Wednesday, March 25, 2009

ခင်ဗျားအခုဘာလုပ်နေတာလဲ?

ကျွန်တော်ကဗျာရေးနေတယ်…
အဲဒီလိုပြောရင်…
`ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့´ မေးခွန်းက
ကိုယ့်ရင်ဘတ်ကိုပြန်ပြန်ဆောင့်တယ်
လက်လှုပ်လှုပ် ခြေလှုပ်လှုပ်
အလုပ်ပြုတ်တာကအစ
စစ်ကြေငြာတာအထိ…
ခင်ဗျားစကားလုံးတွေနဲ့ ထည့်ထည့်လှုပ်တယ်…
ကဗျာဟာ စက်ရုံကထွက်သလို
ပုံစံတူ ဒလဟောနဲ့
လောင်းကစားသမားဆန်ဆန်
ငွေမျောရင်ငွေနဲ့လိုက်
ကဗျာမျောရင် ကဗျာနဲ့လိုက်လို့
ခင်ဗျားအနုပညာကို အဖတ်ဆယ်လို့ရနိုင်ပါ့မလား…
အဲဒီမေးခွန်းတချို့နဲ့
ကိုယ့်ကိုယ်ကိုပြန်တိုက်ခိုက်မိတဲ့ည
ကျွန်တော်ကဗျာရေးလို့မရတော့ဘူး…
ဒါပေမယ့်
ကျွန်တော် ကဗျာကို အသေအချာရေးနေတာပါ…။

မိုးလှိုင်ည

5 comments:

  1. ကြယ်ပြာလဲ ကဗျာလို့ နာမည်တပ်လိုက်တိုင်း ပြန်ပြန်စဉ်းစားမိတယ် ... ငါရေးနေတာ ကဗျာလားလို့ .. သေချာတာတခုက တော့ ခံစားချက်တွေကို စကားလုံးတွေနဲ့တန်ဆာဆင်တာပါပဲ ... ဖတ်သူကကဗျာလို့ သတ်မှတ်ရင် ကဗျာပဲပေါ့ ...

    ReplyDelete
  2. ခင်ဗျားရေးနေတာ ကဗျာလားဆိုတဲ့ မေးခွန်းက မင်းရင်ဘတ်ကို ပြန်ဆောင့်ပြီဆိုရင်တော့ ဒီကောင်က မင်းထက် အရပ်ပုရမယ်ကွ။ အဲတော့လည်း မထူးပါဘူးကွာ။ သူ့ခေါင်းကိုသာ တံတောင်နဲ့ ထောင်းပေတော့။ ကဗျာဆရာရေးတာ ကဗျာမဟုတ်လို့ ဘာဖြစ်ချင်လို့တုန်းကွ။ အဲလို ပေကတ်ကတ်လုပ်နေရင်တော့ အနုပညာမဟုတ်တော့ဘူး။ ပန်းချီဆရာတွေ ဆေးစက်ကျရာ အရုပ်ထင်သပဆိုရင် ... ကဗျာဆရာတွေ အက္ခရာကျရာ ကဗျာထင်ရမယ် ...
    ကဗျာဆရာ မေးတဲ့ မေးခွန်းကို ဖြေရရင်တော့ ... အလုပ်မရှိတဲ့ အလုပ်ကို ထိုင်လုပ်နေတယ်ပဲ ဖြေရတော့မယ်။ ကဗျာဆရာရယ် ... ခင်ဗျားရဲ့ လက်ကကလေးနဲ့ ကံကြမ္မာကြီးကို ဇတ်ပိုးအုပ်ပေးစမ်းပါ ...

    ReplyDelete
  3. ခင်ဗျာ ...
    ကျွန်တော် ကဗျာဖတ်နေတာခင်ဗျ :)

    ကျွန်တော်တို့ ဘာလုပ်နေတာလဲဆိုတော့
    ကျွန်တော်တို့ ယုံကြည်ချက် ကို
    ကျွန်တော်တို့ ယုံကြည်ရာနဲ့ ဖြန့်ခင်းပြနေတာလေ ....
    ကောင်းသောနေ့ပါကိုမိုးလှိုင်ရေ ....

    ReplyDelete
  4. အပေါ်က ainlwaepan နာမည်နဲ့
    ကွန့်က ကျွန်တော်ပေးတာ
    ကိုမိုးလှိုင်ရေ ...
    စမ်းလုပ်ထားတဲ့ အကောင့်ပဲ ဝင်ဝင်နေလို့ :)

    ReplyDelete
  5. ကဗျာ ဆို တာ ဘာ လဲ လို့ မေး ရ မှာ။ ငယ်ငယ် က သီချင်း ကဗျာ လေး တွေ နဲ့ တောင် မရင်း နှီး ခဲ့ဖူး ဘူး ဆိုရင် ဒီမေး ခွန်း က အသင့် တော် ဆုံး ပဲ။ ရေး သူ ကော ဖတ်သူပါ ခံစား မှု ရ သ တူ ဖို့ ထက် ခံစား ချင် သလို ခံစား လို့ ရတဲ့ ကဗျာ တွေ ကို ပို ကြိုက် တယ်။
    စကား လေး တစ် လုံး ပဲ ဖြစ် ဖြစ် ကဗျာတစ် ပုဒ် လို ခံစား ချင်တဲ့ ကဗျာ ချစ် သူ များ အတွက် ဆက် လက် ကြိုးစား ပေး ပါဦး။

    ReplyDelete

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...