Pages

Sunday, November 4, 2007

အနှစ်နှစ်ဆယ်ကြာ ကဗျာဆရာ

ခင်ဗျားရဲ့ကဗျာတွေဟာ
ကဗျာမဆန်တော့ဘူး သိရဲ့လား။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
တစ်ရွက်လှုပ်ရင် တစ်ခက်လုံးနာကြ
သစ်ပင်ရဲ့ဒေါသအား မုန်တိုင်းကို ၀ပ်တွားစေမယ်လို့ ကြုံးဝါးမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
အနောက်တောင်လေမိုက် ဆောင်းမှာတိုက်လို့
ရာသီဥတု ငိုက်စိုက်ကျစပြုပြီလို့ မှတ်ချက်ချမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရေမြေမမှန် မျိုးမသန်လို့
အချိန်မတန်ခင် ကြွေလုလု ရွက်ပျိုနုတွေရယ်လို့
အံကြိတ်ကာ ခေါင်းယမ်းမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
နေရောင်ခြည် နမ်းသွားတဲ့ အစိမ်းရောင်တန်း
ငှက်ငယ်ခြေရာ ဖြတ်သန်းတယ်လို့ ရေရွတ်မယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
လေတိုက်လို့သစ်ရွက်လှုပ်တာလား
သစ်ရွက်တွေလှုပ်လို့လေတိုက်တာလားလို့
ရှေ့နောက်ဖြစ်စဉ်သဘော ကန့်လန့်တိုက် စောကြောမယ်။

ခင်ဗျားက သစ်ရွက်လှုပ်တာမြင်ရင်
ရာသီဗီဇ လေရူးခလို့ယိမ်းယိုင်ကြတာ
သဘာဝပါလေလို့ မတုန်မလှုပ်ပြောမယ်။

သစ်ရွက်လှုပ်ခြင်းက ခင်ဗျားကို အပြစ်ကင်းစွာ မရယ်မောစေတော့
ခင်ဗျားဟာ လွန်ခဲ့တဲ့အနှစ်၂၀ ကခင်ဗျား မဟုတ်တော့ဘူး
ခင်ဗျားကဒီစနစ်ကြီးကို ပြောင်းလဲဖို့ကြိုးစားနေတုန်းမှာ
ဒီခေတ်ကြီးကခင်ဗျားကို တော်တော်ပြောင်းလဲလိုက်ပြီပဲ။

ခင်ဗျားက အကြမ်းဖက်သမား
ခင်ဗျားက ပတ်ဝန်းကျင် ထိန်းသိမ်းသူ
ခင်ဗျားက နိုင်ငံရေး အကဲဖြတ်
ခင်ဗျားက အင်ပရက်စ်ရှင်နစ်
ခင်ဗျားက ဖြစ်တည်မှုဝါဒီ
ခင်ဗျားက ဘုရားမဲ့။

ခင်ဗျားရေးတဲ့ ကဗျာတစ်ပိုဒ်တိုင်းက
မျက်နှာကိုဖြတ်ဖြတ်ရိုက်နေလို့။ ။


ပန်ဒိုရာ