Monday, July 30, 2007

လူအဖြစ်ရဲ့အမှားအယွင်းများ

နှစ်ကာလများစွာကိုအလိုမတူပဲဖြတ်သန်းလာရတဲ့အခါ
ကျွန်တော့်အမှားအယွင်းတွေကိုမှတ်တမ်းတင်ဖို့
တစ်စုံတစ်ရာလိုအပ်တယ်လို့ကျွန်တော်ယူဆမိပါတယ်
အဲဒီလိုနဲ့ ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာမှာ
ဒိုင်ယာရီစရေးဖြစ်ခဲ့တယ်….။

စကြ၀ဠာရဲ့အချိန်ဇယားမှာက
ကျွန်တော်ကိုကျွန်တော်မှင်နီတားခဲ့ရတဲ့နှစ်ကာလတွေ
ရမှတ်ကသိပ်မကောင်းတော့
အမြဲတမ်းတန်းဆင်းဇုန်ထဲငြိနေတဲ့ခြေရည်ခြေသွေး
ကျွန်တော်အောင်မြင်မှုဆုဖလားနဲ့
ဝေးနေရတာမဆန်းပါဘူး…
ရာသီကုန်သက်ပြင်းမောတွေနဲ့ဒီနှစ်ပြီးနောက်တစ်နှစ်
မသေဖြစ်သေးဘူးဆိုရင်တော့
ဘလော့ဖြစ်ဦးမယ်ထင်ပါတယ်….

ဒီလိုနဲ့ ကော်ဖီမစ်တစ်ခွက်မှာပြီး
တစ်ညနေခင်းလုံးထိုင်နေတဲ့ကဗျာဆရာကို
ဆိုင်ရှင်ကခဏခဏလာမေးတယ်…
အစ်ကိုဘာလိုသေးလဲ…..ထမင်းသုပ်တစ်ပွဲပေးပါ

အမေ့ရဲ့အသုဘမှာမျက်ရည်မကျမိတာက
တရာရုံးစီရင်ချက်အရ
လူ့အဖွဲ့အစည်းကိုပျက်ရယ်ပြုရာကျပါတယ်
သဟဇာတမဖြစ်ခဲ့ရင်တောင်
ကျွန်တော့်ရဲ့ချစ်တတ်ခဲ့မှုများအပေါ်
တစ်စုံတစ်ယောက်မည်သူမဆို
လာရောက်လည်ပတ်နိုင်ဖို့အတွက်
moehlaingnya.blogspot.com
စည်းအပြင်ကကိုဖြိုးရေ…
ပုံမှန်ထက်နည်းနည်းပိုခါးသက်တဲ့
နှစ်ချို့ကော်ဖီတစ်ခွက်ရှိတယ်
သူငယ်ချင်းကြိုက်နှစ်သက်မယ်ထင်လို့

မိုးလှိုင်ည

Sunday, July 29, 2007

မောင်ချောနွယ်ခင်ဗျားမသေဘူး…

လောကဓံကျည်ဆံတွေကို

ကဗျာဆိုတဲ့ရင်ဘတ်ကြီးနဲ့ထိုးထိုးခံ

သူပြန်အန်ထွက်လာတာက

အတွင်းစိတ်ကရတနာအစစ်တွေ

အဲဒါအနုပညာဖြစ်ရဲ့

သူ့စိုက်ခင်းကဘ၀နဲ့ရင်းရပေမယ့်

သီးထွက်ကောင်းတော့

ဟောဒီခေတ်ဆိုးခေတ်ပျက်ကြီး

တစ်ခုလုံးကိုတင်ကျွေးထားနိုင်ရဲ့

သူအမေပြောတော့အသည်းကခပ်ငယ်ငယ်တဲ့

အဲဒီမောင်ချောနွယ်ပေါ့

မျှားမယ့်မျှားတော့စကြာဝဠာကိုမှမျှားတယ်

ငှက်ဆိတ်တဲ့သစ်စည်းမှာတောင်

အဓိပါယ်တွေသိပ်သည်းနေရင်

ရာစုသစ်တစ်ခုလောင်းတောင်မှ

မောင်ချောနွယ်ကိုဖွင့်ဆိုလို့မရဘူး

သေချာတယ်

တစ်ကယ်သေသွားတာကမောင်ချောနွယ်မဟုတ်ဘူး

ဟောဒီအပုပ်အသိုးရာစုနှစ်ကြီး

မိုးလှိုင်ည

Saturday, July 28, 2007

ကျွန်တော်ရဲ့ဆင်ခြေများ

လူ့လောကတောနက်နက်မှာ

အဖေကကျွန်တော့်ကိုရင်ကျက်ဖို့လိုပြီတဲ့

ရင်ကျက်တယ်ဆိုတာဘယ်လိုတရားလဲ

ရှင်သန်ရပ်တည်မှုအတွက်

ဘ၀ကိုခေါင်းငုံ့ထားရရင်း

ရုတ်တရက်မော့အကြည့်

ကောင်းကင်မှာကြယ်တွေရှိသေးကြောင်းသိရတော့

ဘုရားရှီခိုးကျောင်းကခေါင်းလောင်းထိုးသံကြားလိုက်ရရဲ့

ဒါပေမယ့်ကျွန်တော်ဆုမတောင်းချင်ဘူး

နွေဦးပေါက်တိုင်းပါရီကိုရောက်ဖူးချင်တဲ့စိတ်နဲ့

ဗင်းဆင့်ဗန်ဂိုးရဲ့နေကြာပန်းကို

လွမ်းနေတတ်တာကြောင့်

ရင့်ကျက်တယ်ဆိုတာ

ကျွန်တော့်အတွက်မလိုအပ်ဘူးထင်တယ်…အဖေ..။

မိုးလှိုင်ည

သုဘရာဇာ

သူခေါင်းတလားတစ်လုံးလုပ်တယ်
သူ့ဘ၀တစ်သက်တာမှာ
အခန့်ညာဆုံးခေါင်းတလားတစ်လုံးကို
အကောင်းဆုံးသစ်သားတွေနဲ့သူလုပ်တယ်။
သူကျင်းတစ်ကျင်းတူးတယ်
သချိုင်းတစ်ခုလုံးရဲ့အကောင်းဆုံး
အမြင့်မြတ်ဆုံးအလှပဆုံးတောင်ကုန်းပေါ်မှာ
ပြီးတော့
သူခေါင်းတလားကိုကျင်းထဲထည့်ပြီး
သူကခေါင်းထဲဝင်သေပစ်လိုက်တယ်…..။
ထူဆန်းစွာပဲ
ငိုမယ့်လူတွေတစ်ယောက်မှမရှိကြဘူး
အပြစ်လွှတ်ပေးမယ့်သင်းအုပ်ဆရာလည်း
ရောက်မလာဘူး…။
အလာလ်ရှင်မြတ်ရဲ့အမိန့်တော်ကိုပြန်ကြားပေးမယ့်
ဗလီဆရာလည်းရောက်မလာဘူး
သရဏဂုံတင်ပေးမယ့်
ရဟန်းတပါးလည်းမရောက်လာဘူး…..
သုဘရာဇာတစ်ယောက်တော့ထပ်ရောက်လာတယ်
သူ့အလောင်းကိုမြေဖို့ပေးဖို့………………

မိုးလှိုင်ည

Tuesday, July 24, 2007

သို့ဖေဖော်ဝါရီ..၃

ဖေဖော်ဝါရီရေ
ဆူးလေမီးပွိုင့်မှာရပ်ပြီးငါငေးတယ်
၂၀၇တစ်စီး ၃၇ဘီအမ်တစ်စီး
ပါရာဒိုတစ်စီး ဟိုင်းလတ်တစ်စီး
စူပါရုဖ်တစ်စီးငါ့ရှေ့ကဖြတ်သွားကြတယ်
ငါကဘယ်ကိုဖြတ်ကူးရမှာလဲ
လမ်းတစ်ဖက်မှာအရင်လို
မင်းမှရပ်စောင့်မနေတာ
ရုပ်ရှင်ရုံမှတ်တိုင်မှာက
မဟာမြိုင်တစ်ယောက်နှစ်ရာလို့
ကြားကားစပယ်ယာတွေအော်နေတုန်းပဲ
အဲဒီအသံတွေပေါ့ ငါ့ဆီကမင်းကို
စိမ်းစိမ်းကားကားဆွဲခေါ်သွားခဲ့ဖူးတာ
လူတွေရှုပ်နေတဲ့ကြားကငါလွမ်းတယ်
၃၅မီနီဘတ်စ်တွေငါ့ဘေးကဖြတ်သွားရင်ငါလွမ်းတယ်
မန်းမြို့တော်ပေါက်စီဆိုင်တွေကို
မမြင်ချင်ယောင်ဆောင်သွားမိတယ်
မင်းမရှိတော့လက်ရွေးစင်မှာ
ကော်ဖီမသောက်ဖြစ်တာကြာခဲ့ပြီပေါ့
၄၈ လမ်း၅၀ သဘောင်္ကျင်း ရန်အောင်
ဝက်စု ဗန္ဓုလကသွားမှာ အနီရောင် အနီရောင်
ငါ့ကိုမလှောင်ပါနဲ့ကုန်ဈေးတန်းမှတ်တိုင်ရယ်
ပလက်ဖောင်းကဖီးမှာက
အသက်မဲ့နေတဲ့ကော်ဖီမစ်တစ်ခွက်နဲ့ငါ
ညနေကိုအလွမ်းနဲ့ထုပ်ပိုးပြီးပြန်လာခဲ့တယ်
ဘုရားသခင်ဆီကအိမ်ကလေးတစ်လုံးလောက်
လက်ဆောင်ရခဲ့ရင် ငါမင်းကိုဆက်ဆက်လာခေါ်ပါ့မယ်
အဲဒီအလွမ်းတွေနဲ့ငါညဉ့်နက်နေရဆဲပေါ့
ဖေဖော်ဝါရီ…….။

မိုးလှိုင်ည

အထီးကျန်

မင်းအတွေးအခေါ်က
အရောင်မထွက်ဖူးတဲ့
ဒီလိုထိမိစမ်းမိဖို့
ကျွန်တော်ချီတက်လာတာမှမဟုတ်တာ
လျှပ်စီးရောင်တလက်လက်
ပန်းခင်းထဲကရနံ့တွေရောင်ကိုင်းလာတဲ့အထိ
လောကဓံငါ့အပေါ်ထစ်ခြုန်းပုံစောင်းနင်းတယ်
အရွယ်အစားအမျိုးအမျိုး
အရောင်အသွေးအမျိုးမျိုးနဲ့
ပင်လယ်ခရုတွေအာရုံကိုစူးစေတာကလွဲပြီး
ဘာမှအဆန်းတကြယ်ခူးခပ်မပေးဘူး
တမျော်တခေါ်ငေးကြည့်မိသမျှ
ရှုခင်းတွေကလည်းအရွယ်မတင်ဘူး
ခင်ဗျားတို့ပြောသလောက်မကွေ့ကောက်ဘဲ
ကျွန်တော်ထင်သလောက်
ဖြောင့်တန်းလှပတဲ့မြစ်ဆီပြန်လာခဲ့တယ်
သဘာဝတရားဟာစိမ်းစိမ်းစိုစို
နေလုံးနီနီကကန်သင်းရိုးအစပ်မှာဖူးလို့ပွင့်လို့
ကျွန်တော်လွှတ်တင်လိုက်တဲ့သီချင်းကလေး
ပျံလွှားငှက်ကလေးနဲ့တိုက်ပြီးပြန်ကျလာခဲ့
ကြီးကောင်ဝင်စဆည်းဆာကိုမော့ကြည့်ရင်း
ကျွန်တော်တစ်ယောက်တည်းလည်းလဲပျော်ပါတယ်။ ။

မောင်ဖီလာ

Sunday, July 22, 2007

မငြိမ်းသောဖန်မီးအိမ်..သို့

သွေးမကြောင်ဘူး
ဘေးမရှောင်ဘူး
ကဗျာဆရာစစ်ရင်
အမှန်တရားကိုချစ်တယ်
ငါ့သွေးတွေက
ကဗျာအတွက် ကမ္ဘာအတွက်
ငါ့ပြည်သူအတွက်
အမြဲတမ်းလတ်ဆတ်နေတယ်
ပြည်သူ့အတွက်အမှန်တရားကို
ကမ္ဘာဦးကျမ်းစာလို
ငါရွတ်ဖတ်နေတုန်း
သေနတ်ချင်းယှဉ်ပစ်နေစရာမလိုဘူး
သမိုင်းကအမှန်တရားကို
မှတ်ကျောက်ထားတယ်…
အခုငါကဗျာနဲ့သတ်လိုက်တယ်
လူယုတ်မာတွေစင်းစင်းလဲသေပေါ့
ဆေးလိပ်တိုကြီးကမီးမသေတော့ဘူး

မိုးလှိုင်ည
(ကဗျာဆရာကြီးတင်မိုးသို့ရည်စူးဂုဏ်ပြုပါသည်)

Friday, July 20, 2007

လူ့ဘ၀ဆိုတာဒါလား

သက်တမ်းတိုတိုလေးကိုပဲ
တငွေ့ငွေ့ကျွမ်းလောင်းရတဲ့လူ့ဘဝ
အဆင်ပြေအောင်ဘာတွေလုပ်တတ်လဲ
တစ်နေ့ချင်းတစ်ရက်ချင်းကို
အသက်ပြင်းပြင်းရှုလို့
လူ့ဘ၀ဟာဘာနဲ့မှလဲမရဘူး…
ဖြစ်တည်မှုပဓာနလား
လွတ်မြောက်မှုပရမ်းပတာဖြစ်စဉ်
အဝေဖန်ခံရခြင်းအထင်လွဲခံရခြင်း
လောကဓံရှစ်ပါးရဲကြားမှာ
မင်လည်းမကောင်းဆိုးဝါးတစ်ကောင်
ဖြစ်နိုင်တယ်…မိုးလှိုင်ည…
ဒီနေ့ပြီးနောက်တစ်နေ့
ဖြစ်တည်ပျက်သံသရာထဲ
ကိုယ်ကိုကိုယ်ရုပ်ရှင်လိုရစ်ကြည့်လို့မရတော့
အမြဲတမ်းလူကြမ်းဘ၀က
အကျိုးအပဲ့တွေများလှပြီ…။

မိုးလှိုင်ည

Wednesday, July 18, 2007

ထကြည့်ပါဦးအဖေ

နှစ်ပေါင်းခြောက်ဆယ်ကြာပြီ............
ကျွန်တော်တို့အဖေကို တိုင်တည်ရတုန်း
အဖေလိုကြီးမြတ်တဲ့ပုဂ္ဂိုလ်
ဒီမြေမှာ မပေါ်သေးဘူး.............
အဖေတို့တော်လှန်ခဲ့တဲ့ ကျွန်ပညာရေးက
အဖေလိုသခင်တွေ ပေါ်ထွက်ခွင့်ရသေးတယ်
အခု ကျွန်တော်တို့ သခင်ပညာရေးက
ကျွန်ဆိုးကျွန်ယုတ်တွေ မွေးထုတ်လို့
မြန်မာပြည်ကို အုပ်ချုပ်နေကြတာ
ခွေးမြီးကောက်တွေပဲ အဖေ..........
တစ်ယောက်မှ သစ္စာမရှိကြဘူး
အမျိုးသားခြင်း ကျွန်ပြုစနစ်ကို
အဖေသာကြုံခဲ့ရင် ဘယ်လိုဖြေရှင်းမလဲ......
သိပ်ယုတ်မာတယ် အဖေ
အချင်းချင်းကိုတော့ ခေါင်းကိုချည်းဖိနင်းတယ်
ရှင်သန်ခွင့်မရအောင်.........
အသွေးအသားတွေစုပ်ယူပြီး
လူတန်းစားတစ်ရပ်က ပဒေဿရာဇ်လို
စိုးမိုးနေတဲ့
ကျွန်တော်တို့ရဲ့ ကျွန်ခေတ်က ၄၅နှစ်ရှိခဲ့ပြီ........
ခဏဖြစ်ဖြစ် ထကြည့်ပါဦး အဖေ.............

မိုးလှိုင်ည

အာဇာနည်ဗိမာန်


သြော်.........အဆောင်ဆောင်နန်းတွေ
ကြငှန်းတွေနှင့်နှော
အဆောင်မမြန်းခင်က
အောင်စာတမ်းချို့စေဘို့၊ အောင်ပန်းညှိ့ရရှာတဲ့
တောင်တမန်းတို့ဗမာမှာ၊ အဟောင်းသံသရာ
အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၄င်းကံကြမ္မာ
အလုပ်ပေထင့်
သောင်းမြန်မရဏာစမုတ်မှာတော့
ချုပ်သနဲ့ ယင်းအလိုတွင်
ဒေါင်းအလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့်
သဂြိုင်္ဟ်ချင်။ ။
သြော်...........တပည့်ရင်းတွေမို့
က၀ိမတင်းနိုင်ဘုကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘု
သောက ဘလောင်ဆူတော့
တောင်ဇမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန်သနစ်တွေပေါ့
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒ်ီဇမ္ဗူရမ်းနေကြ
ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့နန်းကိုဖြင့်
လူကြမ်းဓားပြတွေကြမ်းလာ ရမ်းလာတဲ့အရေးတွင်မှ
ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်
ရွှေမြန်မာဘုံမှာ အမင်းမင်း သမတတွေနဲ့
သတင်းလှတဲ့ အင်းဝရာဇာအမွန် သာလွန်မင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွေဖြင့်
ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့
ဟိုအရင် ယမန် နန်းတော်စီးစဉ်က
အပျက်ကြီးပျက်ကာ အသက်ခန္ဗ္ဓာတွေဆုံးပုံနဲ့
တထုံးနောက်တနဲမှာတော့
မင်းရဲရန္ဗ္ဓ္ဘ္ဘမိတ်ခမျာမှာ ညီသနင်းပေပါ့
ပြည်မင်းဂုဏ်ခံလို့
မှူန်မှူန်ဆန်ဆန် ပုန်ကန်တဲ့အတိုင်းရဲ့ပြင်
တလိုင်းနယ် ရွှေပြည်တခွင်မတော့
ဓမၼေစတီဘုရောစးောစးင္လက္ထက္တုန္းဆီက
လက်ရုံးရည် တသိန်လျှမ်းပေတဲ့
သမိန်သရမ်းဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်
မဟုတ်တရုတ်အကောင် တေလေတစ္ဆေကိုက်တာနဲ့
သြော်........ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပါ့
အခိုက်အခါတူလို့မို့
ဆရောစးောစးာတမူ မႀကာမႀကာ လွမ်းရပါတဲ့
ဘမရာ အဆူဆူ ကြာကြငှန်းတွေနှင့်
မြန်မာဇမ္ဗူ အညာ မန်း တွင်ဖြင့်
ငါတလူ ငါသရမ်းရော့မဟဲ့လို့
သာခန်း ပလင်ညွှန်းပြီး
မြင်ကွန်းပိုင် သူပုန်ထစဉ်က
ကြုံရသူ မသာတော်နှင့်
ပမာသော်တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသနဲ့ အတိတ်ယခင်လိုနော်ကွယ်
စကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့၊မှိုင်းရဲ့စိတ်ထင်။
မင်းစိတ်မင်းမာန် အကြံအဖန်တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန်ရှင်းပါလို့
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာတစ်ခွင်မှာဖြင့် အထက်ယခင်သဘော
(အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင်သကော။ ။
နန်းမြို့တည်ရန်
မှန်းလို့ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့
ဝသီအလို တဖြေးဖြေးရူးမဟဲ့လို့
တနွေးနွေးမူးမူးပြီး ခွေးဘီလူးလိုအကောင်မိုက်တွေက
သြော်..........အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ဘဲမိုက်မပေါ့လို့
ဗြောင်ကိုက်သဟာမှာ ယာယီယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့
ဂဏာမငြိမ် တာဝတိံယွန်းကြပေါ့
ဖြေမကြည် နေရီတော့လွမ်းစေဖို့
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီအဓိဠာန်တမျိုးရယ်နှင့်
ရှိခိုးကာဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဘို့
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက
ဖောင်နန်းကူးတို့နှင့် အကြေဒဂုန်တည်းဟူသော
ရေစုန်မြောလေရဲ့
သြော်..တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။ ။

သခင်ကိုယ်တော်မှိုင်း

Sunday, July 15, 2007

ပေါက်ကွဲသံစဉ်

ဧည့်ခန်းမှာ အလှထိုးရအောင်

ငါက မင်းအတွက်
တော်ဝင်နှင်းဆီမှ မဟုတ်ခဲ့တာ
မင်းခြွေလို့ ကြွေ
မင်းနင်းလို့ ချေခဲ့တဲ့
နောက်ဖေးက အလေ့ကျ
နှင်းဆီရိုင်းတစ်ပွင့်။

ငါ့ကို အဲဒီမျက်လုံးမျိုးနဲ့ မကြည့်နဲ့
သနားခြင်း မြေသြဇာတွေ လာမကျဲနဲ့
စာနာခြင်း မိုးရေတွေ လာမဖြန်းနဲ့
ရက်စက်တဲ့ ဓားတစ်လက်နဲ့
အမြစ်ကနေ အပြတ်ရှင်းပစ်လိုက်
အရိုင်းအစိုင်းပေမဲ့ ဆူးတော့ရှိတယ်။

နိုင်းနိုင်းစနေ

ယောင်္ကျားတစ်ယောက်ရဲ့အလောင်းအစား

ယောင်္ကျားတစ်ယောက်ရဲ့အလောင်းအစားက ဘာလဲ
ပြီးတော့ နယ်မြေသစ်ကို စွန့်စားသူတစ်ယောက်
အထီးကျန်ညတွေကို ခရီးရှည်လို ချီတက်ခဲ့တယ်
ညထဲမှာနစ်မျောသွားတဲ့ ငါ့သက်ပြင်းချသံတွေ
မရောက်လာသေးတဲ့ အနာဂတ်တွေက
စာရေးစားပွဲပေါ်မှာစီစဉ်တကျ
ကဗျာတစ်ပုဒ်တစ်လေသာ မရခဲ့ဘူးဆိုရင်
ဖြေသိမ့်ဖို့တော်တော်ခက်မယ့်... ဘ၀ပဲ
အရာအားလုံး ပုံပျက်ပန်းပျက် ဂုဏ်သိက္ခာတွေဆုံးရှုံး
လူတွေအတော်များများရဲ့အမုန်း
နှလုံးသားကိုထယ်သွားလို ထိုးခွဲသွားတဲ့
ချစ်သူရဲ့ ဆင်ခြေလှလှတွေ
တကယ်ဆိုညနေကို သေချင်လောက်အောင်လှတယ်
အဲဒီမှာပဲ
ရွှေအိုရောင်တစ်စကို မြတ်မြတ်နိုးနိုးတွေရှိခဲ့ရတယ်
အနုပညာတဲ့သိမ်းထားလို့တော့မရပေမယ့်
ရင်ထဲမှာ ဂန္တ၀င်ဆန်ခဲ့တဲ့အကြောင်းကို မေ့ဖျောက်လို့မရခဲ့ဘူး။

မိုးလှိုင်ည

Saturday, July 14, 2007

သေခြင်းရဲ့ကဗျာ

လူတွေသေကြတယ်..ပြီးတော့သူတို့မပျော်ကြဘူးဓယ
ကမျုး
ငါကဘာတွေရှာနေလို့
ဒီလောက်ကြာနေတာလဲ
ငွေကြေးလား၊ဂုဏ်သိက္ခာ
အပေါစားကျော်ကြားမှုတွေလား
မရေရာတဲ့အနာဂတ်တွေကိုရွှေချပြီး
မျော်လင့်ချက်အတုအယောင်တွေနဲ့
ရေတွက်နေရတာငြီးငွေ့စရာ
ဗာဂျီနီးယားဝုဖ်၊အားနက်စ်ဟဲမင်းဝေး
ဗင်းဆင့်ဗန်ဂိုး၊ကက်ကိုဘိန်း..။
တစ်ခါတစ်ခဘ၀မှာ
ခပ်မြန်မြန်သေပစ်လိုက်ဖို့လိုတယ်…..။

မိုးလှိုင်ည

Thursday, July 12, 2007

ဆုတောင်း

ကဗျာဆရာရဲ့နေ့လည်စာက

လက်ဖက်ရည်တစ်ခွက၊်အသုပ်တစ်ပွဲ၊စီးကရက်နှစ်လိပ်တဲ့

ဒါဆိုရင်လူဖြစ်ရကြိုးနပ်ပြီပေါ့

အူဟောင်းလောင်းနဲ့ပဲ...အားနည်းသူတွေကိုကူညီဦးမတဲ့

မဟတ္တမဂန္ဓီလိုငါ့လူမျိုးတွေကိုမဆင်းရဲစေချင်ဘူး

ပြီးတော့...

ကမ္ဘာကြီးပေါ်မှာဘယ်သူ့ကိုမှလည်း

မဆင်းရဲစေချင်ဘူး....

ဘီဂိတ်၊မိုဟာမက်ယူနွတ်တို့လို့

ငါ့ရဲ့ထောင်စုသစ်စီမံချက်ထဲမှာ

ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ပါတယ်

ပေါင်မုန့်နဲ့ရေမရလို့သွေ့ခြောက်နေရတဲ့ဘ၀တွေ

မေတ္တာစိတ်နဲ့ကိုယ်ချင်းစာတရားမရလို့

လောင်ကျွမ်းနေရတဲ့ဘ၀တွေ

ကဗျာဆရာကတော့ကမ္ဘာကြီးကို

ဒီထက်ပိုသာယာချမ်းမြေ့ဖို့မျော်လင့်တွက်ဆနေဆဲ.....

ကမ္ဘာကြီးကျန်းမာပျော်ရွှင်ပါစေ....။

မိုးလှိုင်ည

Wednesday, July 11, 2007

မြစ်ကျိုးအင်း

ပင်လယ်ဆီမသွားတော့ဘူး
ဟောဒီမှာ
ကိုယ်ရပ်နားခဲ့တဲ့ချိုင့်ဝှမ်းလေးကိုခင်တွယ်လို့
ရင်ဘတ်ထဲကရင်ခုန်သံရယ်
ရေကြည်မြက်နုရာရှင်သန်မှု
ကိုယ်ပြုစုရမယ့်ပတ်ဝန်းကျင်မှာ
တန်ဖိုးတစ်ခုတင်ကျန်ခဲ့ရင်ပဲကျေနပ်လှပြီ…။
မေးခွန်းများစွာကိုဖြေကြားဖို့မလိုတော့ဘူး
ထုံအချင်ယောင်ဆောင်လိုက်တော့မယ်
ကိုယ်ကိုယ်တိုင်မမျော်လင့်တော့တဲ့
လှိုင်းတံပိုးတွေအတွက်
မာနတက်နေဖို့မလိုတော့….။

မိုးလှိုင်ည

Tuesday, July 10, 2007

မေတ္တာတရား

စကြာဝဠာကြီးရဲ့
ရင်အုံထဲအပြည့်အသိပ်
ဖိနှိပ်ထည့်ထားတဲ့အရာ၊

လူသားတွေရဲ့
အမုန်းတရားကိုဇကာစစ်
နေရာတကာ
အောင်အောင်မြင်မြင်ဖြစ်မယ့်အရာ၊

သူက
ငြိမ်းချမ်းရေးကြယ်စင်တွေနဲ့
တို့တတွေရဲ့
ပူလောင်နေတဲ့မြေပြင်ကိုစိုစွတ်စေ
သူက
ပန်းရနံ့သင်းတဲ့အလင်းရောင်တွေနဲ့
တို့တတွေရဲ့
ချုချာနေတဲ့လေလွှာကိုအေးမြစေ...

အချစ်ရယ်
မေတ္တာတရားတဲ့လေ
နမ်းရှိုက်လိုက်ဖို့သာ
ပြင်ပေရော့ကွယ်………………။

ကျော်မျိုး

လွင့်မျောတဲ့ကဗျာ

ငါ့စိတ်တွေဘယ်လိုလွင့်မျောနေလည်း…
ဘာအကြောင်းပဲဖြစ်ဖြစ်မင်းနဲ့ပက်သက်ခဲ့သမျှတွေနဲ့
တိုက်ဆိုင်ပစ်လိုက်တယ်…အဲဒါငါလွမ်းဖို့အတွက်ပေါ့
တစ်နေ့ထက်တစ်နေ့ကွာဝေးနေရမှုကို
ထပ်ခါတစ်လဲလဲဖွဲ့ဆိုနေတဲ့
ငါ့စိတ္တနာမ်အမှုန်အမွှားတစ်စဟာ
မင်းမှမကယ်ရင်ဘယ်လိုမှသုံးမရတဲ့
အတ္တဘောတစ်ခုလည်းဖြစ်တယ်
အခါခါရှုးသွပ်ကြေကွဲမှုကို
ဆိုက်ကိုနူရိုးဆစ်လိုအမည်တပ်ထားတယ်တဲ့
အဲဒီစံလွဲစိတ်ရောဂါသည်အတွက်
အသင့်တော်ဆုံးကုထုံးဟာ
မင်းအပြုံးလေးတွေပဲဖေဖော်ဝါရီ….
ဖြစ်နိုင်ရင်တစ်ချက်လောက်ငဲ့စောင်းကြည့်စေချင်တယ်
ဖြစ်နိုင်ရင်တစ်ခါလောက်ခွင့်လွှတ်စေချင်တယ်
ဖြစ်နိုင်ရင်နောက်ထပ်တစ်ခါလောက်နမ်းရှိုက်ခွင့်ပြုပါဦး…
တစ်ကယ်တော့မဖြစ်နိုင်တာကိုမှ
အသေအကျေတပ်မက်တတ်တဲ့ငါ့အတွက်
ကွဲကြေသင့်တဲ့ငါ့အသည်းနှလုံးကို
ဟောဒီအဆုံးအရှုံးရာစုနှစ်တွေထဲ
တောက်ပစွာလောင်မြိုက်စေခဲ့ပြီးပြီ…။

မိုးလှိုင်ည

Saturday, July 7, 2007

နှလုံးသားမှာအလံတစ်ဝက်ပဲလွှင့်ထားတယ်


ငါတို့ဆုံးရှုံးရတယ်
ဗကသမရှိရင်အမှန်တရားမရှိဘူး…
ကျောင်းသားတွေလောက်ဘယ်သူက
ပြည်သူကိုပိုချစ်မလဲ…
မြန်မာပြည်ရဲ့ပထမဆုံးယူဂျီ
သမိုင်းဝင်အဖျက်သမား
ပညာတတ်လူလိမ်ကိုစမူဆာ
ခြောက်တန်းလောက်တတ်တဲ့
တစောက်ကန်း…လူသရမ်းတွေ
ပူးပေါင်းယုတ်မာကြတော့…
လွပ်လပ်ရေးကိုအမဲဖျက်သလို
နယ်ချဲ့ဆန့်ကျင်ရေး၊ဖက်ဆစ်ဆန့်ကျင်ရေး
အမြုတေအင်အားစုကို
အရှင်လတ်လတ်မြေမြုပ်ခံရတဲ့
ဒီနေ့အတွက်
ငါ့နှလုံးသားမှာအလံတစ်ဝက်ပဲလွှင့်ထားတယ်။

မိုးလှိုင်ည


အမေနဲ့စကားစမြည်

''သား နင့်မလဲ
တစ်နေ့တစ်ခြားပိန်လိုက်တာ''
''ကဗျာအာဟာရနဲ့ သားစိတ်တွေဝနေတာ
အမေမမြင်မိလို့ပါ...''
''သားရယ် ဗိုက်ပြည့်အောင်စား
အိပ်ပျော်အောင်အိပ်ပါလား''
''မဖြစ်သေးဘူး...အမေ
သားက လိုတာထက်ပိုစားရင်
လစ်ဟာသွားရမယ့်အစာအိမ်တွေအတွက်
မသေရုံတစ်မယ်ပဲ သားစားပါရစေ...''
''အိပ်လို့ကလည်း ပျော်မှာမဟုတ်ပါဘူး
အရူးတွေစစ်ဖြစ်နေတဲ့ကာလမှာ
ကမ္ဘာကြီးကို စောင့်ရှောက်ဖို့
၂၄ နာရီပတ်လုံး သောကရောက်နေရတယ်''
အမေက သားကိုချစ်သလို
သားကလည်း ကမ္ဘာကြီးကိုချစ်တယ်
အဲဒီလိုနဲ့ ကဗျာရေးဖြစ်ခဲ့တယ်အမေ...
ဒီဘ၀ကြွေးဟောင်းတွေအပေါ်
ပြန်လည်မပေးဆပ်နိုင်ခဲ့ရင်တော့
အမေ သားကိုခွင့်လွှတ်ခဲ့ဖို့တစ်ခုပဲ
အရေးတကြီးလိုအပ်နေတယ်...အမေ...။

မိုးလှိုင်ည

Thursday, July 5, 2007

မိုးထဲမှာ...ငါ

ဇူလိုင်မိုးတွေက တဖွဲဖွဲတသည်းသည်း မရည်ရွယ်ဘဲ ငါ လမ်းတွေလျှောက်မိနေတယ်။ တစ်ခုခုသိချင်တယ်... တစ်ခုခုရှိနေစေချင်တယ်... အခုတော့ ငါတစ်ယောက်တည်း မိုးရွာထဲမှာ ငါ့ အတွေးမပါဘဲ လျှောက်သွားနေတယ်... ခြေလှမ်းတွေက ညှို့ငင်ယူထားတဲ့ ဆူးလေဘုရားလမ်းမပေါ်မှာ ရန်ကုန်မြို့ကြီးဟာ အမြဲတမ်း ပြောင်းလဲနေတယ်... အနုပညာအပေါ် ဂျစ်ပဆီတွေသစ္စာရှိသလို... ငါလည်း သစ္စာရှိတယ်... ငါ ကဗျာဆရာဆိုတဲ့အတွေးနဲ့...ရန်ကုန်မြို့ထဲမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုတော့ဘူး...virus café မှာ ငါကိုယ်တိုင် ဗိုင်းရပ်စ်သင့်ခဲ့ရတဲ့နေ့ရက်တွေ... ရင်ထဲမှာ ထပ်မံဖွဲ့ဆိုစရာ မလိုတော့တဲ့ ကဗျာတွေ... Berlin Museum ထဲက ပန်းချီကားတစ်ချပ်ကို သတိရတယ်...
"The girl drink wine with gentleman" ကိုယ့်ကိုယ်ကိုShutdown လုပ်တော့ ဖန်သားပြင်က အဖြူအမည်းတွေ တဖျတ်ဖျတ်... ဘ၀ဆိုတာ အက်စကေလေတာစီးသလိုပဲ ကိုယ်ရပ်နေလည်း သွားနေမှာ... အခုမှတော့ မထူးဘူး... တစ်၊ ကိုး၊ ကင်းနဲ့ ထအောပစ်လိုက်တယ်... ငါ မနက်ဖြန် ကံကြမ္မာနဲ့ မျက်နှာမသစ်တော့ဘူး...။

မိုးလှိုင်ည

Wednesday, July 4, 2007

ခရီးဝေး

မှားယွင်းမှုအလွဲတွေကြားက

ကိုယ့်ကိုယ်ကိုရေပုံးကြိုးလိုဆွဲတင်ကြည့်တယ်

ဒါပေမယ့်

ချည်တိုင်ကိုမဖြည်နိုင်သမျှတော့အလကားပဲ…..။

အလေးချိန်တွေတင်စီးခဲ့သမျှ

အင်အားကြီးကြီးနဲ့နစ်နေခဲ့တာ

မလှော်ခတ်ဖြစ်တဲ့နေ့တွေသာ

ရေစုန်မျောကြေးဆိုရင်

ပင်လယ်ဆိုတာဘယ်ဝေးလိမ့်မလဲ…..။

ရုပ်နာမ်နှစ်ပါးကို

ဗော-တံတားလိုချည်နှောင်ထားတော့

ဒီသောင်ဒီကမ်းနဲ့တင်နစ်ခဲ့ရပေါ့

ကိုယ်ကိုယ်တိုင်လှိုင်းမှမဖြစ်ခဲ့တာ…..။

မိုးလှိုင်ည

ဝိပ္ပဿနာ

မှော်ရုံဆိုမှတော့

သမင်ဘယ်ရှိပါ့မလဲ

မရှိခြင်းကိုထမ်းပြန်လာသူဟာ

သမင်စစ်စစ်ရလိမ့်မယ်…..။

မြူကွဲချိန်မှာ

အခါးကိုအခါးမှန်းသိလိုက်ရတာလောက်

ချိုမြသွားတာမရှိမရှိနိုင်ပေဘူး….။

ရေဘူးနဲ့ဖိနပ်ပါရဲ့လား

ရထားက

ဥသြသံမပေးပဲဆိုက်လာတတ်တယ်…..။

တောင်တွင်းယဉ်မင်းကြိုင်

Sunday, July 1, 2007

နေ၀င်နှင်းဆီ


မနက်ဖြန်မနက်မှာ
နွမ်းခြောက်ရတော့မယ်ဆိုရင်
နှင်းဆီရယ်...
မင်းရဲ့အလှအပတွေနဲ့ အင်တိုက်အားတိုက်
ဟောဒီ
ညနေတစ်ခုလုံးကို သိမ်းပိုက်ပစ်လိုက်စမ်းပါ...။

အစွင့်ကားဆုံးရွက်လွှာတွေနဲ့
အ၀င့်ကြွားဆုံးအပြုံး
မင်းကိုယ်မင်းအလှဆုံးလို့ ယူဆလိုက်ပါ...
အဲဒီနောက်
မင်းရဲ့ရနံ့တွေကို ဖွင့်ဖောက်ပြီး
လေပြေတွေကို ယစ်မူးစေလိုက်...

သဘာဝတရားရဲ့ အလှည့်အပြောင်းကို
မာယာတစ်သောင်းနဲ့ လှည့်စားလိုက်ပါလား...
မင်းရဲ့ ရဲရင့်တဲ့ဈာပနကို
ငါ့ရင်ထဲ ထည့်ဖွက်ထားပေးမယ်...။

မိုးလှိုင်ည

“ခွေးကလေး ကောက်ကောက်”

ကျွန်တော့် လူ့ဘဝသက်တမ်း နှစ်လေးဆယ်မှာ ဒါဟာ ရွှေသားသံယောဇဉ်ဖြစ်မှန်း ကျွန်တော်သိခဲ့ရပါတယ်။ အမှန်တကယ်တော့ ချစ်ခြင်းမေတ္တာတို့၊ သံယောဇဉ်တို့၊ စ...