Pages

Friday, September 4, 2009

တစ်ယောက်တစ်ခွန်းနဲ့ချောက်တွန်းခံရသူနှစ်ယောက်


တစ်လှေလုံးလည်း ငါခုံးမတွေချည်းပါလား
ကိုဖြိုးရေ မင်းကောဘယ်လိုနေလည်း
ပြုံးပြနှုတ်ဆက်
အဲဒီလက်တွေကို ဖြတ်လိုက်ကြပါစို့
မိုးလှိုင်ညရေ ..
ကဗျာရေးမိတာ တစ်ခုနဲ့
ငါ့တိုက အပြစ်ကြီးကြီးတွေကျူးလွန်မိသလို
ပြောကြဆိုကြတဲ့ လူတွေကလည်း မနည်းမနောပေါ့
ဟားတိုက်မိပြန်တော့လည်း ငါတို့ပဲ ထပ်မှားကြဦးမယ်
မိုးလှိုင်ညဆိုတဲ့ကောင်လေးတစ်ယောက်
ကဗျာဆရာဖြစ်ခဲ့ရတာကလည်း ခင်ဗျားတို့ကြောင့်ပါပဲ
ခင်ဗျားတို့ အနေအထိုင်မတတ်မှုကြောင့်
သူဟာ လောကကြီးကို စတင်ဖတ်ကြားခဲ့တယ်
ကိုယ့်ကိုယ်မပြုံးတတ်အောင် လေ့ကျင်ထားရတယ်ကိုဖြိုးရေ
ရိုးသားတယ်ဆိုတာ နွားကျမှုတစ်မျိုးလို့
ဟားတိုက်နေတဲ့ လူတွေကြားမှာ
ငါတို့တွေ ခဏခဏနွားကျခံနေရပေါ့ မိုးလှိုင်ည
အဲဒီပုခုံးနဲ့ပဲ ငါ ခေတ်ကာလကို တင်းရုန်းချင်ခဲ့တာ ကိုဖြိုး
နောက်ဆုံးတော့လည်း ပုခုံးလဲပြဲ
ငါတို့တွေလည်း ဗုန်းဗုန်းလဲကျ
မိုးလှိုင်ညနဲ့ကိုဖြိုးဆိုတဲ့
လူ့မရိုးမသားနှစ်ကောင့်အသုဘကို
ဘယ်သူတွေလိုက်ခဲ့ကြမှာတုန်း
ကိုယ့်သေတွင်းကိုယ်တူးရဲခဲ့ပါတယ်
ကိုယ့်နဖူးကိုယ် သိုက်တူးရဲခဲ့ပါတယ်
ရာစုနှစ်ကို ရိုက်စစ်လိုက်တော့
မဖြစ်ညစ်ကျယ်တွေက သိပ်ကိုများလွန်းနေတယ်
မဖြစ်ညစ်ကျယ်တွေထဲကမှ
အဖြစ်ရှိအောင်မှောင်ခဲ့ဖူးတယ်
ကိုယ့်ဒဏ်ရာတွေနဲ့ကိုယ် ရောင်ခဲ့ဖူးတယ်
အဲဒီလိုနဲ့ပဲ
မှောင်လိုက် ရောင်လိုက်နဲ့
အဲဒီလူတွေကို ငါတို့ မပစ်ရက်နိုင်ခဲ့ပြန်ဘူး
ချစ်တတ်ခဲ့လွန်းတော့
အသားမှဆေးမှင်ထိုးသလို
အရိုးကိုပန်းပုထုသလို
စုဆောင်းခဲ့မိတဲ့ အနုပညာနဲ့ ဘ၀က
နာနာကျင်ကျင်လှတယ်
ငါတို့ရဲ့ အသေခံပြဇာတ်ကြီးလည်း
ကန့်လန့်ကာချသင့်ပေါ့
နောက်ဆုံးတော့
ဒဏ်ရာတွေကျန်ခဲ့တဲ့
ခံတပ်ဟောင်းတစ်ခုလို
တိတ်ဆိတ်အေးစက်လို့
ငါတို့ဟာ ကိုယ့်ဈာပနကိုယ်တော့
သရဏဂုံတင်ပေးနိုင်ခဲ့တယ်….


ကိုဖြိုး/ မိုးလှိုင်ည