Pages

Thursday, January 14, 2010

အသည်းကွဲကျောက်ရုပ်

မင်းလွှတ်ချထားခဲ့တဲ့ ညနေခင်းလေးထဲမှာပဲ
ငါရှိနေသေးတယ် အချစ်။
မင်း ရှို့ခဲ့တဲ့ ငါ့ရင်ခွင်လေးလည်း
အခုထိ မီးက တဟုန်းဟုန်း
အရှိန်ကောင်းတုန်း.....။

ထားသွားပြီဆိုတဲ့ အမှန်တရားကို
လက်ခံဖို့ ငါကြိုးစားရင်း
အတူလျှောက်ခဲ့ဖူးတဲ့ လမ်းကျဉ်းလေးမှာ...
ငါတစ်ယောက်ထဲ မြေကြီးနဲ့ မျက်နှာချင်းဆိုင်
အပြန်အလှန် စကားတွေပြောဖြစ်တယ်.....၊
ရီရီမောမောလို့တော့ မထင်လိုက်နဲ့.....ချစ်သူ။

သတိရခြင်းနှိပ်စက်တဲ့ညမျိုးဆို
မင်းအိမ်ရှေ့အုတ်ခုံမှာ ခြေမှိုင်လက်မှိုင်၊
သီချင်းတွေဟစ်လိုဟစ်နဲ့
မင်းအရိပ်မျှော်တဲ့ ညည့်ဆိုးအဖြစ်
လူထုမေတ္တာကို ငါခံယူတယ်၊
အများပြောသလို နေတတ်သလိုမနေနိုင်သရွေ့ပေါ့ အချစ်ရယ်.....။

ချစ်သူ့လက်ကို စကိုင်ဖို့တောင် မရဲခဲ့တဲ့ကောင်
အဲလို အူကြောင်ကြောင်ကောင်ရဲ့အဖြစ်ကို
ရီစရာဟာသတစ်ပုဒ်အဖြစ် စိတ်လိုလက်ရ နင်ပြောချင်လည်းပြောနေမှာပေါ့......
ငါဆိုတဲ့ကောင်ကလည်း ခက်တယ်...
ချစ်သူ့လက်ကို စကိုင်ဖို့သာမရဲခဲ့တာ ချစ်သူက တွဲခဲ့တဲ့လက်ကိုတော့
ဘယ်တော့မှ မလွှတ်ရက်ခဲ့ဘူးဆိုတာ.....
တောက်! တကယ်ဆို ငါကိုက
ရေလိုက်၊ငါးလိုက် ဆိုတဲ့ ဝေါဟာရနဲ့ အကျွမ်းတ၀င်မဖြစ်ခဲ့တာပါ....။

နားထောင်...
အမှန်က မချစ်တတ်ခဲ့တာ မဟုတ်ဘူး
အချိန်တွေတိုင်း မင်းရဲ့ မျက်ဝန်းတွေမှာပဲ ပျော်နေမိတော့
ရုပ်ဝတ္ထုတွေရဲ့အရေးပါမှုကိုလည်း ငါအမှုမဲ့အမှတ်မဲ့ပေါ့.....
ကျေးဇူးပြုပြီး ငါ့ကို ငနုံအဖြစ်နဲ့ ကြိုးစင်တင်ပါ...။

အခုတော့.....အဲဒီ ငနုံဟာ ရင်ဘတ်ဟောင်းလောင်းပေါက်နဲ့
စိတ်ကူးအတုတွေကို အရောင်ခြယ်၊
မီးခိုးရောင်မျှော်လင့်ချက်တွေနဲ့ အသက်ဆက်၊
အဆုံးမသတ်ရသေးတဲ့ သီချင်းကို ခပ်ပြင်းပြင်းညည်းရင်း
မင်းထားသွားခဲ့တဲ့ ဟောဒီနေရာမှာပဲ
မင်းကို စောင့်တဲ့ ကျောက်ရုပ်အဖြစ်နဲ့ မတုန်မလှုပ်
နေ့တိုင်းလိုလို ဒီကောင် ငုတ်တုတ်မေ့နေတယ်.....။


နွေဦးပုံပြင်