Pages

Sunday, March 21, 2010

မီးတောင်တစ်လုံး အကြွင်းသုည ဘ၀ပြဇာတ်တစ်ပုဒ်

အိပ်မက်တွေကို အတောင်တပ်ပြီး
သက္ကရာဇ်တွေထဲပျံဝင်လာတာ ဘာတွေပါလည်း…
အဲဒါ လူတွေပေါ့…
ဒါမှမဟုတ် ငါတို့တစ်တွေလေ…
ရင်ဘတ်ထဲက potential တွေအရ
မီးတောင်တစ်လုံးလို လောင်ကျွမ်းခဲ့ရ
ဒဏ်ရာတွေ အန်ထုတ်ရတာ
လှပစွာနာကျင်နက်ရှိုင်းလို့….

ငယ်ငယ်က အိပ်မက်တွေထဲ
ပြန်မရောက်နိုင်တော့တဲ့အခါ
ငါ့သွေးကြောထဲက နွေရာသီကိုဖောက်ထုတ်ပစ်ခဲ့ရတယ်
အထီးကျန်ညနေစောင်းကို အလုပ်ချိန်နာရီအဟောင်းထဲ
စတေးပစ်ခဲ့ရဖူးတယ်…

တေလေမလေးရေ

ငါကိုယ်တိုင်လည်း
အေးအေးလူလူကော်ဖီပူပူတစ်ခွက်ကို
မသောက်နိုင်ခဲ့သူတစ်ယောက်ပေါ့…

ခံစားမူမရှိတဲ့ မော်နီတာတွေနဲ့ အလုပ်လုပ်နေရတဲ့
လူသားစက်ရုပ်တစ်ခုလို
မှောင်မည်းကျဉ်းကျပ်နေတဲ့အခန်းငယ်ထဲမှာ
လူမသိသူမသိ ကမ္ဘာကြီးကလည်းငါ့ကိုမသိဘူး

အငိုက်မိသွားတဲ့ရာစုနှစ်ထဲမှာ
စွန့်ပစ်ခံထားရတဲ့ဆော့ဝဲလ်တစ်ခုလို
ငါ့ရဲ့လူသားဆန်မှုတွေလည်းမေ့လျော့ခြင်းခံထားရတယ်
လူတွေဆာလောင်နေတာ ပိုက်ဆံဖြစ်ပြီး
ကောင်းကင်ဘုံက ၀ိညာဉ်ဖြူတွေကိုဆာလောင်လို့
ငါက အနုပညာကိုဆာလောင်တယ်
ချစ်ခြင်းမေတ္တာကိုဆာလောင်တယ်

အရင်ကတော့
ကျောက်ဆောင်တစ်ခုလိုလည်းအေးစက်ဖူးတယ်
သဲသောင်တစ်စလိုလည်း နူးညွှတ်ဖူးတယ်

အခု
သွေးဆာတဲ့ပင်လယ်ဟာငါ့ကိုတစ်စစီဖဲ့ခြွေ့ချတယ်…

ပြီးတော့
ပင်လယ်ထဲရောက်သွားတဲ့ မီးတောင်တစ်လုံးလို
ဘ၀မြေပုံအမှတ်အသားမှာ
အစက်အပြောက်လေးတစ်ခုတောင်တင်မထားချင်ပါဘူး…

ငါ့ကိုပေါ့ပေါ့ပါးပါး ရယ်မောလိုက်စမ်းပါ …..တေလေမလေး

ဘ၀ဆိုတာ
ရင်ထဲမှာ မုန်တိုင်းကိုယ်ဆီထည့်ဖွတ်ထားပြီး
ခက်ထန်ပြတ်လျှ
ငါတို့ကောဘယ်လိုလွတ်မြောက်ခွင့်ရမှာလည်း….

နတ်သမီးရဲ့ ရယ်သံအဆုံးမှာ
ကျိန်စာတွေ အားလုံးပျက်သုဉ်းမယ်ဆိုရင်
ငါ့အပေါ်ပုန်းလျှိုးကွယ်လျှိုး
တိုက်ခိုက်နေတဲ့လောကဓံတရားအပေါ်
အဃာတတွေအားလုံးဖျက်သိမ်းထားလိုက်ပါ့မယ်…

မနက်ဖြန်တွေဆီမှာတော့
ငါတို့ရဲ့အဓိပါယ်တွေရနိုင်စရာရှိသေးလား
ငါတို့ရဲ့ပျော်ရွှင်မှုတွေရနိုင်စရာရှိသေးလား
ကင်းဗတ်အဖြူတစ်စလို အနာဂါတ်ကို
ငါ့အတ္တတွေချမရေးချင်ပါဘူး…

ဖြူဖြူစင်စင်ချစ်ခဲ့တာတစ်ခုတည်းနဲ့
ငါက လေးတင်ဖို့ပျက်ကွက်ခဲ့သူပါ

ဘ၀ဟာ အကြွင်းသုညဆိုရင်တောင်
ငါမဆုံးရှုံးခဲ့ရပါဘူး….
တေလေမလေးရေ

မင်းကိုယ်တိုင်တင်ဆက်ခဲ့တဲ့ ဘ၀ကော
ငါကိုယ်တိုင်တင်ဆက်ခဲ့တဲ့ ဘ၀ပါ
ဒီဗီဒီ ဇာတ်ကားတစ်ချပ်လို
Replay ပြန်ကြည့်လို့မရတော့
ငါတို့ရဲ့ ဘ၀ပြဇာတ်တစ်ပုဒ်ဆိုတာ

နှစ်ကာလတွေထဲ
အရောင်လွင့်သွားတဲ့ အဖြူရောင်သက်သက်ရယ်ပါ….။

မိုးလှိုင်ည