Pages

Wednesday, October 22, 2008

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

မျက်နှာနှစ်ဘက်နဲ့ ဒင်္ဂါးတစ်စေ့

နိုင်ငံရေးဟာ gunများကြားထဲ ပျံသန်း နေရတဲ့ငှက်
နိုင်ငံရေးဟာ စမ်းတဝါးဝါးနဲ့ အသံစမ်း နေရတဲ့လက်


နိုင်ငံရေးဟာ သံဃာကိုတောင် သတ်ရဲတဲ့ သေနတ်
နိုင်ငံရေးဟာ ပင်လယ်လို ဖြဲထားတဲ့ ပါးစပ်


နိုင်ငံရေးဟာ ကမ္ဘာအနှံ့ က အာခံကြမယ့် သိမ်းငှက်တစ်ထောင်
နိုင်ငံရေးဟာ အမေရိကန်ကို သွားဖို့ လက်မှတ်တစ်စောင်


နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် သွေးထဲက မီးထတောက်မယ့် သူပုန်
နိုင်ငံရေးဟာ ဘယ်နေရာကို ရောက်ရောက် အကျင့်မပျောက်တဲ့ ခွေးမြီးကောက်


နိုင်ငံရေးဟာ ခွပ်ဒေါင်းတွေ လက်ထဲက ဝရဇိန်လက်နက်
နိုင်ငံရေးဟာ မျောက်တွေ လက်ထဲက အုန်းသီးတစ်လုံး


နိုင်ငံရေးဟာ သွေးနဲ့ ရေးခဲ့တဲ့ သြဂုတ်၊စက်တင်ဘာ သမိုင်း
နိုင်ငံရေးဟာ ရေပေါ်မှာရေးလိုက်တဲ့ ကြေငြာချက် တစ်စောင်


နိုင်ငံရေးဟာ အရေပြားပေါ်မှာ ကြက်သီးတွေ စီးဆင်းသွားစေတဲ့ ဟစ်ဟော့ သီချင်းတစ်ပုဒ်
နိုင်ငံရေးဟာ ဘလော့တွေထဲမှာ အညောင်းမိနေတဲ့ ကော်ပီ သတင်းတစ်ပုဒ်


နိုင်ငံရေးဟာ ကလေးတစ်ယောက်ရဲ့ ဗိုက်ထဲက တဂွီဂွီထွက်လာတဲ့ တကယ့်အမှန်
နိုင်ငံရေးဟာ မီဒီယာပေါ်မှာ ဆရာသမား တစ်ယောက် ဇွတ်အတင်းလုပ်ပြီး ပြောလိုက်တဲ့ အသံ


နိုင်ငံရေးဟာ ပါးစပ်ပိတ်နေရတဲ့ လူထု
နိုင်ငံရေးဟာ ကြေးမုံ စက္ကူစုတ်ထဲက အက္ခရာအစု


နိုင်ငံရေးဟာ အာဟာရ ပြတ်နေတဲ့ ဆင်ဖြူတော်
နိုင်ငံရေးဟာ ဒေါ်လာငတ် နေတဲ့ ကြောင်သူတော်


နိုင်ငံရေးဟာ ထောင်ထဲမှာ လူမသိသူမသိ သေသွားရှာတဲ့ အညတရ ကျောင်းသားတစ်ယောက်
နိုင်ငံရေးဟာ ကိုယ့်ဘာသာကိုယ် သတ်မှတ်လိုက်တဲ့ အဝေးက အာဇာနည် တစ်ယောက်


နိုင်ငံရေးဟာ မိစ္ဆာတို့ရဲ့  လူသတ်ကွင်း တစ်ကွင်း
နိုင်ငံရေးဟာ အီလစ်တို့ရဲ့  ကစားကွင်း တစ်ကွင်း


နိုင်ငံရေးဟာ ဘတ်စ်ကားကြပ်ကြပ်ပေါ်မှာ တိုးဝှေ့ နေရတဲ့ နံနက်
နိုင်ငံရေးဟာ ကြယ်တွေဘယ်လောက်ထွက်ထွက် လင်းမလာသေးတဲ့ည


နိုင်ငံရေးဟာ လမ်းမတွေ ပေါ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ကြတဲ့ ခြေထောက်
နိုင်ငံရေးဟာ ဖိနပ်နဲ့ မတော်လို့ အဖြတ်ခံလိုက်ရတဲ့ ဖနောင့်


နိုင်ငံရေးဟာ ငါတို့မွေးထားရမယ့် တစ္ဆေတစ်ကောင်
နိုင်ငံရေးဟာ ပုပ်ပွနေတဲ့ အသေတစ်ကောင်


တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကားတစ်ခွန်း
နိုင်ငံရေးဆိုတာ အင်မတန် မွန်မြတ်သန့်စင်ပြီး၊
သူတော်ကောင်းတွေမှသာ လုပ်နိုင်တဲ့ အလုပ်

တစ်ခါတစ်ခါမှာ နိုင်ငံရေးဟာ ဒေါက်တာသန်းထွန်းရဲ့ စကားတစ်ခွန်း
ငါ့ လက်ဝဲက လူကိုလည်း စေ့စေ့စပ်စပ်ကြည့်တယ်၊
ငါ့လက်ယာက လူကိုလည်း ဒီလိုပဲ အားမနာတမ်း ကြည့်တယ်၊
စေတနာ အချောင်းလည်းမမြင်ဘူး၊
အပြားလည်းမမြင်ဘူး


နိုင်ငံရေးဟာ ဘဝပေါင်းများစွာ ထည့်လှောင်ထားတဲ့ စစ်ဖိနပ်တစ်ရံ
နိုင်ငံရေးဟာ ဆူးလေဘုရားနားက ပစ်ခတ်သံ


နိုင်ငံရေးဟာ အချစ်ကဗျာ တစ်ပုဒ်နဲ့  ကိုစောဝေ ပစ်လိုက်တဲ့ မိုးကြိုး
နိုင်ငံရေးဟာ အကျဉ်းထောင်ထဲ လွတ်ကျသွားတဲ့ မြို့ တော်


နိုင်ငံရေးဟာ စက်တင်ဘာ မိနစ်မှာ တိုင်ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးတစ်လုံး

နိုင်ငံရေးဟာ အတ္တလက်အိတ်တွေ စွပ်ပြီး ထိုးနေကြတဲ့ ခပ်ပျော့ပျော့ လက်သီး

နိုင်ငံရေးဟာ “လက်နက်”နဲ့ “ဓားပြတိုက်ခွင့်” လဲလှယ်ထားတဲ့ ငြိမ်းချမ်းရေး


နိုင်ငံရေးဟာ ယားနာတွေကို ဖုံးဖို့ ထဘီရှည်ရှည် ဝတ်ပြီး က္ကုနြေ္ဒရှင်ယောင် ဆောင်ထားတဲ့ အပျိုမ
နိုင်ငံရေးဟာ မိတ်ကပ်တွေဖို့ ထားတဲ့ တောတွင်း ဥပဒေသ


နိုင်ငံရေးဟာ ညစ်ပေတဲ့ လက်တွေနဲ့ အိုးမည်း အသုတ်ခံလိုက်ရတဲ့ မျက်နှာ
နိုင်ငံရေးဟာ တလွဲဘာသာအပြန်ခံလိုက်ရတဲ့ ကဗျာတစ်ပုဒ်


နိုင်ငံရေးဟာ တစ်တောလုံး စိမ်းစိုဖို့ ကိုယ်စီ ဝေဆာပေးရမယ့် သစ်ပင်
နိုင်ငံရေးမှာ ကြွက်ခုတ်ဖို့ က အဓိက


နိုင်ငံရေးဟာ ငါတို့ မဖြေကြပဲ ချန်ထားခဲ့တဲ့ ပုစ္ဆာ
နိုင်ငံရေးဟာ ပေါက်ကွဲ စေချင်ဇောနဲ့  ငါတို့ အားလုံးမျှော်နေရတဲ့ ကတ္တီပါ ဗုံးတစ်လုံး။


ကောင်းကင်ကို

အစိမ်းရောင်နဲ့ ရေးထားတာက ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့ စကားနဲ့ ဆရာကြီးဒေါက်တာ သန်းထွန်း ရေးခဲ့တဲ့ စာပါ။ ဆရာကြီးဒေါက်တာ သန်းထွန်းပြောခဲ့တဲ့ စကားက နိုင်ငံရေးသမားတွေကို ပြောခဲ့တာတော့ မဟုတ်ပါဘူး။ သူ့ လုပ်ဖော်ကိုင်ဘက် ဆရာတွေကို ပြောခဲ့တာပါ။