ်
    ကျွန်တော့်မှာ လွင့်လိုက်ရတာ
    ဒါဟာ အချစ်နဲ့ ကျွန်တော့်ရဲ့ ရာသီဥတုပေါ့

    ကျွန်တော်က လူဆိုရင်
    ချစ်သူက ကျွန်တော့်ဘ၀ကလေးပေါ့
    ကျွန်တော်တို့နှစ်ယောက်က လူ့ဘ၀ဖြစ်တယ်

    ကျွန်တော်က လမ်းပေါ်မှာ လွင့်လွင့်သွားတဲ့
    ရွက်ကြွေကလေးလည်း ဖြစ်တယ်
    ချစ်သူက အဲဒီရွက်ကြွေကလေးကိုမှ ဖြတ်နင်းသွားတယ်
    ပြီးတော့လည်း ရယ်လိုက်မောလိုက်ပါပဲ
    ကျွန်တော့်မှာသာ ခါးကျိုးပြီး ကျန်ရစ်ခဲ့ရ

    ဘ၀ဆိုတာကို ရယ်စရာမောစရာလို့
    သဘောထားခဲ့ပြီးကတည်းက ကျွန်တော့်မှာ
    ရယ်ရတာထက် မောရတာက ပိုပိုများများနေပေါ့
    ဒီတစ်ခါလည်း ထပ်မံရှူံးနိမ့်ပြန်ပေါ့
    ထားလိုက်ပါဦးကွယ်
    နားနားနေနေနေဖို့တောင် အချိန်တွေက မလုံမငနဲ့
    ကျွန်တော့်ကိုယ် ကျွန်တော်ပြန်ထနိုင်ဖို့
    ကျွန်တော့်တောင်ဝှေးလေး ကျွန်တော်ပြန်ဖြစ်ရဦးမယ်

    အဲဒီ မိုးနှောင်းရာသီရဲ့ တစ်နေ့မှာ
    ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ရှာလို့ မတွေ့တော့ဘူး
    ကျွန်တော့်ကိုယ် ကျွန်တော် ကျပျောက်သွားခဲ့
    ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ကျွန်တော်တို့
    အတူတကွ နေထိုင်နေကြရင်း
    ချစ်သူကို တမ်းတလွမ်းဆွတ်နေမိပေါ့
    လောကမှာ ဟန်လုပ်ပြီး ပြုံးပြနေရတာတွေက များလွန်းတော့
    ပါးအညောင်းဖြေစက်ကလေးတစ်လုံး လိုမယ်

    ဘာတစ်ခုမှ မသေချာတဲ့ဘ၀မှာ
    ကိုယ့်သေနေ့ကို ကိုယ်ပြန်ရေးချလိုက်ရတာလောက်
    သေချာနေတာ မရှိတော့ဘူး
    အား … တယ်လည်း အရသာရှိသကိုးကွယ်
    သူငယ်ချင်း …
    “ငါ … ဒီနေ့ကို ရွေးချလိုက်တယ်”
    အားရပါးရ … ။
    ကိုဖြိုး

    ReplyDelete
  3. ငါးခုံးမတွေနှင့် အတူ

    ငါ့ကိုက မနေတတ် မထိုင်တတ်နဲ့
    မာနကလည်း တစ်ခွဲသားတင်မဟုတ်
    နှစ် .. သုံး .. လေး .. ငါး ခွဲသား ..
    ပြီးတော့ စကားလည်း သောက်ကြီးသောက်ကျယ်ချည်းပဲ ပြောတတ်သူ
    အနုပညာ ကိုယ်ခံအားကလည်း နေလေတော့
    ခဏခဏဖျားတယ် …
    လေတိုးသံ မခံနိုင်တဲ့ သစ်ရွက်တွေလို
    ကိုယ့်ကိုယ်ကို ပြန်ပြန်မုန်းရတာလောက်
    အရသာ ရှိတာ မရှိဘူး
    သူငယ်ချင်းရေ … မင်း ချစ်တယ်ဆိုတဲ့ ကဗျာဆရာက
    လူတကာလို မလိမ်မညာတတ်ပါဘူး
    ဒါပေမယ့် လူသူတော်ကောင်းတွေထက်တော့ အများကြီး ညစ်ပတ်တယ်
    အများကြီး ယုတ်မာတယ် …
    ဟန်ဆောင်ပန်ဆောင် မာတိကာတွေ ဆွဲဆွဲချပြပြီးကာမှ
    ဘာစာတစ်ပိုဒ်မှ ပါမလာတဲ့ စာအုပ်တွေလို
    ငါ့ဘ၀ကို ငါမနေတော့ဘူးလေ …

    ငါကတော့ ခပ်ယုတ်ယုတ်ပါပဲ
    မကျေနပ်ရင် အော်ဆဲဖို့ကိုချည်း အားယူယူနေမိတယ်
    မင်းကော … ကျေနပ်ပါတယ်လို့ ပြုံးပြီး ပြောချင်သေးတာလား
    ဒီမယ် သူငယ်ချင်း ငါ့ဘ၀ကို ငါအရင်းအတိုင်းပဲ နေခဲ့တယ်
    စာတစ်မျက်နှာအတွက်နဲ့တော့ ကိုယ့်စာလုံးကိုယ်ပြန်ပေါင်းမနေတော့ပါဘူး
    ငါတို့အားလုံး အရူးတွေချည်းပါပဲလေ။
    ကိုဖြိုး

    ReplyDelete
  4. ကဗျာလေး ခံစားသွားတယ်ဗျာ

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...